ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ မုန်လာဥနီစားကြစို့
ဒေါက်တာလပြည့်ခင်
မုန်လာဥနီအမျိုးအစားနှစ်မျိုး
ဆောင်းဦးပေါက်ရာသီတွင် လှိုင်လှိုင်တွေ့ရလေ့ရှိသော အမြစ်မှဖြစ်တည်သည့် Beta Carotene ကြွယ်ဝသော မုန်လာဥနီကို အချို့ကမုန်လာဥဝါဟုခေါ်ကြပြီး အများစုက “ဥနီ”ဟု အလွယ်ခေါ်ကြပါသည်။ ရှမ်းပြည်နယ်မှထွက်သော မုန်လာဥနီမှာအသားကျစ်ပြီး အရွယ်အနည်းငယ်ညှက်ကာ အနံ့၊ အရသာပိုမိုစူးရှပြီး “ခါကြက်ဥ” ဟုခေါ်ကြပါသည်။ မုန်လာဥနီသည် လိမ္မော်ရောင်ရှိသောအမြစ်ဖြစ်ပြီး ပေါ့ပါး၍နူးညံ့သောအရွက်ရှိသည့် ဟင်းမွှေးရွက်အုပ်စုဝင် နှစ်နှစ်တစ်ကြိမ် စိုက်ပျိုးရသောအပင်မျိုးဖြစ်သည်။ လက်တင်အမည်မှာ Daucus Carota ဖြစ်သည်။ မုန်လာဥနီအမျိုးအစားအားဖြင့် နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ဒေဆီ(Desi) မျိုးဖြစ်ပြီး အနီရင့်ရောင်ရှိပါသည်။ ဒုတိယမျိုးမှာ ဝီလာယတီ (Wilayati) မျိုးဟုခေါ်ပြီး အနီဖျော့ဖျော့လိမ္မော်ရောင်ရှိကာ အရသာနှင့်အသုံးဝင်ပုံမှာဒေဆီ (Desi) မျိုးထက်ပိုမိုကောင်းမွန်ပါသည်။
မုန်လာဥနီစိုက်ပျိုးနည်း
မုန်လာဥနီကို တန်ဆောင်မုန်းလနှင့် နတ်တော်လတို့တွင် စိုက်ပျိုးနိုင်သည်။ မည်သည့်မြေမျိုး တွင်မဆိုစိုက်ပျိုးနိုင်ပြီး မြေပွ၍မြေဆွေးလျှင် ပိုကောင်းပါသည်။ (၂၀x၄) ပေရှိသော စိုက်ခင်းအတွက် မျိုးစေ့တစ်ကျပ်ခွဲသားလိုအပ်၍ တစ်ပင်နှင့်တစ်ပင် လေးလက်မခြား၍ တစ်တန်းနှင့်တစ်တန်း ရှစ်လက်မခြားစိုက်ရပါသည်။ မိမိခြံအတွင်း၌ မြေကျဉ်းလျှင် ရက်ကြာသော ဟင်းသီးဟင်းရွက် အပင်တန်းများကြားတွင်ဖြစ်စေ အားလပ်သောမြေနေရာတွင် စိုက်နိုင်ပါသည်။ စိုက်ခင်းတွင် အကြောင်းခပ်တိမ်တိမ်ပြုလုပ်၍ မျိုးစေ့များချပြီး မြေမှုန်နုနုဖြင့်အုပ်ပေးရမည်။ ဥကြီးကြီးလိုလျှင်အပင်ရင်း၌ မြေကြီးကို မောက်မောက်လေးစုပေးရပါမည်။ မုန်လာဥနီစိုက်သောမြေသည် အမြဲစွတ်စိုနေရန်လိုပြီး မကြာခဏ ပေါင်းသင်မြေဆွပေးရသည်။ ရက်ပေါင်း ၆၀ မှ ၁၂၀ အတွင်းတူးဖော်နိုင်ပါသည်။ မုန်လာဥနီကို ရာသီစာအဖြစ်သော်လည်းကောင်း၊ တစ်နှစ်ပတ်လုံးသော်လည်းကောင်းစျေးများတွင် ပေါများစွာတွေ့ရပါသည်။
မုန်လာဥနီစားသုံးမှုအများဆုံးနိုင်ငံများနှင့် စားသုံးမှုပမာဏ
အာရှတိုက်တွင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့သည် မုန်လာဥနီအစားများသော နိုင်ငံများဖြစ်သည်။ ကမ္ဘာပေါ်တွင် မုန်လာဥနီစားသုံးမှုအများဆုံးမှာ အမေရိကန်လူမျိုးများဖြစ်ပြီး အမေရိကန်လူမျိုးတစ်ဦးသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မုန်လာဥနီ ၁၂ ပေါင်ခန့် နှစ်ခြိုက်စွာစားသုံးလေ့ရှိသောကြောင့် မုန်လာဥနီသည် ကမ္ဘာပေါ်တွင် အာလူးပြီးလျှင် ဒုတိယရေပန်းအစားဆုံးဟင်းသီးဟင်းရွက်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါနိုင်ငံများတွင် မုန်လာဥနီကို