အာဆီယံ - အိန္ဒိယ မီဒီယာဖလှယ်ရေးခရီးစဉ် အတွေ့အကြုံများ (၂)
မောင်သာယာ
တာ့ဂျ်မဟာဂူဗိမာန်
ခရီးစဉ်တတိယနေ့တွင် အိန္ဒိယနိုင်ငံ အာဂရာမြို့ရှိ တာ့ဂျ်မဟာဂူဗိမာန်သို့ ရောက်ရှိပါသည်။ တာ့ဂျ်မဟာဂူဗိမာန်တော်ကြီးသည် အချစ်နှင့်အလွမ်းကြောင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ဖြစ်ပေါ်လာရသည့် အဆောက်အအုံကြီးတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ချစ်ခြင်း၏ အထိမ်းအမှတ်နေရာအဖြစ်လည်း ထင်ရှားကျော်ကြားသည်။ စကျင်ကျောက် ဖြူဖြင့်အတိပြီးသော သမိုင်းဝင် တာ့ဂျ်မဟာအဆောက်အအုံသည် ၁၇ ရာစုအတွင်း ပေါ်ထွန်းလာခဲ့သော ဗိသုကာအဆောက်အအုံတစ်ခုဖြစ်သည်။ တာ့ဂျ်မဟာသည် အာဂရာမြို့ပြင် အာဂရာခံတပ်၏အရှေ့ဘက် တစ်မိုင်ခန့်ဝေးသော ယမုံနာမြစ်ကမ်းဘေး၌တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန်က သူ၏ကွယ်လွန်သွားသော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ် မဟာရာ (ဂျ်) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဧကရာဇ်မင်းမြတ် ရှားဂျာဟန်၏ တတိယမြောက် မဟေသီမိဖုရားကြီး မွန်တာဇ်မဟာရာ (ဂျ်) သည် သူတို့အတွက် ၁၄ ဦးမြောက် ရင်သွေးငယ်ကို မီးဖွားစဉ် ကံမကောင်းအကြောင်းမလှစွာဖြင့် ကံတော်ကုန်ခဲ့လေရာ ဘုရင်ကြီးမှာ ရင်ကွဲနာပြင်းစွာခံစားခဲ့ရပြီး လွမ်းဆွတ်တမ်းတစိတ်ဖြင့် သွားလေသူမိဖုရားကြီးအတွက် အမှတ်တရအထိမ်းအမှတ် ဂူဗိမာန်ကို တည်ဆောက်စေခဲ့သည်ဟု သိရှိမှတ်သားခဲ့ရသည်။
တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံးဥပမာတစ်ခုအဖြစ်ပြောနိုင်ပြီး အချို့ကကမ္ဘာပေါ်တွင် အလှဆုံးသောအဆောက်အအုံကြီးဟူ၍ဆိုကြသည်။ တည်ဆောက်မှုစတိုင်လ် တွင် ပါရှန်း၊ တူကီယဲနှင့် အိန္ဒိယဗိသုကာစတိုင်လ်၏ အစိတ်အပိုင်းများ ပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး “မွတ်စလင်အနုပညာ၏ ရတနာနှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏ အမွေခံ အဆောက်အအုံ” ဟု ဖော်ပြထားခဲ့သည်။
“တာ့ဂျ်မဟာ” ဟူသည်မှာ ‘နန်းများ ထွတ်ခေါင်’ဟု အနက်ရ၏။ ရှားဂျာဟန် ဧကရာဇ် ဘုရင်မင်းမြတ်၏ အလောင်းကိုလည်း ဤသင်္ချိုင်း၌ပင် မြှုပ်နှံခဲ့ကြသည်ဟုသိရသည်။ တာ့ဂျ်မဟာအဆောက်အအုံကြီးကို အလုပ်သမားပေါင်း နှစ်သောင်းကျော်ဖြင့် နှစ်ပေါင်း ၂၀ ကြာအောင် တည်ဆောက်ခဲ့ရသည်ဟု သိရသည်။ တာ့ဂျ်မဟာအဆောက်အအုံကြီးကို ကြည့်ခြင်းအားဖြင့် မဂိုအင်ပါယာ ၏ ရွှေခေတ်တွင် မဂိုဘုရင်တို့၏ ချမ်းသာ ကြွယ်ဝမှုအခြေအနေကို မှန်းဆနိုင်ပါလိမ့်မည်။ ခမ်းနားထည်ဝါပြီး ကြွားကြွားဝင့်ဝင့်ရှိလှသည့် တာ့ဂျ်မဟာအဆောက် အအုံကြီးဆီသို့ နှစ်စဉ်ကမ္ဘာ့လှည့် ခရီးသည်သန်းနှင့်ချီ လာရောက်လေ့လာ ကြသည်ဟု သိရသည်။
