မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အထိမ်းအမှတ် အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း
(ယမန်နေ့မှအဆက်)
ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့်အဆိုတော်များထဲတွင် ထိပ်ဆုံးကပါဝင်ခဲ့သူဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ်သူ့အခါက ထင်ရှားသော ဝတ်စားပုံကိုထွင်နိုင်ခဲ့သူဖြစ်သလို သဘာဝကျသော အမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လေသည်။
ခင်ယုမေ၏ ရုပ်ရှင်ကားများကိုကြည့်လျှင် အမူအရာပိုလွန်းသွားသည့် ရုပ်ရှင်ကားမျိုး မရှိသလောက်ရှားပါးခဲ့သည်။ ရုပ်ရှင်ကားများကို သဘာဝကျကျမပိုမလို သရုပ်ဆောင်နိုင်ခဲ့သလို သိုင်းရုပ်ရှင်ဇာတ်ကားများ၊ ဓားခုတ်လှံထိုး ရုပ်ရှင်ဇာတ်ကားများကိုလည်း နာမည်ရအောင် ရိုက်ကူးခဲ့သည်ကို တွေ့မြင်ရလေသည်။ ဂီတဘက်တွင် ထူးချွန်ခဲ့သလို ရုပ်ရှင်ဘက်တွင်လည်း ရုပ်ရှင်ထူးချွန်ဆုနှစ်ဆုရသည်အထိ သရုပ်ဆောင်တော်ခဲ့သော ခင်ယုမေ၏ ရုပ်ရှင်လောကအတွင်း လျှောက်လှမ်းခဲ့ပုံများကို သိရှိနိုင်ကြမည် ဖြစ်ပါသည်။
ဒီတစ်ပတ် ကျွန်တော့်ရဲ့ ရုပ်ရှင်စကားဝိုင်းကတော့ နည်းနည်းထူးခြားတယ်လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်ရောက်နေတဲ့နေရာက အကယ်ဒမီ ရုပ်ရှင်မင်းသမီး ခင်ယုမေရဲ့ ခြံဝင်းဖြစ်ပြီး အကယ်ဒမီခင်ယုမေနဲ့ ဒီတစ်ပတ်ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ဟာ စတူဒီယိုကို မလာရောက်နိုင်တဲ့ ခင်ယုမေရဲ့ အိမ်ကိုလာပြီးတော့ ဆွေးနွေးရခြင်း ဖြစ်ပါတယ်။
ကြည်စိုးထွန်း။ ။ ‘ချစ်တမ်းကစားမယ်’ နောက် သူ့ဇနီး ဒေါ်ဘေဘီနွဲ့လည်းပါတယ်နော် အဲဒီကား။ အဲဒီထဲမှာမှ ထူးထူး ခြားခြား ကားနှစ်ကား ကျွန်တော်သတိထားမိတယ်။ အဲဒီကားက ဘာလဲဆိုတော့ တော်ဝင်ထွန်းက ‘နှောင်’ ဆိုတဲ့ကားပါ။
ဒေါ်ခင်ယုမေ။ ။ ‘နှောင်’ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ မင်းသားက။
ဒေါ်ခင်ယုမေ။ ။ မင်းသားက အဲဒါ ကိုထွန်းမြင့်ပေါ့။
ကြည်စိုးထွန်း။ ။ ဒါရိုက်တာ ထွန်းမြင့်ထွန်း။ ခင်သီတာထွန်းတို့အဖေ၊
