ဆိုင်းနားထောင်ခြင်း
ကျွန်တော့်ဖခင်ကြီးက ဆိုင်းနားထောင်တာ ဝါသနာပါသည်။ ဆိုင်းဆိုလျှင် စိန်ဘညို၊ ရွှေဒေါင်းမြိုင်ကြိုက် သည်။ စိန်ဘညိုကိုတော့ အသည်းစွဲ။ ဟို...ဘုတလင်အရှေ့ဘက် မိဘများဇာတိ ဝေးသီလံရွာကလေးမှာပြန်၍ ကျွန်တော့် ကို လှူတော့ စိန်ဘညိုဆိုင်းပါသည်။
အိမ်တော်ရာဘုရား ထီးတင်မှစ၍
ကျွန်တော်မွေးသည့်နှစ်မှာ မန္တလေးအိမ်တော်ရာ ဘုရားက ထီးတင်တော့ ထီးတင်မှာ မြို့ခံနာမည်ကျော် ဆိုင်းအဖွဲ့နှင့် ယှဉ်ပြိုင်တီးရန် ဖခင်သည် မုံရွာကံပြားရွာမှ စိန်ဘညိုဆိုင်းအဖွဲ့ကို မန္တလေးသို့ခေါ်ကာ တီးစေခဲ့သည်။ စိန်ဘညိုသည်လည်း အိမ်တော်ရာဘုရား ထီးတင်မှစ၍ မန္တလေးမှာ အခြေချကာ နာမည်ကျော်ဆိုင်းဖြစ်သွားတော့ သည်။ ထို့ကြောင့် စိန်ဘညိုဆိုင်းအဖွဲ့ဆိုလျှင် ကျွန်တော်တို့သားအဖမှာ တီးရာနောက်လိုက်ပြီး ဆိုင်းဝိုင်းနောက်ဝင်ထိုင်ကာ အလှူကဧည့်ခံသော လက်ဖက်ရည်တွေ၊ ထိုးမုန့်၊ နနွင်းမကင်းတွေထိ စားရတာ မှတ်မိနေသည်။
ကျွန်တော်ကား ဆိုင်းအဖွဲ့မှ ကနဦး ယိုးဒယားကရောင်းရိုက်နေလျှင် ကြေးနောင်သမားကို သဘောကျ နေမိ၏။ လက်ကိုင်ဖုကလေးက ကြေးနောင်ဘုကလေးပေါ် ပွတ်ကာသပ်ကာ၊ ဖိကာ၊ လက်သန်းလေးနဲ့ထိန်းကာ တီးသည်ကို ငေးမိနေသည်။ သာမန်သိသည်က ကြေးနောင်ကို လက်ခတ်နှင့်ရိုက်တီး၍ အသံထွက်သည်ဟုပဲဖြစ်၏။ တကယ်တမ်းသေချာကြည့်တော့ အဲသည်လိုမဟုတ်၊ အပွတ်အသပ်၊ အဖိအဖော့၊ အထိန်းအကွပ်လေးတွေ မြင်ရသည်။ ယိုးဒယားကရောင်းရိုက်နေစဉ် ရွာစားက ဆိုင်းဝိုင်းထဲဝင်ပြီး ပတ်စာကပ်ကာ အသံစမ်းသည်။
စိန်ဆိုတာ အပီပြပါ့ ကိုယ့်ဆရာ
ထို့နောက် အုံနှင့်ကျင်းနှင့် တီးလုံးတစ်ပုဒ်တီးသည်။ တီးလုံးအပြီး တူရိယာအားလုံးအသံငြိမ်သက်သွား၏။ ထိုအခါ ဆိုင်းနောက်ထပေါက်စနှင့် ကြောင်နီသည် ဆိုင်းဝိုင်းကိုကွယ်၍ တောင်ရှည်ပုဆိုးဝတ်သည်။ လက်စက စွပ်ကျယ်မှလက်ကိုလိပ်၍ ပခုံးအထိ တင်သည်။ အနားမှာထိုင်နေသော ကျွန်တော့်ကို လေသံတိုးတိုးဖြင့်- ''မင်းနောက်နားနည်းနည်းတိုးဦး၊ ငါတို့က ဆော့ရမှာဆိုတော့ နေရာကျယ်မှ ဖြစ်မှာ''ဟုဆိုသည်။ နောက်ထ ဦးပေါက်၏အသံ ခပ်အက်အက်မှာ ကျွန်တော်က ဒီလူကြီးတွေ ဘယ်လိုဆော့မှာပါလိမ့်ဆိုပြီး စိတ်ဝင်တစားဖြစ်နေမိသည်။ နေရာကို ရှင်းလင်းပြီးနောက် မုဆိုးထိုင်ထိုင်ကြပြီး နှစ်ယောက်သား အချက် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဝါးလက်ခုပ်ကိုင်ကာ ထိုင်လျက် ''ဟေး'' ခနဲ အော်ကာ ခုန်လိုက်ကြသည်မှာ ဆိုင်းဝိုင်းကိုပင် ကျော်သွားပါသည်။ ပရိသတ်အားလုံးသည် ဟာခနဲလန့်သွားသည်။ ထို့နောက် ခုန်ရာမှ မတ် တတ်အကျတွင် “ပတ္တမြားလုံးဆိုတာ ငမောက်တမျှအသွင်ပါပဲ၊ ပတ္တမြားလုံးဆိုတာ ငမောက်တမျှအသွင်ပါပဲ၊စကားသုံးသပ်ကာ ရောက်သမျှတင်ပါရဲ့၊ ပေါက်စခဗျာ ဆရာကို ကန်တော့ကြမှာမို့၊ သောတနား နားဝင် အတွေ့တင်ရအောင် ခြင်္သေ့အဆီက သိင်္ဂီမှာတဲ့ စိန်ဆိုတာ အပီပြပါ့ ကိုယ့်ဆရာ '' ဟူ၍ ဆိုင်းဆင့်သည်။
ထိုအခါမှ ဆိုင်းနောက်ထတွေ ''ဆော့သည်'' ဟူသော ဝေါဟာရကို နားလည်တော့သည်။ ကျွန်တော်သည် ကံကောင်းထောက်မစွာဖြင့် ဆိုင်းဝါသနာအိုး၊ ဇာတ် ဝါသနာအိုး ဖခင်နှင့် ဆိုင်းတကာ ဇာတ်တကာကို ငယ်စဉ် ကတည်းက ကြည့်ဖူးခဲ့ခြင်း၊ ဖခင်နှင့် ဝါသနာတူသူများ၏ အိမ်ရှေ့ လက်ဖက်ရည်ကြမ်းဝိုင်းမှ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း တဝတပြဲ နားထောင်ရခြင်းတို့ကြောင့် အနုသုခုမကို အနည်းငယ် တီးမိခေါက်မိခြင်းလောက်သာ ဖြစ်သည်။
အနုပညာဖြင့် ဖျော်ဖြေခြင်းသာမက
မြန်မာလူမျိုးအများစုက ရှေးအတီတေကပင် ယဉ်ကျေးမှုပိုင်း ကုန်လုံကြွယ်ဝသည်။ ထို့ကြောင့် လုပ်ဆောင်ဖွယ်ရာအဝဝတွင် ယဉ်ကျေးသောလူမျိုး ဓလေ့အလျောက် အနုပညာထုံမွှမ်းသည်။ အထူးသဖြင့် ကုသိုလ်ရေးကိစ္စများ၌ အနုပညာဖြင့်ဂါရဝထားကြသည်။ ထို့ကြောင့် အလှူအတန်းပွဲလမ်းများတွင် အနု ပညာဖြင့် ဖျော်ဖြေခြင်းသာမက ချီးမြှောက်ခြင်း၊ ပူဇော်ခြင်းများလည်း ပြုကြ၏။
မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သားယောက်ျားလေးအရွယ်ရောက်လာလျှင် မြတ်စွာဘုရား သာသနာအတွင်း သွတ်သွင်းရှင်ပြုကာ သမီးမိန်းကလေးကိုလည်း နားသမင်္ဂလာဆင်ယင်ပြီး ဘုရားအမှူးပြုသော သံဃာတော် အရှင်မြတ်တို့ကို လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြု၏။ ထိုသည်ကို လှူခြင်း၊ အလှူပြုလုပ်ခြင်း၊ အလှူတော်မင်္ဂလာဟု သုံးနှုန်းကြသည်။ သာမဏေရပဗ္ဗဇ္ဇမြောက် ချီးမြောက်ခြင်း၊ ကဏ္ဍဝိဇ္စျန မြတ်နားသမင်္ဂလာ ဆင်ယင်ခြင်း အလှူတော်ဟု ခေါ်ဆိုကြသည်။ ထိုအလှူကို ဖိတ်ကြားသောအခါ ‘တရားပရိတ်တော် အတူတကွ နာယူကြည်ညိုနိုင်ပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်..” ဟု ဖိတ်စာတွင် ရေးသားလေ့ရှိသည်။
အလှူမဏ္ဍပ်
မန္တလေးတွင် အလှူတွေကို ရှေးက မဏ္ဍပ်ကြီးများထိုးပြီး တခမ်းတနားကျင်းပလေ့ရှိသည်။ ပန်းဆယ်မျိုး လက်မှုအနုပညာထွန်းကားသော မန္တလေးတွင် လက်ဝါ အတတ်ပညာဟု ခေါ်ဝေါ်သည့် စပ်ပန်းချီပညာလည်း ထွန်းကားသည်။ ရှေးက ပန်းချီဆရာမှန်သမျှ စပ်ပန်းချီနှင့် မကင်းနိုင်ကြ။ ပန်းချီပညာကို စတင်သင်ကြားလျှင် စပ်ပန်းချီဆရာထံ ဦးစွာလေ့လာသင်ယူကြရသည်။ စပ်ပန်းချီဆရာက သုမင်္ဂလ၊ ဒုမင်္ဂလ နှစ်မျိုးစလုံးမှာ မဏ္ဍပ်အထည်သာမက ဗုဒ္ဓဝင်၊ နိပါတ်တော်၊ ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့စသော ပန်းချီကားများနှင့်လည်း လက်စွမ်းပြလေ့ရှိသည်။ မန္တလေး၌ နာမည်ကျော် စပ်ပန်းချီဆရာကြီးများရှိသည်။ သူတို့၏ စပ်ပန်းချီလုပ်ငန်းများက အလှူမဏ္ဍပ်ကြီးများ ငှားရမ်းနိုင်သလို တတ်နိုင်လျှင် အသစ်လည်းအပ်နိုင်သည်။ ကိုယ့်အလှူမှာ ကိုယ့်စိတ်ကူးနှင့် ဖြစ်ချင်သောမဏ္ဍပ်ပုံစံ အသစ်အပ်နှံတာမျိုးတွေလည်း ရှိသည်။
ထို့ကြောင့် အလှူမတိုင်ခင် တစ်ပတ်လောက်ကတည်း က အလှူအိမ်ရှေ့မှာ မဏ္ဍပ်စထိုးပါပြီ။ မဏ္ဍပ်အများစုက ရတနာပုံခေတ် မြနန်းစံကျော်ရွှေနန်းတော်ကြီး အဆောင်အယောင်ပုံစံများ ဖြစ်သည်။ မုခ်ဦးပေါ်မှာ ဘုံခုနစ်ဆင့် ပြာသာဒ်ပေါက်ထားသည်။ မဏ္ဍပ်ဦးခန်းတွင် ဘုရားဆောင်ထားရှိသည်။ သံဃာစင်နှင့် မောင်ရှင် လောင်းစင်နားသစင်လည်း ပါရှိသည်။ တကယ်တော့ အလှူမဏ္ဍပ်ဆိုသည်မှာ အလှူကာလအတွင်း မြတ်စွာဘုရားရှင် သီတင်းသုံးဖို့ တည်ဆောက်လှူဒါန်းထားသော ရွှေကျောင်းတော်ကြီးအလားသဏ္ဌာန်ဖြစ်သည်။ ထို့ကြောင့် မဏ္ဍပ်ကြီးပြီးသည်နှင့် ဘုရားဆင်းတုတော်တစ်ဆူကို ပင့်ဆောင်ပြီး မဏ္ဍပ်ဘုရားဆောင်မှာ သီတင်းသုံး ပူဇော်ထားရှိသည်။
အလှူဝင်ည ဆိုင်းဧည့်ခံ
အလှူဝင်နေ့မှာ မွန်းတိမ်းတာနဲ့ ဧည့်ခံမယ့် ဆိုင်းအဖွဲ့ ရောက်လာပါပြီ။ မဏ္ဍပ်ရှေ့ ပေ၂၀၀လောက်အကွာမှာ ဆိုင်းအဖွဲ့အတွက် လေးတိုင်နှင်းစင်လေး သပ်သပ်ရပ်ရပ် ထိုးထားသည်။ ဆိုင်းအဖွဲ့က နှင်းစင်အောက်မှာ ဗိမာန်ကို ဆင်သည်။ အလှူဝင်ည လာသမျှပရိသတ်အားလုံးကို ဆိုင်းအဖွဲ့က တီးမှုတ်ဖျော်ဖြေ ဧည့်ခံမှာမို့ နောက်ရက် အလှူကြီးနေ့အတွက် မဏ္ဍပ်အတွင်း ပြင်ဆင်ထားသည့် အခမ်းအနားများ ဆိုင်းနားထောင်ပရိသတ်ကြောင့် မပျက်စီးရလေအောင် မဏ္ဍပ်အပြင်မှာပဲ ဆိုင်းဧည့်ခံစေခြင်း ဖြစ်သည်။ ထိုအစဉ်အလာမှာ ရွာစားကြီးစိန်ဗေဒါ တို့ လက်ထက်ကတည်းက ဖြစ်ပါ၏။ ဆိုင်းအဖွဲ့က နှင်းစင် အောက်ပြင်ဆင်ပြီးသည်နှင့် ညနေစောင်းတွင် အလှူမှာ ဆိုင်းအဖွဲ့ ရောက်ပါပြီဆိုတာ ကြားကြားသမျှ အသိပေးသည့်အနေနှင့် ဗျောရိုက်ပါတော့သည်။ ကြေးနောင် မောင်းဆိုင်း ဒိုးချောင်နှဲကြီး ပလုတ်တုတ်အုပ်စုံနှင့် မောင်းကြီးထုပြီး တီးမှုတ်သည့် ဗျောသံဖြစ်သည်။ အလှူအဖွင့်အဖြစ် တက်ကြွကြည်နူးဖွယ်အသံများ စတင်ကြားလိုက်တော့ ဝမ်းသာမျက်ရည် လည်ကြရပြီ။ မန္တလေးဆိုသည်မှာ အနုပညာများ ပျော်ဝင်နေသောမြို့မို့ ရပ်ကွက် အတော်များများမှာ ဆွမ်းကြီးခံတီးဝိုင်းလေးတွေတွေ့ရ သည်။ အတော်အသင့် တီးတတ်မှုတ်တတ်ကြသည်။ ထိုသို့သောရပ်ကွက်မျိုးမှာ အလှူရှိ၍ ဆိုင်းအဖွဲ့ရောက်လာပြီဆိုလျှင် ဆိုင်းလည်းဆင်ပြီး ညနေစောင်းဆိုင်းတစ်ဖွဲ့လုံး ကျွေးရုံ မှာ ထမင်းစားနေချိန် ရပ်ကွက်ခံ လူငယ်လေးတွေက ဆိုင်းထဲဝင်ကာ ကိုယ်တိုင်ဗျောရိုက်ကြသတဲ့။ ဒါကို အရပ်သားတီးလုံးဟု ခေါ်ကြသည်။
ရွာစားကြီးစိန်ဗေဒါဆိုင်း အားသည့်ရက်