တာ့ဂျ်မဟာမှအပြန် အာဂရာမြို့တွင်းရှိ စကျင်ကျောက်လုပ်ငန်း အရောင်းဆိုင်သို့ သွားရောက် လေ့လာကြသည်။ အဆိုပါစကျင်ကျောက်လုပ်ငန်း အရောင်းဆိုင်တွင် စကျင်ကျောက်ဖြင့် ထွင်းထု ထားသော တာ့ဂျ်မဟာအဆောက်အအုံ ပုံစံငယ်များ၊ ဘုရားဆင်းတု၊ ဆင်ရုပ်၊ မြင်းရုပ်၊ လက်ဝတ်ရတနာထည့်စရာ စကျင်ကျောက်သေတ္တာငယ်များ စသည်ဖြင့် စုံလင်စွာဝယ်ယူရရှိနိုင်သည်။
နယူးဒေလီမှ မွမ်ဘိုင်းသို့
ခရီးစဉ် စတုတ္ထနေ့နံနက်ပိုင်း၌ နယူးဒေလီမြို့တွင် ခေတ္တတည်းခိုသည့် The Oberoi ဟိုတယ်မှ မွမ်ဘိုင်းမြို့သို့ သွားရောက်ရန် အင်ဒီရာဂန္ဓီအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။ အင်ဒီရာဂန္ဓီအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အိန္ဒိယနိုင်ငံတွင် ခရီးသည်ဝင်ထွက်သွားလာမှု အများဆုံးလေဆိပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အလုပ်အများဆုံး လေဆိပ်ဖြစ်ကြောင်း လေ့လာသိရှိရသည်။
နယူးဒေလီမြို့ အင်ဒီရာဂန္ဓီလေဆိပ်မှ Air India လေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါပြီး မွန်းလွဲပိုင်းတွင် မွမ်ဘိုင်းမြို့ Chhatrapati Shivaji Maharaj International Airport သို့ရောက်ရှိကြသည်။ ယင်းလေဆိပ်သည် အင်ဒီရာဂန္ဓီလေဆိပ်ပြီးလျှင် အိန္ဒိယတွင် ပြည်တွင်း၊ ပြည်ပခရီးသည်များ သွားလာမှု ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အာရှတွင် ကိုးခုမြောက်အများဆုံး အသုံးပြုသောလေဆိပ်၊ ကမ္ဘာ့အဆင့် ၂၅ ခုမြောက် ခရီးသည်သွားလာမှုအများဆုံးရှိသော လေဆိပ်ဖြစ်ကြောင်း မှတ်သားမိသည်။ မွမ်ဘိုင်းမြို့ နာရီမန်ပွိုင့်တွင် တည်ရှိသော ခေတ္တတည်းခိုမည့် Trident ဟိုတယ်သို့ရောက်ရှိပြီးနောက် ညနေပိုင်းတွင် မွမ်ဘိုင်းမြို့တွင်း၊ အိန္ဒိယတံခါးပေါက် (Gateway of India) နှင့် အယ်လဖန်တာဂူများ (Elephanta Caves) သို့ သွားရောက်လေ့လာခဲ့ကြသည်။
မွမ်ဘိုင်းမြို့၊ အိန္ဒိယတံခါးပေါက်နှင့် အယ်လဖန်တာဂူများ
ယခင်က ဘုံဘေ(Bombay) ဟု အမည်ရခဲ့သော မွမ်ဘိုင်းမြို့သည် အိန္ဒိယနိုင်ငံ မဟာရာရှထရာပြည်နယ်၏ မြို့တော်ဖြစ်သည်။ မွမ်ဘိုင်းမြို့သည် အိန္ဒိယ၏ ငွေကြေးမြို့တော်ဖြစ်ပြီး လူဦးရေ ၁၂ ဒသမ ၅ သန်းခန့် ရှိကာ အိန္ဒိယတွင် လူဦးရေအများဆုံးမြို့ ဖြစ်သည်။ မွမ်ဘိုင်းမြို့သည် အိန္ဒိယအနောက်ဘက်ကမ်းရိုးတန်းရှိ ကွန်ကန်ကမ်းရိုးတန်းပေါ်တွင်တည်ရှိပြီး သဘာဝဆိပ်ကမ်းနှင့် အလွန်လှပသည့်မြို့ဖြစ်သည်။ မွမ်ဘိုင်းမြို့သည် အာရှရှိမြို့များအနက် ဘီလျံနာအရေအတွက် အများဆုံးရှိသည့်မြို့ဖြစ်သည်။
