ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုမြှင့်တင်ရေးဆီသို့ …
ဒေါက်တာအောင်နိုင်ဦး(ငါးဦးစီး)
မြန်မာနိုင်ငံသည် ရေချိုပိုင်း၊ ရေငန်ပိုင်းနှင့် ရေချိုရေငန်စပ်ဒေသဖြစ်သော မြစ်ဝကျွန်းပေါ်ဒေသများ၌ ရေသယံဇာတအမယ်စုံ ပေါများစွာတည်ရှိသော နိုင်ငံဖြစ်ပြီး ငါး/ပုစွန်/ကဏန်း အစရှိသည့် ရေထွက်ကုန်ပစ္စည်းများစွာ မွေးမြူထုတ်လုပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ရေသတ္တဝါမွေးမြူထုတ်လုပ်ခြင်းအား မြေသားကန်ဖြင့် အဓိကမွေးမြူထုတ်လုပ် ခြင်းဖြစ်ပါသည်။ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းတွင် ရေချိုငါးမွေးမြူရေးလုပ်ငန်းအား ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ ကိန်းဂဏန်းအရ ငါးမွေးကန်ဧရိယာ ၃၃၀၇၀၆ ဒသမ ၁၆၁ ဧကဖြင့် မွေးမြူထုတ်လုပ်လျက်ရှိပြီး ရေချို/ ရေငန် ပုစွန် မွေးမြူရေးလုပ်ငန်းကို ပုစွန်မွေးကန်ဧက ၁၃၈၃၀၀ ဒသမ ၀၂၀ နှင့် ကဏန်းမွေးမြူခြင်းလုပ်ငန်းအား မွေးကန်ဧရိယာ ဧက ၂၄၉၁ ဒသမ ၅၇၀ ဖြင့် မွေးမြူ ထုတ်လုပ်လျက်ရှိပါသည်။
အခွင့်အလမ်းများစွာရှိ
ငါး/ပုစွန် မွေးမြူခြင်းလုပ်ငန်းကို ပုဂ္ဂလိကကဏ္ဍဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းအား စနစ်တကျ စီမံကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက်ခြင်းနှင့် နည်းပညာများပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ ရေသတ္တဝါမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသုံးသပ်ပါက ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် ပိုမိုဖွံ့ဖြိုးပြီး ပမာဏအားဖြင့် ထုတ်လုပ်မှုများပြား၍ ရေငန်ငါး/ပုစွန် မွေးမြူရေးလုပ်ငန်းမှာ ဖွံ့ဖြိုးမှုနည်းပါးသေးသည်ကို တွေ့ရှိရပါသည်။ ငါးမွေးမြူရေးလုပ်ငန်း ထပ်မံတိုးချဲ့ရေးအတွက် မြေယာအသုံးချမှု၌ အကန့်အသတ်များရှိလာသဖြင့် လက်ရှိ မွေးမြူထုတ်လုပ်နေသော ဧရိယာများ၌ ထုတ်လုပ်မှုစွမ်းအားများ တိုးမြှင့်လာရန် မွေးမြူနည်းစနစ်ပြောင်းလဲခြင်း၊ သဘာဝရေပြင် မြစ်၊ ချောင်းများ၊ ဆည်၊ ရေလှောင်တမံများနှင့် ပင်လယ်ပြင်တို့၌ လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၊ ပင်လယ် ကြမ်းပြင်နှင့် ပင်လယ်ပြင်၌ ကမာ၊ ရေမှော် စသည့်တို့အား တန်းချမွေးမြူခြင်းတို့ ဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိနေပါသည်။
မြန်မာနိုင်ငံ၌ ငါးမွေးမြူရေးလုပ်ငန်းကို ၁၉၅၃ ခုနှစ် ဝန်းကျင်တွင် တီလားပီးယား (Tilapia mossambicus) နှင့် ရွှေဝါငါးကြင်း (Common Carp) မွေးမြူခြင်းဖြင့် စတင်ခဲ့ရာ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုကြောင့် ငါးမွေးမြူသူများ အတွက် ခိုင်မာသော အကျိုးစီးပွားဖြစ်ထွန်းစေမည့် အခွင့်အလမ်းများရရှိလာပြီး ရေချိုငါးမွေးမြူကန် ဧရိယာ နှစ်စဉ်ဖွံ့ဖြိုးလာကြောင်း တွေ့ရှိရပါသည်။ ရေချိုငါးမွေးမြူရေးလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် အဓိကမွေးမြူလုပ်ကိုင်ကြပြီး ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ ငါးတန်၊ ငါးခုံးမကြီး၊ ရေချိုငါးမုတ်၊ တီလားပီးယား၊ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း၊ ငွေရောင်ငါးကြင်း စသည့် ငါးမျိုးစိတ် ၁၀ မျိုးကို စီးပွားဖြစ်မွေးမြူထုပ်လုပ်လျက်ရှိပါသည်။
ငါးမြစ်ချင်းငါးမျိုးသည် ရေချိုငါးမွေးမြူသူ အများဆုံးမွေးမြူကြပြီး ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းကျော်မှာ ငါးမြစ်ချင်းငါးမျိုးဖြစ်ပါသည်။ အခြားအဓိက စီးပွားဖြစ်မွေးမြူကြသည့် ငါးမျိုးများ မှာ ငါးတန် ၁၅ ရာခိုင်နှုန်း၊ ရေချိုငါးမုတ် ၇ ရာခိုင်နှုန်းနှင့် ငါးကြင်းဖြူ ၄ ရာခိုင်နှုန်းတို့ ဖြစ်ပါသည်။ ကျန်ရှိသော အခြားမွေးမြူရေးငါးများဖြစ်သည့် ငါးသိုင်းခေါင်းပွ၊ တီလားပီးယား၊ ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမ၊ မြက်စားငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငါးပြေမ၊ ငါးခူ၊ ငါးရံ့၊ ကကတစ်တို့ကို မွေးမြူသည့် ပမာဏအားဖြင့် ၉ ရာခိုင်နှုန်း မွေးမြူကြကြောင်း လေ့လာသိရှိရပါသည်။
နေ့စဉ်ထုတ်လုပ်မှုအခြေအနေ
မွေးမြူရေးငါး နေ့စဉ်ထုတ်လုပ်မှု အခြေအနေ အရ ဖမ်းဆီးဖော်ယူသည့် ငါးပိဿာချိန် ၆၅၀၀၀၀ ရှိပြီး နေ့စဉ် ပြည်ပတင်ပို့သည့် ငါးပိဿာချိန် ၁၅၀၀၀၀ ရှိ၍ ပြည်တွင်းစားသုံးမှုမှာ ပိဿာ ၅၀၀၀၀၀ ရှိပါသည်။ အဓိကမွေးမြူရေးငါးများတင်ပို့သည့် ရန်ကုန်ဈေးကွက်သို့ နေ့စဉ် မွေးမြူရေး ငါးကုန်တက်စာရင်းမှာ ကြည့်မြင်တိုင်စံပြငါးဈေးသို့ ပိဿာ ၃၅၀၀၀၀၊ ရွှေပိတောက် ငါးဈေးသို့ ပိဿာ ၅၀၀၀၀၊ ငွေပင်လယ်ငါးဈေးသို့ ပိဿာ ၅၀၀၀၀၊ စက်ရုံသို့ တိုက်ရိုက်တင်ပို့မှုမှာ ပိဿာ ၃၀၀၀၀ နှင့် နယ်မြို့များသို့ ပိဿာ ၁၇၀၀၀၀ တင်ပို့လျက်ရှိပါ သည်။
အာဆီယံဒေသတွင်း နိုင်ငံများအကြားတွင်လည်း မြန်မာနိုင်ငံသည် ငါးမြစ်ချင်းငါးပမာဏ များစွာထုတ်လုပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုထားပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း မြန်မာနိုင်ငံမှတင်ပို့သော ငါးများသည် အရွယ်ကြီး သော ငါးမြစ်ချင်းငါးများဖြစ်ကြောင်း အသိအမှတ် ပြုကြပါသည်။ ငါးမြစ်ချင်းမွေးမြူထုတ်လုပ်နိုင်မှု ကိန်းဂဏန်းဖြင့်ပင်၂၀၁၈ ခုနှစ် FAO ကိန်းဂဏန်း အရ ကမ္ဘာ့ရေသတ္တဝါ မွေးမြူထုတ်လုပ်သည့် ထိပ်တန်း ၁၀ နိုင်ငံတွင် အဆင့် ၉ ဖြင့် မှတ်တမ်း တင်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ရေချိုငါးမွေးမြူထုတ်လုပ်မှုသည် အဆင့်၇ ချိတ်နိုင် ခဲ့ပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ရေချိုငါးမွေးမြူထုတ်လုပ်မှုကဏ္ဍ၌ မျိုးစိတ်အားဖြင့် ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်းငါးမျိုး ထုတ်လုပ်မှုသည် အများဆုံးဖြစ်ပြီး ဒုတိယလိုက်သော မျိုးစိတ်မှာ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွနှင့် ငါးကြင်းငါးမျိုးပါဝင်သည့် အိန္ဒိယငါးကြင်းအုပ်စု၏ ထုတ်လုပ်မှုဖြစ်ပါသည်။
စားနပ်ရိက္ခာဖူလုံရေး
ရေချိုငါးမွေးမြူထုတ်လုပ်မှုသည် စားနပ်ရိက္ခာဖူလုံရေး (Food Security) အတွက် ပြည်တွင်း စားသုံးမှုကို ဖူလုံစေသည်သာမက ပိုလျှံသည်များကို ပြည်ပပို့ကုန်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးသို့ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ် ကိန်းဂဏန်းအရ ရေသတ္တဝါ မွေးမြူထုတ်လုပ်မှု၏ ၅ ဒသမ ၆၁ ရာခိုင်နှုန်းခန့်သည် ပြည်ပတင်ပို့မှုဖြစ်ပြီး ပြည်တွင်းစားသုံးမှုမှာ ၉၅ ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ငါးစားသုံးမှုနှုန်းသည် ၂၀၁၀ ပြည့်နှစ်စာရင်းအရ ၂၀ ဒသမ ၇၂ ကီလိုဂရမ်ဖြစ်ပါသည်။ ငါးမွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ငါးထုတ်ကုန်များ စားသုံးမှုသည် မြေနိမ့်ပိုင်းဒေသတွင် အများဆုံးဖြစ်ပြီး လူတစ်ဦးချင်းအနေဖြင့် တစ်နှစ်လျှင် ၅ ဒသမ ၅ ကီလိုဂရမ် စားသုံးကြောင်း သိရှိရပါသည်။ အဆိုပါ သတင်းအချက်အလက်အရ မြန်မာပြည်သူများ၏ စားရေ ရိက္ခာဖူလုံရေးနှင့် ငါးအာဟာရဓာတ် ဖြည့်တင်းမှုအတွက် ရေချိုငါးမွေးမြူထုတ်လုပ်မှု၏ အရေးပါမှု အပိုင်းကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။
ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ ရပ်ကွက်၊ ကျေးရွာ၊ နိုင်ငံအနှံ့ရှိ စျေးများတွင် ငါးမြစ်ချင်း အပါအဝင် မွေးမြူရေးငါးများအား အလယ်အလတ် ဝင်ငွေရှိသူများ သင့်တင့်သောစျေးနှုန်းဖြင့် လက်လှမ်းမီစွာ ဝယ်ယူရရှိနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ မွေးမြူရေးငါးထွက်ကုန်၏ ပြည်ပတင်ပို့ရောင်းချ နိုင်မှု အခြေအနေအား လေ့လာမည်ဆိုပါက မွေးမြူ ငါးထွက်ကုန် စုစုပေါင်း၏ ၅ ဒသမ ၁၅ ရာခိုင်နှုန်း (၅၇၇၈၃ ဒသမ ၅၂၅) မက်ထရစ်တန်/တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၆၂၁ သန်းခန့် ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ အဓိကတင်ပို့နေသောနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အီရတ်၊ ကူဝိတ်နှင့် ဆော်ဒီအာရေဗျ နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်ပါသည်။
