Skip to main content

ပြည်ထောင်စုစိတ်ဓာတ်မပျက် ရှေ့ဆက်ရမည့် အနာဂတ်မြန်မာ …

ဒေါက်တာခင်မောင်လွင်

မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်သိက္ခာ မြင့်မားရေးအတွက် မြန်မာပြည်သား တစ်ယောက်ထက်ပို၍ တာဝန်ရှိသူမရှိပါ။ ၂၀၄၈ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးနှစ်တစ်ရာပြည့်ပွဲသဘင်ဆင်နွှဲနိုင်ဖို့ တာဝန်အရှိဆုံးသူများမှာ ယနေ့အသက်ရှင်နေသော ကျွန်တော်တို့ခေါင်းပေါ်တွင် တာဝန်ကျနေရုံသာမက အနာဂတ်မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အပြောမဟုတ်ဘဲ အလုပ်နှင့်သက်သေပြရန် အမွေချန်ထားခဲ့ဖို့လိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းများတွင် သူများခြေတစ်လှမ်းလှမ်းလျှင် မြန်မာတို့က ခြေလှမ်းနှစ်ဆယ်မျှ လှမ်းကြပါမှ “အတော့်ကို ပြဲအောင်လုပ်နိုင်ပါမှ တန်ကာကျမည် ဟူသော ဆိုစကားမှာ ယနေ့ထက်ထိ လက်တွေ့လုပ်သူမရှိ သော ကျွန်တော်တို့ ခေတ်လူထုအတွက် ရှက်စရာ ပင်ကောင်းတော့၏။

ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးထက် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးသည့် လုပ်ရပ်များဖြင့် ပျော်ပါးနှစ်ခြိုက်နေသူများရှိသလို “လက်နက်ကိုင်စီးပွားရေး လုပ်ရသည့်အရသာကို တွေ့သွားကြ သဖြင့် “ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ သော မြန်မာနိုင်ငံကြီးဖြစ်၍နေပါသည်။

ကျွန်တော်လူဖြစ်လာကတည်းက ပတ်ဝန်းကျင်တွင် မိုင်းထောင်၊ တံတားချိုး၊ ရထားလမ်းဖျက် သတင်းနှင့်ဂယက်များကြောင့် အနေကျပ်ခဲ့ရာမှ တစ်သက်တာဒဏ်ခံရပြီး သေခါနီးကျမှ ရှေးယခင် ကအတိုင်း မိုင်းဆွဲတိုက်ပွဲများအကြောင်းကို ကြားနေမြင်နေရသဖြင့် အနေကျပ်ပြီးလျှင် အသေကျပ်ဦးမည်မှာ သေချာသလောက်ရှိနေပါသည်။ ကျွန်တော့်သက်တမ်းတစ်လျှောက် မပြီးမြောက်နိုင်သည့် ငြိမ်းချမ်းစွာ ထိပ်တန်းရောက်နိုင် မည့်အခွင့်အရေးကို မျိုးဆက်သစ်တို့ ရနိုင်စေရန် လမ်းကြောင်းဖွင့်ခဲ့ဖို့သာ တတ်နိုင်ပါသည်။

သို့ဖြစ်၍ “မြန်မာ-၂၀၄၈ ခေါင်းစဉ်ဖြင့် စာတမ်းတစ်ခု ပြုစုထားရစ်ခဲ့ပါသည်။ မဖြစ်မနေပြန်လှည့်ကြည့်သင့်သည့်သမိုင်း၊ အားမနာတမ်း သုံးသပ်သင့်သည့် ပစ္စက္ခအခြေအနေနှင့် ပြတ်ပြတ် သားသား အုတ်မြစ်ချတည်ဆောက်ကြရမည့် မြန်မာ့ဗိမာန်ကြီးအတွက် စိတ်ကူးယဉ်မဟုတ်သော အိပ်မက်များကို အိပ်မပျော်နိုင်ဘဲ မက်ကာ အိပ်ပျက်ရက်တွေ ကြာရှည်နေရပါ၏။

မြန်မာ့သမိုင်းရေစီးကြောင်းကြီးကို ပိတ်ဆို့ရပ်တန့်စေမှာလား

သန့်ရှင်း - တည်မြဲအကွဲ ချောက်ထဲကျရန် လက်နှစ်လုံးအလိုဖြစ်နေ၍ မြန်မာနိုင်ငံကို ကယ်တင်ခဲ့သည်ဆိုသော လမ်းစဉ်ပါတီကြီး၏အကွဲ၊ တစ်ပါတီစနစ်အောက်မှာ ခံစားခဲ့ရသည့် အမှတ်တရနေ့ရက်များ၊ သပိတ်စုံ၍ သူပုန်ထခဲ့ကြသော အရေးအခင်းများတို့သည် နိုင်ငံရေးအရှုပ်အထွေး ရေမျောကမ်းတင်များအဖြစ် မြန်မာ့သမိုင်းရေစီး ကြောင်းကြီးကို ပိတ်ဆို့ရပ်တန့်စေမှာလားဟု စိုးရိမ်စရာဖြစ်နေရပေသည်။

