Skip to main content

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဒေါ်နယ်ထရမ့်၏ ဂရင်းလန် အိပ်မက်)

ကိုကိုလှိုင်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် ဒေါ်နယ်ထရမ့်သည် ကံကြမ္မာတစ်ကြော့ပြန်၍ (၄၇)ဆက်မြောက် အမေရိကန်သမ္မတ ဖြစ်လာခဲ့လေပြီ။ နေရာတိုင်းလိုလိုတွင် ပွဲဆူအောင်လုပ်ကိုင်ပြောဆိုတတ်သည့် ထရမ့်သည် သမ္မတအဖြစ်တာဝန်မယူမီကပင် သူ၏သမ္မတသက်တမ်းအတွင်း ဆောင်ရွက်လိုသည့်ကိစ္စများကို အမြည်းသဘောမျိုးထုတ်ဖော်ပြောဆိုလာခဲ့ရာ ပထဝီနိုင်ငံရေးနှင့်ပတ်သက်၍ ကမ္ဘာ့မြောက်ဖျားစွန်းရှိ ဂရင်းလန်ကျွန်းအား ဒိန်းမတ်နိုင်ငံထံမှ ဝယ်ယူရေး(သို့မဟုတ်) အင်အားသုံးရယူရေး၊ အလယ်အမေရိကရှိ ပနားမားတူးမြောင်းအား ပြန်လည်ရယူရေး၊ အိမ်နီးချင်းမက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အား အမေရိကန်နိုင်ငံ၏ ပြည်နယ်အသစ်များအဖြစ် သိမ်းသွင်းရေးဟူသည့် ထူးထူးခြားခြား စိတ်ကူးစိတ်သန်းများ ပါရှိခဲ့သည်။

ယေဘုယျအားဖြင့် ထရမ့်၏စိတ်ကူးများမှာ ယနေ့ခေတ်တွင် ဖြစ်နိုင်ဖွယ်မရှိသော ကိစ္စများဖြစ်ပြီး ကြောင်စီစီနိုင်လှသည်ဟု ဝေဖန်သူများလည်းရှိခဲ့ကြသည်။ သို့ရာတွင် ထရမ့်၏ပြောဆိုချက်များ နောက်ကွယ်တွင် ထူးခြားလေးနက်သော နောက်ခံအကြောင်းတရားများလည်းရှိနေကြောင်း သေချာစွာလေ့လာထားသူအချို့က ထောက်ပြခဲ့ကြသည်။

ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များသည် သူ၏ကြွေးကြော်သံဖြစ်သော အမေရိကန်ကို ကြီးကျယ်ခမ်းနားသော နိုင်ငံကြီးအဖြစ် ပြန်လည်ထူထောင်ရေး “Make America Great Again” အတိုကောက် အားဖြင့် MAGA လမ်းစဉ်နှင့် ထင်ဟပ်လျက်ရှိသည်။ သို့ရာတွင် ကမ္ဘာ့မြောက်ဖျားစွန်းဒေသ အာတိတ်စက်ဝိုင်း၌ရှိနေပြီး မြေမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းက ဆယ့်နှစ်ရာသီပတ်လုံး ရေခဲထုကြီးဖုံးလွှမ်းနေသော ဂရင်းလန်ကျွန်းက ထရမ့်၏ MAGA လမ်းစဉ်နှင့် မည်သို့မည်ပုံ ဆက်စပ်နေသည် ဆိုခြင်းမှာမူ သာမန်အားဖြင့် အတော်အတန်နားလည်ရခက်မည့် အနေ အထားရှိနိုင်ပါသည်။ ဤကိစ္စအလို့ငှာ ဂရင်းလန်ကျွန်း၏ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အနေအထားကို သေချာစွာသိရှိနားလည်ရန် လိုအပ်ပေလိမ့်မည်။

ဂရင်းလန်ကျွန်း၏ ပထဝီဝင် နောက်ခံအခြေအနေ

ဂရင်းလန်ကျွန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကျွန်းကြီးဖြစ်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၈၃၆၃၂၆ မိုင်ရှိသည်။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းထက် သုံးဆကျော် ကြီးမားသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ကျွန်း၏သုံးပုံနှစ်ပုံမှာ ကမ္ဘာ့မြောက်ဘက်စွန်း အာတိတ်စက်ဝိုင်းအတွင်း၌ ရှိနေပြီး မြေဧရိယာ၏ ၈၀ ရာခိုင်နှုန်းမှာ ရေခဲပြင်ထုကြီး ဖုံးလွှမ်းနေသည်။ ရေခဲပြင်၏ ပျမ်းမျှထုမှာ မီတာ ၁၅၀၀ ခန့်ရှိပြီးအထူဆုံးနေရာတွင် မီတာ ၃၀၀၀ (နှစ်မိုင်ခန့်)ထူထဲသည်။ အပူချိန်မှာ နွေရာသီတွင် ကျွန်းတောင်ပိုင်း၌ ပျမ်းမျှ ၇ ဒီဂရီစင်တီဂရိတ်ရှိပြီး မြောက်ဘက်ခြမ်းတွင် ၄ ဒီဂရီစင်တီဂရိတ်ရှိသည်။ ဆောင်းရာသီ၌မူ ကျွန်းတောင်ပိုင်းတွင် -၇ ဒီဂရီ စင်တီဂရိတ်နှင့် မြောက်ပိုင်းတွင် -၃၄ ဒီဂရီစင်တီဂရိတ်ရှိသည်။