ငါးမွေးတောင်သူများအနေဖြင့် အများပြည်သူ စားသုံးသူများ ငါးအသားဓာတ်ရရှိရေးအတွက် မွေးမြူရေးငါးများ သင့်တင့်သောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရန် မွေးမြူထုတ်လုပ်ပေးခြင်းတွင် ဒေသ၌ ရရှိနိုင်သော သွင်းအားစုများဖြစ်သည့် ငါးမျိုး၊ ငါးအစာ၊ ဒေသနေပြည်သူများ ကြိုက်နှစ် သက်မှု၊ စီးပွားရေးတွက်ခြေကိုက်မှု စသည့်တို့အား ထည့်သွင်းစဉ်းစားမွေးမြူကြမှသာလျှင် ငါးမွေးမြူ ရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါသည်။
မွေးမြူနည်းပညာအပိုင်းမှ ရှုမြင်သုံးသပ်ရမည်ဆိုပါက ရေချိုငါးမွေးမြူရေး နည်းပညာသည် ငါးလုပ်ငန်းဦးစီးဌာနမှ စဉ်ဆက်မပြတ် နည်းပညာများ ဖြန့်ဖြူးပေးမှုကြောင့် ငါးမွေးမြူရေးသမားများ အကြား အတန်အသင့်ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဌာနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်စီမံကိန်းများ၏ ပံ့ပိုးကူညီမှုဖြင့် အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ထုတ်လုပ်နိုင်သည့်အထိ စနစ်တကျသိပ္ပံနည်းကျ ငါးမွေးမြူရေးဗဟုသုတရရှိနေကြပြီဖြစ်ပါသည်။
ချိန်ဆချင့်ချိန်၍ မွေးမြူထုတ်လုပ်ကြရမည်
ယနေ့အချိန်ခါတွင် ရေချိုငါးမွေးမြူသူများသည် ငါးစျေးနှုန်းရရှိမှုနှင့် ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ် ရရှိမှု လျော့နည်းလာခြင်း၊ ငါးအစာစျေးနှုန်းကြီးမြင့်ခြင်း၊ ပြည်ပတင်ပို့သူများအတွက် စျေးကွက်ဝယ်လိုအား ပုံမှန်ခန့်မှန်းမရခြင်း၊ ပြည်ပတင်ပို့ရန်ရည်ရွယ်၍ ငါးမြစ်ချင်းငါးတစ်မျိုးတည်းအား အများအပြား မွေးမြူထုတ်လုပ်ခြင်းကြောင့် စျေးကွက်ဝယ်လိုအား ပမာဏ၊ ဝယ်လိုအားခိုင်မာသော ငါး/ပုစွန် မျိုးစိတ်ကို ချိန်ဆချင့်ချိန်၍ မွေးမြူထုတ်လုပ်ကြရမည် ဖြစ်ပါသည်။
ငါးမွေးမြူထုတ်လုပ်မှုကဏ္ဍတွင်လည်း ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် ပြည်ပတင်ပို့မည့်ပမာဏကို ချင့်ချိန်မွေးမြူထုတ်လုပ်ရန်နှင့် မွေးမြူထုတ်လုပ်မှုစရိတ်ကို လျော့ကျစေပြီး ထုတ်လုပ်မှုတိုးတက်စေမည့် မွေးမြူနည်းစနစ်ကို ဘက်စုံပြောင်းလဲအသုံးချ သွားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ငါးမွေးမြူရေးလုပ်ငန်းသည် လုပ်ငန်းသဘာဝအရ သက်ရှိ သတ္တဝါအား မွေးမြူရသည့်အတွက် ဂရုစိုက်မှုလျော့နည်းပါက ရောဂါကျရောက်ခြင်း၊ မွေးမြူသည့် ရေထုညစ်ညမ်းခြင်းတို့ကြောင့် အချိန်မရွေးပမာဏများစွာ ဆုံးရှုံးနိုင်သည့်အပြင် သဘာဝဘေးအန္တရာယ်၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများအား တိုက်ရိုက်တွေ့ကြုံရသည့် အခြေအနေရှိပါသည်။