အိန္ဒိယတံခါးပေါက် (The Gateway of India) သည် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၂၀ ရာစုအတွင်း တည်ဆောက်ခဲ့သည့် အထိမ်းအမှတ်အဆောက်အအုံ တစ်ခုဖြစ်သည်။ ၁၉၁၁ ခုနှစ်တွင် ဗြိတိန် ငါးယောက်မြောက် ဂျော့ဒ်ဘုရင်နှင့် မင်းသမီးမေရီတို့ အိန္ဒိယသို့ ပထမဆုံးရောက်ရှိလာသည့် အထိမ်းအမှတ်အနေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ The Gateway of India ကို အင်ဒို-ဆာရာစင်နစ် (Indo-Saracenic) စတိုင်လ်ဖြင့် ၁၉၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သည်။ အမြင့် ၂၆ မီတာ (၈၅ ပေ) ရှိသည်။ ၁၉၂၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။
အယ်လဖန်တာဂူများ (Elephanta Caves) သည် အဓိကအားဖြင့် ဟိန္ဒူဘုရား ရှိဝဘုရားအား ရည်ညွှန်းဖော်ပြသည့် ဂူပုထိုးများ၏ အစုအဝေးဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားသည်။ ဤဂူများသည် မဟာရာရှထရာပြည်နယ် အယ်လဖန်တာကျွန်း (သို့မဟုတ် ဂါရပူရီ၊ “ဂူများရှိသောမြို့” ဟု အဓိပ္ပာယ်ရသည်) တွင်တည်ရှိပြီး မွမ်ဘိုင်းမြို့၏ အရှေ့ဘက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂ မိုင်) အကွာ၌တည်ရှိသည်။ အယ်လဖန်တာ ဂူများတွင် ကျောက်ဖြတ်ကျောက်ဖြစ် ပန်းပုလက်ရာများတည်ရှိပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ပုံများဖော်ပြထားသည်။ ထိုပန်းပုများသည် ဟိန္ဒူဒဏ္ဍာရီ များကို ဖော်ညွှန်းသော ထရိုင်မူတီ ဆဒါ ရှိဝ (Trimurti Sadashiva) နတရာဂျာ (Nataraja) နှင့် ယိုဂိရှဝရ (Yogishvara) တို့သည် အထင်ရှားဆုံးဖြစ်ကြောင်း လေ့လာသိရှိရသည်။
ဘုံဘေစတော့အိတ်ချိန်း
သတင်းမီဒီယာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်ပဉ္စမနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဘုံဘေစတော့အိတ်ချိန်း၊ မဇဂွန်သင်္ဘောတည်ဆောက်ရေး လုပ်ငန်းလီမိတက်နှင့် မွမ်ဘိုင်းအနုပညာပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။
နံနက်ပိုင်းတွင် ဘုံဘေစတော့အိတ်ချိန်းသို့ သွားရောက်လေ့လာကြသည်။ ဘုံဘေစတော့အိတ်ချိန်း (Bombay Stock Exchange -BSE) သည် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ အကြီးမားဆုံးစတော့အိတ်ချိန်းတစ်ခုဖြစ်ပြီး ရှေးအကျဆုံး စတော့အိတ်ချိန်းလည်းဖြစ်သည်။ ၁၈၇၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အရေးပါသော ဦးဆောင်စင်တာတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိသည်။ BSE သည် ၁၄၃ နှစ်ကျော်ကာလအတွင်း အိန္ဒိယ၏ကော်ပိုရိတ်ကဏ္ဍကို အထောက်အကူဖြစ်စေခဲ့ပြီး မြန်ဆန်အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုစနစ်တစ်ခုအား ပံ့ပိုးပေးနိုင်ခဲ့သည်။ ၁၈၇၅ နှစ်တွင် The Native Share & Stock Brokers' Association အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် BSE သည် အိန္ဒိယ၏ ပထမဆုံးစတော့အိတ်ချိန်း စာရင်းဝင် အဖွဲ့ဖြစ်လာခဲ့သည်။
