ဘယ်သူပြိုင်လို့ ကယ်ပါတော့နိုင်
မောင်ငြိမ်းသူ(ကြို့ပင်ကောက်)
ယနေ့စာနယ်ဇင်းလောကတွင် မြန်မာစာ၊ မြန်မာစကားအသုံးအနှုန်းများနှင့်ပတ်သက်၍ အလွန်ပင်လွဲမှားနေကြသည်များကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသောအခါ ရှေ့ရေးအတွက် ရင်လေးနေမိပါသည်။
ကျွန်တော် အမှတ်တရရှိနေခဲ့ပါသည်။ ၂၉-၁၀-၂၀၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံ မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်း တတိယအကြိမ် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကြီးတွင် အသင်းဥက္ကဋ္ဌ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်က မြန်မာစာပေအခြေအနေ နိမ့်ကျပျက်စီး၊ အောက်တန်းရောက်လာမှုနှင့်ပတ်သက်၍ “ဘယ်သူပြိုင်လို့ လှပါတော့နိုင် စကားအစား၊ ဘယ်သူပြိုင်လို့ ကယ်ပါတော့နိုင်လို့ပဲ၊ ရင်ထုမနာ မချိဝေဒနာနဲ့ ကြေညာလိုက်ချင်ကြောင်း” မြန်မာစာပေအတွက် ရတက်မအေး နောင်ရေးတွေးကာ ဝမ်းနည်းကြေကွဲခံပြင်းလွန်းစွာ လှုံ့ဆော်ပြောကြားသွားခဲ့ရာ မြန်မာစာပေချစ်သူများ၏ နှလုံးသားကို တုန်လှုပ်ချောက်ချား၊ အသိသတိရသွားစေခဲ့ပါသည်။
ယနေ့ ဖေ့စ်ဘွတ်၊ အင်တာနက်များတွင် ရေးသားပြောဆို သုံးနှုန်းနေကြသော မြန်မာစာပေ၊ မြန်မာစကားများသည် မြန်မာလူမျိုးများမှ ဟုတ်ပါလေစဟု ဒွိဟသံသယဖြစ်ဖွယ်များက မှိုလိုပေါက် နေကြလေရာ မြန်မာစာပေ၊ မြန်မာစကား၊ မြန်မာဝေါဟာရများ ကြာလျှင်ပျောက်ကွယ်သွားမည်ကိုပင် စိုးကြောက်နေကြရသည့် အခြေအနေသို့ ကျရောက်နေလေပြီ။
ဝေါဟာရများ သတ်မှတ်ထား
စာနယ်ဇင်းများတွင် “ကျောင်းတစ်ခု၊ ဈေးတစ်ခု” ဟု ရေးသားနေကြပါသည်။ မြန်မာစာပေ၊ မြန်မာစကားမှာ ဝေါဟာရကြွယ်ဝလွန်းလှပါသည်။ နေရာဒေသ၊ ပုဂ္ဂိုလ်၊ သက်ရှိသက်မဲ့အမျိုးအစား၊ အဆင့်အတန်းအလိုက် သုံးနှုန်းရမည့် ဝေါဟာရများကို သတ်မှတ်ထားပါသည်။ “ကျောင်းတစ်ခု၊ ဈေးတစ်ခု” အစား “ကျောင်းတစ်ကျောင်း၊ ဈေး တစ်ဈေး” ဟုသာ သုံးနှုန်းသင့်ပါသည်။
