Skip to main content

မြန်မာ့ပိုးချည် အရည်အသွေးမြင့်မားဖို့ ပိုးစာပင်ကို စနစ်တကျ စိုက်ပျိုးစို့

အိအိအောင်

ကမ္ဘာပေါ်တွင် ပိုးထည်လုပ်ငန်းကို လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းကစတင်ခဲ့ပြီး မြန်မာနိုင်ငံ၌ အလောင်းမင်းတရားလက်ထက် ၁၇၅၅ ခုနှစ်မှ စတင်ခဲ့သည်ဟု သိရှိရပါသည်။ ပိုးထွက်ပစ္စည်းများသည် သဘာဝမှရသော ပစ္စည်းဖြစ်သဖြင့် လူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အဝတ်အထည်သာမက ကျန်းမာရေးအတွက် ဆေးအဖြစ်လည်းကောင်း၊ ပိုးချည်ကို ခွဲစိတ်ခန်း၌ ပြန်လည်ချုပ်သည့်နေရာတွင်လည်းကောင်း၊ လူသုံးကုန်ပစ္စည်းအဖြစ်လည်းကောင်း၊ မွေးမြူရေးသုံးအစာများအဖြစ်ပါ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် အသုံးပြုလျက်ရှိပါသည်။

ပိုးချည်အရည်အသွေး ကောင်းမွန်စေရန်အတွက် ပိုးမွေးမြူရေးလုပ်ငန်းကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရပါသည်။ ဤသို့လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုးကောင်လေးများအတွက် အစာကျွေးခြင်းလုပ်ငန်းသည်လည်း အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး အစာကျွေးရာ၌ သန့်ရှင်း လတ်ဆတ်သော ပိုးစာရွက်များကိုသာကျွေးရခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ အသုံးပြု၍ ကျွေးသော ပိုးစာရွက်များကို စနစ်တကျ စိုက်ပျိုးရန်အတွက် အရေးကြီးပါသည်။ ပိုးစာပင်စိုက်ပျိုးရာတွင် အသီးစားပိုးစာနှင့် အရွက်စားပိုးစာဟူ၍ နှစ်မျိုးရှိပါသည်။ ပိုးစာပင်စိုက်ပျိုးခြင်း လုပ်ငန်းအဆင့်ဆင့်ကို အောက်ပါနည်းလမ်းများဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရပါမည် -

9-4

ပိုးစာပင်၏ မူရင်းဒေသမှာ ဟိမဝန္တာတောင်ခြေဖြစ်သည်။ သမပိုင်းဒေသမှ အပူပိုင်းဒေသအထိ ကျယ်ပြန့်စွာ ပေါက်ရောက်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၁၂၀၀၀ အထိ ရှင်သန် ပေါက်ရောက်နိုင်၍ တရုတ်၊ ကိုရီးယား၊ ဂျပန် အစရှိသည့် အရှေ့အာရှနိုင်ငံများမှ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းအာရှဒေသနှင့် ဥရောပတောင်ပိုင်းဒေသနိုင်ငံများအထိ ကျယ်ပြန့်စွာ ဖြစ်ထွန်းသည်။

ပိုးစာပင်မျိုးစိတ် ၆၈ မျိုးရှိပြီး မျိုးပေါင်း ၁၀၀ ကျော်ရှိ၍ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်ရောက်သော အရိုင်းမျိုးများအပါအဝင် ပိုးစာပင်မျိုးပေါင်းများစွာရှိသည်။ ယခင်က မြန်မာရွက်ကြီးမျိုး၊ မြန်မာလက်ချားမျိုး၊ ပေါက်ခေါင်းမျိုးများကို ဒေသအနှံ့စိုက်ပျိုးခဲ့ကြီးပြီး ယခုအခါတွင် အရွက်အထွက်နှုန်း ကောင်းမွန်သည့် မြန်မာရွက်ကြီးမျိုး၊ BR-60 မျိုး၊ S-28 ဗီယက်နမ်မျိုးနှင့် တရုတ်မျိုးများကို ရွေးချယ် စိုက်ပျိုးလျက်ရှိပါသည်။