မြန်မာပြည်တွင် ခေါင်းဆောင်များနှင့် နောက်လိုက်များက လူ့သဘောအတိုင်း ဖန်တီးနေကြသည့် သမိုင်းမှတ်တမ်းများကို စိတ်အားငယ်စွာ လေ့လာရှုမှတ်နေရုံမှတစ်ပါး အခြားမရှိ။ မည်သူ့ကို မျှလည်း အပြစ်မတင်လိုဘဲ ပြုပြင်သင့်သည့် လမ်းကြောင်းနှင့် ဗျူဟာများကိုသာ ရှာဖွေတင်ပြနေမိပါသည်။

ကျွန်တော်သုံးသပ်ရရှိသော နိဂုံးချုပ်အဖြေ ကား “ပြည်ထောင်စုစိတ်ဓာတ်မပျက် ရှေ့ဆက် ရမည့် အနာဂတ်မြန်မာ သာဖြစ်ပါတော့သည်။

ပြည်ထောင်စုစိတ်ဓာတ် နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကိုခေါင်းဆောင် အသီးသီးက ဖွင့်ဆိုခဲ့ကြပြီးဖြစ်ပါသည်။

တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြ သူများ

တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြ သူများ

တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုများ

အရေးကြီးလျှင် သွေးစည်းကြသူများ စသည်ဖြင့် တင်စားဖွဲ့ဆိုထားကြပါသည်။

အလုပ်သဘော အဓိပ္ပာယ်ဖွင့်ဆိုချက် (Operational Definition) အဖြစ် ဖော်ထုတ်ပေးခဲ့ သော ပုဂ္ဂိုလ်ကြီးကား ကွယ်လွန်သူသမ္မတကြီး ဒေါက်တာမောင်မောင်ပင်ဖြစ်ပါသည်။

စစ်မှန်သော ဒီမိုကရေစီနှင့် လူသားတို့၏ လွတ်လပ်ခွင့်ကို ကျောခိုင်းလျစ်လျူရှုပြု၍ကားမရ ပေ။ သို့သော်လည်း ဒီမိုကရေစီအရေခွံကို လွှမ်းခြုံ လျက် ပေါ်ပေါက်လာတတ်သော မင်းမဲ့စရိုက်ကိုမူ ရှောင်ရှားတတ်စေဖို့ အရေးကြီးပါသည်။ လူတစ်ဦး ချင်းတစ်ယောက်ချင်းစီ၏ တစ်ကိုယ်ရည် လွတ်လပ် ခွင့်နှင့် အများပြည်သူတို့အတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုတို့ အကြားရှိနေသည့် လွန်စွာ နူးညံ့သိမ်မွေ့သော ချိန်ခွင်လျှာအားညီညွတ်မျှတစွာ ထိန်းသိမ်းနိုင်ရေးသည်လည်း အရေးကြီးသည်။ ကမ္ဘာပေါ်ဝယ် အရာရာပြီးပြည့်စုံလျက် ရာနှုန်းပြည့် အောင်မြင်နေသည့် လူ့ဘောင်အဖွဲ့အစည်းဟူ၍မရှိသေးသလို တိမ်းစောင်းလွဲမှားမှု အလျင်းမရှိသည့် အုပ်ချုပ်ရေးစနစ်ဟူ၍ မရှိသေးပါ။ စနစ်တစ်ရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု၊ တရားဥပဒေတစ်ရပ် တို့ ရှင်သန်ခိုင်မြဲစေရေးသည် ပြည်သူလူထုတို့အပေါ်သာလျှင် မူတည်ပေမည်။ ပြည်သူလူထုတို့မှာလည်း သူတို့၏အားနည်းချက်၊ အားသာချက်များရှိသလို သူတို့၏ စဉ်းစားဆင်ခြင်တုံ တရားကင်းမဲ့မှုနှင့် များပြားလှသော စိတ်ခံစားမှုများလည်း ရှိပေဦးမည်သာ။ ထို့အတွက်ကြောင့် အရောင်အသွေးအမျိုးမျိုး ကွဲပြားချက် မပြတ်ပေါ်ပေါက်လေ့ရှိသော လူသား တို့၏ ပြဿနာအရပ်ရပ်တို့အတွက် တစ်ခုတည်း သော ပြီးပြည့်စုံသည့် မလွဲမှားနိုင်သော အဖြေဆို သည်ကားမရှိပေ ဟု မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း (ပထမတွဲ) စာမျက်နှာ - ၃၅၆ တွင် ဖတ်ရှုရပါသည်။