ဘုန်းတော်ကြီးတစ်ပါး၊ လူတစ်ယောက်၊ ခွေးတစ်ကောင်၊ ကားတစ်စီး၊ လှေတစ်စင်း စသည်ဖြင့် ထိုက်သင့်သလို အသုံးပြုကြရမည်ကို နားလည်ထားကြပါသည်။ ကျောင်းတစ်ခု၊ ဈေးတစ်ခုဟု လက်လွတ်စပယ် ခပ်လွယ်လွယ် သုံးနှုန်းနေကြသူများသည် မြန်မာစာပေ၊ မြန်မာစကားများကို အလေးမထားကြသူများသာ ဖြစ်ကြပေလိမ့်မည်။
အင်္ဂလိပ်စကား “Yes” ၊ “No” သာရှိသော်လည်း မြန်မာစကားတွင် ဝေါဟာရများစွာ ရှိပါသည်။ အင်္ဂလိပ်စကား “Die” ၊ “Dead” နောက်ဆုံး ဖေ့စ်ဘွတ်စကား R.I.P (Rest In Peace) ဟူ၍ သေဆုံးခြင်းဝေါဟာရသာ ရှိပါသည်။ မြန်မာစာပေ၊ မြန်မာစကားတွင် ‘သေဆုံး’၊ ‘ကွယ်လွန်’၊ ‘အနိစ္စ ရောက်’၊ ‘ဘဝတစ်ပါးသို့ပြောင်း’၊ ‘မပြန်လမ်းသို့ စံမြန်း’၊ ‘မိသားစုကို မျက်ကွယ်ပြုသွား’၊ ‘ကံကုန်’၊ ‘ပျံလွန်တော်မူ’၊ ‘နတ်ရွာစံ’၊ ‘ပရိနိဗ္ဗာန်ပြုသွား’ ဟူသော ဝေါဟာရများစွာ ရှိပါသည်။
ယနေ့ လူပြောများ ခေတ်စားနေသော ‘အရမ်း’ ဟူသောစကားသည် ဣဋ္ဌာရုံစကားမဟုတ်ဘဲ အနိဋ္ဌာရုံစကားဖြစ်နေသည်ကို အသိနည်းနေကြသည်မှာ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် ရင်နာစရာကောင်းလှပါသည်။
ကြော်ငြာတစ်ခုတွင် “အရမ်း...အရမ်း...အရမ်းကို ကောင်းတာပါပဲရှင်” ဟု ပြောဆိုကြေညာခဲ့သည်ကို မြန်မာစာပေ၊ မြန်မာစကား လုံးဝနားမလည်ကြသူများက အဟုတ်ကြီးထင်ပြီး လိုက်ပါရေရွတ် ပြောဆိုကြရင်းက လူအများ၏ ပါးစပ်ဖျားတွင် “အရမ်း” ဟူသော စကားသည် ရေပန်းစား အပြော များလာခဲ့ကြပါသည်။
မြန်မာအဘိဓာန်တွင် “အရမ်း” ဆိုသည်မှာ “မစဉ်းစားမဆင်ခြင်ဘဲ၊ စည်းမဲ့ပြုလုပ်မှု၊ လွန်ကဲစွာ ပိုလွန်စွာပြုမူမှု၊ ‘အရမ်းမဲ့’ အဆင်အခြင်ကင်းမဲ့စွာ ပြုမူမှု” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ရာဇဝတ်မှု၊ ပြစ်မှုများတွင် “အရမ်း” ဟူသည်မှာ “မဆင်မခြင်၊ ပရမ်းပတာ၊ စည်းကမ်းမဲ့စွာပြုလုပ်မှု၊ ဆင်ကန်း တောတိုး ဆိုးသွမ်းရမ်းကားမှုများ” ကို သတ်မှတ်ညွှန်းဆိုထားခြင်းဖြစ်သည်။
“အရမ်းလှတယ်” နှင့် “အလွန်လှတယ်၊ တော်တော်လှတယ်” ဟူသော စကား၏အဓိပ္ပာယ်မှာ လွန်စွာခြားနားနေပါသည်။ “အရမ်းလှတယ်” ဟူသောစကားက စည်းမဲ့ကမ်းမဲ့ ပရမ်းပတာအလှ၊ မောင်နှင့်နှမ၊ သားနှင့်အမိကြည့်လို့မှ မသင့်တော်သော ဝတ်စားဆင်ယင်မှုမျိုးဖြင့် ရိုင်းစိုင်းနေမှုကို ခေါ်ဆိုကြရမည့် အသုံးအနှုန်းဖြစ်သည်။ “အလွန် လှတယ်၊ တော်တော်လှတယ်” ဟူသောစကားက မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ထားသော ဣန္ဒြေရှိသူများကို ခေါ်ဆိုကြရမည့် အသုံး အနှုန်းဖြစ်သည်။