ကျွန်းပေါ်ရှိလူဦးရေမှာ ၂၀၂၄ ခုနှစ် ခန့်မှန်းခြေအရ ၅၆၈၀၀ ရှိပြီး လူဦးရေတိုးနှုန်းမှာ သုညရာခိုင်နှုန်း ဖြင့် ရပ်တန့်နေသည်။ လူအများစု ၉၀ ရာခိုင်နှုန်းကျော်မှာ အီညု(အက်စကီမိုး)လူမျိုးများဖြစ်သည်။ မြို့နေလူတန်းစားအများစု ၈၀ ရာခိုင်နှုန်းကျော်ဖြစ်ပြီး အသက် ၁၅ နှစ်အထက် စာတတ်မြောက်မှုရာနှုန်း ပြည့်ဖြစ်သည်။ လူဦးရေ၏ထက်ဝက်ကျော်မှာ အစိုးရဝန်ထမ်းများဖြစ်ကြသည်။ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ငါးဖမ်းခြင်းနှင့်ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ကြသည်။ တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကျော်ရှိသည့်အတွက် ကြွယ်ဝသည်ဟုဆိုနိုင်သည်။ သို့ရာတွင် ထိုသို့ကြွယ်ဝခြင်းမှာ ကျွန်းသားတစ်ဦး ချင်း၏ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရှာဖွေမှုကြောင့်ထက် ကျွန်း၏သဘာဝသယံဇာတများကို အစိုးရအစီအစဉ်ဖြင့် ရောင်းချမှုများမှ အစိုးရ၏ ထောက်ပံ့ငွေရရှိမှုကြောင့်ဖြစ်သည်။ စင်စစ်၌ ဂရင်းလန်ကျွန်းသည် အပြင်ဘက်အခွံ၌ ရေခဲများဖုံးလွှမ်းနေသော သဘာဝသယံဇာတ ရတနာသိုက်ကြီး ဖြစ်လေသည်။

ပထဝီစီးပွားရေးအနေအထား

ကမ္ဘာ့ခေါင်မိုးပေါ်ရှိ ဂရင်းလန်ကျွန်းသည် အဖိုးတန်သဘာဝသယံဇာတ မြောက်မြားစွာ တည်ရှိနေပြီး ယနေ့ထက်တိုင် များများစားစား တူးဖော်ထုတ်ယူရခြင်းမရှိသေးသည့် အရိုင်းမြေ(Virgin Soil) ဖြစ်သည်။ စူးစမ်းလေ့လာမှုများအရ ဂရင်းလန်ကျွန်းတွင် ယနေ့ခေတ်စားနေသည့် မြေရှားဒြပ်စင်များ၊ ရွှေ၊ ကြေးနီ၊ ဂရက်ဖိုက်၊ သံ၊ ကျောက်မီးသွေး၊ ကျောက်မျက်၊ ယူရေနီယံ၊ လစ်သီယံ၊ ပလက်တီနမ်၊ တိုက်တေနီယမ်၊ မိုလစ်ဘ်ဒီနမ် စသည့် တွင်းထွက်များနှင့် ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့်သဘာဝ ဓာတ်ငွေ့သိုက်များလည်း ပမာဏကြီးမားစွာ တည်ရှိသည်ဟုဆို၏။

မြေရှားဒြပ်စင်နှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုများအရ ဂရင်းလန်တွင် မြေရှားသယံဇာတတန်ချိန် တစ်သန်းခွဲခန့်ရှိနိုင်သည်ဟု ဆိုသည်။ ဥရောပကော်မရှင်၏ ပူးတွဲသုတေသနစာတမ်းတစ်ခု၏ အဆိုအရ ဂရင်းလန်ရှိ မြေရှားသယံဇာတအရင်း အမြစ်များသည် တူးဖော်ထုတ်လုပ်နိုင်သော မြေရှားသယံဇာတ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိပြီး ကမ္ဘာပေါ်တွင်ရှိသမျှ မြေရှားအရင်းအမြစ် ပမာဏအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်ဟုဆို၏။

