MRTV လွမ်းချင်း
မြင့်စိုး (နတလ)
လွမ်းချင်းနှင့် စပ်လျဉ်း၍
လွမ်းချင်းဟူသော ဝေါဟာရကို သဘောကျသဖြင့် ကျွန်တော်လွမ်းမိတမ်းတမိသမျှ နေရာဒေသများအကြောင်း ဆောင်းပါးရေးသည့်အခါတိုင်း ယခုလိုခေါင်းစဉ်မျိုးပေး၍ ရေးခဲ့သည်ချည်းသာ။ ဓညဝတီလွမ်းချင်း၊ ဟိုမိန်းလွမ်းချင်း၊ မအူပင်လွမ်းချင်း၊ မော်ဖလွမ်းချင်း စသည်ဖြင့်……….။ စင်စစ်သော်ကား သည်စကားလုံးများကို ဆရာမင်းကျော်ထံမှ ကျွန်တော်ငှားသုံးခြင်းဖြစ်ပါသည်။
ဆရာမင်းကျော်၊ ဆရာနတ်နွယ်၊ ဆရာ မောင်နေဝင်း၊ ဆရာသုမောင်တို့ စာရေးဆရာအဖွဲ့ ၁၉၇၅ ခုနှစ်မှာ လေးမျက်နှာမြို့ (ငဝန်မြစ်ထဲ ပါသွားပြီဖြစ်သော မြို့ဟောင်း)သို့ လာရောက်ပြီး စာပေဟောပြောကြသည်။ ထိုမှအပြန် ဆရာ မင်းကျော်က လေးမျက်နှာမြို့နယ် မြို့နယ်လုံးကျွတ် စာတတ်မြောက်ခြင်းနှင့် ‘အ’သုံးလုံးအောင်ပွဲအထိမ်း အမှတ်ထုတ်ဝေသော မဂ္ဂဇင်းအတွက် စာမူတစ်ပုဒ် ချီးမြှင့်ပေးခဲ့၏။ စာမူခေါင်းစဉ်က “လေးမျက်နှာ လွမ်းချင်း” ဟူ၍ဖြစ်ပါသည်။ ဆရာ၏ စာမူခေါင်းစဉ်က ကျွန်တော့်ရင်ထဲ၊ အသည်းနှလုံးထဲမှာစူးစူးနစ်နစ် ဝင်ရောက်နေရာယူထားပေရာ လွမ်းခွင့်ကြုံ၍ ရေးဖြစ်လေတိုင်း ဤသို့ဤပုံ ခေါင်းစဉ်ပေးခဲ့မိချေပြီတမုံ့။
လွမ်းခဲ့မိသော နှလုံးသားပုံရိပ်များ
MRTV လွမ်းချင်းဟု ခေါင်းစဉ်ပေးထားသလိုပင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် တာဝန်ထမ်းဆောင်သွားကြသော ဝန်ထမ်းဟောင်းများ ထဲမှ ခင်မင်ခဲ့ဖူးသူများရော မခင်ဖူးသူများပါ အားလုံးကို ကျွန်တော်လွမ်းသည်။ သူတို့နှင့် ရေစက်ဆုံအောင် ဖန်တီးပေးခဲ့သည့် နတလလုပ်ငန်းများကို ကျွန်တော်လွမ်းသည်။ ရန်ကုန်မှာရှိနေစဉ် မကြာခဏခြေချခဲ့ဖူးသည့် ပြည်လမ်းမကြီးဘေးမှ MRTV အဆောက်အအုံများကို ကျွန်တော်လွမ်းသည်။ တစ်ချိန်က ရန်ကုန်မြို့တွင် အမြင့်မားဆုံး ဟုပင်တင်စားနိုင်သည့် MRTV တာဝါတိုင်ကြီးကို ကျွန်တော်လွမ်းသည်။ အလွမ်းများက ဒီမှာတင်မဆုံးသေးပါ။ MRTV ကိုသွားတိုင်း အမြဲထိုင်ဖြစ်ခဲ့သည့် ဂိတ်အဝင်နားမှ လက်ဖက်ရည်ဆိုင် လေးလည်းပါသည်။ ထို့ပြင်တစ်ဝခင်မင်သူများနှင့် ရံဖန်ရံခါထိုင်ဖြစ်ခဲ့သည့် တာဝါတိုင်ကြီးအနီးမှ ဆိုင်သေးသေးလေးကိုပင် အမှတ်ရမိသေး။ အချိန်ဇယားကို နောက်ပြန်ရစ်ကြည့်၍ ရနိုင်မည်ဆိုပါက လွန်ခဲ့သည့် ၂၅ နှစ်ခန့်တွင် စတင်ရေစက်ဆုံ ခဲ့သော MRTV ၏ ပုံရိပ်များက တဖျပ်ဖျပ်လူးလွန့်နေဆဲ။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများတွေ့ဆုံပွဲ