“စ” နှင့် “ဆ” ကို ခွဲခြားနားမလည်
“စ” နှင့် “ဆ” ကို ခွဲခြားနားမလည်သူများကလည်း ဒုနဲ့ဒေး ဖြစ်နေကြပါသည်။ “စဲ” နှင့် “ဆဲ” မတူပါ။ “ရပ်စဲ”၊ “ဆောင်ရွက်ဆဲ”၊ “ဆုံစည်း” နှင့် “ဆုံဆည်း”၊ “ဆွဲဆောင်” နှင့် “စွဲဆောင်”၊ “ကိုင်စွဲ” နှင့် “ကိုင်ဆွဲ” အရေးအသားအသုံးအနှုန်းများ လွဲမှားနေကြပါသည်။ အမှန်မှာ “ဆုံစည်း”၊ “ဆွဲဆောင်”၊ “ကိုင်စွဲ”၊ “စွဲကိုင်” ဖြစ်ပါသည်။
“အဆောက်အဦ” နှင့် “အဆောက်အအုံ” မတူပါ။ နေအိမ်၊ တိုက်တာများကို “အဆောက်အအုံ” ဟု ခေါ်ပြီး အသုံးအဆောင်ပစ္စည်းကို “အဆောက်အဦ” ဟု ခေါ်ပါသည်။ စာနယ်ဇင်းများတွင် ကျောင်း၊ ဆေးရုံ၊ အဆောက်အဦဖွင့်ပွဲဟူ၍ လွဲမှားစွာ သုံးစွဲနေကြပါသည်။ ယနေ့မြင်တွေ့နေကြရသော အမှားများ ဖြစ်ကြပါသည်။ ဗဟုသုတရအောင် ရေးသားဖော်ပြပေးကြစေချင်ပါသည်။
ထွက်ခွာရာကို ညွှန်းဆိုသော “က” နှင့် “မှ”ကို လည်း ခွဲခြားနားလည်မှုမရှိကြတော့ပေ။ “က” က နှုတ်ပြောစကားအရရော၊ အရေးတွင် သုံးနိုင်သည်။ “မှ”ကို အရေးတွင်သာ သုံးနိုင်သည်။ “ဥက္ကဋ္ဌကြီးက” အစား “ဥက္ကဋ္ဌကြီးမှ” ဟု အပြောမှား၊ အရေးမှား နေကြပါသည်။ အပြုခံရသူ “ကို” နှင့် လက်ခံသူ “အား”၊ “နှင့်၊ ဖြင့်၊ ပဲ၊ ဘဲ၊ မီ၊ မှီ၊ ဖူး၊ ဘူး၊ ကာ၊ ခါ၊ ဝိုက်ချ၊ မောက်ချ” စသည့်အမှားများသော ရေးသား နေမှုများ၊ “အခန်းကို အခမ်း၊ မျိုချကို မြိုချ၊ သမက် ကို သားမက်၊ အခမ်းအနားကို အခန်းအနား၊ ခန်းခြောက်ကို ခမ်းခြောက်၊ စွဲလမ်းကို စွဲလန်း၊ ခုတင်ကို ကုတင်၊ ဖြည်းဖြည်းကို ဖြေးဖြေး၊ ယောက်မကို ယောင်းမ၊ နာကျင်ကို နာကြင်၊ ကြင်နာကို ကျင်နာ” စသည်ဖြင့် နေ့စဉ် မှားယွင်းစွာ ရေးသားပြောဆိုနေကြပါသည်။
