စိုက်ပျိုးစွမ်းအား ဆည်တမံများဖြင့် ပြည်ထွန်းကားစေ ဥဿမြေ
ပဲခူးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည့် ပဲခူးမြို့သည် ရန်ကုန်မြို့မှ ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ထိုသို့အောင်မြင်ဖြစ်ထွန်းလာခြင်းက ဆည်တမံများ၏ အကျိုးကျေးဇူးကြောင့်ဟု ဆိုရမည်ဖြစ်သည်။
မြင့်မြတ်သစ္စာ
ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကဏ္ဍတွင် နှစ်သီးစိုက်မှ သုံးသီးစိုက်အဖြစ် မြှင့်တင်ဆောင်ရွက်နေသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် ပံ့ပိုးကူညီဆောင်ရွက်ပေးနေသော ဆည်တမံများ၏ အခန်းကဏ္ဍသည် အထူးအရေးပါလျက်ရှိသည်။ စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် မိုးစပါးကိုအများဆုံးစိုက်ပျိုးကြသည့်နည်းတူ တောင်သူများအထူးအားထားရာ နွေစပါးကိုလည်း နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တောင်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အစဉ်အလေးထားဆောင်ရွက်နေသည့်နည်းတူ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆန်စပါးစိုက်ပျိုးမှု ကဏ္ဍတွင်လည်း တောင်သူများလိုအပ်သည့် ဆည်ရေကို အစဉ်မပြတ်ပို့လွှတ်ပေးဝေမှုဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ဆည်တမံများ၏အခန်းကဏ္ဍသည် အသက်သွေးကြောသဖွယ် အရေးပါလာခြင်း ဖြစ်သည်။
မြို့တွင်း၊ မြို့ပြင် စည်ကားလျက်ရှိ
ဆောင်း၏အအေးဓာတ်သည် ရန်ကုန်မြို့ နံနက်ခင်းကို အပြည့်အဝလွှမ်းခြုံမှုမပေးနိုင်သော်လည်း ဆောင်းရာသီဟူသော ဂုဏ်ကိုထိန်း၍ ဟိုတစ်စ၊ သည်တစ်စဖြင့် သစ်ပင်စုစု နေရာအနီးတစ်ဝိုက်၌ အအေးလှိုင်းနုနုတို့ ရစ်သိုင်းလျက်ရှိသည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ နံနက်မိုးသောက် အလင်းရောက်သည်နှင့် စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ အစိုးရဌာနဆိုင်ရာများနှင့် ပညာရေးကဏ္ဍတို့မှ ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့်မြို့တွင်း၊ မြို့ပြင်လမ်းမကြီးပေါ်တွင် သွားလာစည်ကားလျက်ရှိသည်။
ရန်ကုန်မြို့မှ ပဲခူးမြို့သို့ ထွက်ခွာလာသော စာရေးသူတို့ယာဉ်ငယ်သည် မြို့တွင်းမှ ထောက်ကြန့် လမ်းဆုံကိုဖြတ်သန်းခဲ့ပြီး အမှတ်(၃)လမ်းဆုံသို့ ရောက်ရှိချိန်တွင် အမြန်လမ်းမကြီးနှင့် ရန်ကုန်-ပဲခူးလမ်းသို့ ဖြတ်သန်းသွားလာကြသည့် ယာဉ်များကိုတွေ့ရပြီး ဒီဇင်ဘာလခရီးသွားရာသီတွင် ဘုရားဖူး ယာဉ်များနှင့် အပန်းဖြေခရီးသွားယာဉ်များ၊ ကုန်စည်ပို့ဆောင်သောယာဉ်များ၊ အဝေးပြေးယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များ ဥဒဟိုသွားလာလျက်ရှိသည်။