ဂရင်းလန်၏ ကမ္ဘာ့အဆင့်မီ မြေရှားဒြပ်စင် ထုတ်လုပ်နိုင်မှုအလားအလာမှာ လက်ရှိ ကမ္ဘာ့ဝယ်လိုအား၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ဖြည့်ဆည်းပေးနိုင်ဖွယ်ရာရှိသည်ဟုဆိုသည်။

ဂရင်းလန်၏ မြေရှားအရင်းအမြစ်သည် တရုတ်မြေရှားဒြပ်စင်များအပေါ် မှီခိုနေရသော အမေရိကန်အတွက် အလွန်အရေးပါသော ထွက်ပေါက်ဖြစ်နေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားထုတ်လုပ်မှုကို လွှမ်းမိုးထားနိုင်သည့် နိုင်ငံဖြစ်၏။ ကမ္ဘာ့မြေရှားဒြပ်စင်ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို တရုတ်ကထုတ်လုပ်ခြင်းဖြစ်ပြီး မြေရှားဒြပ်စင်များ သန့်စင်မှု၏ ၉၅ ရာခိုင်နှုန်းမှာလည်း တရုတ်နိုင်ငံက ဆောင်ရွက်နေခြင်းဖြစ်သည်။

ကမ္ဘာ့မြေရှားဒြပ်စင်တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက တင်ပို့ခြင်းဖြစ်ပြီး တရုတ်တင်ပို့မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာလည်း အမေရိကန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်လေသည်။ မြေရှားဒြပ်စင်များမှာလည်း ယခုခေတ်စားလျက်ရှိ သည့် လျှပ်စစ်မော်တော်ယာဉ်များ၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ လက်ကိုင်ဖုန်း စသည့်အီလက်ထရွန်နစ် ပစ္စည်းများတွင် မရှိမဖြစ်လိုအပ်သည့် သတ္တုများဖြစ်သည်။

အမေရိကန်နှင့်တရုတ်အကြား အနာဂတ် ကမ္ဘာကြီးကို စိုးမိုးနိုင်ရေးအားပြိုင်မှုတွင် လက်ရှိ အနေအထားအရ ဉာဏ်ရည်တု AI နည်းပညာအတွက် မရှိမဖြစ်လိုအပ်သော ခေတ်မီအဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Super Chip) ထုတ်လုပ်မှု၌ အမေရိကန်နှင့် ယင်း၏ အနောက်အုပ်စုဝင်များက သာလွန်လျက်ရှိသည်။ ထိုအကဲသာမှုကို ထိန်းသိမ်းနိုင်ရန်အတွက် Super Chip ထုတ်လုပ်သည့် နည်းပညာပိုင်ဆိုင်သော နိုင်ငံလေးခု (Chip 4) စုပေါင်း၍ တရုတ်ထံသို့ ထိုနည်းပညာ မရောက်ရှိစေရေး ပိတ်ဆို့ထားရန်အမေရိကန်က ဖိအားပေးကြိုးပမ်းလျက်ရှိသည်။

အပြန်အလှန်အားဖြင့် တရုတ်ကလည်းထိုအဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် မဖြစ်မနေအသုံးပြုရသည့် မြေရှားဒြပ်စင်နှင့် အခြားအရေးပါသော ရှားပါးသတ္တုများကို အမေရိကန်သို့ တင်ပို့ခြင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပိတ်ပင်တားမြစ်ခဲ့သည်။ တရုတ်က ပိတ်ပင်တားမြစ်ခဲ့သည့် သတ္တုများတွင် အဆင့်မြင့်တစ်ပိုင်း လျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးတွင် မရှိမဖြစ်အရေးပါသော ဂါလီယမ်(Gallium)၊ ဂျာမေနီယံ (Germanium)နှင့် စစ်လက်နက်ပစ္စည်းများအတွက် အရေးပါသော အင်တီမိုနီ(Antimony)နှင့် ဂရက်ဖိုက် (Graphite)တို့လည်း ပါဝင်ခဲ့သည်။

ထိုသို့သောပစ္စည်းများမှာ နိုင်ငံတိုင်း၏ အမျိုးသားလုံခြုံရေးအတွက် အသက်တမျှအရေးကြီးသော ကုန်ပစ္စည်းများ (Critical Goods)ဖြစ်ကြသည်။ ထိုပစ္စည်းများကို နိုင်ငံလုံခြုံရေးအတွက် အစဉ်အမြဲ လုံလောက်စွာ ဝယ်ယူထုတ်လုပ် သိုလှောင်ထားကြရလေ့ရှိသည်။ ယခုကဲ့သို့ တရုတ်နှင့် အမေရိကန်တို့ အကြား သေရေးရှင်ရေးသဖွယ်ဖြစ်သော မဟာဗျူဟာအားပြိုင်မှုတွင် ဤသို့သော အရေးကြီးသတ္တုများ မဖြစ်မနေရရှိရေးမှာ အမေရိကန်အတွက် အထူးလိုအပ်လျက်ရှိရာ အဆိုပါသတ္တုများရရှိနိုင်ရေးအတွက် ယင်းသယံဇာတ အရင်းအမြစ်ကြွယ်ဝ လှသောဂရင်းလန်အား လက်ဝယ်ပိုင်ပိုင် ရယူနိုင်ရေးမှာ အမေရိကန်အတွက် မရှောင်လွှဲနိုင်သည့် လိုအပ်ချက်ဖြစ်လာနေတော့သည်။