အင်္ဂလိပ်စာလုံးတစ်လုံး လွဲမှားသွားလျှင် အဓိပ္ပာယ်လွဲမှားသွားတတ်သည်ကို စိုးရိမ်ကြောက်လန့်စွာ သိသိသာသာ ပြောဆိုရေးသား သတိပေးနေကြသော်လည်း မြန်မာစာလုံးတစ်လုံး လွဲမှားသွားလျှင် အရေးမကြီးသည့်သဘောမျိုး၊ မသိမသာမျက်နှာလွှဲနေကြသည်ကိုတော့ ခံပြင်းစရာ ကောင်းလှပါသည်။ “လူပျက်နှင့် လူပြက်၊ ဒုစရိုက်နှင့် သုစရိုက်၊ ပျက်စီးနှင့် ဖျက်ဆီး” အဓိပ္ပာယ်မတူညီပေ။ အဓိပ္ပာယ်မတူညီကြသောကြောင့် အယူအဆလွဲမှားသွားကြလေ့ရှိပါသည်။ လွဲမှားစွာသုံးစွဲမိပါက ဒုက္ခရောက်ရပုံကို “သားရွှေဥ ဆုံးမစာ”တွင် သတိပေးထားပါသည်။
“နေပြည်သာလှ၊ ရွှေအင်းဝ၌၊ သုတမကျွမ်း၊ မသိစွမ်း၍၊ ငွေကြမ်းပိဿာ၊
ဆက်ဘဏ္ဍာဝယ်၊ သိသာစေချင်၊ ကွင်းကွင်းထင်အောင်၊ လိပ်လျှင်ထိုးရာ၊
ထိုသည့်စာ၌၊ ‘က’ မှာပင့်၍၊ မသင့်မနေ၊
‘န’ သတ်ချေသော်၊ ငါ့ငွေတော်ကျန်၊
ပိဿာမှန်လျှင်၊ ရရန်ရှိသေး၊ ယခုပေးဟု၊ မနှေးဆာပူ၊ တောင်းတော်မူ၏”
တောင်ငူရွှေနန်းရှင် ထိပ်တင်ဘုရား ခမည်းတော် သီရိမဟာသီဟသူရဓမ္မရာဇာ အမည်ရှိသော မာရ်အောင်ရတနာ ဒါယကာမင်းတရားကြီး လက်ထက်တွင် အမတ်တစ်ယောက်က ငွေကြမ်း တစ်ပိဿာ ဆက်သသည်တွင် ငွေကြမ်းကို မသတ်၍ အရစ်မရေးဘဲ နသတ်ချေသောကြောင့်“ နင့်ဆီမှာ ငါ့ငွေတော် တစ်ပိဿာ ကျန်သေးသည်” ဟု တောင်းဆိုတော်မူခဲ့သည်။
ထို့ပြင် သာလွန်မင်းကြီးလက်ထက်တွင် မြို့ဝန် ကို နသတ်မရေးဘဲ သေးသေးတင်၍ “မြို့ဝံ” ဟု ရေးမိသောကြောင့် တောဝံဟုဆိုကာ မြိုင်ရပ်သို့နှင်ပြီး ရာဇဝတ်ပြစ်ဒဏ်ပေးခဲ့ဖူးပါသည်။ သားရွှေဥ ဆုံးမစာပါ ပြစ်ဒဏ်အရသာ ယနေ့ခေတ်တွင် ခေတ်ကာလနှင့်အညီ ပြစ်ဒဏ်ပေးမည်ဆိုပါက ပြစ်ဒဏ်ကျခံရမည့်သူပေါင်း မြောက်မြားစွာ ပေါ်ထွက်လာမည်မှာမလွဲပေ။
နိုင်ငံခြားစာပေများတွင် ၎င်းတို့လူမျိုးအလိုက် သူ့စကား၊ သူ့စာ၊ သူ့ထုံးရှိနေသကဲ့သို့ မြန်မာလူမျိုး များအနေဖြင့်လည်း မြန်မာစကား၊ မြန်မာစာ၊ မြန်မာစာရေးထုံး ရှိနေသည်ကို မြန်မာလူမျိုးတိုင်း သတိပြုကြစေချင်ပါသည်။
“စာရေးဆရာကြီး မောင်ထင်” က “စာရေးရာတွင် ဝေါဟာရသည် အခရာဖြစ်၏။ ဝေါဟာရ အကြောင်းမသိဘဲ၊ အရမ်းကာရော ခိုင်းစေသည်ရှိသော် စေခိုင်းခြင်းခံရသူဝေါဟာရသည် စေခိုင်းသူကို ဖီဆန်လာမည်ဖြစ်သည်။ ထိုအခါမျိုး၌ မုန့်ပျား သလက်အကြောင်း ရေးနေသော်လည်း မုန်လာဥ ဖြစ်ချင်ဖြစ်သွားနိုင်သည်” ဟု လမ်းညွှန်ခဲ့ပါသည်။
