Skip to main content

စက်မှုကုန်ကြမ်းသီးနှံ ပြောင်းဖူးတစ်ပင်လုံး၏ ဆေးဖက်ဝင်အသုံးများ

ဒေါက်တာလပြည့်ခင်

ပြောင်းဖူးသည် ပြည်ပသို့ အဓိကတင်ပို့သည့်သီးနှံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူကြိုက်များသောသီးနှံဖြစ်သည်။ သကြားပြောင်း၊ ထောပတ်ပြောင်း၊ အနီရောင်ရှမ်းပြောင်းဟူ၍ ယေဘုယျအားဖြင့်ရှိပြီး သကြားပြောင်းမှာ လူကြိုက်များထင်ရှားသည်။

ပြောင်းဖူးကို နိုင်ငံအတွင်း၌ ရာသီမရွေးသီးထပ်အဖြစ် စိုက်ပျိုးနိုင်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ နေပြည်တော်တပ်ကုန်း၊ ပျဉ်းမနားနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတို့တွင် အများဆုံးစိုက်ပျိုးကြသည်ကို တွေ့ရသည်။ ပခုက္ကူမြို့နယ်ရှိ ကံလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ ကျွန်းညိုကြီးရွာသစ်၊ တင်းဂတ်နှင့်ပခုက္ကူကျွန်း ကျေးရွာတို့တွင် ဒေသခံတောင်သူများက ရေသွင်းစနစ်ဖြင့် သကြားပြောင်းဖူးများကို ယခင်က တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာမှ ယခုအအချိန်တွင် ပြည်တွင်းစားသုံးမှုများပြားလာပြီး ပြောင်းဖူးဈေးကောင်းရရှိလာသဖြင့် သကြားပြောင်းကို နွေ၊ မိုး၊ ဆောင်း သုံးရာသီတစ်နှစ်ပတ်လုံး စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြသည်။

ပြောင်းဖူးစိုက်ပျိုးမှုပုံစံနှင့်ဈေးကွက်ဝင်မှု

ပြောင်းဖူးသီးနှံကို သဲနုန်းမြေနှင့်မြေစာများတွင် ရေသွင်းစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြပြီး ပြောင်းဖူးမျိုးအနေဖြင့် ပံ-၁၃၅ မျိုးကို အများစု စိုက်ပျိုးကြသည်။ စက်တင်ဘာလတွင် စတင် စိုက်ပျိုးပြီး သက်တမ်းသုံးလခွဲအကြာ ဒီဇင်ဘာလအတွင်း ရောင်းတမ်းဝင်ပြောင်းဖူးများကို ခူးဆွတ်၍ရောင်းချကြသည်။ သကြားပြောင်းတစ်ဧကလျှင် ပျမ်းမျှအဖူးရေ ၉၀၀၀-၁၂၀၀၀ ခန့်ထွက်ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သွင်းအားစုသုံးစွဲပုံ၊ ရေသွင်းသည့်အကြိမ်ရေ တူညီမှုမရှိပါ။ ကုန်ကျစရိတ်အနေဖြင့် ပြောင်းတစ်ဧကလျှင် ကျပ်ရှစ်သိန်းခန့်ကုန်ကျပြီး သိန်း ၂၀ ခန့် ဝင်ငွေရရှိသောကြောင့် ကျပ်တစ်သိန်းနှစ်သောင်းခန့် အကျိုးအမြတ်ရရှိကြောင်းသိရသည်။. ဈေးကွက်အနေဖြင့် ပခုက္ကူဒေသထွက် ပြောင်းဖူးများကို မြို့ပေါ်ရှိလုပ်ငန်းရှင်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး ပြည်တွင်းဈေးကွက်ခိုင်မာမှုရှိသော သကြားပြောင်းဖူးသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိသည်။