 ပထဝီနိုင်ငံရေးအနေအထား

ကမ္ဘာ့ခေါင်မိုး မဟာဗျူဟာ အချက်အချာနေရာတွင် တည်ရှိသော ဂရင်းလန်ကျွန်း၏ တည်နေရာမှာလည်း ပထဝီနိုင်ငံရေးအရ အထူးအရေးပါလျက်ရှိသည်။ အထူးသဖြင့် အာတိတ်စက်ဝိုင်း၏ တစ်ဖက်တစ်ချက် ကမ္ဘာ့မြောက်ခြမ်းတွင် ရပ်တည်နေကြသော အာရှနှင့် ဥရောပတိုက် မြောက်ဘက်စွန်းမှရုရှားနှင့် အမေရိကတိုက် မြောက်ပိုင်းကို လွှမ်းမိုးထားသော အမေရိကန်တို့၏ သမိုင်းကြောင်းနှင့် မျက်မှောက်ကာလအားပြိုင်မှုတို့တွင် ဂရင်းလန်မှာ အရေးပါသော မဟာဗျူဟာ ခြေကုပ်ဖြစ်နေလေသည်။

စင်စစ်၌ ဂရင်းလန်ကို အမေရိကန်တို့က ဝယ်ယူလိုသည်မှာ ယခုမှမဟုတ်ပေ။ အမေရိကန်က အလာစကာနယ်မြေကို ရုရှားတို့ထံမှ ၁၈၆၀ ပြည့် လွန်နှစ်များတွင် ဝယ်ယူခဲ့သည့် ကာလတစ်ဝိုက်ကပင် အမေရိကန်သမ္မတ အင်ဒရူးဂျွန်ဆင်က ၁၈၆၇ ခုနှစ်တွင် ဂရင်းလန်ကျွန်းကို ဝယ်ယူရန်ကြိုးပမ်း ခဲ့ဖူးသည်။ အလားတူပင် ၁၉၁၀ ပြည့်နှစ်ကလည်း အမေရိကန်သမ္မတ ဝီလျံတက်ဖ်က ဝယ်ယူရန် ကြိုးစားခဲ့ဖူးသကဲ့သို့ ၁၉၄၆ ခုနှစ် (ဒုတိယကမ္ဘာစစ် ပြီးစကာလ)တွင် အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းက ဒိန်းမတ်ထံမှ ဂရင်းလန်ကိုဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးသည်။

ရှေ့ပိုင်းက ကမ်းလှမ်းမှုများမှာ ဂရင်းလန်၏ စီးပွားရေးအလားအလာအပေါ် မူတည်သော်လည်း ထရူးမင်း၏ ကမ်းလှမ်းမှုမှာမူ မဟာဗျူဟာလုံခြုံရေးအပေါ် ပို၍မူတည်လေသည်။ ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန်တပ်ဖွဲ့များက ဥရောပတစ်နံတစ်လျား ကို သိမ်းပိုက်ခဲ့ရာ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကျွန်း ကို ဂျာမန်တို့ အပိုင်စီးမသွားနိုင်စေရန် အမေရိကန်တို့ကို အကူအညီ တောင်းခဲ့သည်။ အမေရိကန်တို့က ၁၉၄၁ ခုနှစ်မှစ၍ ဂရင်းလန်ကျွန်းပေါ်တွင် လေတပ်စခန်း အများအပြားကို စတင်ဆောက်လုပ်၍ တပ်စွဲထားခဲ့သည်။ ဂျာမန်တို့ စစ်ရှုံးပြီး ၁၉၄၅ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသွားသည့်နောက်ပိုင်း၌ အမေရိကန်နှင့် ဆိုဗီယက်ရုရှားတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြန်ရာ မြောက်အမေရိကတိုက်နှင့် ဥရောပ/ အာရှတိုက် မြောက်ပိုင်းဒေသနှစ်ခု၏ စပ်ကြားနယ်မြေဖြစ်သော ဂရင်းလန်မှာ မဟာဗျူဟာအရ အရေးပါလာပြန်သည်။ ထို့ကြောင့်လည်း သမ္မတထရူးမင်းက ဂရင်းလန်ကျွန်းကို အသည်းအသန် ရယူလိုခဲ့ခြင်းဖြစ်၏။