BSE ၏ လူသိများသော အစုရှယ်ယာညွှန်းကိန်း S&P BSE SENSEX သည် အိန္ဒိယ၏ အကျော်ကြားဆုံး စတော့ဈေးကွက် ညွှန်းကိန်းဖြစ်သည်။ BSE သည် ရင်းနှီးမြှုပ်နှံသူများအတွက် ကမ္ဘာ့စတော့အိတ်ချိန်း အဖွဲ့အစည်းများနှင့်ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်အရေးကြီးသော နေရာတစ်ခုဖြစ်သည်။ BSE သည် အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေသည့် စတော့အိတ်ချိန်းတစ်ခုဖြစ်သည်။
တာဝန်ရှိသူများက BSE ၏ သမိုင်းကြောင်းနှင့် မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ နည်းပညာများ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ BSE သည်လည်း ခေတ်နှင့်အညီ လိုက်ပါလုပ်ဆောင် နေရမှုအခြေအနေများနှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုးပမ်းအားထုတ်နေရမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာသမားများ၏ မေးမြန်းမှုများကိုလည်း ပြန်လည်ဖြေကြားပေးခဲ့သည်။
မဇဂွန်သင်္ဘောတည်ဆောက်ရေး လုပ်ငန်းလီမိတက်နှင့် ခေတ်သစ်အနုပညာပြခန်း
မွန်းလွဲပိုင်းတွင် မဇဂွန်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းလီမိတက်သို့ ရောက်ရှိသည်။ တာဝန်ရှိသူများက မဇဂွန်သင်္ဘောတည်ဆောက်ရေး လုပ်ငန်းလီမိတက်ပြတိုက်တွင် လိုက်လံ ရှင်းလင်းပြသခြင်းနှင့် မှတ်တမ်းဗီဒီယိုကိုပြသသည်။
မဇဂွန်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းလီမိတက် (Mazagon Dock Shipbuilders Limited - MDL) သည် အိန္ဒိယနိုင်ငံ၏ အဓိကရေကြောင်း ဆိပ်ကမ်းနှင့် သင်္ဘောလုပ်ငန်းစက်ရုံ တစ်ခုဖြစ်ပြီး ရေငုပ်သင်္ဘောနှင့် စစ်သင်္ဘောများထုတ်လုပ်သော နိုင်ငံပိုင်လုပ်ငန်းဖြစ်သည်။ မဇဂွန်သင်္ဘောလုပ်ငန်းသည် မွမ်ဘိုင်းမြို့၏ မဇဂွန်အရပ်တွင် တည်ရှိသည်။
စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ ကုန်တင်သင်္ဘောများထုတ်လုပ်ပြီး အဓိကအားဖြင့် အိန္ဒိယရေတပ်၊ အိန္ဒိယကမ်းရိုးတန်းစောင့်တပ်၊ နိုင်ငံတကာသင်္ဘောလိုင်းများနှင့် အရောင်းအဝယ် လုပ်ငန်းများတွင် ဝန်ဆောင်မှုပေးလျက်ရှိသည်။ MDL သည် ၁၈ ရာစုခန့်က စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်တွင် အိန္ဒိယ၏အကြီးဆုံး သင်္ဘောလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။ မဇဂွန်သင်္ဘော လုပ်ငန်းသည် အိန္ဒိယ၏ကာကွယ်ရေးနယ်ပယ်နှင့် ရေကြောင်းဆိုင်ရာ စီးပွားရေးနယ်ပယ်တွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ကမ္ဘာ့စစ်သင်္ဘော စက်ရုံများထဲတွင်လည်း အထင်ကရနေရာတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရသည်။