ကိုယ်တွေက ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမဟုတ်ခဲ့သော်ငြားလည်း မိမိလေးစားခဲ့ရသော၊ ချစ်ခင်ခဲ့ရသော ဌာနအကြီးအကဲများ၊ ဝန်ထမ်းများ၊ အနုပညာရှင်များ ပါဝင်တက်ရောက်ခဲ့သည့်ပွဲမို့ အာရုံစူးစိုက်သွားမိခြင်းမှာ သိပ်ထူးဆန်းလှ သည်တော့မဟုတ်ပါ။ ထိုတွေ့ဆုံပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ (တနင်္ဂနွေနေ့)မွန်းလွဲ ၂ နာရီအချိန် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(A)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်းသို့ တွေ့ဆုံပွဲမတိုင်မီလအနည်း ငယ်ကပင် ကျွန်တော့်မိတ်ဆွေ ဒေါက်တာထွန်းလင်း အောင် (MRTV၊ ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း)က Facebook မှာ နှိုးဆော်မှုများလုပ်နေသည်ကို တွေ့နေမြင်နေရသည်။ ဘာမဆိုင်ညာမဆိုင် ကိုယ်တိုင်ပင်သွားပြီး တက်ရောက်ချင်စိတ်များ ပေါ်ခဲ့သေး၏။ တက်ရောက်လာသောဌာနအကြီး အကဲဟောင်း၊ ဝန်ထမ်းဟောင်းများအကြောင်းကိုလည်း နောင်တော်ကြီးဦးဝင်းကြည် (MRTV၊ ဒုတိယညွှန်ကြားရေးမှူးချုပ်-ငြိမ်း) က ပြည့်ပြည့်စုံစုံ ပြန်လည်ဖောက်သည်ချထား၍ သိခွင့်ရခဲ့သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများအသင်း၏ နာယကကြီးများဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးခင်မောင်ဌေး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးတင်ဝမ်း၊ အသင်း ဥက္ကဋ္ဌ တာဝန်ယူထားသော ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမြင့်အောင်တို့အပါအဝင် ဝန်ထမ်းဟောင်းများ၊ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများတက်ရောက်ကြကြောင်း၊ အသက်အကြီးဆုံး ဖြစ်မည်ထင်သော ဆရာဦးတင်မောင် (မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှ ကိုဖိုးအေး) ကို သားသမီးများက တွဲခေါ်လာပေးကြောင်း၊ အသက် ၉၀ တန်းသို့ ရောက်လာကြပြီဖြစ်သော နိုင်ငံကျော်တေးသံရှင် အစ်မကြီး ဒေါ်တင်တင်မြ၊ ဒေါ်မူမူမြင့် (ခ) ဒေါ်ဂျယ်နီ၊ သတင်းတင်ဆက်သူ လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) အစ်မကြီး ဒေါ်သန်းသန်းဝင်းနှင့် ဒေါ်နွယ်မာ ဝင်း၊ ဒေါ်ခင်စမ်းမြင့် (ရုပ်မြင်)၊ ဒေါ်စန်းစန်းယဉ် (ရေဒီယို-မြန်မာ)၊ ဦးရဲလင်း(MI)၊ ကင်မရာဆရာကြီး ဦးတင်ညွန့်၊ ဦးကျော်ရှိန်၊ ဦးစိန်ရံ၊ ဦးကျော်အေးတို့ တက်ရောက်လာကြောင်း၊ ဦးကျော်စိုးဦးကိုလည်း တွေ့ရကြောင်း၊ သတင်းတင်ဆက်သူ ဒေါ်မေမေဇင်၊ ရေဒီယို EPမှ ဒေါ်ခင်အေးမြင့်တို့အပါအဝင် အသက် ၇၀ တန်းအောက် ဝန်ထမ်းဟောင်းများလည်း လာရောက်ကြကြောင်း၊ မြန်မာ့အသံကို ချစ်မြတ် နိုးသော နိုင်ငံကျော်တေးသံရှင် မောင်သိန်းဝင်း (ဦးသိန်းဝင်း)တို့လည်း ပါဝင်ဆင်နွှဲကြကြောင်း၊ အသင်းအတွက် အလှူငွေများလည်း အသီးသီးထည့်ဝင်ပေးလှူကြကြောင်း ရေးသားထား၍ မုဒိတာပွားမိပါသည်။