အမေရိကန်တို့က ဂရင်းလန်ကျွန်းကို အပိုင်ဝယ်ယူ၍ မရခဲ့သော်လည်း စစ်အေးတိုက်ပွဲကာလ တစ်လျှောက်လုံးမှသည် ယနေ့ကာလတိုင်အောင် ဂရင်းလန်၌ မဟာဗျူဟာ လေတပ်အခြေစိုက်စခန်း (ထူလီအာကာသသိပ္ပံ လေ့လာရေးစခန်း)ကို ဒိန်းမတ်နိုင်ငံနှင့် ညှိနှိုင်း၍ ဆက်လက်ထားရှိခဲ့သည်။ အမေရိကန်မှ တာဝေးကင်းထောက်လေယာဉ်များနှင့် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများသည် ဂရင်းလန်ကျွန်းကို ဖြတ်ကျော်၍ ပျံသန်းခဲ့ကြသကဲ့သို့ B-36 ၊ B-47 ၊ B-52 မဟာဗျူဟာဗုံးကြဲ လေယာဉ်ကြီးများလည်း အလှည့်ကျ အခြေစိုက်ကာ ကမ္ဘာ့ခေါင်မိုး ကောင်းကင်ပေါ်၌ စဉ်ဆက်မပြတ် ပျံဝဲစိုးမိုးခဲ့ကြသည်။

ဆိုဗီယက်က အမေရိကန်သို့ တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်ပါက ခရီးအတိုဆုံး လမ်းကြောင်းသည် ဂရင်းလန်ကျွန်းပေါ်မှဖြတ်၍ ပျံသန်းခြင်းဖြစ်ရာ ဆိုဗီယက်တိုက်ချင်းပစ်ဒုံးပျံများကို ခုခံကာကွယ်ရန် တာဝေးထောက်လှမ်းရေး အာရုံခံစနစ်များကိုလည်း အမေရိကန်တို့က ဂရင်းလန်ကျွန်းတွင် ချထား ခဲ့သည်။ ထို့အပြင် ဆိုဗီယက်နယ်မြေအတွင်းသို့ ပစ်လွှတ်တိုက်ခိုက်နိုင်သည့် Iceman ခေါ် ရေခဲပြင် အခြေစိုက် တိုက်ချင်းပစ် ဒုံးပျံအစင်း ၅၀၀ ကိုလည်း ဂရင်းလန်ရေခဲထုအတွင်း လိုဏ်ခေါင်းတူး၍ ချထားရန် ဆောင်ရွက်ခဲ့ဖူးသည်။ ရွေ့လျားနေသော ရေခဲထုလွှာများကို ထိန်းချုပ်ရန် အလွန်ခက်ခဲသည့် အတွက် ၁၉၆၇ ခုနှစ်တွင် လက်လျှော့ခဲ့ရသည်ဟု ဆိုသည်။ ၁၉၆၈ ခုနှစ်တွင် အဏုမြူဗုံးများပါရှိသည့် မဟာဗျူဟာဗုံးကြဲ လေယာဉ်တစ်စင်း ဂရင်းလန်တွင် ပျက်ကျသွားသည့်နောက်ပိုင်းတွင် ယင်းသို့သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ဂရင်းလန်ကျွန်း၌ ထားရှိခြင်းကို ရုပ်သိမ်းခဲ့ရသည်။ သို့သော်လည်း ယနေ့ကာလတိုင်အောင် ဂရင်းလန်ကျွန်းရှိ ထူလီလေတပ်စခန်း၌ အမေရိကန် F 35 ဘက်စုံသုံး တိုက်လေယာဉ်များ ထားရှိနေဆဲဖြစ်သည်။

ဤသို့ မဟာဗျူဟာအရအရေးပါမှုကြောင့် လည်းသမ္မတထရမ့်က ဂရင်းလန်ကျွန်းကို အသည်းအသန် ရယူလိုခြင်းဖြစ်ပြီး သူ၏ပထမသမ္မတ သက်တမ်းကာလအတွင်းကပင် ဂရင်းလန်ကျွန်းကို ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်၏။

တရုတ်နိုင်ငံနှင့် ဂရင်းလန်ကျွန်း

တရုတ်နိုင်ငံသည် ဂရင်းလန်ကျွန်းနှင့် အာတိတ်ဒေသအပေါ် အထူးစိတ်ဝင်စားမှုရှိခဲ့သည်။ ယင်းမှာ ဂရင်းလန်ကျွန်း၏ သယံဇာတကြွယ်ဝမှုနှင့် အာတိတ်ဒေသ၏ မဟာဗျူဟာအရ အရေးပါမှုတို့ကြောင့် ဖြစ်လေသည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် မြောက်ဝင်ရိုးစွန်း၌ ရေခဲပျော်မှုမြင့်တက် လာလေရာ ဂရင်းလန်ကျွန်း၌ တည်ရှိနေသော ရေခဲပြင်ထု လျော့ပါးလာသည်နှင့်အမျှ ကုန်းမြေထုအတွင်း တည်ရှိနေသော တွင်းထွက်သယံဇာတများရှာဖွေတူးဖော်ထုတ်လုပ်ရေး အခွင့်အလမ်းများ လည်း ပိုမိုပေါ်ပေါက်လာသည်။

