တာဝန်သိစွာ သတင်းပေးတိုင်ကြားခြင်းဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့
အလင်းရောင်(ထွန်း)
တရားမဝင်ကုန်သွယ်မှု လုပ်ငန်းကိစ္စရပ်များကို ကိုယ်ကျိုးရှာဝိသမလောဘသားစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဝင်ငွေရလမ်းလွယ်ကူသော စီးပွားရေးလုပ်ငန်းအဖြစ် ဦးတည်လုပ်ကိုင်ဆောင်ရွက်လာနေကြသောကြောင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးအတွက် နိုင်ငံတော်မှ လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များအား အများပြည်သူနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုလုပ်သော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ သိရှိနားလည်သဘော ပေါက်စေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းနှင့် တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်ခြင်းများကို ဖော်ထုတ်စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူခြင်းဖြင့် တရားမဝင်ကုန်သွယ်မှုများ ကျူးလွန်သည့် ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များအား တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။
တရားဥပဒေစိုးမိုးပြီး တရားမဝင်ကုန်သွယ်မှုများ၊ အခွန်တိမ်းရှောင်မှုများ လျော့နည်းသွားစေရေးအတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့်ပူးပေါင်း၍ သတင်းရယူခြင်း၊ ဖမ်းဆီးအရေးယူခြင်း ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများတွင် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ကုန်သွယ်ရောင်းချမှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖိုးမဖြတ်နိုင်သော ရှားပါးတိရစ္ဆာန်များ၊ သစ်ပင်ပန်းမန်များ၊ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ၊ တရားဝင်မှတ်ပုံတင်မထားသည့် ဆေးဝါးများ၊ လူသုံးကုန်၊ စားသောက်ကုန်များ တရားမဝင်ကုန်သွယ်မှု ပြုနေကြသည့်အတွက် နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်ရေးကိုသာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးပြည်သူလူထု၊ လူမှုဘဝသာယာဝပြောရေးကို များစွာခြိမ်းခြောက်နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါသည်။
ပြည်ပမှအရည်အသွေးပြည့်မီသော ကုန်စည်များတင်သွင်းနိုင်ရေး
မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ အရည်အသွေးပြည့်ဝသည့်ကုန်စည်များ တင်သွင်းနိုင်ရေးအတွက် လိုအပ်သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာကော်မတီများက အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အတည်ပြုချက်ဖြင့် မြန်မာ့စံချိန်စံညွှန်း သတ်မှတ်ချက်များကို သတ်မှတ်ထုတ်ပြန်ထားပြီး တရားဝင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အများပြည်သူစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စားသုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုနိုင်ရေးအတွက် တင်သွင်းလာသည့် ပစ္စည်းများအပေါ် ထိန်းကျောင်းဆောင်ရွက်နိုင်ရန် မဖြစ်မနေလိုက်နာရမည့် အချက်များအား ထုတ်ပြန်နိုင်ရေး လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်ပမှ ကုန်စည်များ တင်သွင်းရာတွင် အရည်အသွေးပြည့်မီသော ကုန်စည်များ တင်သွင်းနိုင်ရေးအတွက် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဝန်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာဌာနများနှင့် ဆောင်ရွက်ရန်ရှိသော ညှိနှိုင်းအစည်းအဝေးများပြုလုပ်ပြီး ပြည်ပမှတင်သွင်းမည့် ကုန်စည်များအတွက် စံချိန်စံညွှန်းသတ်မှတ်ချက်များကို သက်ဆိုင်ရာဌာနများအလိုက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရေး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့နိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေသည့် ကုန်ပစ္စည်းများကြောင့် ပြည်တွင်း၌ရှိသော ကုန်ထုတ်လုပ်ငန်းများကို နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေပြီး လုပ်ငန်းများရပ်ဆိုင်းရပါက အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးစေသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်သည့် မူဝါဒများ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ဘက်စုံ၊ ကဏ္ဍစုံမှ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်
တရားမဝင်ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ဘေးအန္တရာယ်များကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးအသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ခြင်း လုပ်ငန်းစဉ်များသည် မိမိတို့နိုင်ငံတစ်ခုတည်း အကျိုးကျေးဇူးရှိရုံသာမက အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများအတွက်ပါ အကျိုးရှိသည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့်အတွက် ကုန်စည်များ တရားမဝင်တင်ပို့ခြင်း၊ တင်သွင်းခြင်းလုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်ရောင်းချမှုများကို တာဝန်ရှိအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များက ထိထိရောက်ရောက် လက်တွဲညီညီအတူတကွ ပူးပေါင်းကာကွယ်ဆောင်ရွက်လျက်ရှိပါသဖြင့် တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားလိုပါက ဖုန်း ၀၉-၄၀၄၃၃၉၉၆၉ ၊ ၀၆၇-၄၀၉၈၈၃ နှင့် E-Mail antiillegaltradeinfo@gmail.com တို့သို့ သတင်းအချက်အလက်မှန်ကန်ခိုင်မာစွာနှင့် အချိန်မီပေးပို့ကြခြင်းဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရေးသားတင်ပြလိုက်ရပါသည်။ ။