ရန်ကုန်တိုးဂိတ်(လှည်းကူး)တွင် ယာဉ်များ ဝင်ရောက်ဖြတ်သန်းလျက်ရှိပြီး နံနက်ခင်း၏ နေရောင်ခြည်အောက်တွင် ရန်ကုန်-ပဲခူးလမ်းမကြီးသည် တောက်ပလျက်ရှိသည်။ တိုးဂိတ်ကိုဖြတ်သန်းပြီး လှည်းကူးမြို့သို့ဝင်ရောက်လာချိန်တွင် ဖရဲသီးရောင်းသောဆိုင်လေးများကို တွေ့ရပြီး ဤမြို့လေးသည်လည်း စိုက်ပျိုးရေးမပြတ် လုပ်ဆောင်သောမြို့အဖြစ် သတိပြုမိကြသည်။
လှည်းကူး-ဆူးလေပြေးဆွဲသည့် မှန်လုံယာဉ်ဂိတ်ကိုတွေ့ရပြီး ရန်ကုန်မြို့တွင်းနှင့် မြို့ပြင်ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်မှုသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၏ အထောက်အပံ့ကောင်းများအဖြစ် တွေ့မြင်ရလျက်ရှိသည်။ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ လှည်းကူးမြို့၏ တစ်ဖက်သုံးလမ်းသွား လမ်းမကြီးပေါ်တွင် ယာဉ်များသွားလာလျက်ရှိသည်။
ဖောင်ကြီး-အမှတ်(၂)လမ်းဆုံမှ ရန်ကုန်-ပဲခူးလမ်းပေါ်ရှိ တိုးဂိတ်တစ်ခုကို ဖြတ်သန်းခဲ့ရာ ကားလမ်းဝဲဘက်၌ ရိတ်သိမ်းထားသော မိုးစပါးခင်းများနှင့် ကားလမ်းယာဘက်၌ နှင်းရည်ဆွတ် ဖျန်းထားသည့် ဆောင်းသီးနှံစိုက်ခင်းများမှာ စိမ်းစိုလန်းဆန်းလျက်ရှိသည်။ ဇရပ်ကွင်းနှင့် အင်းတကော် မြို့တို့ကိုဖြတ်သန်းခဲ့စဉ် မွေးမြူရေးခြံများနှင့် စက်ရုံများကိုတွေ့ရသည်။ ပဲခူးမြို့သည် စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍတို့တွင် ဟန်ချက်ညီညီ လိုက်ပါဆောင်ရွက်နိုင်သော မြို့တစ်မြို့အဖြစ် သတိပြုမိသည်။
မြို့တွင်းလမ်းနှင့် မြို့ရှောင်လမ်းဆုံဖြစ်သော ပဲခူးတက္ကသိုလ်လမ်းဆုံတွင် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရုပ်တုကို ခံ့ထည်ဝင့်ကြွားစွာ တွေ့မြင်ရပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ သတိပြုနှစ်ခြိုက်စေမည့် မြို့ပြသင်္ကေတအဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရသည်။
ကြည်လင်သန့်ရှင်းနေသည့် ရေပြင်ကျယ်ကျယ် ဆည်တမံ
ပဲခူးမြို့အနောက် မြို့ရှောင်လမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ရာ ပဲခူးစက်မှုဇုန်ကို ဖြတ်သန်းခဲ့ပြီး ထိုကားလမ်းဝဲဘက်ခြမ်းတွင် မဇင်းရေလှောင် တမံဟူသော ဆိုင်းဘုတ်လမ်းညွှန်အတိုင်း ဝင်ရောက်ခဲ့ရာ ကြည်လင်သန့်ရှင်းနေသည့် ရေပြင်ကျယ်ကျယ် ဆည်တမံတစ်ခုကို တွေ့လိုက်ရသည်။ လေတဖြူးဖြူးတိုက်ခတ်နေသည့် မဇင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၌ရှိသော ဆည်တမံများတွင် အရေးပါသည့် ဆည်တမံတစ်ခုလည်းဖြစ်သည်။
