ငါ့နိုင်ငံ ငါ့ပြည်ထောင်စုဆိုသည့်စိတ်ထား ဖြစ်တည်နေမှသာလျှင်
စွမ်းပြည့်
ကွာဟချက်များလွန်းတဲ့ကမ္ဘာကြီး၊ ပြဿနာများလွန်းတဲ့လူ့အဖွဲ့အစည်းမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားမမျှ၊ မကျေလည်သမျှ၊ မညှိနှိုင်းတတ်၊ ဖြေရှင်းနိုင်စွမ်းမရှိ၊ လက်နက်ကိုင် ဖြေရှင်းနေကြသရွေ့ ဘယ်သောအခါမှ ငြိမ်းချမ်းမှာမဟုတ်။
အောင်မြင်တဲ့စေ့စပ်ညှိနှိုင်းမှုက အရည်အချင်းတစ်ရပ်ဖြစ်
ကိုယ်အနိုင်ယူ၊ သူအရှုံးအတွေးအခေါ်အောက်မှာ သူလည်းအနိုင်၊ ကိုယ်လည်းအနိုင်၊ အားလုံးအနိုင်ဆိုတဲ့ ခံယူချက်နဲ့ မတူတာခဏဖယ်၊ တူတာအရင်ညှိလုပ်မယ်ဆိုတဲ့ အယူအဆတွေဟာ ပျောက်ကွယ်သွားလို့မဖြစ်ပါဘူး။ ပဋိပက္ခဖြစ်လာရင် ညှိနှိုင်းယူကြမယ်၊ ပေါင်းစပ်ကြမယ်၊ လက်ခံနိုင်လောက်တဲ့အထိ ဆွေးနွေးကြမယ်၊ ဘုံရည်မှန်းချက် တစ်ခုရအောင်လုပ်ကြမယ်၊ ဒါမှ တန်းတူညီမျှမှုကို ရနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး အခြေခံရှိရမယ့်အပြင် အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ ခံယူချက်ကိုလည်း ခိုင်ခိုင်မာမာထားကြရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ညှိနှိုင်းပေါင်းစပ်ခြင်းဆိုတဲ့ စွမ်းရည်ကို လုံးဝမေ့မထားသင့်ပါဘူး။ ပြဿနာရှိလာရင် ဖြစ်ဖြစ်၊ ပဋိပက္ခမကြီးထွားစေချင်ရင်ဖြစ်ဖြစ် အောင်မြင်တဲ့ ညှိနှိုင်းစေ့စပ်မှုနဲ့ ပဋိပက္ခပြေငြိမ်းသွားစေတာဟာ တကယ့်အရည်အချင်းတစ်ရပ်ပါ။ ယနေ့ခေတ်လို ပြဿနာများလွန်းတဲ့ ခေတ်ကြီးမှာ အလွန်လိုအပ်တဲ့ အရည်အချင်းတစ်ရပ်လည်း ဖြစ်နေပါပြီ။ မညှိတတ်လို့၊ မစေ့စပ်နိုင်လို့၊ မပေါင်းစပ်နိုင်ကြလို့ ပဋိပက္ခတွေ ကြီးထွားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်ပြောတော့သာလွယ်တာ၊ ညှိနှိုင်းယူခြင်းဆိုသည်မှာ အလွန်ကိုခက်တဲ့အလုပ်ဆိုတာ လက်တွေ့သာဓကများအရ တွေ့နေရပါတယ်။
ကိုယ့်ကိုယ်ကိုယ်ဝေဖန်သုံးသပ်မှုမှာ အားနည်းနေ
မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်၊ ကမ္ဘာကြီးမှာလည်း ထိုနည်းအတိုင်း၊ နောက်ပိုင်းနိုင်ငံတကာမှာ ပဋိပက္ခအရှုပ်အထွေး အလွန်များလာတယ်။ ကမ္ဘာကြီးရဲ့ နေရာအချို့မှာ ယဉ်ကျေးပါတဲ့ လူ့အဖွဲ့ အစည်းတချို့မှာတောင် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရမယ့်အစား အင်အားအလွန်အကျွံသုံးပြီး ဖြေရှင်းလာကြတယ်။ မှန်ကန်တဲ့ အဖြေကို မရတဲ့ အတွက် လက်နက်ကသာအားကိုးရာ၊ အင်အား ကသာ အစစ်အမှန်ဆိုပြီးတလွဲတွေ ဖြစ်လာတယ်။ အင်အားသုံးဖြေရှင်းတဲ့အခါ ရေတိုမှာပြီးသွားပေမယ့် ရေရှည်မှာတော့ လိုချင်တဲ့အဆုံးသတ်မရနိုင်ကြပါ။
မဆုံးနိုင်သော၊ မတရားသောနည်းလမ်းတွေနဲ့ မှန်ကန်တဲ့အဖြေမရတဲ့အတွက် ငြိမ်းချမ်းခြင်းနဲ့ ဝေးနေရတာ ဖြစ်ပါတယ်။ အကောင်းဆုံးရလဒ်ကို လိုချင်ကြပေမယ့် မိမိအတွက်သာ အကောင်းဆုံး ဖြစ်ရမယ်ဆိုတဲ့ သဘောထားတွေကြောင့် အဆိုးဆုံး တွေသာဖြစ်လာရတယ်။ အကောင်းဆုံးကို လိုချင် နေကြပေမယ့် အကောင်းဆုံးကော ဖြစ်ကြရဲ့လား၊ ပထမတော့ ကိုယ့်လူမျိုး၊ ကိုယ့်အခွင့်အရေးကို ကာကွယ်ချင်လို့၊ လိုချင်လို့ အကြောင်းပြတယ်၊ ကိုယ်လိုချင်တာနဲ့ အခွင့်အရေးမှန်သမျှ ရှေ့တန်း တင်ပြီး လောဘဇောနဲ့ ရယူချင်ကြတယ်။ နည်းမှန်၊ လမ်းမှန်မရွေးဘဲ မတရားတဲ့နည်းလမ်းနဲ့ လိုချင် ကြတယ်၊၊
ကျွန်တော်တို့ဟာ သူများအပေါ်စွပ်စွဲဖို့ ၊ အပြစ်တင်ဖို့သာ အားသန်ပြီး ကိုယ့်ကိုယ်ကိုယ်ဝေဖန်တာ၊ ပြန်သုံးသပ်နိုင်စွမ်းတွေမှာ အားနည်းတတ်ကြတယ်။ အပြစ်ကိုသူများကို လွှဲချတတ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ကျ ဝန်လေးသူတွေဖြစ်ကြတယ်။ ဒါကြောင့်ကိုယ့်အမှားကိုယ်လည်း မသိတော့ဘဲ အမှန်ကိုမြင်နိုင်ဖို့ ခဲယဉ်းနေကြခြင်းဖြစ်တယ်။
နိုင်ငံအနေနဲ့ကြည့်ရင် မြန်မာပြည်မြေပုံကို ပြောင်းလဲချင်သူတွေနဲ့ အချင်းချင်းအုပ်စုဖွဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေကြောင့် ပြည်ထောင်စုကြီးပြိုကွဲမယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပြီး ဒီအန္တရာယ်ကို တပ်မတော်က ကြိုးစားကာကွယ်နေရချိန်လည်း ဖြစ်တယ်။ အင်အားကသာ အဓိကလို့ မှတ်ယူလာတဲ့အခါ သမိုင်းကိုအာဏာနဲ့ တည်ဆောက်ဖို့အတွက် အတ္တရှေ့တင်ပြီး အရှက်အကြောက်မရှိ၊ လက်ရဲဇက်ရဲ တိုက်ခိုက်လာကြ ခြင်းဖြစ်တယ်။ ရလဒ်အနေနဲ့နောက်ဆုံးမှာ အားလုံး ပျက်စီးခြင်းဆီသာ ဆိုက်ရောက်ရတော့တယ်။ ကိုယ်ကျိုးကြည့်လွန်းတဲ့စိတ်ဓာတ်တွေ၊ အသာရချင် စိတ်တွေများနေကြတဲ့အတွက် တရားမျှတမှုဆိုတဲ့ ယဉ်ကျေးမှုကို နားမလည်နိုင်တော့တဲ့အခြေအနေ ထိ ဖြစ်လာနေတယ်။