တရုတ်တို့က ၂၀၁၀ ပြည့်လွန်နှစ်မှစ၍ ဂရင်းလန်ကျွန်းတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်ခဲ့ရာ တရုတ်အစိုးရပိုင်လုပ်ငန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အခြားနိုင်ငံများမှ လုပ်ငန်းများနှင့် ဖက်စပ်လုပ်ဆောင်မှုများဖြင့် ဂရင်းလန်နိုင်ငံ၏ သတ္တုတူးဖော်မှု၊ အခြေခံအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရေး စသည့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။ ဂရင်းလန်တွင် တရုတ်တို့ ပါဝင်နေသော စီးပွားရေးလုပ်ငန်းကြီးငါးခုရှိရာ ကျွန်း၏ မြောက်ပိုင်းတွင် ၂၀၁၄ ခုနှစ်မှစ၍ တရုတ် အစိုးရပိုင် Non-Ferrous Metal ကုမ္ပဏီကဩစတြေးလျ သတ္တုတွင်းကုမ္ပဏီ Ironbank နှင့် တွဲဖက်၍ သွပ်နှင့် ခဲထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်း အနောက်ဘက်ကမ်းခြေတွင် တရုတ်ပုဂ္ဂလိကပိုင် General Nice ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှစ၍ သံရိုင်းထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်းအရှေ့ဘက်ကမ်းခြေတွင် တရုတ်ပုဂ္ဂလိကကုမ္ပဏီ Jiangxi Zhongrun က Nordic Mining ကုမ္ပဏီနှင့် ပူးတွဲ၍ ၂၀၀၈ ခုနှစ်တွင် ကြေးနီတူးဖော်ထုတ်လုပ်မှုလုပ်ငန်း၊ ကျွန်းတောင်ပိုင်းတွင် တရုတ်ဒေသန္တရအစိုးရပိုင် Shenghe ကုမ္ပဏီက ၂၀၁၆ ခုနှစ်မှစ၍ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း၊ ဂရင်းလန်ကျွန်း၏ မြို့တော်ဖြစ်သော နူးခ်မြို့ နိုင်ငံတကာလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်း(တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီကို မူလက ရွေးချယ်လျာထားမှုတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒိန်းမတ်ကုမ္ပဏီကသာ တာဝန်ယူ လုပ်ဆောင်ခဲ့သည်)တို့ ဖြစ်ကြသည်။ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင်လည်း တရုတ် ကုမ္ပဏီကြီးနှစ်ခုက ပါဝင်လုပ်ဆောင်လျက်ရှိသည်။

၂၀၀၉ ခုနှစ်တွင် ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ရာ စီးပွားရေး လုပ်ငန်းများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပိုမိုရရှိလာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ အရင်းအနှီးတောင့်တင်းသော တရုတ်တို့ကို ဂရင်းလန်ကိုယ်တိုင်က လိုလိုလားလား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။

တရုတ်တို့ကလည်း ဂရင်းလန်ကျွန်းအပါအဝင် အာတိတ်ဒေသနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် စက္ကူဖြူစာတမ်းတစ်ရပ် ထုတ်ပြန်၍ ယင်း၏သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီးဖြစ်၏။ အဆိုပါ စက္ကူဖြူစာတမ်းအရ တရုတ်နိုင်ငံသည် အာတိတ်သမုဒ္ဒရာနှင့် မထိစပ်သော်လည်း အာတိတ်နှင့် နီးစပ်သောနိုင်ငံ Near Artic State တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာတိတ်ဒေသ စီမံခန့်ခွဲမှုကိစ္စနှင့်ပတ်သက်၍ တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း၊ အာတိတ်ဒေသ၏ ကြွယ်ဝလှသော သဘာဝသယံဇာတများကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ ဆင်ဆင်ခြင်ခြင် ထုတ်ယူအသုံးပြု သင့်သည်ဟူသောအမြင်ကို ထောက်ခံကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် အာတိတ်ဒေသ၏ ရေလမ်းကြောင်းများ အရေးပါမှုကို အလေးထားကြောင်း၊ တရုတ်တို့၏ ရပ်ဝန်းပိုးလမ်းမအစီအစဉ်တွင် မြောက်ဝင်ရိုးစွန်း ပိုးလမ်းမ Polar Silk Road အဖြစ် ထည့်သွင်းမည်ဖြစ်ကြောင်း စသည်ဖြင့်ပါရှိခဲ့သည်။