ဝန်ထမ်းဟောင်းများအသင်းမှ ဆေးရုံတက်သူငါးသောင်းကျပ်၊ ကွယ်လွန်တစ်သိန်းကျပ် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လောလောဆယ် အသင်းဝင် ဦးရေ ၃၀၀ ကျော်ရှိကြောင်းလည်း မှတ်သားလိုက်ရသည်။ ထိုအခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က လှူဒါန်းသော ငွေကျပ် ၁၀ သိန်းကို MI ညွှန်ကြားရေးမှူး ဒေါ်လိန်းမောင်းပန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
MRTV သံယောဇဉ်အစ သတင်းထုတ်ပြန်ခြင်းက
၁၉၉၅ ခုနှစ်မှာ ကျွန်တော်နတလ (နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီရုံး)သို့ ရောက်သည်။ ဦးစီးဌာနဖွဲ့စည်းပုံ မကျသေး၊ နတလလုပ်ငန်းကော်မတီရုံး၏ အထူးအရာရှိများအနေဖြင့် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်ကြရသည်ဖြစ်ပေရာ ကျွန်တော် က ၁၉၉၅ ခုနှစ်တွင် ကိုးကန့်ဒေသ၊ ‘ဝ’ ဒေသများသို့ လည်းကောင်း၊ ၁၉၉၆ ခုနှစ် တစ်နှစ်လုံး MTA အဖွဲ့ လက်နက်စွန့်ခဲ့သည့် ဟိုမိန်း၊ မုံးထော်/ မုံးထ ဒေသများသို့လည်းကောင်း သွားရောက်တာဝန် ထမ်းဆောင်ခဲ့ရသည်။ ထိုမှ ရုံးချုပ်သို့ ပြန်ရောက်ပြီး နောက် ၁၉၉၈ ခုနှစ်မှစ၍ ဦးစီးဌာနနှင့် နယ်စပ်/ စည်ပင်ဝန်ကြီးဌာန၏ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ရသည်ဖြစ် ရာ MRTV ၊ မြဝတီ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတိုက်များ၊ The New Light of Myanmar တို့နှင့်မပြတ်ထိတွေ့ ဆက်ဆံခဲ့ရသလို တပ်မတော်ခန်းမ၊ တပ်မတော် စစ်သမိုင်းပြတိုက်၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်များရှိ ပြခန်းပြကွက်များ နှင့်လည်း မိတ်ဖက်ဖြစ်ခဲ့ရသည်။ ထိုလုပ်ငန်းများနှင့်အံဝင်ခွင်ကျ ဖြစ်သွားရခြင်းအကြောင်းရင်းမှာ နတလသို့ ကူးပြောင်းမလာခင် တပ်မတော်သားဘဝဖြင့် တာဝန်ထမ်းဆောင်ခဲ့ရသည့်ဌာန၏ ကျေးဇူး ကြောင့်ဖြစ်ပါလိမ့်မည်။
ကကနယ်(ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး) မှာ တာဝန်ထမ်းဆောင်စဉ် ကကပြည် (ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး)နှင့်တွဲ၍ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်သိန်း (နောင်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး)က တာဝန်ယူထားသဖြင့် ကကပြည်မှ စာရေးဆရာ ဒါရိုက်တာတင်သန်းဦး (ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦး)၊ ကိုမြသန်းစံ၊ ပျဉ်းမနားမြင့်လှိုင်တို့နှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ အဘဦးကျော်ဆန်း (စာရေးဆရာ သုခိအောင်)၊ အဘဦးသိန်းစိန် (ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး)၊ တက္ကသိုလ်မြတ်သူ၊ ဗိုလ်မှူးကြီးရဲထွဋ် (တပ်မတော် စစ်သမိုင်းပြတိုက်)တို့၏ ဆောင်းပါးအာဘော်များကိုလည်း လေ့လာခွင့် ရခဲ့သည်။ ထို့ကြောင့် ကကနယ်မှအစပြုသော စာရေးခြင်းဝါသနာသည် နတလသို့ပါလာခဲ့လေရာ မြင့်စိုး(နတလ)ကလောင်ဖြင့် စာရေးသလို ပြန်ကြား ရေးလုပ်ငန်းများကိုလည်း ထမ်းဆောင်ခဲ့ပါသည်။
ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်၏ သတင်းများမထုတ်ခဲ့ရသော်လည်း ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် လက်ထက်မှစ၍ဝန်ကြီးဌာန၊ ဦးစီးဌာန၏သတင်းများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလေ့လာရေးအဖွဲ့များ၏ သတင်းများ၊ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် နယ်စပ်ဒေသ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၏ သတင်းများကို ထုတ်ပြန်ခဲ့ရသည်။ E-mail၊ G-mail ခေတ်မဟုတ်၍ မာဇဒါဂျစ်ကို ကိုယ်တိုင်မောင်းပြီး MRTV သို့ သတင်းခွေပို့ရသော၊ သတင်းစာတိုက်များသို့ သတင်းစာသားနှင့် ဓာတ်ပုံများလှည့်လည်ပို့ရသော (သတင်းစဉ်သို့ ပေးထားပြီးဖြစ်ပါလျက် ပိုမိုသေချာစေရန်အတွက်ဖြစ်ပါသည်) အချိန်ကာလ တစ်ခုဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ပြည်လမ်းပေါ်မှ MRTV သည်လည်းကောင်း၊ ဖိုးစိန်လမ်းထဲမှ မြန်မာ့အလင်းသတင်းစာတိုက်သည် လည်းကောင်း၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ကြေးမုံသတင်းစာတိုက် သည်လည်းကောင်း၊ ကမ်းနားလမ်းရှိ The New Light of Myanmar သတင်းစာတိုက်သည် လည်းကောင်း အိမ်ဦးနှင့်ကြမ်းပြင်ပမာ ဝင်ထွက်သွားလာခဲ့ရသောနေရာများ ဖြစ်လာခဲ့ပါသည်။
သီချင်းနှင့် အကများ ရိုက်ကူးခဲ့ကြ
နတလဝန်ထမ်းဘဝက နယ်စပ်ဒေသမှ တိုင်းရင်းသားလေ့လာရေးအဖွဲ့များ လာရောက် လေ့လာချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ပို့ဆောင်လေ့လာစေရုံသာဖြစ်သည်။ သို့သော် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ အတွက်မူ သင်္ကြန်ယိမ်းအကများအပြင် ၎င်းတို့၏ တိုင်းရင်းသားရိုးရာသီချင်းနှင့် အကများကိုပါ MRTV၊ မြဝတီတို့၌ ရိုက်ကူး၍ သင်္ကြန်ကာလအတွင်း ထုတ်လွှင့်ပြသပေးခဲ့ရာ ရိုက်ကူးရေးအတွေ့အကြုံများကိုပါ ကြည့်ရှုလေ့လာခွင့်ရခဲ့သည်။ တည်းဖြတ်ခြင်းလုပ်ငန်းများကိုလည်း တွေ့မြင်လာရသည်။