ဒေါ်ခင်လေးသိမ့်တို့အဖေနော် အဲဒါက၊ အဲဒီကားမှာ မင်းသား၊ ကျွန်တော် တော်တော်သတိထားမိတယ်။
ဒေါ်ခင်ယုမေ။ ။ အဲဒီတစ်ကားပဲလေ သူလည်းတစ်ကားပဲ။
ကြည်စိုးထွန်း။ ။ ကိုဇော်လွင်လည်းပါတယ်။
ဒေါ်ခင်ယုမေ။ ။ ကိုဇော်လွင် မင်းသားစလုပ်တာ၊ အဲဒီကားမှ မင်းသားစဖြစ်တာလေ။
ကြည်စိုးထွန်း။ ။ ဒါပေမဲ့ သူက ဒုတိယမင်းသားထင်တယ်။ ဦးထွန်းမြင့် က ပထမမင်းသား။
ဒေါ်ခင်ယုမေ။ ။ အဲဒီမှာ စထည့်တာလေ။ ရုပ်ရှင်ထဲ စပါတာပြောတာ။
ကြည်စိုးထွန်း။ ။ နောက်တစ်ခုကတော့ အစ်မက အင်မတန် ခေတ်မီပြီးတော့ အင်မတန် ဖက်ရှင်ကျတဲ့ အစ်မက ရာဇဝင်ကားတစ်ကား သရုပ်ဆောင်ဖူးတယ်။
ဒေါ်ခင်ယုမေ။ ။ ကိုခင်မောင်ညွန့်လေ။
ကြည်စိုးထွန်း။ ။ ဒါပေါ့ ရာဇဝင်မှာတော့ သူက ဝိဇ္ဇာပဲ။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ် ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ခင်မောင်ညွန့်က ရာဇဝင်ကတော့ တကယ်ပိုင်တဲ့လူ။
ဒေါ်ခင်ယုမေ။ ။ သူ့မှာပစ္စည်းလည်းစုံတယ်လေ။ နန်းတော်ကြီးဆောက်မလား ဘာဆောက်မလဲ သူက ပစ္စည်းအကုန်လေ။
ကြည်စိုးထွန်း။ ။ အဝတ်အစားလည်း ကောင်းတယ်နော်။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ အဝတ်အစားတွေလည်း အဲဒီတုန်းက သိပ်ကောင်းတာပဲ ‘ရူပကလျာ’။
ဒေါ်ခင်ယုမေ။ ။ သူတို့ပဲဆင်တာလေ။
ကြည်စိုးထွန်း။ ။ ဟုတ်တယ် ကောင်းလည်းကောင်းတယ်။ နောက်ဖက်ရှင်ကျတဲ့ မင်းသမီးတစ်ယောက် က ရာဇဝင်ကားထဲမှာ ကြည့်ကောင်းပါ့မလားလို့ အောက်မေ့ရပေမယ့် လှတာပဲ။ မင်းသားကြီး ခင်မောင်ညွန့်နဲ့ အစ်မနဲ့လည်း အဲဒီတုန်းက တော်တော်လိုက်ဖက်တာပဲ။ အဲဒီပုံတွေလည်း ကျွန်တော် ပရိသတ်ကို ပြမှာပေါ့နော်။ နောက်တစ်ခုက မြန်မာ့ရုပ်ရှင်မှာ မှည့်လေ့မှည့်ထမရှိတဲ့ ရုပ်ရှင်ကားတစ်ကား၊ နာမည်မှည့်တဲ့အခါမှာ တခြားနာမည်တွေ အကောင်းလေးတွေ မှည့်ကြတာပေါ့။ အဲဒီ ဒါရိုက်တာကတော့ သူက ဒါတွေကို အယူအဆမရှိဘဲနဲ့ ကားကို ရိုက်တယ်လေ ‘ခက်’ဆိုတဲ့ကား။ ကိုဝင်းညွန့်နဲ့လေနော် ‘ခက်’ ဆိုတဲ့ဟာကို တော်ရုံတန်ရုံ ရုပ်ရှင်သမားတွေက။
ဒေါ်ခင်ယုမေ။ ။ ‘ခက်’ဆိုတဲ့အတိုင်း ခက်ပါတယ်၊ အမယ်လေး ပြောရရင်တော့ ရုပ်ရှင်ကောင်စီတောင်ရောက်တယ်။