ထို့ကြောင့် တရုတ်တို့အနေဖြင့် ကမ္ဘာ့ကုန်ထုတ်စက်ရုံကြီးအဖြစ် ဆက်လက်ရပ်တည်နိုင်ရန်၊ အဆင့်မြင့် နည်းပညာသုံးစက်ပစ္စည်းများကို တိုးမြှင့် ထုတ်လုပ်နိုင်ရန် လိုအပ်သည့် ကုန်ကြမ်းသတ္တု တွင်းထွက်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဂရင်းလန်ကျွန်းမှထွက်ရှိမည့် သယံဇာတများကို ရယူလိုသကဲ့သို့ အရှေ့ကမ္ဘာခြမ်းမှ အနောက်သို့ ကုန်ပစ္စည်းများကို အတိုဆုံးလမ်းကြောင်းမှ ပို့ဆောင်နိုင်ရေးအတွက် အာတိတ်ဒေသ မြောက်ဝင်ရိုးစွန်း ရေလမ်းကြောင်း (North Pole Sea Route - NSR) ကို ထိရောက်စွာ အသုံးချလိုသည်မှာ ထင်ရှားနေလေသည်။

တရုတ်စီးပွားရေးပညာရှင်အချို့၏ ခန့်မှန်းချက်အရ တရုတ်ကုန်စည်များကို NSR မှတစ်ဆင့် တင်ပို့နိုင်လျှင် ကုန်စည်ပို့ဆောင်ခ ဒေါ်လာဘီလီယံ ၆၀ မှ ၁၂၀ ခန့်အထိ နှစ်စဉ် သက်သာသွားနိုင်သည်ဟုဆိုသည်။ ထို့အပြင်တောင်တရုတ်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာ၊ မြေထဲပင်လယ်တို့ကိုဖြတ်၍ တောင်ဘက်မှ ပတ်သွားရမည့် ရေလမ်းကြောင်းပေါ်ရှိ မလက္ကာ ရေလက်ကြား၊ ပင်လယ်နီနှင့် စူးအက်တူးမြောင်းစသည့် ပုလင်းလည်ပင်း (Bottle-neck Choke Point) နေရာများမှ ပိတ်ဆို့ခံရမည့်အန္တရာယ်၊ ပင်လယ်ဓားပြအန္တရာယ်စသည့် ရေကြောင်းလုံခြုံ ရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်လေသည်။

အနာဂတ်အလားအလာ

မည်သို့ပင်ဖြစ်စေ တရုတ်ကို မဟာဗျူဟာအရ အဓိကပြိုင်ဘက်အဖြစ် မှတ်ယူထားသည့် သမ္မတ ဒေါ်နယ်ထရမ့်အတွက်မူ ဂရင်းလန်ကျွန်းနှင့် အာတိတ်ဒေသသို့ တရုတ်တို့ ပိုမိုထိုးဖောက်ချဉ်းကပ် လာခြင်းကို မည်သို့မျှ နှစ်မြို့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဂရင်းလန်ကျွန်းကို မရ-ရသည့် နည်းဖြင့် ရယူမည်ဟု ကြုံးဝါးပြောဆိုနေခြင်းဖြစ်၏။ ကနေဒါနိုင်ငံမှာလည်း ဂရင်းလန်နှင့် အမေရိကန်အကြား စပ်ကြားနယ်မြေဖြစ်နေလေရာ ကနေဒါကို အမေရိကန်ပြည်ထောင်စုအတွင်း သွတ်သွင်းနိုင်ပါက မြောက်ဝင်ရိုးစွန်းမှ အလယ်အမေရိကတိုင်အောင် အနောက်ကမ္ဘာခြမ်းတစ်ခုလုံး၏ မြောက်ပိုင်း တစ်ပိုင်းလုံးကို အမေရိကန်က မောင်ပိုင်စီးနိုင်လိမ့်မည် ဖြစ်လေသည်။ ဤသည်ပင် ပထဝီနိုင်ငံရေးအရ ထရမ့်၏ မဟာအမေရိကန် နယ်ပယ်ချဲ့ထွင်ရေး (Pax Americana) MAGA စိတ်ကူးဟု ရှုမြင်ရပေသည်။

