ပွင့်လင်းမြင်သာခြင်းမှသည် အများပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးဆီသို့
မောင်စာဂ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင် ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များထဲတွင် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို နှစ်အလိုက် ထုတ်ပြန်ခြင်းနှင့် ငါးနှစ်တာ တရားစီရင် ရေးမဟာဗျူ ဟာများ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းတို့သည် အဓိကပင် မကျသည်ဟု တွေးထင် ယုံကြည်မိသည်။ လေ့လာသိရှိရသမျှ အနှစ်ချုပ် မျှဝေပါရစေ။
▲ တရားရုံးနှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန်ခြင်း ▲
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၁၈ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယခုနှစ်ထုတ်ပြန်ခြင်း သည် တတိယအကြိမ်မြောက် ဖြစ်သည်။ ၂၀၁၆ ခုနှစ် တရားရုံးအစီရင်ခံစာကို ပထမအကြိမ်အဖြစ်လည်း ကောင်း၊ ၂၀၁၇ ခုနှစ် တရားရုံးအစီရင်ခံစာကို ဒုတိယ အကြိမ်အဖြစ်လည်းကောင်း ထုတ်ပြန်ခဲ့ကြောင်း တွေ့ရသည်။
▲ အစီရင်ခံစာပါဖော်ပြချက်များ ▲
ရည်မှန်းချက်အဖြစ် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများ အပေါ်ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ဟူ၍ အချက်နှစ်ချက်ကို ဖော်ပြထားသည်။
လုပ်ငန်းတာဝန်များအဖြစ် တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြုတရားစီရင်ရေး စနစ် ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေ နှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ဂုဏ်သိက္ခာမြှင့်တင်ရေးဟူ၍ အချက် လေးချက်ကိုဖော်ပြထားသည်။
တရားရုံးတန်ဖိုးများအဖြစ် သာတူညီမျှမှုနှင့် တရား မျှတမှု၊ တရားစီရင်ရေးလွတ်လပ်မှုနှင့် ဂုဏ်သိက္ခာ ရှိမှု၊ လက်လှမ်းမီနိုင်မှု၊ မြန်ဆန်ထိရောက်မှုနှင့် အချိန်မီ ဆောင်ရွက်နိုင်မှုဟူ၍ အချက်လေးချက်ကို ဖော်ပြထားသည်။
တရားရုံး နှစ်စဉ်အစီရင်ခံစာထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်အဖြစ် တရားစီရင်ရေးလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံး များ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတ ကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ တရား စီရင်ရေး ကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိ လာစေရန်ဟူ၍ ဖော်ပြထားသည်။
၂၀၁၈ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ ကြိုးပမ်းဆောင်ရွက်ချက်များအဖြစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ ငါးနှစ်တာစီမံကိန်း (၂၀၁၈- ၂၀၂၂) ရေးဆွဲခြင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နိုင်ငံတစ်ဝန်း တရားရုံးများတွင် မှုခင်း စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ တရားရုံးအထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း၊ တရားစီရင်ရေး၏ တာဝန်ခံယူနိုင်မှု နှင့် ဂုဏ် သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန် အကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ တရားသူကြီးများ အတွက် တရားစီရင်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာစေရန် ဆောင်ရွက်မှု များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုအတွက် တရားရုံးစီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ ပစိဖိတ်တရားရေးညီလာခံ ပြုလုပ်ခြင်းစသောလုပ်ငန်းများကို ဖော်ပြထားသည်။
မှုခင်းများ စစ်ဆေးစီရင်ခြင်းနှင့်စပ်လျဉ်း၍ ပြက္ခဒိန် နှစ်အလိုက် အမှုပြီးပြတ်မှုနှုန်း၊ ဆုံးဖြတ်ပြီး အမှုများ၏ သက်တမ်း၊ စစ်ဆေးဆဲအမှုများ၏သက်တမ်း၊ အယူခံ တက်ရောက်မှုနှုန်း၊ မှုခင်းပမာဏနှင့် တရားသူကြီးများ၏ ဆောင်ရွက်မှု၊ အရေးကြီးရာဇဝတ်မှုအမျိုးအစား အလိုက် ခွဲခြားဖော်ပြခြင်း၊ ၂၀၁၈ ခုနှစ် မှုခင်းစစ်ဆေး စီရင်မှုတွင် တွေ့ရှိချက်များနှင့် ၂၀၁၉ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ရန် လျာထားချက်များကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။
▲ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းများ ရေးဆွဲချမှတ်ခြင်း ▲
တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈- ၂၀၂၂) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် ရေးဆွဲချမှတ်ခဲ့သည်။ ငါးနှစ်တာတရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) သည် မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် ဒုတိယမြောက် မဟာ ဗျူဟာစီမံကိန်းဖြစ်သည်။ သုံးနှစ်တာ တရား စီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၇) ခုနှစ်ကို အောင် မြင်စွာ အကောင်အထည်ဖော် ပြီးနောက် ဆက်လက်ဆောင်ရွက်မည့်စီမံကိန်းဖြစ်သည်။ (၂၀၁၈-၂၀၂၂) မဟာဗျူဟာစီမံကိန်းသည် မြန်မာနိုင်ငံ တရားစီရင်ရေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အားကောင်းမှုအတွက် အခြေခံ ဖြစ်သည့် (၂၀၁၅-၂၀၁၇) မဟာဗျူဟာစီမံကိန်း၏ အတွေ့အကြုံနှင့် အောင်မြင်မှုတို့အပေါ် အခြေပြုရေးဆွဲ ထားကြောင်း တွေ့ရသည်။
▲ မဟာဗျူဟာစီမံကိန်းပါ ဖော်ပြချက်များ ▲
ငါးနှစ်တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ခုနှစ်သည် တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်အတွက် မြန်မာ့တရားစီရင် ရေး၏ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များနှင့် တန်ဖိုးများ၏အဓိပ္ပာယ်တို့ကို သတ်မှတ်ဖော်ပြထားသည်။ ဤမဟာဗျူဟာစီမံကိန်းကို အကောင်အထည် ဖော်ရာတွင် အဆိုပါရည်မှန်းချက်များကို စီမံကိန်း၏ ပန်းတိုင်အဖြစ်လည်းကောင်း၊ လုပ်ငန်း တာဝန်များကို ပန်းတိုင်သို့ရောက်ရှိစေမည့် နည်းလမ်းများအဖြစ် လည်းကောင်း၊ တန်ဖိုးများကို တရား စီရင်ရေး စီမံခန့်ခွဲမှု ဆောင်ရွက်ရန် လမ်းညွှန်များအဖြစ်လည်းကောင်း ထင်ဟပ်စေလျက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တရားစီရင်ရေး၏ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန် များ၊ တန်ဖိုးများရရှိအောင်မြင်စေရေးအတွက် မဟာ ဗျူဟာလုပ်ငန်းနယ်ပယ်ငါးရပ်ကိုလည်း အောက်ပါ အတိုင်း သတ်မှတ်ထားသည်-
(က) တရားရုံးဝန်ဆောင်မှုများ၊အများပြည်သူလမ်းလှမ်းမီနိုင်မှုကိုလွယ်ကူတိုးတက်စေရေးဆောင်ရွက် ပေးရန်၊
(ခ) အများပြည်သူ၏ အသိအမြင်ကိုမြှင့်တင်ပေးရန်၊
(ဂ) တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် စီမံခန့်ခွဲမစွမ်းရည်မြှင့်တင်ရန်၊
(ဃ) တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊
(င) ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ် တို့ကို တိုးမြှင့်ဆောင်ရွက်ရန်။
▲ မဟာဗျူဟာဦးစားပေးအစီအစဉ် ▲
ငါးနှစ်တာမဟာဗျူဟာစီမံကိန်းသည် မဟာဗျူဟာ လုပ်ငန်းနယ်ပယ်ငါးရပ်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် နောင်လာမည့်ငါးနှစ် တွင် ဆောင်ရွက်မည့် မဟာဗျူဟာရည်မှန်းချက် ၁၆ ရပ်၊ အစီအစဉ် ၃၉ ရပ်တို့ကို တိတိကျကျသတ်မှတ် ဖော်ပြထားသည်။ ထို့ပြင် မဟာဗျူဟာအစီအစဉ် များနှင့် ရလဒ်တိုင်းတာချက်များကိုလည်း ဖော်ပြ ထားသည်။ အဆိုပါမဟာဗျူဟာအစီအစဉ်များ လက် တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဦးစားပေးအစီအစဉ်များ သတ်မှတ်ရာတွင် ချက်ချင်း လုပ်ဆောင်ရမည့် လိုအပ်ချက်များ၊ ၂၀၁၇ ခုနှစ် လုပ်ငန်း အစီအစဉ်ပါ ဆက်လက် လုပ်ဆောင်ရမည့် ဆောင်ရွက် ချက်များနှင့် အရင်းအမြစ်ရရှိနိုင်မှုတို့အပေါ် အခြေခံ ထားသည်။ အောက်ပါအတိုင်း ဦးစားပေးအဆင့် သတ်မှတ်ထားသည်-
ဦးစားပေးအဆင့် ၁ ။ ၂၀၁၈ ခုနှစ်တွင် ချက်ချင်းလုပ် ဆောင်ရန် အထူးအရေးကြီး မဟာဗျူဟာ အစီအစဉ်များ၊
ဦးစားပေးအဆင့် ၂ ။ ၂၀၁၉ သို့မဟုတ် ၂၀၂၀ ပြည့်နှစ် တွင် ရရှိနိုင်မည့် အရင်းအမြစ်များအရ အကောင်အထည်ဖော်မည့် ထိပ်တန်းဦးစားပေး မဟာဗျူဟာ အစီအစဉ်များ၊
ဦးစားပေးအဆင့် ၃ ။ ၂၀၂၁ သို့မဟုတ် ၂၀၂၂ ခုနှစ် တွင် ရရှိနိုင်မည့် အရင်းအမြစ်များအရ အကောင် အထည်ဖော်မည့် အလယ်အလတ်အဆင့် ဦးစားပေး အစီအစဉ်များ၊
▲ ပြည်ထောင်စုတရားသူကြီးချုပ်၏ ဥယျောဇဉ် ▲
တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ရေးဆွဲရခြင်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားသူကြီးချုပ်က ၎င်း၏ဥယျောဇဉ်တွင် ပြည်သူလူထု၏ဖြစ်ပေါ်လျက်ရှိ သည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ အားလုံး အတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ ဆိုသော ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းအသစ် (၂၀၁၈-၂၀၂၂) ကို ရေးဆွဲ ခဲ့သည်ဟူ၍ ဖော်ပြ ထားသည်။
တရားရုံး နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားသူကြီးချုပ်က ၎င်း၏ဥယျောဇဉ်တွင် ယင်းသို့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ တရားရုံးနှစ်စဉ် အစီရင်ခံစာများမှတစ်ဆင့် တရားစီရင်ရေးကဏ္ဍ နှင့်ပတ်သက်၍ တရားရုံးများ၏ ကြိုးပမ်းအားထုတ် နေမှုများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိခွင့် ရရှိခြင်းဖြင့် တရားစီရင်ရေးကဏ္ဍ၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် အများပြည်သူယုံကြည်ကိုးစားသည့် တရား စီရင်ရေး ဖြစ်ပေါ်လာရေး အတွက် ကြီးစွာသော အထောက်အကူ ဖြစ်လိမ့်မည်ဟုလည်း အခိုင်အမာ ယုံကြည်မိပေသည်ဟူ၍ ဖော်ပြ ထားသည်။
▲ အများမြင်စေရာသည် ▲