အသုပ်၊ အပြုတ်၊ အကြော်၊ အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊ ထမင်းလိပ်၊ ကင်မ်ချီ၊ တော့ပိုကီ၊ မုန်လာဥနီ Croquettes၊ စပါ(ဂ်)တီခေါက်ဆွဲနှင့် ဂျပန် Cole Salw စသည့်ဟင်းလျာတို့အပြင် အချိုပွဲအဖြစ် ကိတ်မုန့်၊ ကွတ်ကီး၊ Pie Cake ၊ ပူတင်း၊ ယို၊ ရေခဲမုန့်၊ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုးပုံဖော်စားသောက်ကြသည်။
မြန်မာနိုင်ငံတွင် မုန်လာဥနီကိုအများအားဖြင့် ကြော်စားကြသည်။ မုန်လာဥနီကိုအတို့အမြှုပ် အနေဖြင့်ဖြစ်စေ၊ စွပ်ပြုတ်အနေဖြင့်ဖြစ်စေ ထည့်သွင်းစားသုံးနိုင်ပါသည်။ မုန်လာဥနီကို ရေဖြင့် သေချာဆေးကြောပြီး အစိမ်းလိုက်သော်လည်းကောင်း၊ အချိုပြုတ်၍သော်လည်းကောင်း စားသုံးနိုင်သကဲ့သို့ ကော်ပြန့်ကြော်များ၌ဖြစ်စေ၊ ယိုထိုး၍ဖြစ်စေ၊ မုန်လာဥနီသနပ်၊ မုန်လာဥနီ ချဉ်ဖတ်အဖြစ်ဖြစ်စေ ပုံစံအမျိုးမျိုးပုံဖော်၍ စားသုံးလေ့ရှိပါသည်။ ကျန်းမာရေးလိုက်စားသူများက ငှက်ပျောသီးကဲ့သို့ သစ်သီးများနှင့် ရောကြိတ်ပြီး ဖျော်ရည်အနေဖြင့် သောက်သုံးကြပါသည်။
မုန်လာဥနီ၏ ဆေးဖက်ဝင်အာဟာရဓာတ်များ
မုန်လာဥနီကို အစာအာဟာရဓာတ်အဖြစ် အသုံးများသော်လည်း ဆေးဖက်ဝင်အာဟာရဓာတ်များဖြစ်သည့် ဗီတာမင်အေ၊ ဘီ၊ စီ၊ ကေ(Vitamin A၊ B၊ C၊ K) ဓာတ်များအပြင် သံဓာတ် (Fe)၊ မီးစုန်းဓာတ် (P)နှင့် ကန့်ဓာတ်(S)၊ ပိုတက်ဆီယမ် (K)နှင့် မဂ္ဂနိစ် (Mn) များလည်း ပါဝင်သဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်ကို တွေ့ရသည်။ ထို့ပြင် ဗီတာမင်အေ (Vitamin A) ဓာတ်အဖြစ် အလွယ်တကူ ကူးပြောင်းသွားနိုင်သော ကာရိုတင်းဓာတ် (Carotene) ကြွယ်ဝသောကြောင့် ဗီတာမင်အေဓာတ် အလုံအလောက်ရရှိစေရန် မုန်လာဥနီကိုစားသုံးပေးရန် အကြံပြုကြပါသည်။ မုန်လာဥနီကို ခွန်အားတိုးစေသောသစ်ဥသစ်ဖု (Tonic tuber) အဖြစ် လူသိများပြီး ရောဂါဘယမျိုးစုံမှလည်း အကာအကွယ်ပေးနိုင်သောကြောင့် လူတိုင်းကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် စားသုံးပေးသင့်ပါသည်။
ဓာတုဗေဒစစ်ဆေးချက်များအရ မုန်လာဥနီတွင် သံဓာတ်၊ မီးစုန်းဓာတ်နှင့် ကန့်ဓာတ်များပေါကြွယ်ဝမှုကြောင့် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သောသံဓာတ်ထုတ်လုပ်မှုတွင် အခြားခေတ်ပေါ်ဆေးဝါးများနေရာ၌ အစားထိုးသုံးစွဲနိုင်ပါသည်။ မုန်လာဥနီကဲ့သို့ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များတွင်ပါရှိသော တွင်းထွက်ဆားသည် ထပ်ဆင့်ပြောင်းလဲမှုမရှိဘဲ သွေးနှင့်တိုက်ရိုက်ပူးပေါင်း ရောထွေးသွားနိုင်သောကြောင့် သွေးလည်ပတ်မှုကိုပိုမိုချောမွေ့စေပါသည်။ မုန်လာဥနီတွင် သကြားဓာတ် ၁၀ ရာခိုင်နှုန်းခန့်ပါရှိသည်။ ပရိုတိန်းဓာတ်အနည်းငယ်သာပါဝင်သော်လည်း အခြားဓာတ်များ အလျှံပယ်ပါဝင်သောကြောင့် အလွန်အဖိုးထိုက်တန်ပါသည်။ ထို့ပြင် မုန်လာဥနီတွင် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါတို့ကို ကာကွယ်ပေးနိုင်သည့် Antioxidant များအပြင် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပိုတက်စီယမ်ဓာတ် အစရှိသည့်သတ္တုဓာတ်များပါဝင်နေသဖြင့် နေ့စဉ်အာဟာရအတွက် မရှိမဖြစ်ထည့်သွင်းစားပေးရန် လိုအပ်ပါသည်။