ညနေပိုင်းတွင် မွမ်ဘိုင်းမြို့ရှိ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်မှ အထင်ကရ အနုပညာပြတိုက်ဖြစ်သည့် National Gallery of Modern Art (NGMA) ခေတ်သစ်အနုပညာပြခန်းသို့လည်း သွားရောက်လေ့လာကြသည်။ NGMA မွမ်ဘိုင်းသည် အိန္ဒိယနိုင်ငံ၏ ခေတ်သစ်နှင့် ခေတ်ဆန်းအနုပညာများကို ပြသထားသည့် အဓိကပြခန်းဖြစ်သည်။ ရှေးဟောင်းအိန္ဒိယအနုပညာနှင့် လက်မှုလုပ်ငန်းများကိုလည်း ပြသထားသည့် နေရာတစ်ခုဖြစ်သည်။
NGMA တွင် အိန္ဒိယအနုပညာရှင်များ၏ ရိုးရာနှင့် ခေတ်မီအနုပညာလက်ရာများနှင့်အတူ နိုင်ငံတကာမှ အနုပညာရှင်များ၏ စွမ်းဆောင်ရည်များကိုလည်း ပြသထားသည်။ ပြခန်းအတွင်းတွင် ပန်းချီကားများ၊ ရုပ်တုများ၊ ဓာတ်ပုံလက်ရာများနှင့် အခြားခေတ်မီအနုပညာ ဖန်တီးမှုများကို စုဆောင်းထားပြီး အနုပညာနှင့် ဒီဇိုင်းအနက်အဓိပ္ပာယ်များကို ရှင်းလင်းဖော်ပြထားသည်။ NGMA တွင် ကျောင်းသား ကျောင်းသူများ၊ အနုပညာရှင်များနှင့် အနုပညာမြတ်နိုးသူများအတွက် စီစဉ်ပေးသော သင်တန်းများနှင့် ဆွေးနွေးပွဲများလည်းရှိသည်။ ၎င်း၏အဓိက ရည်ရွယ်ချက်မှာ အနုပညာနှင့် ယဉ်ကျေးမှု၏အရေးပါမှုကို ဆက်လက်မြှင့်တင်ရန် ဖြစ်ကြောင်း လေ့လာသိရှိခဲ့ရသည်။
Tata Exhibition Center
ခရီးစဉ် ဆဋ္ဌမနေ့ ဒီဇင်ဘာလ ၃ ရက် နေ့တွင် Tata Exhibition Center၊ မွမ်ဘိုင်းရုပ်ရှင်မြို့တော်နှင့် အိန္ဒိယအမျိုးသားငွေပေးချေမှုကော်ပိုရေးရှင်းသို့ သွားရောက်လေ့လာခဲ့ကြသည်။
နံနက်ပိုင်းတွင် Tata Exhibition Center သို့ သွားရောက်လေ့လာကြသည်။ Tata Exhibition Center သည် အိန္ဒိယနိုင်ငံ Tata Group က အဆင်မြင့်နည်းပညာပြပွဲများ၊ စီမံခန့်ခွဲမှုနှင့် ကုန်စည်ပြသရေးအတွက် စီစဉ်ထားသည့် ပြပွဲရုံတစ်ခုဖြစ်သည်။ ဤပြပွဲရုံကို Tata Group က တည်ထောင်ပြီး အနာဂတ်နည်းပညာ၊ စက်မှုဆိုင်ရာပြပွဲများ၊ စီးပွားရေးဆိုင်ရာပြပွဲများ၊ အစည်းအဝေးများ ကျင်းပရာနေရာတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာမှ နည်းပညာကုမ္ပဏီများ၊ စက်မှုလုပ်ငန်းများတည်ရှိပြီး လူမှုရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အရေးများလည်း ဖော်ဆောင်လျက်ရှိသည်။
Tata Exhibition Center တွင် နောက်ဆုံးပေါ် နည်းပညာများ၊ စက်မှုဆိုင်ရာထုတ်ကုန်များနှင့် သုတေသန တွေ့ရှိချက်များကိုလည်း ပြသထားသည်။ ထို့ပြင် ပြပွဲများ၊ ဝန်ဆောင်မှုများနှင့် သင်တန်းအစီအစဉ်များနှင့် ကုမ္ပဏီအသစ်များစွာပါဝင်ပြီး စီးပွားရေးနှင့် နည်းပညာတိုးတက်မှုတို့တွင် ရှေ့ဆောင်လမ်းပြဆောင်ရွက်လျက်ရှိသည်။ Tata Group တွင် စက်မှု၊ မော်တော်ယာဉ်၊ စွမ်းအင်၊ နည်းပညာများကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း လေ့လာသိရှိခဲ့ရသည်။
မွမ်ဘိုင်းရုပ်ရှင်မြို့တော်