ပိုးစာပင်စိုက်ပျိုးရာတွင် ပိုးစာမျိုးများကို သေချာရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ရွေးချယ်ရာတွင် ပိုးစာအရွက် အထွက်နှုန်းကောင်းခြင်း၊ ပိုးစာအရွက် အရည်အသွေးကောင်းမွန်ခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ ရာသီဥတု၊ ဒေသရေမြေနှင့် သဟဇာတဖြစ်ခြင်းနှင့် ပိုးမွေးမြူသည့် နည်းစနစ်နှင့် ကိုက်ညီမှုရှိခြင်းတို့ ပါဝင်ပါသည်။

ပိုးစာပင်သည် မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း အစိုဓာတ်များပြီး ရေဝပ်သောမြေ၊ ရွှံ့စေးမြေနှင့် သဲဆန်သောမြေများတွင် မစိုက်ပျိုးသင့်ပါ။ ပိုးစာပင်သည် သဲနုန်းမြေကို အနှစ်သက်ဆုံး ဖြစ်ပြီး စိုက်ပျိုးရန်သင့်တော်သော မြေဆီလွှာအခြေအနေမှာ နုန်းမြေ (၂၀-၄၀ ရာခိုင်နှုန်း) ရှိခြင်း၊ မြေချဉ်ငန်ဓာတ် (၆ ဒသမ ၅-၇)၊ မြေသားပါဝင်မှု နှစ်ပေအထက်ရှိခြင်း၊ မြေအောက်ရေအနက်သုံးပေ ထက်လျော့နည်းခြင်း၊ အပင်စုပ်ယူနိုင်သည့် ဖော့စဖောရက်(စ်) ပါဝင်မှု (၁၀-၃၀)mg/ 100gm ရှိခြင်း၊ အပူချိန် (၂၀°C-30°C) ကြား၊ မိုးရေချိန် (၄၀-၁၀၀)လက်မကြား၊ တစ်နေ့တာအလင်းရောင် လိုအပ်မှု (၉-၁၃) နာရီနှင့် စိုထိုင်းဆ (၆၅-၈၀ ရာခိုင်နှုန်း) တို့ရှိရန် လိုအပ်ပါသည်။

ပိုးစာပင်စိုက်ပျိုးရာတွင် မျိုးပွားခြင်းနှစ်နည်းရှိသည်။ လိင်ရှိမျိုးပွားခြင်း(သို့) အစေ့မှ မျိုးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်း (သို့) မျိုးကိုင်းဖြတ်မျိုးပွားခြင်းတို့ဖြစ်ပါသည်။

လိင်ရှိမျိုးပွားခြင်းတွင် အစေ့မှမျိုးပွားခြင်းဖြစ်ပြီး မျိုးသစ်ရရှိရန် မျိုးစပ်ခြင်း၊ အစေ့မှမျိုးပွားခြင်းတွင် တစ်ကြိမ်တည်းတွင် အပင်အရေအတွက် များစွာရရှိခြင်း၊ အချိန်တိုအတွင်း မျိုးပွားနိုင်ခြင်း၊ အမြစ်ဖွဲ့စည်းပုံကောင်းမွန်ပြီး အပင်သက်တမ်း ကြာရှည်စွာ ရှင်သန်နိုင်သည်။ ယခုအခါတွင် Hybird မျိုးစေ့များနှင့် စီးပွားဖြစ် ပိုးစာပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်လာကြသည်။