ဤတွင် ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းတာ ရမည့် စံပေတံကို မလွဲစေဖို့လိုပါသည်။

အားလုံးညီညွတ်မှ ခံနိုင်ရည်ရှိ

လက်တွေ့တွင် ပြည်ထောင်စုစိတ်ဓာတ်မှာ တစ်ပွဲတိုးတည်ဆောက်၍ ရကောင်းသောအရာ မဟုတ်ပါ။ စနစ်တစ်ရပ်ဟု ဆိုလိုက်လျှင် နိုင်ငံရေးသမားများက အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ် စသည်ဖြင့် သရုပ်ခွဲတတ်ကြပါသည်။ တစ်ဖန် အချင်းချင်းလည်း လက်ယာစွန်း၊ လက်ဝဲစွန်း၊ အလယ်အလတ်စသည်ဖြင့်ဝါဒများကို ခွဲခြမ်းစိတ်ဖြာကြကုန်ပြန်ပါ၏။ ယနေ့ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးများ (ဥပမာ - ဥရောပ နိုင်ငံရေး) ကို လေ့လာလျှင် ပို၍ရှုပ်ထွေးသည်ကို တွေ့ရပါမည်။ သို့ရာတွင် နိုင်ငံ၏အဓိကအရေး (National Interest) နှင့် ပတ်သက်လာလျှင် အားလုံးညီညွတ်မှ ခံနိုင်ရည်ရှိပါ၏။ ဤသို့ညီညွတ်ဖို့ အတွက်လည်း နိုင်ငံသားချင်းဆက်နွှယ်မှု (Belongingness) သည် အရေးကြီးလာပါ၏။

အေးအတူပူအမျှ အတူတကွ မျှဝေခံစားခဲ့ရသော သမိုင်းကြောင်း၊ လူမှုရေးစနစ် (Social System)၊ ဓလေ့ထုံးစံများ၊ ပြည်သူ့နီတိများသည် ဘာသာခြားခြင်း၊ လူမျိုးခြားခြင်းနှင့် အနည်းငယ်သာ ပတ်သက်ပြီး ဆောက်တည်နေထိုင်ကြသော လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ ယဉ်ကျေးမှု (Civilization) နှင့် ခွဲခွာမနေကောင်းသည်ကိုလည်း သတိပြုရန်လိုပါသည်။

ယခု တိုးတက်ကြီးပွားလာသော တရုတ်နိုင်ငံ သည် ဦးဆောင်မှုကိုရယူကာ (Global Civilization Initiative - GSI) ကို ၂၀၂၄ ခုနှစ်တွင် အစဖော်၍ တူညီသောအနာဂတ်တစ်ရပ်အတွက် မျှဝေ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေပေသည်။ အနောက်တိုင်းနှင့် အရှေ့တိုင်းတို့မှာ ထွန်းကားခဲ့ သော ယဉ်ကျေးမှုချင်းမတူသည်ကို တစ်ချိန်က အသိအမှတ်မပြုဘဲ အနောက်တိုင်းယဉ်ကျေးမှုပုံစံ နှင့်စံနှုန်း (Western Norms and Standards) များကိုသာ ကမ္ဘာပြုပြီး အာရှ၊ အာဖရိကရှိ ကိုလိုနီ နိုင်ငံများကို မယဉ်ကျေးသောလူရိုင်းများအဖြစ် နှိမ်ချိုးကာ ခြေဖဝါးအောက်မှာ ခစားစေခြင်းများကို ယခုအခါ ရှုတ်ချအပြစ်တင်နေကြသည်ကိုလည်း တွေ့ရပါ၏။

တစ်ဖက်မှလည်း ဒေသတစ်ခုနှင့် တစ်ခု၊ လူမျိုးတစ်စုနှင့် တစ်စု၊ ကိုးကွယ်ရာဘာသာဝင် တစ်စုနှင့် တစ်စု ကွဲပြားသွားရုံနှင့် အတူနေ ရေမြေ ဒေသများနှင့်ဆိုင်သော “ပြည်ထောင်စုစိတ်ဓာတ် နေရာတွင် မျက်ကန်းမျိုးချစ်စိတ်ဓာတ်များဖြင့် “ငါ့ညီ၊ ငါ့မြေ၊ ငါ့အမေ” ပတ်သက်မှုထက် မကျော် လွန်ဘဲ “ငါ့နိုင်ငံတော် “ငါ့နိုင်ငံသား “ငါတို့ဒေသ ကြီး ဆိုသည့် စိတ်ထားနှင့် ခံယူချက်အထိ ရောက်မလာဘဲ ခေတ်နောက်ကျကျန်နေသူများ များသောနိုင်ငံအတွက် ကိုယ်ကျိုးစီးပွား အဓိကထားသော အစွန်းရောက်ဝါဒများ ကိုင်စွဲလာကြ သည်ကိုလည်း တွေ့နေရပါသည်။