သတင်းတည်းထုတ်ရာ၌ ဝန်ကြီးဗိုလ်မှူးကြီးသိန်းညွန့်က “ဘယ်အရုပ်ဘယ်ကတ်ကိုတော့ဖြင့် ပါအောင်ထည့်ပေးပါ”ဟု ဆိုလာလျှင် ၎င်း၏ သူငယ်ချင်းဖြစ်သူ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဌေးထံ သတင်းပို့ခွင့်တောင်း၍ တည်းဖြတ်ခန်းထဲမှာ လိုက်ထိုင်ပြီး အရုပ်ပြပေးရင်း Liner တည်းဖြတ်စက်များ၏ တဖြောင်းဖြောင်းသံစဉ်များနှင့် ယဉ်ပါးခဲ့ရသည်။ စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား အစီအစဉ်များစွာကို ထုတ်လုပ်ခဲ့သော ဦးဖုန်းမြင့်အောင်၊ နယ်စပ်ဒေသအစီအစဉ်များစွာကို တင်ဆက်ခဲ့သူ ဦးစံဝင်းတို့ကအစ PD များဖြစ်ကြသော ဦးရွှေဦး၊ ကိုကျော်ကျော်၊ ကိုသန်းစိန်ဦး၊ ကိုဉာဏ်မျိုးလွင်၊ ကိုထွန်းနိုင်မောင်တို့နှင့် ရင်းနှီးခဲ့သည်။ ကိုစံဝင်းတို့ကိုအားကျပြီး နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ စာမူများကို ကိုယ်တိုင်ရေးကာ ရုပ်မြင်သံကြားအစီအစဉ်များ တည်းဖြတ်ထုတ်လုပ်ခဲ့ဖူးသဖြင့် ထိုစဉ်ကတည်းဖြတ်ပေးခဲ့ကြသော ခင်အေးပွင့်၊ သူသူအေး၊ စန်းစန်းလှိုင်၊ အေးအေးမြင့်တို့အုပ်စုကိုလည်း အမှတ်ရမိပါသည်။
လက်ဖက်ရည်ဆိုင်လေးထဲမှ မေ့မရသောပုံရိပ်များ
ပြည်လမ်း MRTV အဝင်ဝမှာ လက်ဖက်ရည် ဆိုင်လေးတစ်ဆိုင်ရှိခဲ့ဖူးသည်။ ကျွန်တော် ရောက်တိုင်းထိုင်ဖြစ်သည်။ ထိုဆိုင်လေးထဲတွင် မကြာခဏတွေ့မြင်ခဲ့ရသည့် ဂီတအနုပညာရှင်ကြီး များမှာ တေးသံရှင်ကြီး ဦးမင်းနောင်(ကွယ်လွန်)၊ တေးရေးဆရာ၊ စာရေးဆရာ ပျဉ်းမနား(ဦး)မြင့်လှိုင် (ကွယ်လွန်)၊ ကဗျာဆရာ မောင်ဟေမာ(ခ) တေးသံရှင်အလင်္ကာဝတ်ရည် ဦးမောင်မောင်အေး (ကွယ်လွန်)၊ တေးသံရှင်(ဦး)တင်ဦးလေး၊ ကေတု (ဦး)ဝင်းထွဋ်တို့အုပ်စု ဖြစ်ပါသည်။ သူတို့နှင့်တန်းတူ ပြောဆိုဆွေးနွေးနိုင်မည့် အနုပညာဝမ်းစာ ကျွန်တော့်တွင်မရှိ၊ ဘေးကနေငေးကြည့်နားထောင်ရင်း မှတ်သားစရာတော်တော်များများကို ကြားနေရသည်။
အထူးသဖြင့် သီချင်းကိစ္စ၊ တေးသံသွင်း ကိစ္စများပင်ဖြစ်ပါသည်။ ပျဉ်းမနားကြီးကိုမူ ကကပြည်၊ ကကနယ်မှာ နေစဉ်ကတည်းက လုပ်ဖော်ကိုင်ဖက် နောင်တော်ကြီးတစ်ဦးဖြစ်၍ ရင်းနှီးပါသည်။ သူ့သား ကိုမိုးမင်းလှိုင်သည်ပင်လျှင် ထိုအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေပေပြီ။ ရေဒီယိုတစ်ခေတ်က ပျဉ်းမနားမြင့်လှိုင် ရေးစပ်သီကုံးပြီး အစ်မကြီးဒေါ်ညွန့်ညွန့်စိန် သီဆိုထားသည့် “ခရေပင်အောက်က ပိတောက်ချစ်သူ” သီချင်းကို ကျွန်တော် အလွန်ကြိုက်ခဲ့ပါသည်။ လက်ဖက်ရည် ဆိုင်လေးနှင့် မလှမ်းမကမ်းတွင် ရေဒီယိုဘက်က တိုင်းရင်းသူလေးများကို နေရာချထားပေးသည့် တစ်ထပ်မြေစိုက်ဝန်ထမ်းဆောင်လေး ရှိနေပါသည်။