ပြောင်းဖူးစားသုံးမှုပုံစံ

ပြောင်းဖူးကို ပုံစံအမျိုးမျိုးထုတ်လုပ်ကာကွန်း ဖလိတ်ကဲ့သို့ နံနက်စာစားဖွယ်အဖြစ် စားသုံးကြသည်။ ပြောင်းဆီ၊ ပြောင်းဟင်းချို၊ ပြောင်းဖူးပြုတ်၊ ပြောင်းမှုန့်စသည် ပြုလုပ်ရောင်းချကြသည်။ ပြောင်းဖူးသည် လူအများစားသုံးသည်သာမက ကျွဲ၊ နွားစသော တိရစ္ဆာန်များအတွက် အစာအဖြစ်လည်းအသုံးဝင်သည်။ ပြောင်းသည် ကောက်ပဲသီးနှံများတွင် ကျယ်ပြန့်စွာထုတ်လုပ်ပြီး လူတို့အစားအစာအဖြစ်လည်းကောင်း၊ တိရစ္ဆာန်အစားအစာအဖြစ်လည်းကောင်း၊ လောင်စာအဖြစ်လည်းကောင်း၊ တခြားလူသုံးကုန်ပစ္စည်းများ အဖြစ်လည်းကောင်း တွင်ကျယ်စွာအသုံးပြုကြသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးအဆိုအရပြောင်းကို တစ်နှစ်လျှင်တန်ချိန် သန်း ၁၅၀ ကျော် အစားအစာအဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်နေကြသည်။

ပြောင်းဖူး၏အနေအထား

ပြောင်းဖူးစေ့၏ အပြင်ဆုံးလွှာသည် အခွံဖြစ်ပြီး အခွံ၏အလေးချိန်သည် ပြောင်းဖူးစေ့အလေးချိန်၏ ၆ ရာခိုင်နှုန်းရှိပြီး အစားအစာထုတ်လုပ်မှုအပိုင်းအတွက် အခြေခံကျသည့် ပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ပြောင်းမျိုးစေ့သည် ဆီပါရှိသော အပင်လောင်းပိုင်းဖြစ်ပြီး ဆီပါဝင်မှု ၁၁ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ ကျန်အစိတ်အပိုင်းများတွင် အစေ့တွင်း စာ နှစ်မျိုးပါရှိသည်။ တစ်မျိုးသည် နူးညံ့ပျော့ပျောင်းသော စတာ့ချ်များဖြစ်ပြီး ခွဲထုတ်ရန်လွယ်ကူသည်။ ကျန်အစေ့တွင်းစာ တစ်မျိုးမှာစတာ့ချ်၊ ပရိုတင်း၊ ကော်ဓာတ်နှင့်အလွယ်တကူ ခွဲထုတ်မရနိုင်အောင်တစ်သားတည်းရောနှောဖွဲ့စည်းထားသည့်အပိုင်းဖြစ်သည်။ ပြောင်းဖူးတွင် အဓိကအားဖြင့် ဖောလစ်အက်စစ်၊ ဗီတာမင်ဘီဝမ်း၊ Beta Cryptoxanthin၊ Linoleic အက်စစ်၊ ကစီဓာတ်၊ ဗီတာမင်အေ၊ ဗီတာ မင်ဘီဓာတ်ပေါင်းစု၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင် B12 နှင့် ဘိုင်အိုတင်ဓာတ်၊ ဗီတာမင် B5 ကယ်လိုရီတို့ ကြွယ်ဝစွာပါဝင်ကြောင်း တွေ့ရှိရပါသည်။

ပြောင်းဖူး၏ အသုံးဝင်မှုများ

ပြောင်းဖူးတွင် အာဟာရဓာတ်များစွာပါဝင်သောကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်သည်။ လူကြီးလူငယ် မရွေးစားသုံးလေ့ရှိသော ပြောင်းဖူးသည် လူ့ကျန်းမာရေးကို အဘက်ဘက်မှ ကူညီထောက်ပံ့ပေးနိုင်သည့် သဘာဝအသီးအနှံ အမျိုးအစားတစ်ခုဖြစ်သည်။