အလှူဝင်ညမှာ ဆိုင်းဧည့်ခံချိန်ရောက်တော့ ဆိုင်းဝိုင်းက ဖန်ပန်းတောင်းကြီးတွေမှာလည်း မီးလုံးတွေ ထွန်း ညှိလို့..။ ပတ်မထမ်းပဉ္စရူပရုပ်မှာလည်း မီးဆိုင်းတွေဆင်ထား သည်။ ဖန်ရောင် မှန်ရောင်တွေ ပြိုးပြက်လင်းလက်နေ သော ဆိုင်းဝိုင်းမျက်နှာမူရာ ခပ်လှမ်းလှမ်းမှာ တာဝတိံသာက နတ်ဘုံနတ်နန်းအလား ရွှေတောင်ပေါက်သည့်ပမာ မီးလုံးမီးဆိုင်း ရောင်စုံများဖြင့် မဏ္ဍပ်ကြီးက ဟည်းထနေသည်။ ဆိုင်းအဖွဲ့က မဏ္ဍပ်နှင့် မလှမ်းမကမ်းနေရာမှာ အယုတ်အလတ်အမြတ်မရွေး ပရိသတ်အားလုံးကို တီးမှုတ် သီဆို ဧည့်ခံသည်။ ထိုဆိုင်းအဖွဲ့၏ တီးမှုတ်သီဆိုခြင်းကို နားဆင်ကြည့်ရှုခြင်းအား ဆိုင်းနားထောင်ခြင်းဟု ခေါ်သည်။ ထိုသို့ အလှူပွဲ ဘုရားပွဲ ကျောင်းပွဲများတွင် ဆိုင်းနားထောင်ခြင်းဓလေ့ ထွန်းကားခဲ့သောကြောင့် ရှေးက အလှူပွဲများတွင် ပရိသတ်ကြိုက်နှစ်သက်လှသော ရွာစားကြီး စိန်ဗေဒါဆိုင်းပါမှ အလှူမြောက်သလို စွဲလမ်းကြသော ကြောင့် အလှူရက်ကိုပင် ပုဏ္ဏားပေးသည့်ရက်ထက် ရွာစားကြီး စိန်ဗေဒါဆိုင်းအားသည့်ရက်ကို ရွေးကြသည်ဟု ပြောစမှတ်ရှိသည်။
ဆိုင်းနားထောင်ခြင်းဓလေ့
ထိုသို့ အလှူပွဲများ၌ စိန်ဗေဒါဆိုင်းက မပါမဖြစ်မို့ မန္တလေးဆိုင်းအားလုံးလိုလို အလှူအတန်းဧည့်ခံဖျော်ဖြေပွဲတိုင်း တီးမှုတ်သီဆိုသော သမားစဉ်တီးလုံးတီးကွက်များသည် စိန်ဗေဒါကြီးတီးခဲ့သော သမားစဉ်မူအတိုင်း လက်ဆင့်ကမ်းအမွေဆက်ခံတီးမှုတ်ခဲ့ကြသည်။ စိန်ဗေဒါကလည်း သူ့ဖခင်ဖြစ်သူ ရတနာပုံခေတ်အတွင်း တော်တီး လက်ယာစိန်ဆိုင်း အမှုတော်ထမ်း ဆီဆုံဆယ်ရွာစား နေမျိုးကျော်စွာခေါင် ဆရာဖေကြီး၏ သမားစဉ်အတိုင်း ပညာအမွေခံတီးခတ်ခဲ့ခြင်းဖြစ်သည်။
အခုတော့ မန္တလေးက အလှူပွဲများ၏အလှူဝင်ညမှာ ဆိုင်းနားထောင်ခြင်းဓလေ့ကွယ်ပေါ့။ ဆိုင်းအဖွဲ့က ထုတ် လုပ်ဖြန့်ချိထားသော ဆိုင်းခွေကိုပဲဖွင့်ကာ နားထောင်လိမ့်မည်။ သို့သော် နယ်ကအလှူပွဲများ၌ အလှူဝင်ဧည့်ခံ ဆိုင်းများကို တမက်တမော စည်စည်ကားကား အားပေးကာ ဆိုင်းနားထောင်ဓလေ့ ထွန်းကားနေတာ မြင်ရတော့ ဝမ်းသာလှပါ၏။ ။
ဆူးငှက်