ယခုလို ပြည်ထောင်စုနေ့နီးလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်သော ဂုဏ်ပြုရုပ်သံအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တတ်လေရာ ထိုအဆောင်လေးသည် ဒါရိုက်တာ ကိုမျိုးအေး၏ ရိုက်ကွင်းတည်နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ကင်မရာ မင်းကိုကျော်လွင် (ယခု ဦးစီးအရာရှိ) တို့ပင်လျှင် ပါဝင်သရုပ်ဆောင်ကြသည်ကို အမှတ်ရမိသေးတော့။ ထိုလက်ဖက်ရည်ဆိုင်လေးထဲမှာ ဦးဟန်မြင့် တို့အဖွဲ့နှင့်လည်း ဆုံခဲ့ဖူးသည်။ ရံဖန်ရံခါတွင်မတော့ အစ်မကြီး ဒေါ်တင်တင်မြ၊ ဒေါ်သန်းသန်းဝင်းတို့ကို တွေ့ရတတ်၏။
သုံးထပ်ဆောင်ကိုလည်း သတိရသည်
ထိုစဉ်က သတင်းတစ်ပုဒ်ထုတ်လျှင် သုံးထပ်ဆောင်ကို အရင်သွားရသည်။ ညွှန်ကြားရေးမှူး(ရုပ်မြင်)နှင့်အရင်တွေ့၊ သူ့ဆီကအတည်ပြုချက်နှင့် သတင်းခန်းကိုသွား၊ သတင်းခန်းတာဝန်ရှိသူများက သတင်းကို လိုသလို စိစစ်ဖြတ်တောက်ပြီးနောက် Edit လုပ်မည့် PD ထံ ချပေး၊ လိုအပ်လျှင် သူဘေးကဝင်ထိုင်ပြီး အရုပ်ပြပေးရသည်။ သတင်းတစ်ပုဒ်ပါ ဖို့ရာအတွက် ဤမျှလောက်ထိ အားထည့်နေသောအခါ “မောင်လေးရေ နင်တို့ဟာ လွန်လွန်းတယ် နော်”ဟု အစ်မကြီး ဒေါ်သန်းသန်းဝင်း၏ ဩဘာပေးခြင်းခံရတော့သည်။ ချစ်ဖွယ်ကောင်းသော အစ်မကြီးများကို ယနေ့တိုင်မမေ့ပါ။
ညွှန်ကြားရေးမှူး(ရုပ်မြင်) ဦးဖုန်းမြင့်နှင့် သိပ်မဆုံလိုက်သော်လည်း သူ့နောက်မှာ ညွှန်ကြားရေးမှူးများဖြစ်လာကြသည့် ဦးဝင်းကြည်၊ ဦးမြင့်ဦးတို့နှင့် ရင်းနှီးခဲ့ရသည်။ သုံးထပ်ဆောင်အပေါ်ထပ်မှာ ထိုင်သည်။ အောက်ထပ်ကို ဝင်သွားလိုက်သည်နှင့် ဆရာဦးစိန်ရံ၏ တပည့်များဖြစ်သော ရိုက်ကူးရေးအဖွဲ့ကင်မရာမင်းများကို တရုန်းရုန်းတွေ့ရသည်။ သတင်းအရုပ် စပြီးရိုက်ကတည်းက Edit လုပ်၍ ရိုက်တတ်သော ဦးတင်မောင်နှင့် ဦးရွှေသိန်း၊ ဦးထွန်းထွန်း (ကုလားကြီး) တို့မှာ ကွယ်လွန် သွားပြီဖြစ်ကြောင်း သိရသည်။ ထိုထွန်းနိုင်မောင် (ယခု AD)၊ ကိုအောင်ဝင်း (ယခု AD)၊ ကိုကျော်လွင် (ယခု ဦးစီးအရာရှိ)တို့ တာဝန်ထမ်းဆောင်ဆဲ ဖြစ်ကြောင်းသိရ၏။
ကိုချက်မောင်နူ တစ်ယောက်လည်း လေဖြန်းပြီး ကျန်းမာရေးမကောင်းဟုသိရသလို ကျွန်တော်တို့နှင့်အတူ တိုင်းရင်းသားကျေးရွာသီချင်းကို ရိုက်ကူးပေးခဲ့သော ကိုထင်လင်းတစ်ယောက်လည်း ပင်စင်ယူသွားပြီဖြစ်ကြောင်း သိရသည်။ ဆရာဂီတ စာဆို အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ ရေးစပ် သီကုံးပြီး တေးသံရှင် ရတနာဦး သီဆိုထားသော “ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ” သီချင်းကို