ထရမ့်၏ နယ်မြေချဲ့ထွင်ရေးစိတ်ကူးမှာ ၂၀ ရာစုအစပိုင်းက ပေါ်ထွန်းခဲ့သည့်ပညာရှင် Friedrich Ratzel ၏ ပထဝီနိုင်ငံရေးဆိုင်ရာ Organic Theory ကို ပြန်လည်ကျင့်သုံးနေသည့်ပုံရှိသည်ဟု လေ့လာ သူအချို့က ဆိုကြသည်။ Ratzel ၏ သီအိုရီ အကျဉ်းချုပ်မှာ နိုင်ငံများသည် သက်ရှိသတ္တဝါများ ရှင်သန်ရေးနှင့် ခွန်အားရှိရေးအတွက် အစာစားသကဲ့သို့ နယ်မြေများကိုရယူချဲ့ထွင်၍ အင်အားတိုးချဲ့ ရမည်ဟူသော အယူအဆဖြစ်သည်။ ယခုလည်းထရမ့်၏ နယ်မြေချဲ့ထွင်ရေးအယူအဆကို Ratzel ၏ နောက်လိုက်တစ်ဦးဖြစ်သည့် ဟစ်တလာနှင့် နှိုင်းယှဉ်၍ ဟစ်တလာပုံစံပေါက်နေသော ထရမ့်ရုပ်ပုံ ရေးဆွဲသရော်မှုများလည်း ပေါ်ပေါက်လာသည်။

သို့သော်လည်း ထရမ့်၏ ဂရင်းလန်အိပ်မက်မှာ လက်တွေ့ဖော်ဆောင်ရန် ခက်မည့်သဘောရှိ၏။ နေတိုးစစ်စာချုပ်အဖွဲ့ဝင် အချင်းချင်းဖြစ်သော ဒိန်းမတ်ကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်၍ ဂရင်းလန်ကို အင်အားသုံးရယူရန်မှာ မဖြစ်နိုင်သလောက် ရှိသည်။ ငွေကြေးဖြင့် ဝယ်ယူရန်မှာလည်း “ဂရင်းလန်သည် ရောင်းရန်မဟုတ်”ဟု ဒိန်းမတ်ဝန်ကြီးချုပ်က ကြေညာထားသောကြောင့် အလားအလာ နည်းလှသည်။

အခြားတစ်ဖက်တွင်မူ ဂရင်းလန်ကျွန်းသားများ၏ သဘောဆန္ဒက အဓိကကျသည်။ ၂၀၀၉ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေအရ ဂရင်းလန်ကျွန်းသားများက လူထုသဘောထားဆန္ဒ ခံယူပွဲကျင်းပ၍ ဂရင်းလန်၏ အနာဂတ်ကို ဆုံးဖြတ်ခွင့်ရှိသည်။ ထို့ကြောင့် ဂရင်းလန်ကျွန်းသားများက ဒိန်းမတ်ထံမှ ခွဲထွက်၍ လွတ်လပ်ရေးရယူလိုက်လျှင် အမေရိကန် နှင့် ပေါင်း/မပေါင်း ဆုံးဖြတ်ရန်မှာ လူဦးရေ ခြောက် သောင်းအောက်သာရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းကြီး ကို ပိုင်ဆိုင်သော ဂရင်းလန်သားများ၏ သဘောထား သက်သက်မျှ ဖြစ်သွားပေလိမ့်မည်။ ထိုမျှနည်းပါးသော လူဦးရေဖြင့် ထိုမျှကြီးမားသော ကျွန်းကြီးကို ထိန်းချုပ်ကာကွယ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ရှိသည်။ ထို့အပြင် လက်ရှိအခြေအနေတွင်လည်း အမေရိကန်စစ်စခန်းက ဂရင်းလန်ကျွန်းပေါ်၌ ရှိနေသည်။ အကယ်၍သာ ဂရင်းလန်ကျွန်းသားများ ကို မက်လောက်သည့် စီးပွားရေးနှင့် ကာကွယ်ရေး မက်လုံးများပေးကာ ဆွဲဆောင်စည်းရုံးနိုင်လျှင်မူ ထရမ့်၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကောင်း ဖော်နိုင်ဖွယ်ရှိပေသည်။

လက်သွက်သော ထရမ့်ကလည်း သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီကပင် သားဖြစ်သူ ဂျူနီယာထရမ့်ကို သူ၏ကိုယ်ပိုင်လေယာဉ်ကြီးဖြင့် ဂရင်းလန်သို့ စေလွှတ်ကာ ကျွန်းသားများနှင့် ထိတွေ့ဆွေးနွေးစေ ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ဂရင်းလန်သည် အမေရိကန် ပိုင်နက်နယ်မြေအဖြစ် တရားဝင် ဖြစ်မလာနိုင်သေးသည့်တိုင်အောင် အမေရိကန်တို့၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စောင့်ရှောက်ခံဘဝသို့ ပုံစံတစ်မျိုးမျိုးဖြင့် တဖြည်းဖြည်း ရောက်ရှိလာရန် အလားအလာမှာကား နီးစပ်နိုင်သည်ဟု ကောက်ချက်ချတင်ပြအပ်ပါသတည်း။ ။