ညှိနှိုင်းဆွေးနွေးခြင်းက အရေးပါတဲ့အတွက်
ညှိယူတတ်ရမယ်ဆိုတဲ့အချက်မှာ မိမိကစပြီး နိုင်ငံအဆင့်အထိပါပါတယ်။ မိမိခန္ဓာကိုယ်ပင်လျှင် ဟန်ချက်ညီအောင် ညှိယူနေရတာတွေ အများကြီး သတိမထားမိလို့ပါ။ တစ်နေ့တစ်နေ့ မိမိစိတ်နဲ့ရုပ် ခန္ဓာ သဟဇာတဖြစ်နေမှ အလုပ်လုပ်လို့ကောင်းပြီး ကျန်းကျန်းမာမာလည်း ရှိတာပါ။ မိသားစုမှာလည်း ထိုနည်းတူ၊ မိသားစုအရေး ညှိနှိုင်းတိုင်ပင်ကြရတယ်၊ လုပ်ငန်းခွင်မှာလည်း ထိုနည်းလည်းကောင်း၊ လုပ်ငန်းတစ်ခုအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ကြကိုင်ကြရတယ်။ နိုင်ငံအဆင့်မှာတော့ ပိုအရေးကြီးသွားတယ်၊ လုပ်ငန်းသဘောသဘာဝ မတူညီတဲ့ဌာနတွေအကြား၊ အဖွဲ့အစည်းတွေအကြား ညှိနှိုင်းပေါင်းစပ်ပြီးမှ အလုပ်လုပ်ကြရတယ်။ ယနေ့ဒီမိုကရေစီနဲ့ဖက်ဒရယ်လမ်းကြောင်းကို ရွေးချယ်ထားတဲ့ ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံမျိုးအတွက် ပိုလို့ပင်အရေးကြီးပါတယ်။ အထူးသတိထား ဝီရိယထားပြီး ညှိနှိုင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်အတိုင်း သွားနေပါတယ်။ တစ်ဖက်မှာ ထာဝရငြိမ်းချမ်းရေးအတွက် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်နေပေမယ့် တည်ဆောက် သူနဲ့ဖျက်ဆီးသူ၊ အပြုသမားနဲ့အဖျက်သမားရယ်လို့ ကွာဟချက်ကို ကြီးကြီးမားမားတွေ့နေရတယ်။ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေးနဲ့ အချုပ်အခြာကို ဘယ်သူကပိုအလေးထားနေပါသလဲ၊
မြို့ရွာ၊ အိုးအိမ်၊ လျှပ်စစ်၊ လမ်းတံတား၊ စာသင်ကျောင်း၊ စေတီပုထိုးမကျန် အဖျက်အဆီးကြားက၊ အပျက်အစီးများကြားက ငြိမ်းချမ်းရေးကိုဖိတ်ခေါ်တာလည်း အကြိမ်ကြိမ်...။ ဒါပေမယ့်လည်း စိတ်ရှည်ရှည်ထားတယ်၊ အားလုံးလက်ခံနိုင်တဲ့ ဘုံရည်မှန်းချက်ထားပြီး လုပ်ငန်းစဉ်တစ်လျှောက်မှာ သက်ဆိုင်သူအားလုံးပါဝင်လာတဲ့အထိ အားလုံးနဲ့ ညှိယူနေရတယ်။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပြည်ထောင်စုကြီး စည်းလုံးဖို့၊ ညီညွတ်ဖို့ကို ဦးတည်ပြီးပေါင်းစပ်ညှိနှိုင်းနေရမှာပဲ၊ မိမိတို့ရဲ့ ညှိနှိုင်းမှုစွမ်းရည်ကို ပြသနေရမှာပဲဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့နိုင်ငံသားတွေကြား၊ ညီအစ်ကို တိုင်းရင်းသားတွေကြားမှာ အချင်းချင်းယုံကြည်မှုရလာမယ်၊ နားလည်မှုရလာကြမှာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့်တန်းတူညီမျှ ညီညွတ်မျှတမှုရရှိလာမယ်၊ ထိုမျှတမှုကနေ လိုချင်တဲ့စည်းလုံးညီညွတ်မှုလည်း ရလာမယ်လို့ ယုံကြည်ထားတယ်။
ဒီယုံကြည်ချက်ကနေ အင်အားတောင့်တင်းတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးကို မျှော်လင့်ထားတဲ့အတွက် ပါဝင်သက်ဆိုင်သူအားလုံးဟာ စားပွဲဝိုင်းမှာပဲ ပူးပေါင်းညှိနှိုင်း စကားပြောရမှာဖြစ်ပြီး အဖြေမရရအောင် ရှာရမယ်လို့ ခံယူကြရမှာဖြစ်ပါတယ်။ ဒီအခါမှာ အားလုံးအရေးကြီးတဲ့အထဲမှာမှ အရေးကြီးတာတစ်ခုက ညှိနှိုင်းစေ့စပ်ပေါင်းစပ် လုပ်ကိုင်နိုင်ခြင်းစွမ်းရည်က အဓိကကျပါလားဆိုတာ မြင်ရမှာဖြစ်ပါတယ်။
ဘာကြောင့်အရေးပါရသလဲ
ညှိနှိုင်းခြင်းဆိုတဲ့စွမ်းရည်က ဘာကြောင့် အရေးကြီးရပါသလဲ။ တစ်ဖက်ဖက် သို့မဟုတ် နှစ်ဖက်စလုံးမှာ ဒီလိုစွမ်းရည်မျိုး အားနည်းနေတဲ့အတွက်ကြောင့် လိုချင်တဲ့အဖြေမရဘဲ ငြိမ်းချမ်းရေးနဲ့ ဝေးနေရခြင်းဖြစ်တယ်လို့ ယူဆတဲ့အတွက် ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုစကားဝိုင်းဆိုတဲ့ အမည်တပ်လိုက်တာနဲ့ ဆွေးနွေးသူအားလုံးမှာ အပေးအယူ၊ အလျှော့အတင်း၊ စျေးဆစ်ခြင်း သဘောတရားတွေပါလာပါပြီ။ အယူချည်းသက်သက်၊ အလျှော့ပေးလိုက်လျောလိုခြင်းမရှိ၊ ကိုယ့်ဘက်က အသာရဖို့ အမြတ်သက်သက်ပဲတွက်တဲ့ စေ့စပ်ညှိနှိုင်းမှုမျိုးမှာ ဘာသဘောတူညီမှုမျိုးမှ မရနိုင်သလို အောင်မြင်စရာအကြောင်းလည်းမရှိပါဘူး။
နိုင်ငံတော်ဘုံအကျိုးစီးပွားနဲ့ မိမိအကျိုးစီးပွားမှာ အကျိုးစီးပွားချင်း မတူကြတဲ့အတွက် ဦးတည်ချက်ခြင်းလည်း မတူနိုင်ပါဘူး။ နိုင်ငံတော်အကျိုးနဲ့ ပြည်ထောင်စုအကျိုးစီးပွား၊ ရှေးရှုသူနဲ့ လျစ်လျူရှုသူအကြားမှာ ရိုးသားဖြောင့်မတ်မှုဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စေတနာအရာမှာ များစွာကွာဟသွားပါတယ်။ အမှားကိုမြင်ပြီး အမှန်အတိုင်း လုပ်တတ်တဲ့ ရိုးသားမှုနဲ့ဥပဒေ၊ စည်းမျဉ်းစည်းကမ်း အတိုင်းလုပ်တဲ့ ဖြောင့်မတ်မှုအပေါ်မှာ တန်ဖိုးထားတတ်မှုက အခြေခံလိုအပ်မှုပါ။