သရုပ်ဆောင် ရတနာခင်နှင့် ရိုက်ကူးခဲ့ခြင်းဖြစ်၏။ ထိုသီချင်းကို တိုင်းရင်းသားကျေးရွာနှင့် သန်လျင်တံတားကြီးပေါ်မှာ ရိုက်ကူးစဉ်ဆရာဦးမြင့်ငွေနှင့် သူ့ဇနီး အစ်မ ဒေါ်တင်တင်အေး (တက္ကသိုလ်ချိုလတ်)တို့က လိုက်ပါကူညီပေးခဲ့သည်ကို အမှတ်ရမိ ၏။ PD ကိုကျော်ကျော် (ယခု AD)က တည်းဖြတ် ထုတ်လွှင့်ပေးခဲ့ပါသည်။ သုံးထပ်ဆောင် အလယ်ထပ်မှာ ဆရာဦးလှဝင်းနှင့် နိုင်ငံခြားရုပ်ရှင်များ ဆင်ဆာတင်ပေးနေသည့် ဦးစတီဗင်စိန်ညွန့်တို့ကိုလည်းတွေ့ရ၏။
MRTV ၏ အသံပါရမီရှင်များ
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် နောင်တော်ကြီး ဦးဝင်းကြည်၏ Facebook မှာ နာရေးသတင်းတစ်ပုဒ်ကို တွေ့လိုက်ရသည်။ သူကမမစမ်းဟု ခေါ်နေသည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားဝန်ထမ်းဟောင်း ဒေါ်ခင်စမ်းမြင့်၏ နာရေးသတင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက်နေ့ကမှ ကျင်းပပြုလုပ်ခဲ့သော MRTV ဝန်ထမ်းဟောင်းများ တွေ့ဆုံပွဲအခမ်းအနားတွင် မမစမ်း(ခ)ဒေါ်ခင်စမ်းမြင့်၏ ဓာတ်ပုံများကို တွေ့လိုက်ရသေး၏။ ယခုမူ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် တစ်ခဏတာအတွင်းမှာပင် သူချစ်သော MRTV အသိုက်အဝန်းကြီးကို ခွဲခွာသွားရရှာ ပေပြီ။ ကျွန်တော်နှင့် ခင်မင်ခဲ့ဖူးခြင်းမရှိသည့်တိုင်ကြားရသည်နှင့် စိတ်မကောင်းဖြစ်မိပါသည်။ မခင်သော်လည်း အသံပါရမီရှင်တစ်ယောက်အဖြစ် ကျွန်တော်လေးစားသည့်အထဲမှာ ဒေါ်ခင်စမ်းမြင့် ပါဝင်ပါသည်။
ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်း အနားများတွင် ဆရာဦးဝင့်အောင်နှင့် ဒေါ်ခင်စမ်း မြင့်တို့၏ အသံများက နှစ်ပေါင်းများစွာ လွှမ်းမိုးထားနိုင်ခဲ့သည်ဆိုလျှင် မှားမည်မထင်ပါ။ လွှမ်းမိုး နိုင်သော အရည်အချင်းနှင့် ပြည့်စုံကြသည်ကိုလည်း သူတို့၏အသံကို နားထောင်ဖူးသူတိုင်းက အပြည့်အဝထောက်ခံကြမှာ သေချာသည်။ ရုပ်ရှင် အကယ်ဒမီ ဇာတ်ဝင်ခန်းတစ်ခုချင်းအလိုက် အဘယ်ကြောင့် အကယ်ဒမီပေးသင့်သည်ကို ရှင်းလင်းပြောကြားရာတွင် လေယူလေသိမ်းကအစ အဆွဲအငင်၊ အရစ်အဝိုက်၊ အဖိအဖော့တို့ဖြင့် ပရိသတ်၏ အသည်းနှလုံးကို သိမ်းကျုံးညှို့ယူ ဖမ်းစားနိုင်သော အသံပါရမီရှင်များ ဖြစ်ကြသည်။
ဦးဝင့်အောင်ကတော့ မြန်မာ့အသံ ဦးဇော်ဝင်း (အဘဇော်ဝင်း) ထံမှ ပညာကုန်ရလိုက်ကြောင်း သိရသည်။ အဘဇော်ဝင်း ဆိုသည်မှာလည်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက နားထောင်ခဲ့ရသည့် ဇာတ်လမ်းပမာနားဆင်စရာကဏ္ဍ၏ အရှင်သခင်၊ အသံဘုရင်ဖြစ်သည်။ နားထောင်နေသူကို မျက်ရည်ကျလောက်အောင်အထိ ပြောနိုင်စွမ်းရှိသည်။ တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်း အမွေပေး ကြရင်းဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ဂုဏ်ကို ဆောင်ခဲ့ကြသည့် ဝန်ထမ်းများစွာ၊ ပါရမီရှင်များစွာ ရှိပါသေးသည်။