မွန်းလွဲပိုင်းတွင် မွမ်ဘိုင်းမြို့ ဂိုရီဂွန်အရပ်ရှိ မွမ်ဘိုင်းရုပ်ရှင်မြို့တော် (Mumbai Film City) သို့ သွားရောက်လေ့လာကြသည်။ မွမ်ဘိုင်းရုပ်ရှင်မြို့တော်ကို ၁၉၇၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အိန္ဒိယ၏အကြီးမားဆုံး ရုပ်ရှင်စတူဒီယိုများအနက်မှ တစ်ခုဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးရေးအတွက် လိုအပ်သော အဆောက်အအုံ၊ ပစ္စည်းကိရိယာ အမြောက်အမြားကို ကူညီပေးနိုင်မှုကြောင့် ရုပ်ရှင်ထုတ်လုပ်သူများအတွက် အမှန်တကယ် ကောင်းမွန်သည့်နေရာဖြစ်သည်။ မွမ်ဘိုင်းရုပ်ရှင်မြို့တော်၏ အကြီးမားဆုံး အားသာချက်မှာ မြို့ပြနယ်နိမိတ်ရှိ ဧက ၅၂၀ ကျယ်ဝန်းသည့် အခမ်းအနားနေရာဖြစ်ခြင်းနှင့် အပြင်ဘက်ရိုက်ကွင်း ၄၂ ခု ပါရှိခြင်းဖြစ်သည်။
မဟာရာရှထရာပြည်နယ် ရုပ်ရှင်၊ ပြဇာတ်နှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်း (Maharashtra Film, Stage & Cultural Development Corporation - MFSCDC) က လက်ရှိ အဆောက်အအုံကို နိုင်ငံတကာအဆင့်မီ အနုပညာဖန်တီးရေးအတွက် ထိပ်တန်းအရည်အသွေးရှိသောနေရာအဖြစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် ရည်မှန်းထားသည်။
MFSCDC ၏ ရည်မှန်းချက်မှာ ရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ ကြိုတင်ပြင်ဆင်မှု၊ ထုတ်လုပ်မှု၊ ထုတ်လုပ်ပြီးနောက် ကဏ္ဍများကို အပြည့်အဝ ကူညီပေးနိုင်သည့် တစ်နေရာတည်းတွင် အပြီးသတ် ဖြေရှင်းနိုင်သော နေရာဖန်တီးရန်ဖြစ်သည်။ ထို့အပြင် အိန္ဒိယရုပ်ရှင်ကိုအခြေခံထားသော ခရီးသွား ဆန်းသစ်မှုနှင့် အပန်းဖြေနယ်မြေတစ်ခုအဖြစ်လည်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းထားသည်။ မွမ်ဘိုင်းရုပ်ရှင် မြို့တော်တွင် အိန္ဒိယရုပ်ရှင်၊ ဇာတ်လမ်းတွဲများအပြင် နိုင်ငံတကာရုပ်ရှင်များကိုလည်း ရိုက်ကူးဖန်တီးကြသည်။ ခရီးသွားများအတွက် Film City Tour ကို စီစဉ်ပေးပြီး ရုပ်ရှင်ရိုက်ကွင်းများကို လှည့်လည်လေ့လာနိုင်သည်။ Bollywood ရုပ်ရှင် လောက၏ စိတ်ဝင်စားဖွယ်ရာများကိုလည်း လေ့လာနိုင်သည့်နေရာတစ်ခု ဖြစ်သည်။
အိန္ဒိယ အမျိုးသားငွေပေးချေမှု ကော်ပိုရေးရှင်း
ညနေပိုင်းတွင် အိန္ဒိယအမျိုးသား ငွေပေးချေမှုကော်ပိုရေးရှင်း (National Payments Corporation of India - NPCI) သို့ သွားရောက်လေ့လာကြသည်။ NPCI သည် အိန္ဒိယ ငွေလွှဲငွေပေးချေမှု စနစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အိန္ဒိယဘဏ်များအသင်း (Indian Banks’ Association - IBA) နှင့် အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ NPCI ကို Not for Profit အကျိုးအမြတ်မယူသည့် ကုမ္ပဏီအဖြစ်တည်ထောင်ခဲ့ပြီး အိန္ဒိယဘဏ္ဍာရေးစနစ် တစ်ခုလုံးအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်များကို ကူညီပေးရန်ရည်ရွယ်သည်။ NPCI မှ ထုတ်လုပ်ထားသည့် RuPay သည် အိန္ဒိယအစိုးရပိုင် ငွေပေးချေမှုစနစ်ဖြစ်ပြီး