ပြောင်းဖူးတွင် ဗီတာမင် B9 ဟု ခေါ်သည့် ဖောလစ်ဓာတ်ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါသည်။ ဆဲလ်သစ်များကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ဖောလစ်ဓာတ်ပါသော အစားအသောက်များကို များများစားသုံးလျှင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါ၊ နှလုံးရောဂါများဖြစ်နိုင်ခြေကို လျော့ကျစေသည်။ ပြောင်းဖူးတွင် ဗီတာမင် B1 ပါဝင်သောကြောင့် ကာဗိုဟိုက်ဒရိတ်ဖြိုခွဲမှုတွင် အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာများတွင် ကူညီနိုင်သည်။ ဗီတာမင်စီ ပေါများစွာပါဝင်သောကြောင့် ရောဂါများကို တွန်းလှန်ပေးနိုင်သည်။ ယင်းသည် ပဋိဇီဝဂုဏ် သတ္တိရှိပြီး ဆဲလ်များပျက်စီးခြင်း၊ ကင်ဆာရောဂါနှင့် နှလုံးရောဂါကိုကာကွယ်ပေးသည်။ ပါဝင်သော ဖောလစ်အက်စစ်များသည်လည်း ပဋိဇီဝတစ်မျိုးဖြစ်သောကြောင့် လူ့ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများ၊ အိုမင်းရင့်ရော်မှုနှင့် ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးပါသည်။

ဆီးချိုသွေးချိုရောဂါရှင်များစားသင့်

ပြောင်းတွင် ပျော်ဝင်နေသောအမျှင်ဓာတ်နှင့် မပျော်ဝင်သောအမျှင်ဓာတ်တို့ပါဝင်သည်။ ပျော်ဝင်နိုင်သောအမျှင်ဓာတ်သည် အလွယ်တကူပြိုကွဲပြီး ဂျယ်အဖြစ် အူတွင်းတွေ့နိုင်သည်။ ယင်းသည် ကိုလက်စထရောကို ထိန်းချုပ်နိုင်သည့်အခန်းကဏ္ဍတွင်ပါဝင်သည်။ အစားအစာများ အမြောက်အမြားထုတ်ရန် ယင်းအမျှင်ဓာတ်ကိုသုံးသည်။ မပျော်ဝင်သောအမျှင်ဓာတ်သည် အရသာရှိသောပြောင်းစေ့ကိုဖုံးထားသော အပြင်ပိုင်းအကာဖြစ်သည်။ ပြောင်းဖူး၏အမျှင်ဓာတ်များသည် ဆီးချိုသွေးချိုရောဂါသမားများ၏ သွေးတွင်းသကြားဓာတ်ပမာဏကိုလျော့ကျစေ၍ ဆီးချိုသွေးချိုသမားများသည် အမျှင်ဓာတ်များများ စားသုံးပေးရန်လိုအပ်သည်။ အမျှင်ဓာတ်ပါဝင်မှုမြင့်မားခြင်းသည် ပြောင်းဖူး၏ အကြီးမားဆုံးသော အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။

ကင်ဆာကို လျော့ကျစေ

ပြောင်းဖူးတစ်ခွက်စာ ပမာဏတွင် တစ်နေ့တာလိုအပ်သည့် အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်သည်။ ပြောင်းဖူးတွင်ပါဝင်သော သဘာဝ ကော်ရည် ကစီဓာတ်ပေါင်းစုနှင့် အမျှင်ဓာတ်များသည် သွေးတွင်းရှိကိုလက်စထရောများကို လျော့ကျစေပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေသည်။ ဗီတာမင်ဘီ ၊ ဗီတာမင်အီးနှင့် ဗီတာမင်ကေ တို့ကို ပိုတက်ဆီယမ် (Ca) နှင့် တွဲဖက်၍တွေ့ရပြီး နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေသည်။ ပြောင်းဖူးတွင် Beta Cryptoxanthin ပါဝင်သောကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေသည်။ အထူးသဖြင့် ဆေးလိပ်သောက်သူများသည် ပြောင်းဖူးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်းအထိ လျော့ကျစေသည်။