အခြေခံမဏ္ဍိုင်ကြီးလေးရပ်
ရေးထုံးနှင့် ဝေါဟာရမှန်ပါမှ ဝါကျလည်းမှန် စာလည်းချောပါမည်။ မြန်မာစာကို ကောင်းမွန်စွာ ရေးတတ် ဖတ်တတ်ရေးတွင် အခြေခံမဏ္ဍိုင်ကြီးလေးရပ်ရှိပါသည်။ အခြေခံမဏ္ဍိုင်ကြီး လေးရပ်မှာ (၁) သဒ္ဒါ၊ (၂) အဘိဓာန်၊ (၃) ဆန်းနှင့် (၄)အလင်္ကာ ဟူ၍ဖြစ်သည်။ “သဒ္ဒါ” ဟူသည်မှာ ဝါကျ တည်ဆောက်ရာ၌ ကတ္တား၊ ကံ၊ ကြိယာ၊ နာမဝိသေသန၊ ကြိယာဝိသေသန အထားအသို မှန်ကန်ရေးအတွက် လိုက်နာရမည့် စည်းကမ်းဖြစ်သည်။ “အဘိဓာန်” ဟူသည်မှာ ဝေါဟာရစာလုံး၏ အဓိပ္ပာယ်ကို ပင်မအရင်းအမြစ်မှအစပြု၍ သိနားလည်သဘောပေါက်စေရန်အတွက် ဖြစ်သည်။ “ဆန်း” ဟူသည်မှာ ကဗျာ၊ အလင်္ကာ၊ တေးထပ်၊ ရတု၊ ရကန်၊ မော်ကွန်း၊ အိုင်ချင်း စသည်များ ရေးသားရန်အတွက်ဖြစ်သည်။ “အလင်္ကာ” ဟူသည်မှာ ဂုဏ်ရသမြောက်အောင် သီကုံးဖွဲ့နွဲ့ရေးသားရန် ဖြစ်သည်။
အဆိုပါ မဏ္ဍိုင်ကြီးလေးရပ်ထဲတွင် “သဒ္ဒါ” နှင့် “အဘိဓာန်”သည် အရေးပါဆုံးဖြစ်သည်။ အကြောင်းမှာမူ သဒ္ဒါမတတ်ဘဲ၊ အဘိဓာန်ကိုနားမလည်ဘဲ မြန်မာစာကို ရေးသားနေကြပါက ထော်လော် ကန့်လန့်၊ ခိုးလိုးခုလု၊ အဖုအထစ်ဗရပျစ်စာပဲ ဖြစ်နေကြပေလိမ့်မည်။ (ဥပမာ) ကျောင်းတစ်ခု၊ ဈေးတစ်ခု၊ ကားတစ်ခု၊ နွားတစ်ခု အရေးအသားမျိုးဖြစ်သည်။
ထိုအမှားထက် ပို၍မှားသည့်ဖြစ်ရပ်က သတ်ပုံ အမှားပင်ဖြစ်သည်။ သတ်ပုံအမှားနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်ကစပြီး အငြင်းပွားခဲ့ကြသည်။ အထူးသဖြင့် ပုဂံခေတ်တွင် ရာဇကုမာရလက်ထက်၌ စတင်ခဲ့သော စာပေရေးထုံးတိုက်ပွဲသည် ကျစွာမင်းကြီးလက်ထက်တွင် ပိုမိုပြင်းထန်ခဲ့သည်။ ဘုရားရှိခိုး နမောဗုဒ္ဓါယနှင့် နမောဗုဒ္ဓဿရေးထုံးကို အကြောင်းပြု၍ အငြင်းအခုံ ပြဿနာဖြစ်ပွားခဲ့ကြရာ ယနေ့တိုင်အောင် ပုဂံကျောက်စာများ၌ ရေးထုံး ကွဲပြားနေဆဲပင်ဖြစ်သည်။
သတ်ပုံသတ်ညွှန်း ရေးထုံးမှန်အတိုင်း ရေးကြစေရေး