သုံးစွဲသူများ၊ ဘဏ်များနှင့် ကုန်သွယ်မှုစနစ်၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးသည်။ RuPay သည် ဘဏ်များအနေဖြင့် Debit Card, Credit Card နှင့် Prepaid Card များ ထုတ်ပေးနိုင်ရန် ကူညီပေးပြီး လက်လီ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးသည်။ RuPay Card သည် Visa နှင့် Mastercard အစရှိသော နိုင်ငံတကာ ငွေပေးချေမှုကတ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်းသိရသည်။
မမေ့နိုင်စရာ အမှတ်တရခရီးစဉ်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် မွမ်ဘိုင်းမြို့တို့တွင် ခြောက်ရက်ကြာခရီးစဉ်အတွင်း သတင်းမီဒီယာသမားတစ်ဦးအနေဖြင့် အလွန်အဖိုးတန်သော အတွေ့အကြုံသစ်များနှင့် ဗဟုသုတများစွာရရှိခဲ့သည်။ အထူးသဖြင့် ဘုံဘေစတော့အိတ်ချိန်း၊ အိန္ဒိယအမျိုးသား ငွေပေးချေမှုကော်ပိုရေးရှင်း၊ နိုင်ငံတကာ နေစွမ်းအင်မဟာမိတ်၊ Tata Exhibition Center နှင့် မဇဂွန်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းလီမိတက်ကဲ့သို့သော နေရာများကို လေ့လာခွင့်ရရှိခဲ့သောကြောင့် အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေး၊ နည်းပညာနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် တိုးတက်မှုအခြေအနေများကို မြင်တွေ့ခဲ့ရသည်။ အဆိုပါကဏ္ဍများသည် အိန္ဒိယနိုင်ငံ၏ တိုးတက်မှု၊ ဆန်းသစ်မှုနှင့် ကမ္ဘာ့အဆင့်အတန်းတွင် ပါဝင်နေမှုကို အထောက်အကူပြုနေသည့်အချက်များဖြစ်ကြောင်း သက်သေပြလျက်ရှိသည်။ အတိတ်က အခြေအနေများနှင့် မျက်မှောက်ခေတ်အနေအထားများကို ပေါင်းစပ်ပြီး တိုးတက်မှုရရှိနေသည့် အိန္ဒိယနိုင်ငံကို မြင်တွေ့ခွင့်ရရှိခဲ့သည်။ တာ့ဂျ်မဟာ၊ အိန္ဒိယတံခါးပေါက်နှင့် အယ်လဖန်တာဂူများကို သွားရောက်ခွင့်ရရှိခဲ့သောကြောင့် အိန္ဒိယနိုင်ငံ၏ အလွန်ရှေးကျသော အနုပညာလက်ရာများကိုလည်း လေ့လာခွင့်ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်မှုများကိုလည်း မြင်တွေ့ခဲ့ရသည်။
နယူးဒေလီမြို့နှင့် မွမ်ဘိုင်းမြို့တို့ရှိ အနုပညာပြတိုက်များနှင့် မွမ်ဘိုင်းရုပ်ရှင်မြို့တော်တို့ကို သွားရောက်လည်ပတ်ခွင့်ရရှိခဲ့သောကြောင့် အိန္ဒိယနိုင်ငံ၏ သမိုင်းအစဉ်အလာ ကြီးမားသော ယဉ်ကျေးမှု အနုပညာလက်ရာများကိုလည်း လေ့လာခွင့်ရရှိခဲ့ပါသည်။ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးကို ပိုမိုနားလည် သဘောပေါက်လာခြင်း၊ စိတ်ဝင်စားဖွယ် ခရီးသွားအတွေ့အကြုံများ ရရှိခြင်းနှင့် အာဆီယံနိုင်ငံများမှ သတင်းမီဒီယာသမားများနှင့် ရင်းရင်းနှီးနှီးဆက်ဆံခွင့် ရရှိခြင်းတို့သည် အတွေ့အကြုံများစွာရရှိပြီး မမေ့နိုင်စရာ အမှတ်တရခရီးစဉ် တစ်ခုဖြစ်ပါကြောင်း ရေးသားမှတ်တမ်း ပြုလိုက်ရပါသည်။ ။