ပြောင်းဖူးတွင် ဘီတာကယ်ရိုတင်း၊ အင်တီအောက်ဆီးဒင့်၊ သိုင်ယာမင်း၊ ဗိုက်တာမင်ဘီဝမ်း ဓာတ်များပါဝင်သဖြင့် ဦးနှောက်ဆဲလ်များကို အားကောင်းစေပြီး တွေးခေါ်နိုင်သည့် လုပ်ငန်းများကို တိုးတက်စေကာ မှတ်ဉာဏ်အစွမ်းကိုရရှိစေသည်။ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို နည်းပါးစေသည်။ ပြောင်းဖူးသည် ကောက်ပဲသီးနှံများတွင် ကယ်လိုရီဓာတ်အမြင့်မားဆုံး ပါဝင်သောကြောင့် လူကိုခွန်အားဖြစ်စေသည်။ 

အမြင်အာရုံနှင့် ကျောက်ကပ်အတွက်ကောင်း

အမြင်အာရုံနှင့် ပတ်သက်သည့် မျက်စိရောဂါများ မဖြစ်အောင်ကာကွယ်ပေးသည်။ လူ့ခန္ဓာကိုယ်ထဲရှိ ဂလူးကို့စ်ကို ပုံမှန်ဖြစ်စေကာသွေးထဲရှိ သကြားဓာတ်ကိုလျော့ကျစေသည်။ ပြောင်းဖူးကို မကြာခဏစားသုံးသော အမျိုးသမီးများသည် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် ဆီးအိမ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ကျောက်ကပ်နှင့်ဆိုင်သော ရောဂါအမျိုးမျိုးကို ကုသပေးနိုင်စွမ်းရှိပါသည်။ ပြောင်းဖူးဆီ လက်ဖက်ရည်တစ်ဇွန်းခန့်သည် ကျန်းမာသန်စွမ်းသောကလေးငယ်၊ အရွယ်ရောက်သူတစ်ဦးအတွက် လုံလောက်သောမရှိမဖြစ် လိုအပ်သည့်ပမာဏဖြစ်သည်။ ပြောင်းဖူးမွေး၊ ပြောင်းဖူးမြစ်၊ ပြောင်းဖူးရွက်၊ ပြောင်းအတွင်းရိုး တို့ကိုပြုတ်၍ အရည်ကိုသောက်ခြင်းဖြင့် ဆီးအိမ်ပြဿနာများ၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အစာအိမ်နာခြင်းတို့ သက်သာစေသည်။ တချို့သူများသည် အများအပြားစားသောက်ပါက အစာမကြေဘဲလေခံခြင်း၊ လေထိုးခြင်းနှင့် ဝမ်းလျှောခြင်းတို့ဖြစ်စေနိုင်သည်။ ပြောင်းဖူးတွင် ဓာတ်တိုးဆန့်ကျင်သော Quercetin ဓာတ်ပါဝင်သည်။ သုတေသနများအရ Quercetin သည် အမျိုးသားများ သုတ်ရည်လွှတ်ပေးသော သုတ်ရည်ဂလင်းနီရဲ ရောင်ရမ်းခြင်းကို ကုသရန်အတွက်အရေးကြီးသော အခန်းမှပါဝင်သည်။ ထို့အပြင် ရူးသွပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းဇရာအကြိုရောဂါကို ကာကွယ်နိုင်သည်။

