ဤရေ၊ ဤမြေ၊ ဤပြည်ထောင်စု ကမ္ဘာတည်သရွေ့ တည်တံ့စေ
ခွန်အားသစ်
မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး အရှေ့တောင်အာရှ ပင်မကုန်းမြေပေါ်ရှိ နိုင်ငံအားလုံးတွင် အကျယ်ဆုံးဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့်တွင် ၄၀ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံအင်အားကြီးလျှင် ကြီးသလောက် တန်ခိုးဩဇာဖြန့်ကြက်နိုင်ခဲ့ရာ တောင်အာရှနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအချို့တို့သို့ပင် ကျော်လွန်ရောက်ရှိခဲ့သည်။
ယနေ့ခေတ်အမြင်ဖြင့် ကြည့်မည်ဆိုပါက သူတစ်ပါးနိုင်ငံကို ကျူးကျော်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်စေကာမူ ထိုခေတ်ထိုအခါတွင် အင်အားသာသူတို့က ဘုန်းလက်ရုံး ဆန့်တန်းကြမြဲဖြစ်သည့်အလျောက် ကိုယ်မကျူးလျှင် သူကျူးမည်။ ကိုယ်မတိုက်လျှင် သူတိုက်မည်သာဖြစ်ရာ မိမိနိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အင်အားကိုပြသကြရမြဲဖြစ်သည်။ မိမိတို့ အင်အားချည့်နဲ့ချိန်၊ နိုင်ငံကိုစိုးမိုးအုပ်ချုပ်မင်းလုပ်သူ ညံ့ဖျင်းချိန်တွင် နိုင်ငံအတွင်း တိုင်းတစ်ပါးသားတို့ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုကို မလွှဲသာမရှောင်သာ ခံခဲ့ရသည်မှာလည်း သမိုင်းတွင် အထင်အရှားပင် ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ ဝင်ရောက်သိမ်းပိုက်ပြီးချိန်တွင်မူ တစ်ချိန်က မြန်မာဘုရင်လက်ထက် အုပ်ချုပ်မှုသက်ရောက်ခဲ့ရာ နယ်မြေများအားလုံးကိုသိမ်းယူ၍ တစ်ဖက်နိုင်ငံများနှင့်ပါ နယ်နိမိတ်စာချုပ်များချုပ်ဆိုပြီး ယနေ့မိမိတို့ တွေ့မြင်နေရသည့် မြန်မာနိုင်ငံမြေပုံ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ တိကျသည့် နယ်နိမိတ်ရေးဆွဲ သတ်မှတ်ရာတွင် အပေးအယူအချို့လုပ်ခဲ့ပြီး အချို့နယ်မြေဒေသများမှာ မြန်မာနိုင်ငံပိုင်နက် ဖြစ်သင့်ပါလျက် မဖြစ်တော့ဘဲ တစ်ဖက်နိုင်ငံကို ပေးအပ်လိုက်ရသည်များလည်းရှိခဲ့သည်ကို သမိုင်းတွင် တွေ့ရှိနိုင်သည်။
၂၀ ရာစုအတွင်း ကမ္ဘာ့စနစ်မှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ နိုင်ငံများ၏ ပိုင်နက်နယ်နိမိတ်များ သည် တိကျသည့်အတိုင်းအတာများ၊ သတ်မှတ်ချက်များ၊ သဘောတူညီချက်များ၊ စာချုပ်စာတမ်း များနှင့် ခိုင်ခိုင်မာမာ အတည်တကျ ဖြစ်လာခဲ့ပြီဖြစ် သည်။ အင်အားရှိတိုင်းလည်း နယ်မြေချဲ့ထွင်နိုင် သည့် ခေတ်အခါမဟုတ်တော့။ မိမိတို့ဘိုးဘေး ဘီဘင်များ အသက်သွေး၊ ချွေးများစွာဖြင့် တည်ထောင်ခဲ့သည့် ဤနိုင်ငံ၊ ဤနယ်နိမိတ်ကို တစ်လက်မမျှပင်မလျော့ပါး၊ မဆုံးရှုံးစေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်သည်။
ကမ္ဘာ့မြေပုံကိုကြည့်လျှင် ကမ္ဘာတွင် တတိယမြောက် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် သတ္တမမြောက် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတို့၏အကြားတွင် နှစ်နိုင်ငံလုံးနှင့် ထိစပ်လျက် မြန်မာနိုင်ငံကို သေးသေးငယ်ငယ်ကလေး တွေ့ရှိနိုင်သည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးတို့မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးများ ဖြစ်ကြသည့်အပြင် စီးပွားရေးတွင်လည်း အင်အားကြီးနိုင်ငံများအဖြစ် လျင်မြန်စွာ တက်လှမ်းနေကြ သည်။ ၂၁ ရာစုသည် အာရှ၏ ရာစုနှစ်ဟု ဆိုရလောက်အောင် ကမ္ဘာ့အချက်အချာသည် အာရှဆီသို့ ပြောင်းရွှေ့လျက်ရှိနေရာ ကမ္ဘာ့အင်အားပြိုင်ဆိုင်မှုများကလည်း ပထဝီအနေအထားအရ အချက်အချာကျသည့် မိမိတို့နိုင်ငံ၏ မြေပြင်၊ ရေပြင်နှင့် ကောင်းကင်ပြင်ပိုင်နက်နယ်နိမိတ်များနှင့် ဆက်စပ်လာနေသည်။ နိုင်ငံတိုင်း ၎င်းတို့နိုင်ငံ အဓွန့်ရှည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး အင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အားတို့ကို အခိုင်အမာတည်ဆောက်လျက်ရှိရာ မိမိတို့သည်လည်း နောက်ကျမကျန်ရစ်ဖို့လိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ၏ တစ်ကျော့ပြန်သမ္မတဖြစ်လာခဲ့သည့် ဒေါ်နယ်ထရမ့် အိမ်ဖြူတော်၏ သမ္မတရုံးခန်းတွင်းသို့ရောက်မလာမီအချိန်အတွင်း ပြောခဲ့သည့်စကားအချို့က ကမ္ဘာကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့သည်။ ကမ္ဘာ့နံပါတ် (၁) အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွားအတွက် ဂရင်းလန်ကျွန်း၊ ပနားမားတူးမြောင်း၊ မက္ကဆီကို၊ ကနေဒါတို့ကဲ့သို့သော အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ အစိတ်အပိုင်းများကို သိမ်းပိုက်ရယူရန် လေသံပေးမျက်စောင်းထိုးပြခဲ့ခြင်းမှာ သက်ဆိုင်ရာနိုင်ငံတို့အတွက် နာသာခံခက်ဖြစ်စေသည်။ ထရမ့်၏ စကားနှုတ်ကျွံ အပြောလွန်တတ်သည့် ဝသီစရိုက်ဖြင့် လေထဲတွင် တိုက်အိမ်ဆောက်ပြခြင်းဖြစ်သည်ဟု ဆိုနိုင်စေကာမူ အမြဲပြောခံရသည့် နိုင်ငံများမှ ခေါင်းဆောင်များနှင့် ပြည်သူများအဖို့ မခံချိမခံသာ အမျက်ဒေါသထွက်ဖွယ်ရာများပင်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ၁၉ ရာစုကာလက အထွတ်အထိပ်ရောက်ခဲ့သည့် နယ်ချဲ့ဝါဒသည် ဒုတိယကမ္ဘာစစ်ကြီးနှင့်အတူ ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည့်တိုင် အင်အားကြီးနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားနှင့် ယှဉ်လာပါက နယ်ချဲ့လိုစိတ်တို့ ရှိနေဆဲပင်ဖြစ်သည်ကို ဒေါ်နယ်ထရမ့်က ပြောင်ပြောင်တင်းတင်း သက်သေပြခဲ့ခြင်းဟု ယူဆရမည်လည်းဖြစ်သည်။ ထို့အပြင် နိုင်ငံငယ်များ၏ ပြည်တွင်းရေးတွင် ပါဝင်စွက်ဖက်ကာ ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအတွက် လိုသလိုဖန်တီးခြေရှုပ်နေကြသည်ကိုလည်း သတိပြုကြရန်လိုသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်ပြီး ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးမှနုတ်ထွက်ကာ တိုင်းပြည်မှ ထွက်ပြေးသွားခဲ့ရသည်။ ယင်းပြဿနာ၏ နောက်ကွယ်တွင် အနောက်နိုင်ငံအချို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ရာ ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားအချို့ကို အသုံးချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်က သတင်းများအရ အနောက်အုပ်စု၏ ခေါင်းကိုင်ဖခင်နိုင်ငံကြီးက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ပိုင်နက်နယ်မြေများကို စုပေါင်းကာ ခရစ်ယာန်နိုင်ငံတစ်ခု တည်ထောင်ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ ဟိန္ဒူဘာသာဝင်အများစု နေထိုင်သည့် အိန္ဒိယ၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံတို့နှင့် ဆက်စပ်ရာဒေသတွင် ခရစ်ယာန်ဟူသော ခေါင်းစဉ်တပ်၍ နိုင်ငံတစ်ခုထူထောင်မည့်အကြံမှာ ဒေသတွင်းမတည်မငြိမ် ဖြစ်လာစေရန် ဖန်တီးခြင်းဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများအဖြစ်သို့ တက်လှမ်းလာနေသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် အနောက်အုပ်စု၏ အခိုင်အမာခြေကုပ်ယူစရာနေရာကို ဖော်ဆောင်ခြင်းလားဟု စဉ်းစားဖွယ်ရာဖြစ်သကဲ့သို့ မြန်မာ့ပိုင်နက်နယ်နိမိတ်ကို တစ်လက်မမျှပင် ပဲ့ပါမသွားစေရန် ကာကွယ်စောင့်ရှောက်ဖို့လည်း သတိဖြင့်ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။
ရေပြင်နယ်နိမိတ်တွင်လည်း မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ၊ စစ်အခြေစိုက်စခန်း တည်ဆောက်မှုများ တစ်နိုင်ငံချင်းအနေဖြင့်လည်းကောင်း၊ နိုင်ငံအုပ်စုဖွဲ့၍လည်းကောင်း ပိုမိုအာရုံစိုက်ပြုလုပ်လာကြသည်ကိုလည်း သတင်းများတွင် တွေ့ရှိနိုင်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ကမ္ဘာပေါ်တွင် ဝါဒရေးရာ ဆန့်ကျင်ခြားနားမှုများကို အကြောင်းပြု၍ နိုင်ငံအုပ်စုနှစ်စုကြားတွင် စစ်ရေးအပြိုင်အဆိုင် တည်ဆောက်မှုများပြုလုပ်ပြီး ရန်စောင်တင်းမာခဲ့ကြသည့် စစ်အေးတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေးတို့တွင် ပြောင်းလွယ်၊ ပြင်လွယ်နိုင်စွမ်းမရှိသည့် အရှေ့အုပ်စုဝင် ပြည်ထောင်စုနိုင်ငံကြီးများ ပြိုကွဲသွားခြင်းအားဖြင့် စစ်အေးတိုက်ပွဲများ ပြီးဆုံးသွားခဲ့ချိန် အာရှတွင် “ကြောင် ဖြူဖြူ၊ မည်းမည်း၊ ကြွက်ဖမ်းနိုင်ဖို့သည်အဓိက” ဟူသော ကြွေးကြော်သံဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကွန်မြူနစ်ဝါဒနှင့်ပေါင်းစပ်၍ အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမ္ဘာ့စင်မြင့်ဆီသို့ တစ်လှမ်းချင်းတက်လှမ်းလာခဲ့သည်။ အာရှရာစုနှစ် အစပျိုးလာခြင်းသည် အနောက်အုပ်စု၏ ကမ္ဘာကြီးကို လွှမ်းမိုးမှုနိဂုံးချုပ်တော့မည့် နိဒါန်းပင်ဖြစ်ရာ အနောက်အုပ်စုနိုင်ငံတို့က ဘက်ပေါင်းစုံမှ အပြင်းအထန် ဆန့်ကျင်မှုများ ပြုလုပ်နေကြသည်ကို ကမ္ဘာ့မြင်ကွင်းတွင် နေ့စဉ်နှင့်အမျှ တွေ့မြင်နေကြရသည်။
ယနေ့ မိမိတို့ဖြတ်သန်းနေကြရသည့် ကမ္ဘာကြီးတွင် နိုင်ငံတိုင်း ကိုယ်ခံအားကောင်းကြဖို့ လိုသည်။ အင်အားတောင့်တင်းခိုင်မာသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ပြည်တွင်းအင်အားဖြင့် တည်ဆောက်ထားကြရမည့် ခေတ်ကာလဖြစ်သည်။ ယင်းသို့သော အခြေအနေတွင် မိမိတို့နိုင်ငံ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိသည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေသည်ကို တွေ့ရသည်။
ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက PDF များနှင့်ပူးပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ် ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက် သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ မကွေးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ဒေသများတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တွင် CNF သောင်းကျန်းသူများသည် PDF များနှင့် ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
“အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှုပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့က လူထု၏စိတ်ခံစားချက်ကိုအသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းက အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များ အနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက်ယူဆချက်များနှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း” ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၃၁-၁-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး (၁/၂၀၂၅) တွင် ထည့်သွင်းရှင်းလင်းတင်ပြခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ၎င်းတို့၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဆောင်ရွက်ရာတွင် လူမျိုးရေးစိတ်ဓာတ်ကို အစွန်းရောက်သည်အထိ လှုံ့ဆော်မြှင့်တင်ခြင်း၊ လူမျိုးရေး မုန်းတီးမှု (အထူးသဖြင့် ဗမာမုန်းတီးရေး) ဖြစ်ပေါ်အောင်သွေးခွဲခြင်း စသည့် ပြည်ထောင်စုကြီးတွင် အတူနေထိုင်ကြသူများအကြား အန္တရာယ်ကြီးမားသည့် လုပ်ရပ်များကို ပြုလုပ်နေကြခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများစွာ အတူတကွ စုစည်းနေထိုင်ကြသည့် နိုင်ငံ၊ ပြည်ထောင်စုကြီး၏ တစ်ခုတည်းသော နယ်နိမိတ်အတွင်း တောတောင်ရေမြေတို့ တစ်ဆက်တစ်စပ်တည်းတည်ရှိကာ လူမှုစီးပွား ဘဝများလည်း ခွဲခြား၍မရသည့် နိုင်ငံတွင် လူမျိုးရေး ခွဲခြားမှုနှင့် အမုန်းတရားများ ဖန်တီးခြင်းမှာ မိုက်မဲလွန်းခြင်းပင်ဖြစ်သည်။
လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား “ရန်” ဟူ၍ သတ်မှတ်လိုက်သည်နှင့် ယုံကြည်မှု၊ ရင်းနှီးမှု၊ ချစ်ခင်မှု၊ သံယောဇဉ်တရားနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုတို့ပျောက်ကွယ်၍ ပျက်စီးခြင်းနှင့်သာ နိဂုံးချုပ်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ဈေးများစသည်ဖြင့် ပျက်စီးဆုံးရှုံးမှုပမာဏများစွာ ကြီးမားသကဲ့သို့ပင် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူတို့၏ အခွင့်အရေးများစွာတို့လည်း ဆုံးရှုံးနေရသည်။
ပစ္စက္ခကာလ ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်တို့က မိမိတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေးအတွက် အန္တရာယ်အချိန်မရွေးကျရောက်လာနိုင်သည်ကို တွေ့ရှိနိုင်သည်။ လွန်ခဲ့သည့် ၇၇ နှစ်က ရရှိထားခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စွဲမြဲခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ် ဖြင့် စုပေါင်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းကြောင့်သာ ယခုတိုင် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေမည့်ဘေးရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမည့်ဘေးရန်၊ အချုပ်အခြာအာဏာ ဆုံးရှုံးမည့်ဘေးရန်တို့မှာ အတွင်းရန်၊ အပြင်ရန်များအဖြစ် ခေတ်အဆက်ဆက်တွင်လည်းရှိခဲ့သလို ပစ္စုပ္ပန်တွင် ရှိဆဲ၊ အနာဂတ်တွင်လည်း ရှိနေနိုင်သည်သာဖြစ်ရာ မိမိတို့ဘိုးဘွားများက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ခဲ့ကြသည့်နည်းတူ မိမိတို့သည်လည်း တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။
ခန္ဓာကိုယ်တွင် ကိုယ်ခံအားစနစ် အားနည်းလျော့ကျပါက ပြင်ပရောဂါမျိုးစုံတို့ ဝင်ရောက်လာသည့် သဘောကိုနှလုံးမူ၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းအင်အား လျော့နည်းကျဆင်းလာပါက ပြည်ပပယောဂပေါင်းစုံတို့ ဝင်ရောက်လာနိုင်သည်ကို ဆင်ခြင်မြော်တွေးကာ ပြည်တွင်းအင်အားကို စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ထားကြရမည်လည်း ဖြစ်သည်။
ပယောဂမကင်းသည့် စိတ်ဝမ်းကွဲပြားမှုများနှင့် ပဋိပက္ခများကို ဆန့်ကျင်ပယ်ရှားကာ ဘိုးဘွားတို့၏ အမွေ ပြည်ထောင်စုစိတ်ဓာတ်ကို မိမိတို့၏ နှလုံးသားတွင် ထာဝစဉ်စွဲမြဲစွာခံယူ၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အားလုံး၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်သွားကြရမည်ဟူ၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။