ရိုးသားဖြောင့်မတ်သူ တစ်ယောက်ဟာ လှည့်ဖျားကောက်ကျစ်ခြင်းမရှိ၊ တခြားသူအပေါ်မှာလေးစားမှု၊ ယုံကြည်မှုနဲ့နားလည်မှုကို ပေးစွမ်းနိုင်ပြီး မိမိအကျိုးစီးပွားကို အလွန်အမင်းရှေ့တန်း တင်လေ့မရှိပါဘူး။ မိမိအကျိုး ဘေးဖယ်ထားဖို့ကလည်း အတ္တ၊ လောဘ၊ ဉာဏ်ပညာအမြော်အမြင်ပေါ်မှာ အဓိက မူတည်နေပြန်တယ်ဆိုတော့... ညှိနှိုင်းမှုစကားဝိုင်းတစ်ခုမှာ မြင့်မားတဲ့စိတ်ထား သဘောထားတွေအပေါ် အခြေမခံဘဲ၊ အားလုံးအတွက် အဆင်ပြေမယ့် အပေးအယူတစ်ခုခုကို လျစ်လျူရှုနေသရွေ့ ညီညွတ်မျှတတဲ့ မျှခြေတစ်ခုကို ဘယ်လိုမှမရနိုင်ပါ ဆိုတဲ့အချက်ကို သိထားရပါမယ်။
ညှိနှိုင်းမှုကနေ မတူညီတဲ့ကွာဟချက်တွေအကြား တဖြည်းဖြည်း ကျဉ်းမြောင်းလာမယ်၊ မတူညီရာကနေ တူညီချက်တွေရှိလာမယ်၊ ဝေးနေရာကနေ နီးလာပြီး အပြန်အလှန်အကျိုးရှိမှသာ ထိရောက်အောင်မြင်တဲ့ ညှိနှိုင်းမှုလို့ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စေ့စပ်ညှိနှိုင်းခြင်းကို အကြမ်းမဖက် ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းရေး လိုလားသူများရဲ့အနုပညာဆန်တဲ့ အရည်အသွေး တစ်ခုအဖြစ် တင်စားကြခြင်းဖြစ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးကို အခြေခံလို့
အပေါ်မှာ တင်ပြခဲ့ပါတယ်။ အောင်မြင်တဲ့ ညှိနှိုင်းမှုမှာထားရမယ့် အခြေခံစိတ်ထားကောင်းများ...၊ လိုအပ်ချက်နဲ့ဖြည့်ဆည်းပေးရမယ့်အရာတွေက စိတ်ထားကောင်းတွေရှိဖို့နဲ့ ခံယူချက်ကောင်းတွေ ထားဖို့ပါပဲ။ ကိုယ်ချင်းစာစိတ်မရှိ၊ မေတ္တာမထား၊ ငါစွဲအတ္တစွဲ၊ မောက်မာမှုများပြီး ပညာဉာဏ်နည်းသူများနဲ့ ညှိနှိုင်းရပြီဆိုရင် အောင်မြင်ဖို့ အခွင့်အရေးက မရှိသလောက်ပါပဲ။ ကိုယ်ချင်းစာစိတ်မှာ သူ့အကျိုး၊ ကိုယ့်အကျိုး ကြည့်တတ်မှုတွေပါမယ်၊ စိတ်ရှည်သည်းခံမှုတွေပါလာမယ်၊ ငါလိုချင်သလို သူလည်းရချင်မှာပဲ သူ့ဘက်ကို ခံစားပေးမှု၊ ရဖို့အတွက်ရော ပေးဖို့ အတွက်ပါ ဖြစ်နိုင်ရင် အများအတွက် ဖြစ်ပါက ရဖို့ထက် ပေးဖို့ဆိုတဲ့ မြင့်မြတ်တဲ့ အတ္တပရစိတ်ထား၊ ငါနဲ့သူအကျိုးစီးပွားချင်းက