စီမံကွပ်ကဲမှုကောင်းသော ဒေါ်နီနီနေဝင်း၊ ဒေါ်ခင်မျိုးဝင်းတို့ကို တွေ့ခဲ့ရသလို မြန်မာ့အသံ ဦးသစ္စာဟု နာမည်ရခဲ့သော ဦးဝင်းကြည်ကိုလည်း မြင်ဖူးခဲ့သည်။ ဒေါ်သန်းသန်းဝင်း၊ ဒေါ်ခင်မလေး၊ ဒေါ်နွယ်မာဝင်း မျိုးဆက်မှသည် ဒေါ်ခင်မိုးဥ၊ ဒေါ်ခင် စန္ဒာမြင့်၊ ဒေါ်မေသူ၊ ဒေါ်အိအိလွင်၊ ဒေါ်ဆွေဇင်ထား အစရှိသည့် မျိုးဆက်များ၊ ဦးလှဝင်း၊ ဦးသိန်းလှမော်၊ ဦးဝင်းတင်၊ ဦးကျော်စိုးဦးမှ သည်ဘက်ခေတ် မျိုးဆက်များ ထွန်းပေါက်ခဲ့ကြပါသည်။
PD ဘက်မှ ဒေါ်သီတဂူဇေယျ၊ TC ခန်းက ဒေါ်အိအိချော၊ မှတ်တမ်းတိပ်ခွေထိန်းသိမ်းရေး ဌာနမှ ဒေါ်ခင်စန္ဒာအောင်၊ ချစ်စရာ့အရွယ်ကစား ကြမယ်နှင့် စားကြမယ်ဟေ့ကောင်းကောင်း ဖန်တီးရှင် ဒေါ်သိလ္လာစိုး၊ နယ်စပ်သင်္ကြန်သီချင်းများ သီဆိုပေးခဲ့သူ ခင်နန်းယုထွေးတို့ကအစ အားလုံးကို သတိရမိပါသည်။
(၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ဆန္ဒမွန်
စင်စစ်သော်ကား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြည်သူချစ်အနုပညာရှင်များဖြစ်ကြ သော ရုပ်ရှင်၊ သဘင်၊ ဂီတနှင့်ဟာသလောကသားများ၏ ကွန်းခိုရာ ဘူမိနက်သန် နေရာမှန်တစ်ခု၊ အနုပညာ၏ စွမ်းပကားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်သယ်ပိုး ထမ်းရွက်နေသော နေရာတစ်ခု၊ ကိုယ်ကျိုးမဖက်ပြည်သူအတွက် ပေးဆပ်နေသော ဝန်ထမ်းများ၏ မေတ္တာ၊ စေတနာ၊ သဒ္ဓါကို ထင်ဟပ်ပေါ်လွင်အောင် ဖော်ထုတ်ပြသနေသည့်နေရာတစ်ခု ဖြစ်ပေသည်။
ဆယ်စုနှစ်တစ်စုမျှ ခင်မင်ရင်းနှီးခွင့်ရခဲ့သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ကျွန်တော်ချစ်သည်။ ဆုံခဲ့ဖူးသော အနုပညာရှင်များနှင့် ၎င်းတို့၏အနုပညာ စွမ်းပကားကို ကျွန်တော်လေးစားသည်။ ကွယ်လွန် သွားကြပြီဖြစ်သောဝန်ထမ်းဟောင်းများကို သတိရမိသကဲ့သို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများအသင်း ခိုင်ခိုင်မာမာရပ်တည်နိုင်ရန်အတွက်လည်း ဇောစေတနာရည်သန်မိပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့မှသည် နှစ်ပေါင်းရာထောင်ချီ၍ နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ဆတက်ထမ်းပိုးတိုး၍တိုး၍ ထမ်းရွက်နိုင်ပါစေကြောင်း ဆုတောင်းပတ္ထနာ ပြုရင်းလွမ်းချင်းဖွဲ့လိုက်ရပါသည် MRTV။ ။