နှစ်စဉ် နွေစပါးစိုက်ပျိုးရေးအတွက် အထောက်အပံ့ပြုနေသည့်အပြင် ပဲခူးမြို့သောက်သုံးရေအတွက် ပို့လွှတ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသော ဆည်တမံတစ်ခုလည်းဖြစ်သည်။ ဆည်တမံများတွင် စိုက်ပျိုးရေးအတွက် ရေပို့လွှတ်နိုင်ရန် အဓိကတည် ဆောက်ကြသော်လည်း မြို့ပြအတွက် လိုအပ်သည့် သောက်သုံးရေပို့လွှတ်နိုင်သော ဆည်တမံရှားပါးလေ့ရှိရာ ထိုသို့ရှားပါးသောဆည်တမံတို့တွင် ပဲခူးခရိုင် မှ မဇင်းဆည်တမံလည်း ပါဝင်သည်။ မိတ္ထီလာမြို့အတွက် အရေးပါသော မိတ္ထီလာကန်ကဲ့သို့ ကြည်လင် သန့်ရှင်းနေသည့် မဇင်းဆည်တမံသည်လည်း ပဲခူးမြို့အတွက် သောက်သုံးရေပို့လွှတ်နိုင်သော ဆည်တမံတစ်ခုအဖြစ် ဂုဏ်တင့်လျက်ရှိသည်။
မဇင်းဆည်တမံသည် ရေဆင်းဧရိယာ ၁၁ စတုရန်းမိုင်ရှိပြီး မြေသားတမံဖြစ်၍ တမံသည် အလျားပေ ၄၁၀၀၊ အမြင့်ပေ ၆၀ ရှိသည်။ ရေပြည့် ရေလှောင်ပမာဏသည် ၂၆၁၈၆ ဧကပေရှိပြီး ကန်ရေသေပမာဏသည် ဧကပေ ၁၉၅၀ ရှိသည်။ ရေပိုလွှဲအကျယ်သည် ပေ ၃၀ ရှိပြီး ရေပိုလွှဲအလျား သည် ၂၈၅ ပေရှိကာ ရေထုတ်ပြွန်အရွယ်အစား အကျယ် လေးပေ၊ အမြင့်ခြောက်ပေဖြင့် ရေထုတ်ပြွန် အလျား ပေ ၁၇၀ မှ ရေပို့လွှတ်ပေးလျက်ရှိသည်။ ၁ ဒသမ ၅ မိုင် ရှည်သော တူးမြောင်းမကြီးမှတစ်ဆင့် ၈ ဒသမ ၅ မိုင်ရှိသည့် လက်တံမြောင်း ၁၆ ခုဖြင့် ဆည်ရေသောက်ဧရိယာ ဧက ၆၅၀ နှင့် သီးနှံဧရိယာ ဧက ၆၅၀ တို့ကို ရာသီအလိုက် ရေပို့လွှတ်ပေးလျက်ရှိရာ စိုက်ပျိုးရေပေးဝေမှုသာမက ပဲခူးမြို့ သောက်သုံးရေအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသော နေ့စဉ် ရေဂါလန် ၁၁ သန်း ဖြန့်ဝေပို့လွှတ်နိုင်သည့် ဆည်တမံတစ်ခုလည်းဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လင်းရောင်ခြည်များဖြစ်သည့် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့မှ ဆည်တမံ ၁၃ ခုကို တာဝန် ယူဆောင်ရွက်နေသည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟအောင်က မိုးစပါးအောင်ရေ၊ နွေစပါးနှင့် ဆောင်းသီးနှံတို့အတွက် လိုအပ်သောဆည်ရေ ဖြန့်ဝေပေးနေမှုနှင့်မိုးရာသီရေကြီးရေလျှံဖြစ်ပွားမှုကို ကာကွယ်ပေးနေသည့် ဆည်တမံများနှင့် စပ်လျဉ်း၍ ယခုလိုပြောကြားပါသည်-