အတူတူဆိုတဲ့ ရှုမြင်ပုံအပြင် ကိုယ့်အကျိုးထက် သူ့အကျိုးစီးပွားကို ပိုအလေးထားတဲ့ ထားသင့်တဲ့မေတ္တာ၊ ပိုအရေးကြီးတာက ကြားကမြေစာပင်ဖြစ်ရရှာတဲ့ ပြည်သူတွေ ဒေသခံတွေအတွက် ကိုယ်ချင်းစာတရား၊ ကရုဏာ တရားနဲ့စဉ်းစားပေးနိုင်စွမ်း၊ ငါကစလို့ဖြစ်ရတဲ့ ငါ့ကြောင့်ဆိုတဲ့ ဆင်ခြင်နိုင်စွမ်း၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားတွေရဲ့ ဆင်းရဲဒုက္ခတွေအပေါ် ငဲ့ညှာသနားမှု...။
ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်တယ်၊ ပြန်သုံးသပ်ရမယ်ဆိုတာ ဒါကိုဆိုလိုတာပါ။ ငါစွဲနဲ့အတ္တများနေ သရွေ့လည်း ပြည်ထောင်စုစိတ်ဓာတ်ဆိုတာကြီးနဲ့ ဝေးနေဦးမှာပဲ။ အားလုံးဟာ ငါ့နိုင်ငံ၊ ငါ့ပြည်ထောင်စု၊ ငါတို့တိုင်းရင်းသားတွေပဲဆိုတဲ့ တစ်သားတည်း ဖြစ်တည်နေသောစိတ်ထားနိုင်မှသာ...။
ဒီလိုစိတ်ထားတွေဟာ ငြိမ်းချမ်းရေးညှိနှိုင်းစားပွဲမှာ ဖြစ်တည်ရမယ့် အခြေခံစိတ်ထားတွေပါပဲ။ ပြန်ချုပ်ရရင် ပြည်ထောင်စုစိတ်ဓာတ်နှင့်အတူ နိုင်ငံတော်အရေးနဲ့ ငြိမ်းချမ်းရေးကို စိတ်ဓာတ် အလွန်ကြံ့ခိုင်သူတွေသာလျှင် ဖော်ဆောင်နိုင်ကြပါတယ်။ သို့သော် ပညာဉာဏ်အမြော်အမြင်နဲ့ ဆင်ခြင်တုံတရားများဆိုတာမှာ တစ်ယောက်တည်း တစ်ဖက်တည်းမှာ ရှိနေရုံနဲ့လည်းမရပါဘူး။ သက်ဆိုင်ပါဝင်သူအားလုံးမှာ ရှိရမယ့် ကိုယ်ရည် ကိုယ်သွေးများ ဖြစ်နေလို့ပါပဲ။
ရိုးသားဖြောင့်မတ်မှုနှင့်အတူ အလွန်အကျွံ လောဘကိုလျှော့၊ ငါစွဲနည်းနည်းနဲ့ အစွန်းလွတ်ကြမှသာ လူမျိုးရေး၊ ဘာသာရေး အတ္တအစွဲတွေကို လွှတ်ချနိုင်မှာ ဖြစ်ပါတယ်။ ထိုအခါအားလုံး တညီတညွတ်တည်း ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ပြီးမှ ရလာတဲ့ ငြိမ်းချမ်းရေးအရသာဟာ လက်နက်ကိုင် ခြင်း အရသာထက် ပိုကောင်းတယ်ဆိုတာ သိရှိလာကြမှာဖြစ်ပြီး ထိုသို့သိလာတဲ့အချိန်... အပြန် အလှန်လေးစားယုံကြည်မှုနဲ့ နားလည်မှုတွေဟာလည်း ကျွဲကူးရေပါဆိုသလို လိုက်ပါလာမှာ သေချာပါတယ်။
ထိုမှတစ်ဆင့် ပြည်ထောင်စုနဲ့ထာဝရငြိမ်းချမ်းရေးဆိုတဲ့ အမျိုးသား ဘုံအကျိုးစီးပွားအပေါ်မှာ ကျွန်တော်တို့အားလုံး အတူတကွရပ်တည်ပြီး လက်တွဲပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ။