Skip to main content

လုံခြုံစိတ်ချခိုင်မာမှုရှိသည့် စီးပွားရေးလုပ်ငန်းများဖြစ်စေဖို့ အခွင့်ရ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် လျှောက်ထားဆောင်ရွက်စို့

အလင်းရောင်(ထွန်း)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ရသင့်ရထိုက်သော အကောက်ခွန်နှင့်အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်တွင်းတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှု၊ ကုန်ရောင်းကုန်ဝယ် ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်ရာတွင် လွတ်လပ်စွာယှဉ်ပြိုင်လုပ်ကိုင်နိုင်စေရေးနှင့် စားသုံးသူပြည်သူများအတွက် အာမခံချက်ရှိသော လုံခြုံဘေးကင်းစိတ်ချရသည့် ကုန်ပစ္စည်းများကို သုံးစွဲခွင့်ရရှိနိုင်ရန်တို့အတွက် တရားမဝင်ကုန်သွယ်မှုများ လုံးဝပပျောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများသည် လုံခြုံစိတ်ချခိုင်မာမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေနိုင်ရေးအတွက် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် လျှောက်ထားဆောင်ရွက်နိုင်ပါသည်။

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် လျှောက်ထားခြင်း

ထိုသို့ လျှောက်ထားဆောင်ရွက်ရာတွင် လျှောက်ထားလိုသူသည် သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် အကောက်ခွန်ဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဝက်ဘ်ဆိုက်မှဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထားနိုင်ပြီး အကောက်ခွန်ဦးစီးဌာနသည် လျှောက်လွှာပါအချက်အလက်များမှာ အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိစိစစ်၍ ပြည့်စုံမှန်ကန်မှုမရှိပါက ယင်းအချက်များကို ဖော်ပြပြီးပြန်လည်ပြင်ဆင်စေ၍ ထပ်မံလျှောက်ထားနိုင်ကြောင်း လျှောက်ထား သူထံသို့ အကျိုးအကြောင်းဖော်ပြ အကြောင်းကြားပေးမည်ဖြစ်ပါသည်။

ပြည့်စုံမှန်ကန်ပါက အကြိုသွားရောက်စစ်ဆေးနိုင်ရန် လျှောက်ထားသူထံသို့ ကြိုတင်အကြောင်း ကြားပေးပြီး အကောက်ခွန်ဦးစီးဌာနသည် ကြိုတင်စစ်ဆေးသည့်အခါ အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုခြင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိအကဲဖြတ်နိုင်ရန်နှင့်တွေ့ရှိရသည့် အားနည်းချက်များ၊ လိုအပ်ချက်များ၊ အခက်အခဲများရှိပါက လျှောက်ထားသူအနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။

စစ်ဆေးခြင်း၊ ငြင်းပယ်ခြင်းနှင့် အသိအမှတ်ပြုခြင်း

အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက အကောက်ခွန်ဦးစီးဌာနသည် လျှောက်ထားသူကို အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရခြင်း၊ စံသတ်မှတ်ချက်များနှင့် မကိုက်ညီပါက လျှောက်ထားသောကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းအား ငြင်းပယ်ကြောင်းကို အကျိုးအကြောင်းနှင့်အတူ အသိပေးရခြင်း၊ ငြင်းပယ်ခံရသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် အသိအမှတ်ပြု စံသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ငြင်းပယ်ခံရသည့် နေ့ရက်မှစ၍ ခြောက်လပြည့်သည့်အခါတွင် ပြန်လည်လျှောက်ထားနိုင်ခြင်း၊ အကောက်ခွန် ဦးစီးဌာနအနေဖြင့် အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုထားသူများ စာရင်းကို သင့်လျော်သည့်နည်းလမ်းဖြင့် ထုတ်ပြန်ကြေညာရခြင်း၊ ယင်းသို့ ထုတ်ပြန်ကြေညာသည့် စာရင်းကို ကုန်သွယ်မှုနှင့်ဆက်စပ်သည့် အစိုးရဌာန၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့များသို့ အသိပေး အကြောင်းကြားရခြင်း၊ အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုခံရသူသည် ခွင့်ပြုသည့်နေ့မှစ၍ သုံးနှစ်လျှင် တစ်ကြိမ် အကောက်ခွန်ဦးစီးဌာနသို့ အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ အသိအမှတ်ပြုလက်မှတ် အား သတ်တမ်းတိုးလျှောက်ထားရခြင်း၊ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူက အသိအမှတ်ပြု လက်မှတ်အား သက်တမ်းတိုးလျှောက်ထားလာ သည့်အခါ လုပ်ထုံးလုပ်နည်းပါ စောင့်ကြည့်အကဲ ဖြတ်ချက်အစီရင်ခံစာအရ စံသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိသည်ကိုတွေ့ရပါက ဆက်လက်အသိအမှတ်ပြုကြောင်း အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအသိအမှတ်ပြု သက်တမ်းတိုး လက်မှတ်အား ထုတ်ပေးရခြင်း၊ အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုခံထားရသူသည် လုပ်ထုံးလုပ်နည်းပါ စံသတ်မှတ်ချက်များကို ဆက်လက်လိုက်နာရမည်ဖြစ်ခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီချက်များ၊ စာချုပ်စာတမ်းများ၊ ဖွဲ့စည်းပုံ၊ ဒါရိုက်တာများ၊ ဘုတ်အဖွဲ့ဝင်များ၊ လုပ်ငန်းဆောင်ရွက်သည့် နည်းစနစ်များ၊ လုပ်ငန်းစဉ်များကဲ့သို့သော မည်သည့်ပြောင်းလဲမှုမျိုးကိုမဆို အကောက်ခွန် ဦးစီးဌာနသို့ အသိပေးအကြောင်းကြားရမည် ဖြစ်ပါသည်။

စောင့်ကြည့်အကဲဖြတ်ခြင်း

အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုခံရသူကို အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပရဝဏ်အတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်း၊ စာရင်းအင်းဆိုင်ရာ ထိန်းသိမ်းရေးစနစ်ကို စစ်ဆေးခြင်း၊ ကုမ္ပဏီအတွင်း ထိန်းချုပ်မှုစနစ်ကို စစ်ဆေး ခြင်း၊ အကောက်ခွန်ဦးစီးဌာန၏ သတ်မှတ်ပြဋ္ဌာန်း ချက်များနှင့်ညီညွတ်ရန် ပြင်ဆင်ရမည့် လုပ်ဆောင် ချက်များကို စစ်ဆေးခြင်း၊ ပုံမှန်နှောင်းစာရင်း စစ်ဆေးခြင်း (အကောက်ခွန်ဦးစီးဌာန၊ နှောင်းစာရင်းစစ်ဆေးခြင်းဌာနစိတ် (Post Clearance Audit Section)မှ စာရင်းစစ်ဆေးခြင်း)၊ အခြားရရှိနိုင်မည့် သတင်းအချက်အလက်များကို ရယူစစ်ဆေးခြင်းများဆောင်ရွက်ပြီး ၎င်းညီညွတ်မှုမရှိသည့် အချက်တစ်ရပ်ရပ်ကို စစ်ဆေးတွေ့ရှိပါက အခွင့်ရစီးပွားရေး လုပ်ငန်း ဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုထား ခြင်းကို ရုပ်သိမ်းနိုင်ပြီး လုပ်ထုံးလုပ်နည်းပါ စောင့်ကြည့်အကဲဖြတ်ချက် အစီရင်ခံစာအရ စံသတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိသည်ကို တွေ့ရှိရခြင်း၊ အကောက်ခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းပါ စံသတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိသည်ကို တွေ့ရှိရခြင်း၊ အကောက်ခွန် ဦးစီးဌာနမှ စာရင်းစစ်ဆေးမှုအရ ပြင်ဆင်ရန် ညွှန်ကြားသည့် အချက်များကို လိုက်နာမှုမရှိခြင်း၊ အကောက်ခွန်ဦးစီးဌာနသည် အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူအဖြစ်မှ ပြန်လည်ရုပ်သိမ်းပါက အကြောင်းရင်းကို ဖော်ပြ၍ ရုပ်သိမ်းခြင်း ခံရသူထံသို့ အသိပေးအကြောင်းကြားမည် ဖြစ်ပါသည်။

ယင်းသို့ ရုပ်သိမ်းသည့် အမည်စာရင်းကို ကုန်သွယ်မှုနှင့် ဆက်စပ်သည့် အစိုးရဌာန၊ အဖွဲ့ အစည်း၊ အသင်းအဖွဲ့များသို့ အသိပေးအကြောင်း ကြားရပြီး အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူ အဖြစ်မှ ရုပ်သိမ်းခြင်းခံရသူသည် အသိအမှတ်ပြုလက်မှတ်ကို အကောက်ခွန်ဦးစီးဌာနသို့ ပြန်လည် အပ်နှံရမည်ဖြစ်ပါသည်။

အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ်မှ ရုပ်သိမ်းခြင်းခံရသောကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ် ပြန်လည်လျှောက်ထားမည်ဆိုပါက ရုပ်သိမ်းခြင်းခံရသည့်နေ့မှစ၍ သုံးနှစ် ပြည့်သည့်အချိန်၌ လုပ်ထုံးလုပ်နည်းပါ စံသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိလျှင် မူလစတင် လျှောက်ထားသူအဖြစ် မှတ်ယူ၍ အကောက်ခွန် ဦးစီးဌာနသို့ ပြန်လည်လျှောက်ထားနိုင်သည်။

သို့ဖြစ်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် နိုင်ငံတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများသည် လုံခြုံစိတ်ချခိုင်မာမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေနိုင်ရေးအတွက် “အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် လျှောက်ထားပြီး အကျိုးကျေးဇူးများခံစားရယူနိုင် ကြပါစေကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။ ။