Skip to main content

စွယ်စုံဗဟုသုတဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့

စံမြတ်ဘုန်း(စစ်ကိုင်း)

စာဖတ်ခြင်းဖြင့် သိလိုရာကို စူးစမ်းရှာဖွေနိုင်သည်။ ဘဝမြင့်မားတိုးတက်လိုစိတ်ရှိသူတိုင်း စာဖတ်ကြသည်။ စာအုပ်စာပေ လူ့မိတ်ဆွေဟုပင် ရည်ညွှန်းထားသဖြင့် စာဖတ်ခြင်းသည် ဘဝ၏လက်တွဲဖော်၊ တိုင်ပင်ဖော်မိတ်ဆွေဟု သတ်မှတ်ရမည်ဖြစ်သည်။ စာဖတ်ခြင်းကို ကလေးဘဝမှစ၍ လေ့ကျင့်ပျိုးထောင်သင့်ပြီး စာဖတ်၍စာတတ်သော လူ့အသိုင်းအဝိုင်းတစ်ခုကို ထူထောင်ကြရမည်ဖြစ်သည်။ ကမ္ဘာပတ်စရာမလို စာဖတ်ဖို့သာလိုသည်။ စာဖတ်ရှိန်မြင့်မားမှုအလိုက် စဉ်းစားနိုင်စွမ်းအားများ တိုးတက်လာမည်ဖြစ်သည်။ အသိဉာဏ်ပညာများ ပိုမိုချဲ့ထွင်လာနိုင်သည်။ ယဉ်ကျေးသော အသိုက်အဝန်းနှင့် နီးကပ်စွာ ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ အဆိုးမှ အကောင်းဘက်သို့ ကူးပြောင်းနိုင်စွမ်းရှိသလို သူတစ်ပါး၏ လိမ်ညာလှည့်ဖြားမှုကိုလည်း ကောင်းစွာကာကွယ်နိုင်သည်။

အမှန်တရားဘက်မှ ရပ်တည်

သတ္တဝါအားလုံးထဲတွင် လူသည် အသိဉာဏ် အထက်မြက်ဆုံးဖြစ်သည်။ အသိဉာဏ်ကို သတိပညာဖြင့် တည်ဆောက်ရလေ့ရှိပြီး ပညာကကမ္ဘာကို အုပ်စိုးနိုင်စွမ်းရှိပေသည်။ ပညာပြည့်ဝနှလုံးလှ ဆိုစကားအတိုင်း ပညာပြည့်ဝသူတစ်ယောက်၏ နှလုံးသားသည် ချင့်ချိန်နိုင်စွမ်းအား မြင့်မားသော ကြောင့် လှနေသည်။ ပြဿနာတစ်ရပ်ကို အသိဉာဏ်ပြည့်ဝစွာဖြင့် စဉ်းစားတွေးခေါ်သည်။ အမှားနည်းသော ဆုံးဖြတ်ချက်ဖြင့် အမှန်တရားဘက်မှ ရပ်တည်ပေးသည်။

အဆင့်အတန်းမြင့်မားသော ဘဝတစ်ခုရရှိရေး စာကောင်းပေမွန်သည် အလိုအပ်ဆုံးဖြစ်သည်။ စာပေစတင်ဖတ်ရှုရာတွင် စာပေအမျိုးအစားများစွာရှိသည့်အနက် သုတ၊ ရသကို မျှတစွာ ဖတ်ရှု သင့်သကဲ့သို့ စိတ်အာဟာရပြည့်ဝမှုကို ပေးစွမ်းသည့် စာအုပ်စာပေများကိုလည်း လေ့လာရမည်ဖြစ်သည်။ စာဖတ်စွမ်းအားမြင့်မားလာလျှင် မိမိမည်သည့် စာအုပ်မျိုးဖတ်ရှုရမည်ကို ရွေးချယ်တတ်လာပြီး မည်သည့်စာအုပ်များသည် မိမိအတွက် အကျိုးများစွာရှိသည်ကို ခွဲခြားသိရှိလာမည်။ စာအုပ်စာပေမှ ပညာဗဟုသုတကြွယ်ဝခြင်း၊ အတွေးအခေါ်ရင့်သန် ခြင်းအစရှိသော အကျိုးကျေးဇူးများကို ခံစားရရှိစေနိုင်သည်။ ဦးနှောက်၏ ဖြန့်ကြက်နိုင်စွမ်းအား တိုးပွားစေပြီး အတွေးအခေါ်များ ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။ စာဖတ်ခြင်းသည် ခရီးတစ်ခု အတူသွားခြင်းနှင့်ဆင်တူသည်။ အလားတူ အခက်အခဲတစ်ခုကို ကူညီဖြေရှင်းပေးသည့် မိတ်ဆွေတစ်ဦးပမာ မှတ်ယူရသည်။