“ပဲခူးတိုင်းဒေသကြီးမှာ ပဲခူးခရိုင်အနေနဲ့ဆည် တမံရှစ်ခုနဲ့ ညောင်လေးပင်ခရိုင်က ဆည်တမံသုံးခုကို တာဝန်ယူရပါတယ်။ ပဲခူးခရိုင်မှာဆိုရင် အလိုင်နီ၊ ရွှေပြည်-၃၊ ဇလပ်ထော်၊ မဇင်း၊ ဝါးကတုတ်၊ စလူ၊ ရွှေလောင်း၊ ကိုတူကွဲရေလှောင်တမံနဲ့ ညောင်လေးပင် ခရိုင်မှာဆိုရင် ပျဉ်ပုံကြီး၊ ဘောနီနဲ့ ကောလိယ ရေလှောင်တမံ စတဲ့ရေလှောင်တမံ ၁၃ ခုကို တာဝန်ယူရပါတယ်။ ဆည်တမံ ၁၃ ခုထဲမှာ ကောလိယ ရေလှောင်တမံဟာ ဧက ပေ ၁၆၀၀၀၀ ကျော်နဲ့ရေသိုလှောင်မှု အများဆုံးဖြစ်ပြီး မိုးယွန်းကြီးကန်က အကျိုးပြုဧရိယာအများဆုံး ဖြစ်ပါတယ်။ ပဲခူးခရိုင်က မဇင်းဆည်တမံဟာ နွေစပါးစိုက်ခင်းတွေကို အကျိုးပြုနေပြီး အထူးသဖြင့် ပဲခူးမြို့သောက်သုံးရေအတွက် ပေးဝေနိုင်ဖို့ ဆောင်ရွက်နေတဲ့ အကျိုးပြုဆည်တစ်ခု လည်းဖြစ်ပါတယ်။
“ပဲခူးခရိုင်နဲ့ ညောင်လေးပင်ခရိုင်က ဆည်တမံ ၁၃ ခုဟာ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းက နွေစပါး နဲ့ ဆောင်းသီးနှံတွေကို အကျိုးပြုနေပါတယ်။ အထူးသဖြင့် ဆည်တမံ ၁၃ ခုမှာပဲခူးခရိုင်ဆိုရင် ဧက ၈၀၀၀၀ ကျော်နဲ့ ညောင်လေးပင်ခရိုင်ဆိုရင် ဧက ၆၀၀၀၀ ကျော်ကို အကျိုးပြုနေတာပါ။
ဆည်တမံတွေမှာ မိုးရာသီမရောက်မီ ဆည်ရေတွေပို့လွှတ်ပြီး မိုးရာသီမှာရေသိုလှောင်ပါတယ်။ ရေကြီးနစ်မြုပ်မှုမရှိအောင် ဆည်တမံတွေမှာ ရေကိုထိန်းညှိပြီး စုဆောင်းရလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်ကလို ပဲခူးမှာရေကြီး နစ်မြုပ်မှုမဖြစ်အောင် ၂၀၂၄ ခုနှစ်မှာ ဆည်တမံတွေကို ရေဘေးကာကွယ် ရေးလုပ်ငန်းတွေ မိုးရာသီမစမီက လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပဲခူးမြို့အရှေ့ဘက်ခြမ်း (ရှေးဟောင်းမြို့)ကို ဒီနှစ်မှာ ရေဘေးက ကယ်တင်နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်လက်ထက်ကတည်းက တည်ရှိခဲ့တဲ့တာပေါင်တွေကို ၂၀၂၄ ခုနှစ်မှာ တာပေါင်မြှင့်တင် မှုဆောင်ရွက်ခဲ့ပြီး ဆည်တမံတွေမှာ ရေထိန်းညှိ လုပ်ငန်းဆောင်ရွက်နိုင်ခဲ့တာကြောင့် ပဲခူးမြို့အရှေ့ခြမ်း ရေကြီးရေလျှံမှုကို မိုးရာသီမှာ ကြိုတင်ကာကွယ်နိုင်ခဲ့ပါတယ်။
“တောင်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးမှုမှာ စိုက်ပျိုးရေးကဏ္ဍဟာ အရေးပါပါတယ်။ ခရိုင်နှစ်ခုမှာ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကလိုအပ်တဲ့ရေကို ပို့လွှတ်ပေးခြင်းအားဖြင့် နှစ်သီးစားကနေ သုံးသီးစား စိုက်ပျိုးလာတဲ့တောင်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ နိုင်ငံအနေနဲ့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လင်းရောင်ခြည်များဖြစ်တာကြောင့် တောင်သူတွေ လိုအပ်တဲ့ဆည်ရေကို အခက်အခဲမရှိအောင် တတ်စွမ်းသမျှ တန်ဖိုးထားဖြည့်ဆည်းပေးနိုင်မှုအပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟုပြောကြားသည်။
ဆင်နှာမောင်းတောင်တွင် မြစ်ဖျားခံ
ပဲခူးမြို့သည် ဧရိယာအားဖြင့် စတုရန်းမိုင် ၁၁၂၁ ဒသမ ၆၆ (၇၁၇၈၆၁ ဧက) ကျယ်ဝန်းပြီး အရှေ့ဘက်တွင် ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ အနောက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သာယာဝတီမြို့နယ်၊ တောင်ဘက်တွင် ကဝမြို့နယ်၊ မြောက်ဘက်တွင် ဒိုက်ဦးမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့တည်ရှိသည်။ ပဲခူးမြို့သည် ပဲခူးမြစ်ကို အခြေပြုတည်ရှိပြီး ပဲခူးမြစ်သည် ရိုးမပေါ်ရှိ ဆင်နှာမောင်းတောင်တွင် မြစ်ဖျားခံကာ တောင်ဘက်တွင်ရှိသော ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းသွားသည်။ ရိုးမမြောက်ဘက်တွင် မြစ်ဖျားခံသော ကိုလူကွဲချောင်း၊ လက်ပံချောင်း၊ အောင်မြချောင်း၊ ရွှေလောင်းချောင်းနှင့် စလူချောင်းတို့သည်လည်း ပဲခူးမြစ်အတွင်းသို့ ပေါင်းဆုံစီးဆင်းပြီး မဇင်းချောင်း၊ ဇလပ်ထော်ချောင်းနှင့် ဝင်းဘောဒတ်ချောင်းတို့သည်လည်း ပဲခူးမြစ်အတွင်းသို့ စီးဝင်ကြသည်။
ပဲခူးမြို့သည် မြေနိမ့်ပိုင်းဒေသတွင်တည်ရှိသည့်အတွက် မြစ်ရေကြီးမှုကို ကြုံတွေ့ရလေ့ရှိပြီးမြို့၏ စိုးရိမ်ရေအမှတ်သည် စင်တီမီတာ ၈၀၀ ဖြစ်၍ မိုးရာသီတွင် ပဲခူးမြစ်ရေတိုးသည့်အတွက် ရေဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်ရလေ့ရှိရာ ဆည်တမံများသည် ရေကြီးရေလျှံဖြစ်ပေါ်မှုနှင့် စိုက်ပျိုးမွေးမြူရေး နှင့် စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုကို နှစ်စဉ် ကာကွယ်ပေးလျက်ရှိသည်။
ပဲခူးခရိုင်အတွင်းရှိ စိုက်ခင်းများဆည်ရေမပြတ်ရရှိစေရန်နှင့် သန့်ရှင်းသောသောက်သုံးရေအသုံးပြု နိုင်ရန် ဆောင်ရွက်ပေးနေသည့် မဇင်းဆည်တမံနှင့် စပ်လျဉ်း၍ ပဲခူးမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးနိုင်က ယခုလို ပြောကြားပါသည် -
“ပဲခူးမြို့နယ်မှာ ကိုတူကွဲ၊ စလူ၊ ရွှေလောင်း၊ မဇင်း၊ အလိုင်နီ၊ ရွှေပြည်သုံး၊ ဝါးကတုတ်နဲ့ ဇလပ်ထော် ရေလှောင်တမံဆိုပြီး ရေလှောင်တမံရှစ်ခုရှိပါတယ်။ အဲဒီထဲကမှ ဝါးကတုတ်၊ မဇင်း၊ ဇလပ်ထော်၊ အလိုင်နီနဲ့ ရွှေပြည်သုံး ရေလှောင်တမံငါးခုကို တာဝန်ယူဆောင်ရွက်ရပါတယ်။ မဇင်းရေလှောင် တမံဟာ ကန်ရေပြည့်သိုလှောင်မယ်ဆိုရင် ၂၆၁၈၆ ဧကပေ ဝင်ဆံ့ပါတယ်။ လက်ရှိမှာ ရာနှုန်းပြည့် သိုလှောင်ထားပြီး အကျိုးပြုဧက ၆၅၀ ကို ရေပို့လွှတ် နိုင်ပါတယ်။ မဇင်းရေလှောင်တမံရဲ့ အဓိကရည်ရွယ်ချက်က မိုးတွင်းကာလမှာ ရေကြီးရေလျှံထိန်းသိမ်းမှုနဲ့ နွေစပါးစိုက်ခင်းရေပေးဝေဖို့ဖြစ်ပြီး နွေစပါးဧက ၆၅၀ ကို ရေပေးဝေဖို့ဖြစ်ပါတယ်။ ပဲခူးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးရာသီမှာ စိုက်ဧက ၁၉၈၆၀ စိုက်ပျိုးခဲ့ပြီး နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ နွေစပါး ၂၆၃၂၅ ဧက လျာထား ခဲ့တာကြောင့် မနှစ်ကထက် နွေစပါး ၆၄၆၅ ဧက ပိုမိုတိုးတက်စိုက်ပျိုးနိုင်တဲ့သဘောပါ။
“ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်းမှာ ဖြစ်နိုင်ရင် ဆည်ရေသောက်ဧကအားလုံးမှာ သုံးသီးစား စိုက်ပျိုးဖို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားထားတဲ့အတွက် ၂၀၂၃ ခုနှစ်ကစပြီး အကောင်အထည်ဖော်ခဲ့တာ ဒီနှစ်ဆိုရင် နှစ်နှစ်မြောက်ရှိပါပြီ။ ဒီရာသီက ပထမသီးနှံဖြစ်တဲ့ မိုးစပါးရိတ်သိမ်းခဲ့ပြီး ဒုတိယသီးနှံဖြစ်တဲ့ ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲတို့ကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြပါတယ်။ တတိယသီးနှံဖြစ် တဲ့နွေစပါးကိုတော့ ဖေဖော်ဝါရီ ၁ရက်ကစပြီး စိုက်ပျိုးသွားကြမှာပါ။ အချိန်မီအောင် သက်တမ်းတိုရက် ၉၀ စပါးစိုက်ကြပါတယ်။ တည်ဆောက်ထားတဲ့ ဆည်တမံတွေက တောင်သူနဲ့ ပြည်သူတွေအတွက် အကျိုးကျေးဇူးများစွာ ရရှိနေပါတယ်။ မိုးတွင်းကာလမှာဆိုရင် ဆည်တမံတွေဟာ မိုးရေကို ထိန်းသိမ်းထားတဲ့အတွက် ရေကြီးရေလျှံမှုတွေကို ကာကွယ်ပေးပြီး နွေရာသီဆိုရင် နွေစပါးစိုက်ခင်း အတွက် ရေပေးဝေတာကြောင့် နိုင်ငံအတွက်လည်း အကျိုးကျေးဇူးရရှိစေပါတယ်။ ဆည်တမံတွေမရှိဘူးဆိုရင် နွေစပါးအတွက် အခက်အခဲရှိပြီး ရေလှောင်တမံတွေက ရေပေးဝေနိုင်မှသာ စိုက်ပျိုးမှုအဆင်ပြေစေပါတယ်။ နွေစပါးရာသီမှာ ရာသီဥတုဖျက်ဆီးမှု နည်းပါးတဲ့အတွက် တစ်ဧကကို အနည်းဆုံးတင်း ၁၀၀ ထွက်ရှိကြပါတယ်။ ဒီဒေသဟာ ရာသီဥတု အနှောင့်အယှက်မရှိတဲ့အတွက် နွေစပါးအထွက် နှုန်းကောင်းပြီး တောင်သူတွေ အားထားစိုက်ပျိုးတဲ့ နွေစပါးကို ဆည်ရေရရှိမှုနဲ့ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာတာဟာ တိုင်းဒေသကြီးအတွက် အားရစရာပါ။ စိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံတော် အကြီးအကဲနဲ့ တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်မှု၊ မြို့နယ်စိုက်/ ကြပ်အဖွဲ့ရဲ့ တိုက်တွန်းနှိုးဆော်မှုတွေကြောင့် စိုက်ဧကတွေ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာတာဟာ အားရစရာပါပဲ။