မြန်မာ့ငါးမွေးမြူရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မွေးမြူထုတ်လုပ်သည့် နည်းပညာပိုင်းအနေ ဖြင့် ငါးမွေးမြူရေးပညာရှင်တို့က သုံးသပ်ရာတွင် မွေးမြူထုတ်လုပ်မှုစရိတ်ကို လျှော့ချခြင်း၊ မျိုးစိတ် အသစ် ပြောင်းလဲမွေးမြူခြင်း၊ ဒေသအခြေအနေနှင့်ကိုက်ညီသော မွေးမြူနည်းစနစ်များ ပြောင်းလဲ ကျင့်သုံးခြင်း၊ စီမံခန့်ခွဲမှုအလေ့အကျင့်များ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ စျေးကွက် အလားအလာကောင်းသော ရေချိုပုစွန် တုပ်ကြီး၊ ကျားပုစွန်၊ ငါးတန်၊ ကဏန်း၊ ဂျင်းခရု စသည်တို့ကိုလည်း တိုးချဲ့မွေးမြူ၍ စျေးကွက်သတင်းဖြန့်ဖြူးမှု၊ စျေးကွက်ပြောင်းလဲမှုနှင့် ချိန်ညှိခြင်းတို့ကို ဆောင်ရွက်သွားရန်လိုအပ်မည် ဖြစ်ပါသည်။
သွင်းအားစုအရင်းနည်းနည်း အမြတ်များများ
ငါးမြစ်ချင်းမွေးမြူခြင်းမှသာမဟုတ် ပုစွန်မွေးမြူခြင်းတို့တွင်လည်း သွင်းအားစုအရင်းနည်းနည်း အမြတ်များများရမှသာ ရေရှည်ရပ်တည်နိုင်မည် ဖြစ်ပါသည်။ Best Management Practice စနစ်ကျင့်သုံးခြင်းဖြင့် အကျိုးအမြတ် ပိုမိုရရှိလာသည်ကို အိမ်နီးချင်းနိုင်ငံများတွင် အောင်မြင်မှု သာဓကများရှိပါသည်။ ကန်ပြုပြင်ခြင်း၊ မွေးမြူမှု၊ အစာ၊ မွေးကာလ၊ စျေးကွက်ရောက်ရှိသည့်အထိ ထုတ်လုပ်မှုကွင်းဆက်ကို အစဉ်လေ့လာသုံးသပ်ခြင်းပြုလုပ်ပြီး ငါးမွေးမြူသူများ အစုအဖွဲ့အလိုက် စုစည်းဖော်ဆောင်၍ စျေးကွက်ထိုးဖောက်သင့်ပါကြောင်း သုံးသပ်အကြံပြုလိုပါသည်။
မြန်မာနိုင်ငံသည် ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းအခြေအနေသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့ကဲ့သို့ ရေငန်ပုစွန်အများအပြား ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ ကမ်းရိုးတန်း ဒေသများသည် အကြီးစားစက်မှုလုပ်ငန်းများ နည်းပါးခြင်းနှင့် လူဦးရေထူထပ်မှုနည်းသဖြင့် ရေ/မြေ ညစ်ညမ်းမှုများနည်းခြင်းကြောင့် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် ပတ်ဝန်းကျင် အခြေအနေကောင်းများရှိနေသဖြင့် တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ရေငန်ပုစွန်ဖြူမွေးမြူကန်ဧရိယာ စုစုပေါင်း ၁၆၇၁ ဒသမ ၈၂ ဧက၊ ကန်လုံးရေအားဖြင့် ၁၇၁ ကန်ဖြင့် အဆင့်မြင့်နည်းပညာများဖြင့် မွေးမြူထုတ်လုပ်လျက်ရှိရာ ဒီဇင်ဘာလအထိ ထုတ်လုပ်မှုတန်ချိန် ပေါင်း ၅၉၄၆ ဒသမ ၀၉၆ တန် ထုတ်လုပ်နိုင်ခဲ့ပြီး အရင်းအမြစ်များစွာ ပိုင်ဆိုင်မှုရှိသဖြင့် မွေးမြူရေး တိုးချဲ့နိုင်ရန် အလားအလာကောင်းရှိသော ဒေသတစ်ခုဖြစ်၍ မြေလွတ်၊ မြေရိုင်းများ၊ စိုက်ပျိုး၍ မရသည့် ဆားငန်ရေဝင်ရောက်သည့်မြေများတွင် ရေသတ္တဝါမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုစွန်မွေးမြူထုတ်လုပ်မှု တိုးတက်စေရန် ပုစွန်မွေးကန်များတူးဖော်ရေးအတွက် မြေအသုံးချခွင့်များရရှိရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးအရ အရေးကြီးသော ရေသတ္တဝါများ၏ မွေးမြူသည့်အဆင့်အားလုံးအတွက် သင့်လျော်သော မွေးမြူနည်းပညာများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ကြရမည်ဖြစ်ပြီး အထူးသဖြင့် အရည်အသွေးကောင်းမွန်သော ငါး/ပုစွန်သားပေါက်များ လိုအပ်ချက်ပြည့်မီစွာ အမြဲဖြည့်ဆည်းထောက်ပံ့ပေးနိုင်မည့် အစီအမံများ၊ တာဝန်သိစိတ်ဖြင့် သဘာဝမျိုးငါးနှင့် သားပေါက်များကို စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ ပိုမိုကောင်းမွန်သော သားဖောက်ရုံစီမံခန့်ခွဲမှုကျင့်စဉ် (Better Hatchery Management Practices)၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices) တို့အား လိုက်နာ ဆောင်ရွက်ရေးတို့ကို အမျိုးသားရေးမူဝါဒ ချမှတ်ဆောင်ရွက်ခြင်း၊ ငါး/ပုစွန်အစာတွင် အပင်အရင်းအမြစ် ကုန်ကြမ်းများ အစားထိုးအသုံးပြု၍ မွေးမြူသော ရေသတ္တဝါများ၏ အစာခြေနိုင်စွမ်း တိုးတက်ကောင်းမွန်အောင်ပြုလုပ်သော နည်းပညာများဖော်ထုတ်ရေး၊ အသစ်ပေါ်ထွက်လာသော ရေသတ္တဝါဆိုင်ရာရောဂါများ ပတ်ဝန်းကျင်ရေပြင်ရှိ ရေသတ္တဝါများသို့ ကူးစက်မှု ရှိ/မရှိအား စစ်တမ်းကောက်ယူခြင်းကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး အာဆီယံဒေသ တွင်းရှိ နိုင်ငံများအကြား ရောဂါထိန်းချုပ်မှုစံများအတိုင်း ချမှတ်အကောင်အထည်ဖော်သွားရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး အကျိုးထိရောက်သော အစာများကျွေး၍ အရည်အသွေးကောင်းသော မွေးမြူရေး ငါး/ပုစွန် များ ထုတ်လုပ်ရေး၊ မွေးမြူရေးရေထွက်ကုန်များကို အပြည်ပြည်ဆိုင်ရာစျေးကွက်တွင် ရောင်းဝယ်ဖောက်ကားရာ၌ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ Aquaculture Certification လမ်းညွှန်ကို အခြေပြုပြီး ဒေသတွင်းနိုင်ငံများ၏ အခြေအနေနှင့် ကိုက်ညီသည့် အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
သင့်တော်သော အစာကျွေးစနစ်များ ပြောင်းလဲ