ကြည်စိုးထွန်း။ ။ အဲဒီလိုဖြစ်သေးတယ်လား။
ဒေါ်ခင်ယုမေ။ ။ ဒါရိုက်တာကလည်း ဘာရိုက်မှန်းမသိဘူး။မဖြစ်ဘူးလို့ ဒီအတိုင်းရိုက်ရင်တော့ ငါလည်းဒုက္ခရောက်မယ်၊ ရုပ်ရှင်ကောင်စီတွေ ဘာတွေ ရောက်ရော၊ အဲဒါ ပိုင်ရှင်တွေက တရုတ်တွေ။
ကြည်စိုးထွန်း။ ။ ဟုတ်လား။
ဒေါ်ခင်ယုမေ။ ။ တရုတ်တွေဆိုတော့ ပိုင်ရှင်တွေက ပထမတော့ဒီမင်းသမီးက လက်ပေါက်ကပ်တယ် ဘာဖြစ်တယ် အပြစ်တင်တာပေါ့။ နောက်ဆုံးကျတော့ တရားတဘောင်ဖြစ်ကြရော။
ကြည်စိုးထွန်း။ ။ ဟာဖြစ်သေးတာလား။
ဒေါ်ခင်ယုမေ။ ။ ပြဿနာပြေလည်ရေး ရောက်တာ။
ကြည်စိုးထွန်း။ ။ ဟုတ်လား။ ဒါရိုက်တာကျော်နိုင်။
ဒေါ်ခင်ယုမေ။ ။ ဒါရိုက်တာကျော်နိုင်ဆိုပြီးတော့ ဘယ်သူမှန်းလည်း မသိပါဘူး။ အဲဒီတစ်ယောက်ရယ် အဲဒီလိုဖြစ်တဲ့ အခါကျတော့ ဘယ်လိုမှ သူနဲ့ဆိုရင်တော့ မရိုက်နိုင်ဘူးလို့။ ပိုက်ဆံ၊ သရုပ်ဆောင်ခမပေးရင်နေလို့ ကိုယ့်ကို ဘာမှန်း မသိတာ လုပ်ခိုင်း၊ ဘာအိုက်တင်လုပ်ရမှန်းမသိတာတော့ မရိုက်နိုင်ဘူးလို့ အဲဒီလိုပြောတာ၊ သူတို့ စကားတွေများ ကိုသိန်းဇော်။
ကြည်စိုးထွန်း။ ။ အေဝမ်းသိန်းဇော်။
ဒေါ်ခင်ယုမေ။ ။ ကိုသိန်းဇော် ဆက်ရိုက်တာ အေဝမ်းသိန်းဇော်လေ။ ဒါရိုက်တာ ကိုသိန်းဇော် ဆက်ရိုက်တော့မှ အဲဒီကားက တကယ်ပေါက်၊ ပိုက်ဆံတွေ ဘာတွေရ၊ အဲဒီတရုတ်သူဌေးကလာပြီး ကျေးဇူးတင်လို့၊ ပိုက်ဆံသာမရရင် ဒါအပြစ်ပြောဦးမှာ။
ကြည်စိုးထွန်း။ ။ ဪဪ ‘ခက်’ ဆိုတဲ့ကားနော်။
ဒေါ်ခင်ယုမေ။ ။ ‘ခက်’ ဆိုတဲ့အတိုင်း ခက်တာပဲ။
ကြည်စိုးထွန်း။ ။ ကိုဝင်းညွန့်နဲ့နော်။
ဒေါ်ခင်ယုမေ။ ။ အင်း ကိုဝင်းညွန့်နဲ့။
ကြည်စိုးထွန်း။ ။ ကိုဝင်းညွန့်နဲ့ဆိုတော့ ကိုဝင်းညွန့်ကလည်း ဒီ ကိုသိန်းဇော်တို့နဲ့က သူတို့က ရုပ်ရှင်ထဲမရောက်ခင်ကတည်းက အဆိုတော်ဘဝ၊ ကိုဝင်းညွန့်ကလည်း အဆိုတော်နော်။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ သီချင်းဆိုပြီးတော့မှ သူကလည်း ဖြစ်တာ။ ကိုဝင်းညွန့် နဲ့ နောက်တစ်ကား ရှိသေးတယ် ‘မုန်းစိတ်မရည်ရွယ်’နော်။ အဲဒီထဲမှာ သီချင်းသိပ်ကောင်းတာပဲနော် အစ်မ။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ကိုချစ်ဆွေနဲ့ အစ်မနဲ့ ဆိုတာနော်။ ... နှစ်ကိုယ်အချစ်တူရယ် .... ချစ်ကမ္ဘာမိုးမြေစခန်းလယ်...ကောင်းတဲ့ သီချင်း။ ကိုချစ်ဆွေနဲ့ အစ်မနဲ့ဆိုတာ။ အဲဒီ သီချင်းရရင်တော့ ကျွန်တော်က ပရိသတ်ကို ဖွင့်ပြချင်တယ်။