“ဒီနှစ်မှာဌာနက မုန်တိုင်းနဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်တွေကို ကြိုတင်ထုတ်ပြန် ညွှန်ကြားတဲ့အတွက် မုန်တိုင်းမတိုင်မီ ကာလကတည်းက ရေထုတ်ပြွန်ကနေ သင့်တော်တဲ့ ဆည်ရေပမာဏကို ရေထုတ်လျှော့ချထားနိုင်ခဲ့ပြီး မုန်တိုင်းဖြစ်နေတဲ့ကာလမှာလည်း ရေလှောင်တမံ တွေကို ပိတ်ထားနိုင်ခဲ့ပါတယ်။ မိုးရွာတဲ့အခါမှာ ဆည်တမံထဲ သိုလှောင်ထားနိုင်ခဲ့တဲ့အတွက် မိုး ရာသီမှာ ပဲခူးအရှေ့ဘက်ခြမ်းကျေးရွာတွေကို ရေဝင်ရောက်မှုမရှိဘဲ မုန်တိုင်းရဲ့အကျိုးသက်ရောက်မှုကို ကြီးကြီးမားမား မကြုံတွေ့ခဲ့ရပါဘူး။ မဇင်းဆည်တမံဟာ မြို့သောက်သုံးရေအတွက် တစ်ရက် ရေဂါလန်သန်းပေါင်း ၁၁ သန်းပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ ဆည်တစ်ခုလည်းဖြစ်ပါတယ်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဝန်ထမ်းတွေအနေနဲ့ မြို့ပြပြည်သူနဲ့ စိုက်ပျိုးတောင်သူတွေအတွက် ဆည်တမံတွေကနေ အကျိုးရှိရှိ အကျိုးပြုနိုင်မှုအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
“ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ရေပို့လွှတ်နိုင်တဲ့ စိုက်ပျိုးမြေမှန်သမျှ ချန်လှပ်မထားဘဲ စိုက်ပျိုးဖို့ လမ်းညွှန်ထားတဲ့အတွက် စိုက်/ကြပ်အဖွဲ့က ကွင်းဆင်းပြီး တောင်သူတွေကို ဧကပြည့် စိုက်ပျိုးဖို့ တိုက်တွန်းအားပေးထားတာကြောင့် ယခုနှစ်နွေစပါးကို ဧကပြည့် စိုက်ပျိုးဖို့လျာထားတာကို တွေ့ရမှာပါ။ နွေစပါးကို ဖေဖော်ဝါရီ ၁ ရက်မှာ စစိုက်ပြီး ဧပြီလအထိ သုံးလသက်တမ်း ရက် ၉၀ စပါးကို အဓိကစိုက်ကြပါတယ်။ ရိတ်သိမ်းကာလက ဧပြီလကုန် အထိပါ။ နွေစပါးအတွက် ဆည်ရေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စလွှတ်ပြီး ဧပြီလကုန်အထိ ပေးဝေသွားမှာပါ။ နွေစပါးအောင်ရေကို ဒီဒေသမှာ ဆည်ရေသောက်စနစ်နဲ့ ရေလုံလောက်စွာပေးဝေနိုင်ဖို့ ရေမြောင်းပြုပြင်မှုလုပ်ငန်းမှာ စိုက်ပျိုးတောင်သူ တွေ၊ WUG (ရေအသုံးချမှုအဖွဲ့)နဲ့ ကျွန်တော်တို့ဌာန ပူးပေါင်းပြီး တက်တက်ကြွကြွ ဆောင်ရွက်လေ့ရှိပါတယ်။ ဆည်ရေလုံလောက်စွာနဲ့ စိုက်ပျိုးနိုင်ကြတဲ့အတွက် ဌာနကို နွေစပါးစိုက်တောင်သူတွေက အထူးကျေးဇူးတင်ကြပါတယ်။
“မဇင်းရေလှောင်တမံ တူးမြောင်းမကြီးကနေ နွေစပါးအတွက်ရေပေးဝေပြီး မိုးတွင်းကာလမှာ သတ်မှတ်တဲ့ရေပမာဏ ပြည့်သွားရင် ရေပိုလွှဲကတစ်ဆင့် ပိုလျှံရေတွေကို မူလမဇင်းချောင်းထဲ ပို့လွှတ်ပါတယ်။ မဇင်းချောင်းကိုအမှီပြုပြီး ဟင်းသီး ဟင်းရွက်စိုက်ပျိုးတဲ့ သီးနှံစိုက်တောင်သူတွေ အတွက်လည်း အဆင်ပြေစေပါတယ်။ ဆည်တမံကနေ ရေပေးမြောင်းမကြီးတစ်လျှောက် လက်တံမြောင်းခွဲ(၁)၊ (၂)၊ (၃) အဲဒီကနေတစ်ဆင့် လယ်ကွက်တွေထဲ ရောက်ပါတယ်။ ပဲခူးမြို့နယ်ဘက်တွေလည်း ရောက်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မိုးတွင်းကာလမှာ ရေကြီးရေလျှံမှုထိန်းသိမ်းစေဖို့နဲ့ နွေစပါးရာသီမှာ ရေပေးဝေဖို့ဖြစ်ပါတယ်။ မဇင်းဆည်တမံကနေ မြို့တွင်းသောက်သုံးရေ ပေးဝေဖို့ကတော့ သက်ဆိုင်ရာအဖွဲ့တွေ ကြိုးပမ်းဆောင်ရွက် နေကြဆဲဖြစ်ပါတယ်။ ပဲခူးမြို့ကို လောလောဆယ် ကန်တော်ကြီးက ရေပေးဝေနေပြီး မဇင်းဆည်ဟာ နွေစပါးအပြင် မြို့ပြသောက်သုံးရေပေးဝေဖို့ရေ အလုံအလောက်ရှိတဲ့ ဆည်တစ်ခုလည်း ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍမှာ နိုင်ငံအတွက်ဧရာဝတီနဲ့ ရန်ကုန်တိုင်း ဒေသကြီးလို အောင်မြင်ဖြစ်ထွန်းတဲ့ ဒေသတစ်ခုဖြစ်လာတာကြောင့် ‘စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား’ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တောင်သူတွေစိုက်ပျိုး ထုတ်လုပ်မှုလိုအပ်သမျှဆည်ရေကို အချိန်နဲ့အမျှ ပေးဝေနိုင်အောင် ဌာနအနေနဲ့အစွမ်းကုန် ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။
ရာသီမပြတ် စိုက်ပျိုးထုတ်လုပ်
ပဲခူးမြို့၏ အဓိကထွက်ကုန်ဖြစ်သော ဆန်စပါးကို ရန်ကုန်မြို့သို့ အများဆုံးတင်ပို့လျက်ရှိသည်။ ပဲခူးမြို့တွင် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံတို့အပြင် နှစ်ရှည်သီးနှံနှင့် ဈေးကွက်ဝင်သီးနှံတို့ကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး ရာသီမပြတ် စိုက်ပျိုးထုတ်လုပ်ရန် ဖော်ဆောင်နိုင်မှုသည် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မွေးမြူရေးကဏ္ဍတွင်လည်း မွေးမြူရေးဇုန်များမှ မွေးမြူထုတ်လုပ်လျက်ရှိသည့်အပြင် ငါး/ပုစွန် မွေးမြူမှုနှင့် ရေချို/ရေငန် ငါးဖမ်းလုပ်ငန်းတို့မှ အသားထုတ်လုပ်သည်အထိ အောင်မြင်လျက်ရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတို့ကို ဟန်ချက်ညီစွာ လုပ်ဆောင်နေသည်။
သဘာဝပတ်ဝန်းကျင်ကောင်းများ ဝန်းရံနေသော ပဲခူးတိုင်းဒေသကြီးတွင် နှစ်သီးစားမှ သုံးသီးစားအဖြစ် ရာသီမပြတ် စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် ဆည်တမံများ၏ အကျိုးကျေးဇူးကြောင့်ဖြစ်ပြီး ‘စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား’ဟူသော အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှု၏ လင်းရောင်ခြည်များ ယှက်သန်းလာခြင်းပင်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်အတွက်အရေးပါသည့် စိုက်ပျိုးရေးကဏ္ဍတွင် အောင်မြင်တိုးတက်လာခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်ရတနာများ ပွင့်လန်းလာခြင်းဖြစ်ပြီး ထိုသို့အောင်မြင်မှုပန်းရနံ့များ သင်းပျံ့လာမှုသည် ဥဿမြေမှ ဆည်တမံများ၏ ဂုဏ်ယူဖွယ် စွမ်းဆောင်ရည်များပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။