စာပေ၏တန်ခိုးသတ္တိက လွန်စွာကြီးမားလှသည်။ မိမိ၏ မှေးမှိန်နေသော ဇွဲ လုံ့လ ဝီရိယကို နိုးထစေသကဲ့သို့ စိတ်ဓာတ်ကြမ်းတမ်းသူ တစ်ယောက်ကို နူးညံ့ယဉ်ကျေးသိမ်မွေ့စေနိုင်သည်။ သနားကြင်နာစိတ်၊ ညှာတာစိတ်များ ရှင်သန်ကြီးထွားစေနိုင်သည်။ အဆိုးနှင့်အကောင်းကို သရုပ်ခွဲခြား ချိန်ဆတတ်စေသည်။ ဒေါသဦးဆောင် ရမည့်နေရာတွင် သည်းခံခြင်းကို အစားထိုးပေးနိုင် သည်။ အနှစ်သာရပြည့်ဝသည့် စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ရှုလေ့လာလျက် လူ့ဘဝ များစွာကို စာနာနားလည်လာမည်ဖြစ်သည်။

အတွေးလှသလောက် စိတ်ကူးပုံဖော်ရေးသားမှုတို့မှာလည်း လက်ရာမြောက်

စာရေးသူတစ်ယောက်သည် စိတ်ကောင်းနှလုံးကောင်းဖြင့် စာရေးကြရပေသည်။ စာရေးသူ၏ အတွေးလှသလောက် စိတ်ကူးပုံဖော်ရေးသားမှုတို့မှာလည်း လက်ရာမြောက် အသက်ဝင်စမြဲဖြစ် သည်။ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် အစရှိသော အနုစိတ် ဖန်တီးမှုလက်ရာများသည် စာရေးသူတစ်ယောက်၏ အတွေးအမြင် ဖြန့်ကြက်မှုမှတစ်ဆင့် ဖြစ်ပေါ်လာသော အတွေးပုံရိပ်များဖြစ်ပေသည်။ ထိုအတွေးပုံရိပ်များထဲတွင် စာရေးသူ၏ စေတနာပါဝင်သည်။ အချစ်နှင့်အမုန်း၊ အမှားနှင့်အမှန်၊ အဖြူနှင့်အမည်း သဲကွဲစေမည့် ဘဝသင်ခန်းစာများစွာကိုလည်း ထည့်သွင်းရေးသားထားသည်။ ဘဝဒဏ်ရာ အနာတရကို စာတစ်ကြောင်းဖြစ်အောင် ရေးဖွဲ့ပြီး စာဖတ်သူ၏ဘဝတစ်ခုလုံးကို သိမ်မွေ့သွားစေနိုင်သည်။ အကျင့်ဆိုးတစ်ခုကိုလည်း ချေဖျက်ပစ်နိုင် သည်။

ကာတွန်း၊ ပုံပြင်၊ ဝတ္ထုများတွင် မှန်ကန်သော အတွေးအမြင်ဖြစ်ပေါ်လာစေရန် မီးမောင်းထိုးပြ ထားပေသည်။ လမ်းမလွဲဖို့ လမ်းညွှန်ပေးသည်။ ဘဝကို မည်ကဲ့သို့ တည်ဆောက်ကြမည်နည်း။ နေ့စဉ်ဘဝ စိတ်ဓာတ်တက်ကြွရေး မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်း။ နှလုံးသားကို ပိုမိုနူးညံ့ လာအောင် မည်ကဲ့သို့ဆောင်ရွက်ရမည်နည်း။ လောကဓံ၏မေးခွန်းများကို ဦးနှောက်ကဖြေဆိုပြီး လက်တွေ့ကျကျ စာမေးပွဲအစစ်ခံနိုင်သည်အထိ စာပေအကျိုးခံစားကြရမည်ဖြစ်သည်။ လက်တွေ့နှင့် စိတ်ကူးယဉ် ဘဝနှစ်ခု၏ ကွာဟချက်ကိုလည်း လှစ်ဟပြသပေးမည်ဖြစ်သည်။