ဒေါ်ခင်ယုမေ။ ။ မြန်မာ့အသံမှာတော့ ရှိမယ်ထင်တယ်။
ကြည်စိုးထွန်း။ ။ ရှိနိုင်ပါတယ် ကျွန်တော်ရှာကြည့်ပါဦးမယ်နော်။ အဲဒီကားလည်း ထူးထူးခြားခြား ကျွန်တော် မှတ်မိနေတာ ပေါ့နော်၊ အဲဒါကတော့ ကိုဝင်းညွန့်နဲ့ ရိုက်ခဲ့တဲ့ကားထဲက တစ်ကားဟာ အစ်မအတွက်တော့ ထူးထူးခြားခြားပဲ။
ဒေါ်ခင်ယုမေ။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ ‘ခက်’ဆိုတဲ့ကားနဲ့ ‘မုန်းစိတ်မရည်ရွယ်’ဆိုတဲ့ ကားနော်။နှစ်ကားပေါ့။ နောက်တစ်ခါကျတော့ မင်းသားကြီး မြင့်စိုးနဲ့ကတော့ ‘မင်းကတော်’ တစ်နေ့တာလေးနော် တစ်နေ့တာလေး။ တစ်နေ့တာဖြစ်တာ သူနဲ့ကျွန်တော်နဲ့ ပြောဖြစ်တယ်အစ်မရဲ့။ အဲဒါလေ သူက ရိုမန်ဟောလီးဒေးတို့ ဘာတို့ အားကျပြီးတော့ သူရိုက်တယ်တဲ့။ ကျွန်တော် ကြည့်ရတယ် အဲဒီကား၊ ပန်းခြံထဲမှာ ထင်တယ်။
ဒေါ်ခင်ယုမေ။ ။ ကန်တော်ကြီးမှာလေ။
ကြည်စိုးထွန်း။ ။ အဲဒီမှာ တစ်နေ့တာ။ အထူးခြားဆုံးကတော့ အဲဒီဦးကြယ်နီကြီးက အင်္ဂလိပ်တွေကို မကျေနပ်တာ၊ အင်္ဂလိပ်တွေက သူတို့ဒရိုင်ဘာခန့်ရင် ခေါင်းပေါင်းနဲ့ တိုက်ပုံနဲ့ အဲဒီလိုဗမာတွေ ကို အဲဒီလိုခိုင်းတယ်ပေါ့။ အဲဒီတော့ ငါက သူဌေးဖြစ်တယ်။ ငါက ငါ့ဒရိုင်ဘာကို မင်းတို့အနောက်တိုင်းဝတ်စုံ ဝတ်ရမယ်ဆိုပြီးတော့ ကိုမြင့်စိုးကို အနောက် တိုင်းဝတ်စုံ အဝတ်ခိုင်းတာ။ ဒရိုင်ဘာက ရှိုးနဲ့မိုးနဲ့ဟုတ်လား။ အစ်မတို့ အဲဒီအထဲမှာ ပါဆယ်ဂိမ်းတွေ ဘာတွေလည်း ကစားလားမသိဘူး၊ အဲဒီပန်းခြံ ထဲမှာလေ။ အစ်မ ကပြတာလားမသိဘူး။
ဒေါ်ခင်ယုမေ။ ။ ကပြတာ။
ကြည်စိုးထွန်း။ ။ ကျွန်တော်တော့ ကြိုက်ပါတယ်။ အဲဒီကားလေးထူးလည်း ထူးဆန်းတယ်။
ဒေါ်ခင်ယုမေ။ ။ ကတာကတာ သဘာဝကျတယ်တဲ့။
ကြည်စိုးထွန်း။ ။ ဟုတ်တယ်။
ဒေါ်ခင်ယုမေ။ ။ ကနေရင် ကတတ်လို့ ကတယ်ဆိုတာ သဘာဝမကျဘူး။
ကြည်စိုးထွန်း။ ။ အငြိမ့်မင်းသမီးဖြစ်သွားမှာပေါ့ ဟုတ်တယ် မဟုတ်လား။