လိင်ရှိမျိုးပွားခြင်းတွင် အသီးမှည့်ကိုအစေ့ထုတ် အခြောက်လှန်းခြင်းဖြင့် တစ်လအတွင်း စိုက်ပျိုးပါက အပင်ပေါက်နှုန်းကောင်းမွန်ခြင်း၊ အပင်ပေါက်ညီညာခြင်း၊ အပင်အနိမ့်အမြင့် ညီညာခြင်း၊ ပန်းပွင့် ချိန်ညီညာခြင်းနှင့် ရင့်မှည့်ချိန်ညီညာခြင်းတို့ ရရှိပါသည်။

မျိုးစေ့ကို သိုလှောင်ရာတွင်လည်း လေလုံသောအပူချိန် (၅°C) ခန့်ရှိ အခန်းတွင်း သိုလှောင်လျှင် မျိုးစေ့သက်တမ်း (၅-၆၀) လအထိ ထားနိုင်သည်။ သိုလှောင်ချိန် ကြာမြင့်သွားလျှင် အပင်ပေါက်နှုန်း ကျဆင်းစေပါသည်။ မျိုးစေ့ကို အသီးမှည့်ချိန် (မတ်-ဧပြီ)လတွင် အစေ့ထုတ်ပျိုးထောင်လျှင် ဇွန်၊ ဇူလိုင်လများတွင် ချစိုက်နိုင်သည်။ မျိုးစေ့ချစိုက်ရာတွင် ပေါင်ဖော်၍ စိုက်ကြောင်းအတွင်း မျိုးစေ့ဖြူးပြီးအပေါ်ယံမှ ကောက်ရိုးဖုံး၍ စိုက်ပျိုးရပါသည်။

လိင်မဲ့မျိုးပွားခြင်းတွင် အပင်၏အစိတ်အပိုင်းမှပွားယူပြီး မိဘမျိုးနှင့် တူညီသည့်မျိုးကိုရရှိသည်။ လိင်မဲ့မျိုးပွားခြင်းတွင် ကိုင်းဆက်မျိုးပွားခြင်းနှင့် မျိုးကိုင်းဆက် မျိုးပွားခြင်းဟူ၍ရှိပြီး မြန်မာနိုင်ငံတွင် မျိုးကိုင်းဖြတ်ခြင်းနည်းလမ်းကို အများဆုံး အသုံးပြုလေ့ရှိကြသည်။

လိင်မဲ့မျိုးပွားခြင်းတွင် မျိုးကိုင်းကို ပိုးစာပင်စိုက်ပျိုးရမည့်အချိန် မျိုးကိုင်းရရှိနိုင်သည့် ဒီဇင်ဘာလထိပ်ပိုင်းကိုင်းဖြတ်ခြင်းနှင့် ဇွန်၊ ဇူလိုင် ပင်ခြေကိုင်းဖြတ်ချိန်များတွင် ဆောင်ရွက်နိုင်သည်။

မျိုးကိုင်းဖြတ်စိုက်ပျိုးရာတွင် ပေါင်ဖြင့် ပျိုး၍ ပျိုးပင်ကိုစိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ မျိုးကိုင်းကို စိုက်ခင်းသို့ တိုက်ရိုက်စိုက်နိုင်သည်။ မျိုးကိုင်းဖြတ်စိုက်ပျိုးရာတွင် အမြင့်သုံးပေ၊ လုံးပတ် တစ်ပေနှင့် ပျိုးသက်ခြောက်လမှ တစ်နှစ်သားရှိသည့် ပျိုးပင်များကိုစိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

ပျိုးပေါင်မှ ရွှေ့စိုက်နိုင်သောပျိုးပင်ကို စနစ်တကျတူးယူပြီး အမြစ်မထိခိုက်စေခြင်း၊ အရွက်များ ဖယ်ရှားခြင်း၊ မြစ်ပွားများဖယ်ရှားခြင်း၊ ရေသောက်မြစ် (၈လက်မ-၁၂လက်မ) ခန့်ချန်ဖြတ်ကာ စိုက်ပျိုးနိုင်ပြီး မျိုးကိုင်းကို တိုက်ရိုက်စိုက်ပျိုးပါက ခဲတံချောင်းအရွယ် အဖူး (၃-၄) ဖူးပါသည့် မျိုးကိုင်းကို တစ်ကျင်းလျှင် နှစ်ကိုင်းနှုန်းဖြင့် (၃-၂) ပုံခန့် မြေတွင် မြှုပ်စိုက်ပျိုးနိုင်သည်။

ပိုးစာပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး အပင်ကြီးမျိုး၊ အမြစ်ဘေးသို့ပြန့်ပြီး မြေအတွင်းသို့ နက်ရှိုင်းသော အမျိုးအစားဖြစ်သည်။ ပိုးစာပင်ကို နေရောင်ခြည်နှင့် လေဝင်လေထွက် ကောင်းသည့်နေရာ၊ ရေရရှိမှု လွယ်ကူသောနေရာ၊ ပိုးမွေးရုံနှင့် နီးသည့်နေရာနှင့် လျှောစောက် ပေ ၂၀ အောက် ကုန်းစောင်းများ နေရာတွင် ရွေးချယ်စိုက်ပျိုးရပါမည်။

ပိုးစာပင်ကို ပုံစံသုံးမျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။ ပိုးစာပင်ကို တစ်မျိုးတည်း အဓိကစိုက်ပျိုးခြင်း၊ ပိုးစာပင်တန်းကြား အခြားသီးနှံစိုက်ပျိုးခြင်းနှင့် ကန်သင်း၊ ခြံစည်းရိုးများ အတန်းလိုက်စိုက်ပျိုးခြင်း တို့ဖြစ်ပါသည်။

ပိုးစာပင်ကို စိုက်နည်းစနစ်လေးမျိုးဖြင့် စိုက်ပျိုးကြသည်။ ၎င်းတို့မှာ အပင်ကြီးစိုက်ပျိုးခြင်း၊ အပင်လတ်စိုက်ပျိုးခြင်း၊ အပင်နိမ့်စိုက်ပျိုးခြင်းနှင့် ချုံပုတ်သဏ္ဌာန် စိုက်ပျိုးခြင်းတို့တွင် မြန်မာနိုင်ငံ၌ ချုံပုတ်သဏ္ဌာန် စိုက်ပျိုးနည်းစနစ်ကို အများဆုံး အသုံးပြုစိုက်ပျိုးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ချုံပုတ်သဏ္ဌာန်ဖြင့် အများဆုံး စိုက်ပျိုးပြီး တန်းကြားပင်ကြား (၅ပေx၂ပေ)၊ (၆ပေx၂ပေ) (၃ပေx၁ပေ) နည်းဖြင့် စိုက်ပျိုးလေ့ ရှိကြပါသည်။ တစ်ဧကအတွင်း ပိုးစာရွက်အထွက် နှုန်းကောင်းစေရန် စိုက်မြောင်းများကို တန်းကြားx ပင်ကြား (၃ပေx၈လက်မ) ထား၍လည်း စိုက်ပျိုး ကြသည်။ ပိုးစာစိုက်ခင်းများတွင် ပိုးစာစိုက်တန်းများကို (အရှေ့အနောက်၊ တောင်မြောက်) သတ်မှတ်မှုထက် စိုက်ပျိုးမြေအခြေအနေ၊ စိုက်ကွက်အနေအထားလိုက်၍ ထားရှိနိုင်ပါသည်။ လျှောစောက်ရှိသော မြေများတွင် မြေဆီလွှာနှင့်မြေဩဇာဆုံးရှုံးမှု ကာကွယ်နိုင်ရန် ကွန်တိုမျဉ်းအလိုက် စိုက်ပျိုးပေးရပါမည်။