မုန်လာဥနီ၏ ဆေးဖက်ဝင်ပုံအမျိုးမျိုး
မုန်လာဥနီကဲ့သို့ အမြစ်မှဖြစ်တည်သည့် Beta Carotene ကြွယ်ဝသော လိမ္မော်ရောင်ခြယ်သစ်သီးဥမျိုးကို မှန်မှန်စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်အားနည်းခြင်းမှ ကာကွယ်ပေးနိုင်သလို ဦးနှောက်အာရုံကြောစနစ် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ မျက်စိ၊ နား၊ နှာခေါင်း ဆိုင်ရာရောဂါများကို တားဆီးကာကွယ်ပေးပြီး ဆီးပူညောင်းကျရောဂါများကင်းဝေးစေသည်။ မုန်လာဥနီကို ငရုတ်ဆုံတွင် ညက်ညက်ထောင်း၍ အရည်ညှစ်ထုတ်ပြီး ခြောက်အောင်စမှ ရှစ်အောင်စခန့် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်သုံးပေးလျှင် ကိုယ်ခန္ဓာတွင်း အက်စစ်ဓာတ်လွန်ကဲမှု (Hyperacidity) ကို ထိန်းချုပ်ပေးနိုင်ပါသည်။ ထို့ပြင် အစာအိမ်နာ (Gastric ulcer)၊ အူသိမ်အူမအနာ(Intestinal ulcer) နှင့် ဝမ်းချုပ်ရောဂါ (Constipation) များကို တွန်းလှန်ဖယ်ရှားပစ်နိုင်ပါသည်။ ဥနီကို ၁၅ ရက်မှ ရက် ၂၀ ခန့် ဆက်စားပေးလျှင် ဝဲနာ၊ ယားနာနှင့် အခြားအရေပြားရောဂါများ သက်သာပျောက်ကင်းစေပြီး အနီးမီးယား (Aniemia) ဟုခေါ်သည့် သွေးအားနည်းရောဂါကိုလည်း ဖယ်ရှားပေးပါသည်။
အာဟာရမျှတပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာပေးနိုင်သည့် အစာလည်းဆေး၊ ဆေးလည်းအစာအုပ်စုထဲတွင် မုန်လာဥနီလည်း တစ်ခုအပါအဝင်ဖြစ်သည်။ မုန်လာဥနီတွင် ကင်ဆာရောဂါများဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်သော ကာရိုတနွိုက်(Carotenoids) ဟု ခေါ်သည့် ဓာတ်ပေါင်းများစွာပါဝင်သဖြင့် မုန်လာဥနီကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနှင့်အမျိုးသားများတွင် ဖြစ်တတ်သည့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်လျော့နည်းစေနိုင်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။
မျက်စိအားတိုးစေသည့်မုန်လာဥနီ
ဗီတာမင်အေ (Vit A) ပေါကြွယ်ဝသည့် မုန်လာဥနီကို မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်သည့်အားဆေးအဖြစ် လူသိများကြပါသည်။ မုန်လာဥနီသည် မျက်စိအားကောင်းစေပြီး အမြင်ကြည်လင်စေကာ ညဘက်များတွင် ကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်ပါသည်။ ဗီတာမင်အေချို့တဲ့သည့် အသက်ငယ်ရွယ်သူကလေးငယ်များကို မုန်လာဥနီ နေ့စဉ်ပုံမှန်ကျွေးပေးခြင်းဖြင့် မျက်စိအားနည်းခြင်း၊ မျက်စိမှုန်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။
သွေးတိုး၊ နှလုံးကင်းစင်ရေး မုန်လာဥနီစားပေး
မုန်လာဥနီတွင် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) နှင့် သတ္တုဓာတ်များ (Metals) အများအပြားပါဝင်သဖြင့် ဆီးချိုရောဂါရှင်များ ပုံမှန်စားပေးသင့်သည့် အစားအစာထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန်လာဥနီတွင် အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ် ပေါကြွယ်ဝစွာပါဝင်သဖြင့် သွေးတိုးခြင်းကို ထိန်းပေးနိုင်သည့်အပြင် နောက်ဆက်တွဲကျန်းမာရေးပြဿနာဖြစ်သည့် နှလုံးရောဂါမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် မုန်လာဥနီတွင် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သည့် ဗီတာမင်စီဓာတ်များ အများအပြားပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်ရောဂါများကို တိုက်ဖျက် ပေးနိုင်ပါသည်။ ဆောင်းရာသီတွင်ဖြစ်တတ်သည့် အအေးမိဝေဒနာကိုသက်သာစေပြီး ရောဂါအမြန်ပျောက်ကင်းစေရန် ကူညီပေးနိုင်ပါသည်။
ထို့ပြင် မုန်လာဥနီသည် သွေးတွင်းကို လက်စထရောဓာတ်ကို လျှော့ချပေးနိုင်သဖြင့် ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်သောကြောင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့် နေ့စဉ်ပုံမှန်စားသုံးပေးသင့်ပါသည်။ တစ်ပတ်လျှင် မုန်လာဥနီခြောက်လုံးထက် ပိုစားသည့်သူများသည် တစ်လလုံးလျှင် မုန်လာဥနီတစ်လုံးမျှသာစားသော သူများထက် လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ခြေပိုနည်းကြောင်း ဟားဗက်တက္ကသိုလ်မှ အမေရိကန်သုတေသီများက အကြံပြုထားကြောင်း လေ့လာဖတ်ရှုရပါသည်။
အချုပ်အားဖြင့်ပြောရလျှင် မုန်လာဥနီတွင် သက်စောင့်သတ္တုဓာတ်မျိုးစုံနှင့် အာဟာရဓာတ်များစွာပါဝင်သောကြောင့် မုန်လာဥနီစားသုံခြင်းဖြင့် အမြင်အာရုံကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါ ကာကွယ်ရန်ကူညီပေးနိုင်ခြင်း၊ အိုမင်းရင့်ရော်မှုကိုနှေးစေရန် ကူညီနိုင်ခြင်း၊ အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန်ရန်ကူညီနိုင်ခြင်း၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခြင်းများကိုကာကွယ်ရန် ကူညီနိုင်ခြင်း၊ နှလုံးရောဂါကိုကာကွယ်ရာတွင် ကူညီနိုင်ခြင်း၊ ခန္ဓာကိုယ်ကိုသန့်စင်ပေးနိုင်ခြင်း၊ အသည်းလုပ်ဆောင်ချက်ကို တိုးတက်စေခြင်း၊ အူနှင့်သွားကျန်းမာရေးကို ကာကွယ်နိုင်ခြင်း၊ ရုတ်တရက်လေဖြတ်မှုကို ကာကွယ်နိုင်ခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်တိုးတက်ရန် ကူညီနိုင်ခြင်းနှင့် အစာခြေစနစ်ကောင်းမွန်ရန် ကူညီနိုင်ခြင်းစသည့် ကျန်းမာရေးကောင်းကျိုးများစွာကို ပေးစွမ်းနိုင်သဖြင့် မုန်လာဥနီကိုစားသုံးရန် တိုက်တွန်းလိုပါသည်။ ။