ဒေါ်ခင်ယုမေ။ ။ အင်း ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ဒါကတော့ အပြင်က။
ဒေါ်ခင်ယုမေ။ ။ ကိုယ်လည်း မကတတ်ဘူးလို့၊ ကတတ်မကတတ် ဟယ်တဲ့ နင့်ဟာနင် လုပ်ချင်သလိုသာလုပ်တဲ့ ကိုမြင့်စိုးက မကတတ်ကတတ်နဲ့ ကရတယ်။
ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒါမှသဘာဝကျမှာ။
ဒေါ်ခင်ယုမေ။ ။ ကောင်းတယ် အဲဒီကား။
ကြည်စိုးထွန်း။ ။ အစ်မ အဲဒီအထဲမှာ ထဘီတိုတိုလေးနဲ့နော်။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ် သူက တစ်ဇာတ်ထုပ်လုံး ဒီဟာပဲ ဝတ်ရမယ်ဆိုတော့ ကိုယ်ကလည်း။
ကြည်စိုးထွန်း။ ။ ထူးခြားတဲ့ဟာလေးပေါ့နော်။
ဒေါ်ခင်ယုမေ။ ။ အင်းလေ Picnic ထွက်တာမျိုးဆိုတော့ ပေါ့ပေါ့ပါးပါးလည်းဖြစ်အောင်ဆိုပြီး အစ်မက အဲဒီလို။
ကြည်စိုးထွန်း။ ။ အစ်မ ခွေးကလေးတစ်ကောင်ပါလားလို့။
ဒေါ်ခင်ယုမေ။ ။ ပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်လား အင်းဟုတ်ပြီ။ ခွေးကလေးလေ ချစ်စရာလေး။
ဒေါ်ခင်ယုမေ။ ။ အိမ်ကခွေးလေးလေ။
ကြည်စိုးထွန်း။ ။ ဟုတ်လား။
ဒေါ်ခင်ယုမေ။ ။ အစ်မတို့က ခွေးချစ်တတ်တာကိုး။
ကြည်စိုးထွန်း။ ။ အင်းအင်း။
ဒေါ်ခင်ယုမေ။ ။ အိမ်ကခွေးလေး ဓာတ်ပုံရိုက်တာ။
ကြည်စိုးထွန်း။ ။ ‘မင်းကတော်’ ပြီး ၁၉၆၁ ခုနှစ်ကျတော့ ‘ကိုယ်ပိုင် မေတ္တာ’ မန္တလေးရုပ်ရှင်က။ ဒါရိုက်တာက လှမြင့်။
အင်း လှမြင့်လို့ရေးတယ် သူကနော်၊ အစ်မတို့ကတော့ ကိုလှမြင့် ခေါ်မှာပေါ့နော်။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ အဲဒီအထဲမှာ ဦးထွန်းဝေရယ်၊ အစ်မရယ်။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ် ကိုနေစိုး။
ကြည်စိုးထွန်း။ ။ ဪနေစိုးကြီး ဟုတ်တယ် ဟုတ်တယ်၊ နေစိုးကြီးသိပ်ခံ့တာပဲနော်။
ဒေါ်ခင်ယုမေ။ ။ အင်း။