ပိုးစာပင်စိုက်ပျိုးရာတွင် နွေရာသီ၌ တောရှင်း၊ ငုတ်တူး၊ ကျွန်းခွေ၊ မီးရှို့ခြင်းလုပ်ငန်းများကို အပြီးဆောင်ရွက်ထားရမည်။ စိုက်ပျိုးမြေကို ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ပြုပြင်၍ စိုက်စနစ်အလိုက် (၂ပေx၂ပေ) ပတ်လည်စိုက် မြောင်းတူး၍ စိုက်နိုင်သည်။ တစ်ဧကလျှင် နွားချေး ၁၀ တန်ခန့်၊ စိုက်ကျင်းများတွင် နွားချေးတစ်ပြည်၊ ထုံးနို့ဆီဘူးနှစ်ဘူး ပိုးစာပင်အတွက် သီးသန့်ကွန်ပေါင်းနှစ်အိတ် နှုန်းမြေခံထည့်ပေးနိုင်သည်။

ပိုးစာစိုက်ခင်းများတွင် ကြားထွန်ဝင်ခြင်း၊ ပေါင်းနှိမ်နင်းခြင်းကို တစ်နှစ်ပတ်လုံး လေးကြိမ်အထက် ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ ပိုးစာတန်းကြားအတွင်း ကောက်ရိုးခြောက်၊ ပြောင်းရိုး အစရှိသည်တို့ကို ဖုံးအုပ်ပေးခြင်းဖြင့် မြေတွင်း (organic) ဒြပ်ပေါင်း ပါဝင်တိုးပွားစေခြင်း၊ ပေါင်း မြက် ပေါက်ရောက်မှုလျော့နည်းစေခြင်း အကျိုး ကျေးဇူးများကို ရရှိစေပါသည်။

ပိုးစာပင်များတွင် မြေဩဇာကို မိုးဦးကာလ (မေ၊ ဇွန်) တွင် ပမာဏ ၃၀ ရာခိုင်နှုန်းခန့် မိုးလယ် ဇူလိုင်၊ ဩဂုတ်) လတွင် ပမာဏ ၄၀ ရာခိုင်နှုန်းခန့်၊ မိုးနှောင်းကာလ ၃၀ ရာခိုင်နှုန်းခန့် ထည့်သွင်းပေး ရပါမည်။ မြေဩဇာကျွေးရာတွင် ပိုးမမွေးခင် တစ်လခန့်ကြိုကျွေးရပါမည်။ N,P,K တို့ကိုလည်း အချိုးကျကျ ထည့်သွင်းရပါမည်။

ပိုးစာပင်ပုံသွင်းရာတွင် ပိုးစာပင်၏ ပုံသဏ္ဌာန်နှင့် ပိုးစာကိုင်းအရေအတွက်တို့ကို စနစ်တကျ ထိန်းချုပ်ပုံသွင်းပေးခြင်းဖြင့် ပိုးစာအရွက်အထွက်နှုန်း တစ်နှစ်ပတ်လုံး ကောင်းမွန်စွာ ရရှိစေပါသည်။

ပုံသွင်းနည်းသုံးမျိုးရှိပါသည်။ အပင်ကြီးပုံသွင်းခြင်း (မြေပြင်မှ သုံးပေအမြင့် ပိုးစာပင်ပင်စည်ဖြတ်ခြင်း)၊ အပင်လတ်ပုံသွင်းခြင်း (မြေပြင်မှ တစ်ပေခွဲ နှစ်ပေအမြင့် ပိုးစာပင်ပင်စည်ဖြတ်ခြင်း) နှင့် ချုံပုတ်ပုံသွင်းခြင်း (မြေပြင်မှ ကိုးလက်မအမြင့် ပိုးစာပင် ပင်စည်ဖြတ်ခြင်း) တို့ ဖြစ်ကြပါသည်။