ထုံးလည်းရ၊ စံလည်းမီ၊ သက်သေလည်းရှိ၊ သဘောလည်းမိသည့် သတ်ပုံသတ်ညွှန်းရေးထုံး မှန်အတိုင်း ရေးကြစေရေးအတွက် “ရေးထုံးအစဉ်၊ ပျက်ယွင်းလျှင်၊ အခေါ်သညာ၊ အမှတ်အသား၊ ပျက်ယွင်းရာသည်။ အခေါ်သညာ၊ အမှတ်အသား ပျက်ယွင်းလျှင်လည်း၊ အနက်အဓိပ္ပာယ် ဝတ္ထုတရားကိုယ်၊ ကွဲလွဲဖောက်ပြန်ရသည်။ အနက်အဓိပ္ပာယ် ကွဲလွဲဖောက်ပြန်လျှင်လည်း တရား ကျမ်းဂန် လမ်းမှန်မကျ တိမ်းယိမ်းသွေကွက်ရာသည်။ တရားကျမ်းဂန် လမ်းမှန်မျက်တိမ်း ယိမ်းသွေ ကွက်လျှင်လည်း သာသနာတော်သုံးပါး အရင်းပင်မ မူလဘူတဖြစ်သော ပရိယတ္တိဓမ္မ ကွယ်ပဆုတ်ယုတ်ရာသည်။ ပရိယတ္တိဓမ္မ ကွယ်ပဆုတ်ယုတ်လျှင်လည်း၊ သာသနာတော်ကိုမှီကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အယူအကျင့် ပျက်ယွင်း၍ ဆင်းရဲကြီးစွာ ရောက်ရာသည်ဖြစ်သည်”ဟု ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားထုတ်ပြန်သည့် အမိန့်တော် တစ်ရပ်ကို ၁၁၄၇ ခုနှစ်၊ နတ်တော်လဆန်း (၁၃) ရက်နေ့တွင် နာခံတော်ဇေယျနော်ရထာအား ပြန်ဆိုခဲ့ကြောင်း ဦးသာမြတ်၏ မြန်မာရေးထုံးကျမ်းတွင် ဖော်ပြထားပါသည်။ ဤသည်မှာ ရှေးခေတ်က မြန်မာစာပေအပေါ် အလေးထားမှု သာဓကတစ်ရပ်ပင် ဖြစ်ပါသည်။
သည်ဘက်ခေတ်တွင် ၂-၁၂-၆၃ ရက်နေ့က မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ဖွဲ့စည်းပေးပြီး “အစိုးရရုံးသုံး မြန်မာစာရေးထုံး ကျမ်းတစ်စောင်”ပေါ်ထွက်ရေးကို တွန်းအားပေး ခဲ့သည်။ ၂၅-၄-၆၄ ရက်နေ့တွင် အဘိဓာန်နှင့် ရေးထုံးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် မြန်မာစာပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို “မြန်မာစာကော်မရှင်” ဟူ၍ ပြန်လည် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အဘိဓာန်နှင့် ရေးထုံးကော်မတီက ပြုစုခဲ့သော မြန်မာရေးထုံးကျမ်းကို ပြန်လည်စိစစ်ရန်အတွက် “မြန်မာစာကော်မရှင် မြန်မာရေးထုံးကျမ်း ပြန်လည်စိစစ်ပြုပြင်ရေးအဖွဲ့” ကို ဖွဲ့စည်းပေးခဲ့သည်။ ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ယနေ့လက်ရှိ သုံးစွဲနေကြသော စုစုပေါင်းရေးထုံး ၁၁၄၉၆ လုံးပါဝင်သည့် “မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း” ကို မြန်မာစာအဖွဲ့က ထုတ်ဝေဖြန့်ချိခဲ့သည်။ မြန်မာစာ အဖွဲ့ကပင် “မြန်မာစာ၊ မြန်မာစကား” စာအုပ်ကို ထုတ်ဝေခဲ့ရာ လူကြိုက်များသောကြောင့် ၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် တတိယအကြိမ်အဖြစ် စာအုပ်ရေ ၂၀ဝ၀ဝ ရိုက်နှိပ်ထုတ်ဝေခဲ့ရပါသည်။ သတ်ပုံရော၊ အဓိပ္ပာယ်ပါ၊ ပြည့်စုံစွာပါဝင်သော “မြန်မာအဘိဓာန်” ကို ၁၉၉၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂၀ဝ၈ ခုနှစ်တွင် ထပ်မံဖြည့်ဆည်းကာ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေထားပါသည်။
ရေရှည်အရေးကို အလေးထားကြစေချင်
သို့သော် မြန်မာစာ၊ မြန်မာစကားကို အလေးမထားကြသောကြောင့် အရိုးကိုအရွက်ဖုံးနေလေရာ ရေးထုံးတွေပျောက်၊ အောက်တန်းသို့ ရောက်သွားကြပေလိမ့်မည်။ “အမှားကြာလျှင် အမှန်ထင်၊ ပြန်ပြင်မရ လူ့လောက” ဟု “ဆရာကြီး ဦးသုခ” ဆိုဆုံးမခဲ့သလို ဖြစ်နေလေရာ “မြန်မာစာ၊ မြန်မာ စကား” ၏ ရေရှည်အရေးကို အလေးထားကြစေချင်ပါသည်။ ရုပ်ရှင်ဗီဒီယိုဇာတ်ကားအချို့၏ နှစ်ခွတွေးရသော၊ ယုတ်ညံ့ရိုင်းစိုင်းသော ဗန်းစကားများကို မြန်မာစာ မြန်မာစကားချစ်သူတိုင်းက တားဆီးကာကွယ် ဝိုင်းပယ်ရှုတ်ချကြစေချင်ပါသည်။
“မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား” ဟူသော ကြွေးကြော်သံကို ပြန်လည်ဖော်ထုတ်ကာ နိမ့်ကျပျက်စီးနေသော၊ အဖျက်ဆီးခံနေရသော “မြန်မာစာ၊ မြန်မာစကား” ကို မြန်မာတိုင်းက ကယ်တင်စောင့်ရှောက်ကြစေချင်ပါသည်။ ကယ်တင်နိုင်မည့်သူများမှာ မြန်မာစာကို ချစ်ကြသူများသာ ဖြစ်ကြပါသည်။
သို့ဖြစ်ရာ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း” ၏ သြဝါဒကထာ ကဗျာလေးချိုးကြီးထဲမှ ကိုယ့်ဘာသာ ကိုယ့်စာပေကို မချစ်ကြလျှင် နစ်မွန်းရမည့်အကြောင်း၊ အဖေရင်းကိုပစ်ပြီး ပထွေးကို ဖအေထင်သော ဂွကောင်ကလေးများအကြောင်း လေးချိုးကြီးပါ သြဝါဒလေးဖြင့် အလွယ်လိုက်သော ငပျင်းများ၊ စာပေလမ်းသရဲ၊ စာပေလမ်းဘီလူးများကို အသိသတိပေး နှိုးဆော်လိုက်ရပါသည်…
“တို့ဗမာမှာ တို့သာသနာခေတ်ကယ်နှင့်
တို့ဘာသာတို့စာ မချစ်လျှင်ဖြင့်
တို့သာလို့နစ်ပေမည့် အမြစ်အန္တရာယ်။
(သြော်) ဂွကျကျကလေးတွေရဲ့
အစစတွေးပါအုံး
အဖနှင့်မွေးရက်ကနှင့်
ဘဒွေးဖအေထင်သို့”
“မြန်မာစစ်လျှင် မြန်မာစာ၊ မြန်မာစကားကို ချစ်ကြပါ၊ စောင့်ရှောက်ကြပါ”