ကယားပြည်နယ်နေ့က မွေးဖွားပေးလိုက်သော အမျိုးသားရေးတာဝန်
မြင့်စိုး(နတလ)
ကန္တာရဝတီသို့ ရောက်ခဲ့သည်
၂၀၂၄ ခုနှစ်၏ ဒီဇင်ဘာလ စတုတ္ထပတ်ကို ခရီးစဉ်နှစ်ခုဖြင့် ကျွန်တော်အဆုံးသတ်ခဲ့သည်။ ပထမတစ်ခုအနေဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်နှင့် ကျောက်ဆည် မြို့နယ်များအတွင်း၌ စိုက်ပျိုးရေးသမဝါယမအသင်းများက စိုက်ပျိုးထားသော စက်မှုသီးနှံ ဝါစိုက်ခင်းများ၊ ဆီထွက်သီးနှံနေကြာစိုက်ခင်းများကို လိုက်လံကြည့်ရှုအားပေးကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးတည်မှာကြားဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဒုတိယခရီးစဉ်ကမူ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ခွာ၍ ကျောင်းကုန်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်မူ မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်တော်၌ ကျင်းပပြုလုပ်ခဲ့သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ဆင်နွှဲခွင့်ရခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ ပေးပို့သည့် အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖထီးမန်းငြိမ်းမောင်က ဖတ်ကြားခဲ့သည်။
ယင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားအပြီးဝန်ကြီးချုပ်နှင့် ကျွန်တော်တို့အဖွဲ့က ရွေးမြစ်အတိုင်း စက်လှေစီးကာ မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာဆိုလာ Mini Grid မီးလင်း ရေးဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်သော ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်မူပုသိမ်မှ ပြန်လည်ထွက်ခွာ၍ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း လုပ်ငန်းများကြည့်ရှုပြီး ရန်ကုန်မှတစ်ဆင့် နေပြည်တော်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ထိုနေ့ညက မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူတော်တော်များများ နှစ်သစ်ကိုကြိုဆိုရန်အလို့ငှာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ကျွန်တော်ကတော့ မှတ်မှတ်ရရ ယခုအသက်အရွယ် အဘိုးအိုပေါက်စဘဝ ရောက်သည်အထိ Happy New Year ဟု တစ်ကြိမ်တစ်ခါမှ မအော်ခဲ့ဖူးချေ။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့ကိုသာ ပို၍ အထွတ်အမြတ် ထားခဲ့ပါသည်။ နှစ်သက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၏ ပထမဦးဆုံးခရီးကမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သွားရောက်ခဲ့သည့် ကယားပြည်နယ် ခရီးစဉ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ်တို့ လိုက်ပါခဲ့ကြပါသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ကြပြီး ပြည်နယ်၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာ
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် ကယားပြည်နယ် နေ့အခမ်းအနားကို ထိုနေ့နံနက်ပိုင်းကလွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကယားပြည်နယ်အတွင်း၌ ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ဂေခို(ကဲ့ခို)၊ ဂေဘား၊ ပရဲ(ကယော်)၊ ယင်းတလဲ၊ ယင်းဘော်၊ မနူမနောဟူ၍ မျိုးနွယ်စု(၉)မျိုးရှိပေရာ ထိုနေ့အခမ်းအနား၌ တစုတဝေး တွေ့မြင်ခွင့်ရခဲ့သည်။ တိုင်းရင်းသားများ၏ ပြည်နယ်နေ့နှင့် အမျိုးသားနေ့အခမ်းအနားများ၊ နှစ်သစ်ကူးပွဲတော် အခမ်းအနားများနှင့်ပတ်သက်၍ နတလ၌ တာဝန်ထမ်းဆောင်ခဲ့စဉ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့၌ နှစ်ကြိမ်၊ လေရှီးမြို့၌တစ်ကြိမ် တက်ရောက်ဖူးခဲ့သည်။