ပြောင်းခွံကို အစားအစာထုပ်ပိုးရန်နှင့် ပြောင်းအခွံများကို အသားငါးများကင်ရန် ပေါင်းရန်အတွက် ထုပ်ပိုးနိုင်သည်။ မြေကြီးတွင် မြေပွအောင်စွမ်းဆောင်နိုင်သော တီကောင်များကို ဆွဲဆောင်နိုင်ရန် ပြောင်းဖူးခွံကိုမြေဇာအဖြစ်သုံးကြသည်။ ပြောင်းခွံကိုအမှုန့်ပြုလုပ်ပါက အနံ့အရသာပြည့်စုံ သောစားစရာဖြစ်လာသည်။ လောင်စာအဖြစ်သုံးနိုင်သည်။ ပြောင်းဖူးခွံဖြင့် အိမ်တွင်းလက်မှုအတတ်ပညာဖြင့် ခြေသုတ်ခုံပြုလုပ်နိုင်သည်။ ပြောင်းဖူးခွံကို ဖြည့်စွက်ပစ္စည်းအဖြစ်လည်း သုံးနိုင်သည်။ ပြောင်းဖူးခွံကို ဆေးဖက်ဝင်အပင်တို့ စိုက်ပျိုးရာ ဥယျာဉ်အဖြစ်ဖန်တီးနိုင်သည်။ ပြောင်းခွံသည်မာကျောသန်မာပြီး ကြာရှည်ခံသော်လည်း ဗက်တီးရီးယားပိုးများ ဖျက်ဆီးနိုင်သောအစွမ်းရှိ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိဘဲ အလွယ်တကူကျေပျက်နိုင်သည်။ ရေပူပူတွင် ပျော့ပျောင်းသည် အထိစိမ်ပြီး ပြောင်းဖူးအမွေးများဖယ်ကာ နှံ့နှံ့စပ်စပ်ဆေးကြောပြီးသုံးပါက ကြာရှည်ထုပ်ပိုးနိုင်သည်။ ထို့အပြင် ပြောင်းဖူးခွံသည် လက်မှုပညာအလှဆင် ပစ္စည်းများဖြစ်သော ပြောင်းဖူးခွံအရုပ်လေးများ၊ စားပွဲတင်အလှဆင်ပန်းပုံလေးများ ပြုလုပ်နိုင်သည်။ ပြောင်းခွံသည် မြေဩဇာအတွက် နိုက်ထရိုဂျင်ဓာတ် (N2) ထည့်သကဲ့သို့ အကောင်းဆုံးဖြစ်သည်။

ပြောင်းတစ်ပင်လုံး၏ အဓိကအသေးစိတ်ပေါ်မူတည်၍ အမျိုးမျိုးအသုံးပြုနိုင်သည်။ ပြောင်းဖူးပင်သည် လေထဲမှဖော်မယ်ဒီဟိုက်ကဲ့သို့ အဆိပ်အတောက်ကိုဖယ်ရှားပေးပြီး သန့်စင်နိုင်သည့် ဂုဏ်သတ္တိရှိသော အပင်တစ်မျိုးဖြစ်သည်။ လူအများစုသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များထက် အာဟာရဓာတ် ပိုမိုပါဝင်နေသော ပြောင်းဖူးကို ပြုတ်စား၊ သုပ်စားသည်က ပိုများသည်။ အဆီ၊ ဆားများ၊ သကြား အစရှိသဖြင့် ချက်ပြုတ်စားသောက်သည်ထက် သုပ်၍သော်လည်းကောင်း၊ စွပ်ပြုတ်လုပ်၍သော်လည်းကောင်း စားသောက်ခြင်းသည် ကျန်းမာရေးနှင့်ပိုမိုညီညွတ်စေပါသည်။ 

ရောဂါမျိုးစုံကိုကာကွယ်ပေးနိုင်သော ပြောင်းဖူး

ပြောင်းဖူးကို ကလေးငယ်များလည်း စားသုံးနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်လည်း အထူးကောင်းမွန်ကြောင်း သိရပါသည်။ ပြောင်းဖူးပုံမှန်စားသုံးခြင်းသည် သက်ကြီးရောဂါ၊ အရိုးကျိုးခြင်း၊ အရိုးအက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် သက်လုံကောင်းစေခြင်း၊ ခန္ဓာကိုယ်ထဲတွင်ရှိသော မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးနိုင်ခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို အကျိုးပြုစေနိုင်ခြင်းစသည့် ဖော်ပြ၍မဆုံးနိုင်သော အကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။ ထို့ပြင်ပြောင်းဖူးငချိပ်သည် အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါသည်။ နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာသောဘဝများအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် အာဟာရဓာတ်များစွာ ကြွယ်ဝပြီးကျန်းမာရေးကို များစွာကူညီထောက်ပံ့ပေးနိုင်သော ပြောင်းဖူးကိုလူတိုင်းစားသုံးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။