လက်ရှိကာလ၌ မြန်မာနိုင်ငံ၏ ရေချိုငါးမွေးမြူရေးလုပ်ငန်းတွင် လုပ်ငန်းလည်ပတ်စရိတ်၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းမှာ အစာဖိုးကုန်ကျစရိတ် ဖြစ်ပါသည်။ ထို့ကြောင့် ရေချိုငါးမွေးမြူရေး လုပ်ငန်းစီးပွားရေး တွက်ခြေကိုက်ရန် ထုတ်လုပ်မှုကုန်ကျစရိတ် မတိုးလာစေဘဲ ငါးအစာအသုံးချမှု ပိုမိုထိရောက်ပြီး ငါးကုန်တက်တိုးလာရန် ငါးအစာအရည်အသွေး ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊ သင့်တော်သော အစာကျွေးစနစ်များ ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
အသေးစားငါးမွေးမြူရေးသမားများအနေဖြင့် Farm Made Feed ကို ဒေသတွင်ရရှိနိုင်သည့် ကုန်ကြမ်းများဖြင့် မွေးမြူသည့်ငါး၏ အာဟာရလိုအပ်ချက်နှင့် ကိုက်ညီစွာ မိမိမွေးကန်တွင် ဖော်စပ်ကျွေးခြင်းဖြင့်လည်း ထုတ်လုပ်မှုကုန်ကျ စရိတ်ကိုလျှော့ချနိုင်မည် ဖြစ်ပါသည်။
ငါးမျိုးစိတ်အသစ် ပြောင်းလဲမွေးမြူခြင်းနှင့်စပ်လျဉ်း၍ စျေးကွက်အလားအလာကောင်းသော ရေချိုပုစွန်ကိုလက်ရှိ ဧကကျယ် ငါးမွေးမြူကန်များတွင် ငါးများနှင့် ရောနှောမွေးမြူခြင်းဖြင့်လည်း ကောင်း၊ ရေချိုပုစွန်သီးသန့်မွေးမြူခြင်းဖြင့်လည်းကောင်း၊ ဒေသရင်း ရေချိုငါးမျိုးများဖြစ်သည့် ငါးရံ့၊ ငါးပြေမတို့ကို မြေကန်ဖြင့် မွေးမြူခြင်းတို့ ဆောင်ရွက်သင့်ပါသည်။ ပြည်ပဝယ်လိုအား စျေးကွက်သစ် ရှာဖွေရာ၌ နိုင်ငံတကာစျေးကွက် တိုးချဲ့နိုင်ရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်များမှ Good Aquaculture Practices ဖြင့် မွေးမြူပြီး ရေထွက်ကုန် ပြုပြင်ထုပ်ပိုးသူများမှလည်း Good Manufacturing Practices ဖြင့် ဆောင်ရွက်၍ ကုန်သွယ်သူများနှင့် Contract Farming ပြုလုပ်သင့်ပါသည်။
ရေမြေအခြေအနေကောင်းများရှိသော ကမ်းရိုး တန်းဒေသများ၌ ပြည်ပဈေးကွက်ရှိသော ရေငန် ပုစွန်နှင့် ရေငန်ငါးများကို အဆင့်မြင့်နည်းပညာများ အသုံးချ၍ မွေးမြူထုတ်လုပ်ကြရမည်ဖြစ်သကဲ့သို့ ပြည်ပတင်ပို့သူများမှလည်း မြန်မာမွေးမြူရေး ရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်ရရှိရန် နိုင်ငံတကာကုန်သွယ်မှုပြပွဲများသို့ သွားရောက်မိတ်ဆက်ပြသခြင်းဖြင့် ပြည်ပတင်ပို့နိုင်မှုများ တိုးတက်လာမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရက တစ်နိုင်တစ်ပိုင်ငါးမွေးတောင်သူများ၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ရင်းနှီးငွေ ထုတ်ချေးပေးခြင်း၊ ငါးမွေးမြူထုတ်လုပ်သူများမှ လုပ်ငန်းကြီး/ လတ်/ ငယ် အလိုက် အစုအဖွဲ့များ စုဖွဲ့၍ ပြည်တွင်း/ပြည်ပ ဝယ်လိုအား၊ စျေးနှုန်းတွက်ခြေကိုက်မှုအပေါ် နှိုင်းဆမွေးမြူခြင်းဖြင့် မြန်မာ့ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။