ကြည်စိုးထွန်း။ ။ ရုပ်ကြီးက သိပ်ခံ့တာပဲ။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ခံ့ခံ့ညားညားနဲ့ တကယ်ယောက်ျားပီသတဲ့ ရုပ်ကြီး၊ ကိုထွန်းဝေကြီးကလည်း ခံ့ခံ့ညားညား ကြီးပေါ့နော်၊ အဲဒီအထဲမှာ အစ်မက ဆင်းရဲတဲ့နေရာကပါရတာ ဟုတ်တယ်မဟုတ်လား။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ဘာပဲဖြစ်ဖြစ်လေ၊ အစ်မကဆင်းရဲတဲ့နေရာကျတော့လည်းဆင်းရဲတဲ့ရုပ်ကလေးပဲ။ ခေတ်မီမီဆိုလည်း ခေတ်မီမီ ဒီဇိုင်းလေးနဲ့၊ အစ်မက ခုနကထွက်လာတဲ့ဟာမျိုး ‘မင်းကတော်’ လိုဟာလည်း ခေတ်မီမီလေး ထွက်လာတယ်။ ဟိုမှာကျတော့လည်း တကယ့်ဆင်းရဲလို့တောင်မှ ကိုထွန်းဝေရဲ့ အမေက ဒေါ်ခင်ညွန့်လားမသိဘူး။
ဒေါ်ခင်ယုမေ။ ။ မတူဘူးမတန်ဘူးပေါ့လေ။
ကြည်စိုးထွန်း။ ။ ဒေါ်ခင်ညွန့်လား အစ်မ။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ် အမေညွန့်။
ကြည်စိုးထွန်း။ ။ အေးလေ အစ်မကို။
ဒေါ်ခင်ယုမေ။ ။ နှင်ထုတ်တာလေ။ အပေါက်ဝကနေ မလာရဘူးဆိုပြီးတော့။ အိမ်လိုက်သွားတာ မလာရဘူးဆိုပြီးတော့ နှင်ထုတ်တာ၊ ကိုနေစိုးကြီးက လိုက်ပို့တာ။
ကြည်စိုးထွန်း။ ။ အစ်မက ဘယ်သူ့သမီးလဲ အဲဒီအထဲမှာ အစ်မအဖေရှိတယ်မို့လား အဲဒီအထဲမှာ။
ဒေါ်ခင်ယုမေ။ ။ မမှတ်မိတော့ဘူး။
ကြည်စိုးထွန်း။ ။ ဦးချန်ထွန်းလား။
ဒေါ်ခင်ယုမေ။ ။ ဘယ်သူလဲမသိဘူး။
ကြည်စိုးထွန်း။ ။ အစ်မတို့က ဆင်းရဲတယ်လေ။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ဆင်းရဲတယ်၊ ဆင်းရဲတယ်၊ နောက်ကျတော့မှ ဒေါ်ခင်ညွန့်ရဲ့ကျေးဇူးရှင်က အစ်မအဖေ ဖြစ်နေတာ၊ ထောင်ကလွတ်လာပြီးတော့ အဲဒီလိုဖြစ်ပြီးတော့မှ။
ဒေါ်ခင်ယုမေ။ ။ ဇာတ်လမ်းတောင် မေ့သွားပြီ၊ ကိုကြည်စိုးထွန်းကတောင်အကုန်မှတ်မိနေတယ်။
ကြည်စိုးထွန်း။ ။ အဲဒီမှာ ဦးထွန်းဝေကြီးနဲ့ ပြန်ပြီးတော့ ပေါင်းရတာပေါ့နော် အဲဒါလေး။ လောကကြီးမှာ ‘ကိုယ်ပိုင်မေတ္တာ’ဆိုတာ ရှိတယ်ဆိုတာလေး တော်တော်လည်းကောင်းပါတယ်၊ မန္တလေးရုပ်ရှင်က ကားတွေက။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ ‘မန်းသူလေးမို့’ လည်း မန္တလေးထင်တယ်နော်အစ်မ။
ဒေါ်ခင်ယုမေ ။ ။ ‘မန်းသူလေးမို့’က ဇမ္ဗူအေးက။
ကြည်စိုးထွန်း ။ ။ ဪ ဒေါ်မြင့်မြင့်တို့။
ဒေါ်ခင်ယုမေ ။ ။ မမမြင့်တို့။
ကြည်စိုးထွန်း ။ ။ အစ်မ ဇမ္ဗူအေးမှာလည်း တော်တော်ရိုက်ရတယ်နော်။
ဒေါ်ခင်ယုမေ။ ။ ရိုက်ရတယ်။
တွေ့ဆုံမေးမြန်း-ဒါရိုက်တာကြည်စိုးထွန်း
(ဆက်လက်ဖော်ပြပါမည်)