ပိုးစာကိုင်းများကို (ဇွန်၊ ဇူလိုင်) လတွင် မြေပြင်မှ (၉-၁၂) လက်မအမြင့် ပင်ခြေကိုင်းဖြတ်ခြင်း၊ (ဒီဇင် ဘာလမှဇန်နဝါရီ) လတွင် ထိပ်ဖျားပိုင်းကိုင်းဖြတ်ခြင်း တစ်နှစ်လျှင် နှစ်ကြိမ် ကိုင်းဖြတ်ပုံသွင်းပေးရမည်။

အညွန့်ခူးဖြတ်ခြင်း- ပိုးငယ်တတိယအဆင့်အတွက် ခူးခြင်းနှင့် နွေဦးပိုးမွေးရာသီတွင် အရွက်ခြောက်သွေ့မှု လျော့နည်းစေရန် အညွန့်ဖြတ်ကျွေးခြင်းဖြစ်သည်။

ကိုင်းဖြတ်ခြင်း- ပိုးကြီးအဆင့်ကျွေးခြင်းအတွက် အသုံးပြုကြပြီး အချိန်တိုတွင်း လုပ်အားခများစွာ သက်သာစေသည်။

ပိုးစာပင်စိုက်ပျိုးရာတွင် ပိုးငယ်အဆင့်အတွက် သီးသန့်စိုက်ခင်းထားရှိရန်လိုအပ်ပြီး ဆောင်ရွက်ရာ တွင် အရွက်အထွက်စော၍ ကြီးထွားမှုမြန်သည့် အရည်အသွေးကောင်းမွန်သော ဥပမာ-BR၊S-28 ဗီယက်နမ်မျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ်လွယ်ကူသည့်နေရာ၊ လေဝင်လေထွက် ကောင်းမွန်ပြီး အရွက်အထွက်နှုန်း အများဆုံးရရှိနိုင်သည့် တန်းကြားပင်ကြား (၃ ပေ x ၁၀ လက်မ) ထား၍ စိုက်ပျိုးခြင်းနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို လိုသလိုထည့်ပေးခြင်းတို့ကို စနစ်တကျရွေးချယ်စိုက်ပျိုးရပါသည်။ ပိုးစာပင်စိုက်ပျိုးရာတွင် မြန်မာနိုင်ငံ၌ အများဆုံး ကျရောက်သောရောဂါမှာ ဖားဥမှိုစွဲရောဂါ၊ အမြစ်ပုပ်ရောဂါ၊ သံချေးရောဂါ၊ ရွက်ခြောက်ရောဂါနှင့် ပိုးမွှားရောဂါများတွင် ပင်စည်ဖောက်ပိုးတို့ကျရောက်နိုင်ပြီး ပိုးစာပင်သည် တစ်ဧကလျှင် အထွက်ပေါင် (၅၀၀၀-၁၀၀၀၀) အထိ ထွက်နိုင်သည်။

ပိုးစာပင်ကို တောင်ပေါ်၊ မြေပြန့်နေရာဒေသ မရွေးစိုက်ပျိုးနိုင်ခြင်း၊ ဆေးဖက်ဝင်အဖြစ် အသုံးပြုနိုင်ခြင်း၊ ပိုးစာရွက်ကိုဟင်းချိုဟင်းအဖြစ် ချက်ပြုတ်စားသုံးနိုင်ခြင်း၊ ပိုးစာသီးကို ဝိုင်အဖြစ်သော်လည်းကောင်း၊ ပိုးစာသီးယိုအဖြစ်လည်းကောင်း အသုံးပြုနိုင်ခြင်းတို့ကြောင့် မိမိတို့၏ အိမ်အနီးပတ်ဝန်းကျင်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ပါကြောင်းနှင့် စီးပွားဖြစ် ပိုးမွေးမြူရေးလုပ်ငန်းများတွင်လည်း ပိုမိုကောင်းမွန်သော အာဟာရပြည့်ဝသည့် ပိုးစာရွက်များရရှိနိုင်ရေး စိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။