တရားစီရင်ရာတွင် အမှန်ကိုဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့ အမှန်တရားကိုစီရင်ကြောင်း အများ မြင်စေရာ သည်ဟူသည့် တရားစီရင်ရေးလမ်းညွှန်ချက် မူတစ်ရပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မောင်ရွှေ(ခ)မောင်ရှေပါ ၂ (၁၉၆၆ ခုနှစ် မြန်မာ နိုင်ငံတရားစီရင်ထုံး စာ၊ ၆၁၆) အမှုတွင် ချမှတ် ဆုံးဖြတ်ခဲ့သည်။ ယင်းလမ်းညွှန်မှုကို ယနေ့အထိ တိုင် အထူးအလေးထား၍ လိုက်နာကျင့်သုံးလာခဲ့ကြ သည်။ ယခုကဲ့သို့ လက်တွေ့ကျကျ မဟာဗျူဟာ စီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်မှုနှင့် နှစ်စဉ် တရားရုံးအစီရင်ခံစာများ ထုတ်ပြန် နိုင်မှုတို့ကြောင့် ယခင်ကထက် ပိုမိုတိုးတက် အောင်မြင်မှု ရရှိလာပြီဖြစ်သည်။
▲ ပွင့်လင်းမြင်သာထင်လာချေပြီ ▲
ယခုအချိန်အခါတွင် တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်းများ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိခြင်း၊ တရားရုံးနှစ်စဉ်အစီရင်ခံစာများကို နှစ်အလိုက် ထုတ်ပြန်ပေးလျက်ရှိခြင်းကြောင့် ယနေ့မြန်မာနိုင်ငံ တရားစီရင်ရေးသည် ပွင့်လင်းမြင်သာထင်ရှားစွာ တွေ့မြင်နေနိုင်ပြီဟု ဆိုနိုင်သည်။ ပွင့်လင်းမြင်သာ ထင်ရှားမှု ရှိနေရုံနှင့်မပြီး အများယုံကြည်ကိုးစား သည့် တရားစီရင်ရေးစနစ်ဆီသို့ အရောက်လှမ်း နိုင်ဖို့ ကြိုးစားကြရပါဦးမည်။ အများယုံကြည် ကိုးစားသည့် တရားစီရင်ရေးဖြစ်ဖို့ဆိုလျှင် အမှုတိုင်း အမှုတိုင်း ကို စစ်ဆေးစီရင်ကြရာ၌ တရားစီရင်ရေးဆိုင်ရာ အခြေခံမူခုနစ်ချက်နှင့် လွတ်ကင်း မသွားစေဘဲ ဥပဒေ နှင့်အညီ အမှန်တရားကို ဖော်ထုတ်ဆုံးဖြတ်ကြရန် လိုအပ်ပါမည်။
ဤနေရာတွင် မမှားသောရှေ့နေ၊ မသေသော ဆေးသမားဟူ၍ ဆိုရိုးစကားရှိသော်ငြားလည်း မမှား သော တရားသူကြီးဟူ၍ မရှိစကောင်းပါ။ အမှုအခင်းများတွင် အောက်ရုံး၏စီရင်ချက်ကို အထက်ရုံး အဆင့်ဆင့်က ပြင်ဆင်ရခြင်း၊ တစ်ဖန် အထက်ရုံး အဆင့်ဆင့်၏ စီရင်ချက်ကိုပင် နောက်ဆုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးသတ် ပြင်ဆင်ဆုံးဖြတ်ချက်ချခြင်းတို့ကို တွေ့ရသည်။ အမှုအခင်းဖြစ်စဉ် ဖြစ်ရပ်အပေါ် ဥပဒေကြောင်းခြင်းရာအရ ဆင်ခြင်သုံးသပ် စီရင် ဆုံးဖြတ်ကြရာတွင် တိမ်းစောင်းချွတ်ချော်မှုမရှိစေရန် အထူးသတိပြုဆောင်ရွက်ကြရမည်သာ ဖြစ်သည်။ ကောက်ယူမှု လွဲချော်ပါက သုံးသပ် ဆင်ခြင်မှု တိမ်းစောင်းပါက စီရင်ဆုံးဖြတ်မှု မှားယွင်းနိုင်သည်။ မှားယွင်းသော စီရင်ဆုံးဖြတ် ချက်တစ်ခုသည်ပင်လျှင် တရားစီရင်ရေးကြီးတစ်ခု လုံးအပေါ် အများပြည်သူ ယုံကြည် ကိုးစားမှုကို ထိခိုက်လျော့ပါးသွားစေနိုင်သည်။
ယနေ့မျက်မှောက်ကာလတွင် ဖြစ်ပေါ်လျက်ရှိ သည့် မှုခင်းများ၌ ဥပဒေနှင့်အညီ တရားနည်းလမ်း တကျ မှန်ကန်စွာ စီရင်ဆုံးဖြတ်ခြင်းနှင့် ယင်းသို့ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြောင်း ပြည်သူ အများ သိမြင်လာမည်ဆိုလျှင် အများပြည်သူတို့က ယုံကြည်ကိုးစားသော တရားစီရင်ရေး ဖြစ်ထွန်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်းပါဗျာ။
- တရားအမှန်ကိုစီရင်နေကြောင်း အများပြည်သူမြင်တွေ့နိုင်ပါစေ၊
- အများပြည်သူယုံကြည့်ကိုးစားသည့် တရားစီရင်ရေးဖြစ်ထွန်းပေါ်ပေါက်ပါစေ၊
- တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ အရောက်လှမ်းနိုင်ကြပါစေ။
(နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်း ကျောင်း ဆောင်ရွက်ဟု ဆိုထားရာ ဥပဒေဆိုင်ရာအကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာ နိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
(စာတည်းအဖွဲ့)