စာဖတ်ကြည့်ပါ

လောကတွင် အမြင်မတူ အတူမမြင်နိုင်သည့် အခြေအနေကို ကျော်လွှားနိုင်ရေးအတွက် စာဖတ်ခြင်း ကို ဘဝထဲသို့ ဖိတ်ခေါ်ရမည်ဖြစ်သည်။ နိမ့်ကျသော အတွေးအခေါ်များ ပယ်ဖျောက်ရေး စာဖတ်ပေးဖို့ လိုပေသည်။ စာဖတ်ကြည့်ပါ။ တွေ့မြင်နေကျ အခြေအနေမှ ခွဲထွက်လာသော အတွေးအမြင်သစ် အဖြစ် ရုတ်ခြည်းပြောင်းလဲသွားစေမည်ဖြစ်သည်။ လူ့ပတ်ဝန်းကျင်ကောင်းဖြစ်စေရေး စာအုပ်စာပေ ဖတ်ရှုပေးဟူသော နှိုးဆော်သံဖြင့် စာဖတ်ခြင်းဓလေ့ ထွန်းကားစေမှုနှင့်အတူ အဆင့်အတန်းမြင့်မားသော အတွေးအမြင်များကို ဖော်ထုတ်ပေးကြရမည်ဖြစ်သည်။ လူ့အသိဉာဏ်နှင့် စဉ်းစားတွေးခေါ်နိုင် စွမ်းအားအလိုက် အရာအားလုံးကို ဖန်တီးနိုင်စွမ်းရှိသဖြင့် ဦးနှောက်အာဟာရပြည့်ဝစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုရမည်ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေယဉ်ကျေးမှုထွန်းကားခြင်းသည် တိုက်ရိုက်အချိုးညီမျှသဖြင့် နိုင်ငံတော် အစိုးရကလည်း ကလေးစာပေပွဲတော်များ၊ စာအုပ်ဈေးရောင်းပွဲတော်များနှင့် လက်လှမ်းမီဖတ်ရှုနိုင် မည့် စာကြည့်တိုက်များ၊ စာရေးသူနှင့်စာဖတ်သူများပါဝင်သော စာဖတ်ဝိုင်းများကို ပိုမိုလှုပ်ရှား ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုကဲ့သို့ နိုင်ငံတော်အစိုးရက စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုသုတတိုးပွားရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူများအနေဖြင့်လည်း မျက်စိကောင်းတုန်း စာဖတ်ရမည်ဖြစ်သည်။ နားကောင်းတုန်း နှလုံးသားအာဟာရ ဗဟုသုတများ စုဆောင်းထားသင့် သည်။ စာပေမြင့်မှ လူမျိုးတင့်မည်ဟူသော ဆိုစကားနှင့် စာအုပ်စာပေ၏တန်ဖိုးကို ထိန်းသိမ်း သွားကြရမည်ဖြစ်သည်။ စာဖတ်အားနည်းလာမှု ကိုပြဆိုသော အခြေအနေများကို စာချစ်သူတစ်ရပ် လုံးက စာဖတ်ရှိန်မြင့်တက်ရေး၊ ပြန်လည်ဦးမော့လာစေရေး အလေးထားစွမ်းဆောင်ကြရမည် ဖြစ်သည်။ ရေးသူ၊ ဖတ်သူ အားပြိုင်မှုရှိမှသာ မဂ္ဂဇင်း၊ စာစောင်များ ရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်။ စာပေချစ်သူများအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာပေများကို ထိန်းသိမ်းရင်းစာဖတ်၊ စာဖတ်ရင်း ထိန်းသိမ်းကြမည်ဆိုပါက စာဖတ်၊ စာတတ်သူများ၏ စာရွက်လှန်သံများ တစ်ကျော့ပြန်လည်နိုးထလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။