လွတ်လပ်ရေးမရခင်ကတည်းက သွေးကွဲနှင့်ပြီးသော တိုင်းရင်းသားအချို့နှင့် နိုင်ငံရေးသမား များမှာ လွတ်လပ်ရေးရရချင်း တိုက်ပွဲများဆင်ခဲ့ ကြသည်မှာ ယနေ့ထက်တိုင်ပင်။ စာရေးဆရာကြီး မြတ်ထန်၏ “တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန် အမည်ရှိစာအုပ်တွင် အတော်ပင်စုံလင်စွာဖတ်ရှု နိုင်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်များ တစ်စစီပြိုကွဲ သွားကြချိန်တွင် တပ်မတော်အတွင်း ဖြစ်ရပ်များ အနက်မှ ပြည်ထောင်စုစိတ်ဓာတ် နမူနာလေး တစ်ခုကို တင်ပြချင်ပါသည်။ ကျွန်တော်၏ ယောက္ခမ ဖခင်ဖြစ်သူ “သူရဦးတင်မောင် ၏ စာအုပ်ပုံကို မွှေနှောက်ရင်း သူရေးခဲ့သောဆောင်းပါးများထဲမှ အောင်လံ (နန်းရှေ့) ကလောင်အမည်နှင့် စစ်ပြန် မဂ္ဂဇင်းတွင် ရေးခဲ့သော “အဓိကပစ်မှတ် ဟူသော ဆောင်းပါးကိုဖတ်မိရာ အံ့ဩမိပါသည်။ ဆောင်းပါး ထဲမှ အဓိကကျသောစာသားများကို မူရင်းအတိုင်း ဖော်ပြလိုပါသည်။

“တပ်မတော် (ကြည်း) မှ အင်းစိန်က နှစ်ထပ် တိုက်တစ်လုံးကို ဗုံးကျဲတိုက်ခိုက်ရန် အဓိကပစ်မှတ် အဖြစ် ပေးလာပါသည်” ဟူ၍လည်းကောင်း၊ “ဒီပစ်မှတ်ကို ဗုံးကျဲတိုက်ခိုက်ဖို့၊ သေနတ်ပစ် တိုက်ခိုက်ဖို့ဟာ အင်မတန် သတိထားရလိမ့်မယ်။ ပစ်မှတ်ကို တိုက်ခိုက်ဖို့ အတော်ခက်တဲ့အနေအထား ပဲ။ ကန့်သတ်ချက်တွေ၊ သတိထားရတဲ့ဟာတွေက အများကြီးပဲ၊ တော်အောင်ရော်အောင် လုပ်လို့မရဘူး။ အမှားမခံနိုင်ဘူး” ဟု တိုင်ပင်ဆွေးနွေးကြကြောင်း၊

“အကြမ်းဖက်သောင်းကျန်းသူ ကရင်များသည် အင်းစိန်မြို့ကိုသိမ်းပိုက်ကာ စောဘင်ဆင်ခြံ၊ ခဝဲခြံ၊ တောင်သူကုန်း စသည်တို့တွင် အလုံးအရင်းဖြင့် တပ်စွဲထားကြပြီး လေယာဉ်ကွင်း၊ လေယာဉ်အတက် အဆင်း၊ ရန်ကုန်-မင်္ဂလာဒုံလမ်းမကြီးများကို ခြိမ်းခြောက်လျက်ရှိပါသည်။ မင်္ဂလာဒုံလေယာဉ် ကွင်းနှင့် အသံလွှင့်ရုံ (မြန်မာ့အသံ) ကို အမိအရ သိမ်းပိုက်လိုကြပါသည်။ သူတို့၏ လူအင်အား၊ လက်နက်အင်အားလည်း အလွန်ကောင်းပါသည်။ လေယာဉ်ကွင်းအတွင်းသို့ မကြာမကြာ လှမ်းပစ်ခတ်လျက်ရှိပြီး ကျွန်တော်တို့၏ လေယာဉ်ရုံကြီးများကို ကျည်ဆံများ လာရောက်ထိမှန်တတ်ပါသည် .......

“ဒီတိုက်ကြီးများတွင် အကြမ်းဖက် သောင်းကျန်းသူ အကြီးအကဲများရှိပြီး စစ်ဆင်မှု၊ စီမံကွပ်ကဲမှုများကို ဒီနေရာက ပြုလုပ်နေသည်ဟု ဆိုပါသည်.....”

“ပစ်မှတ်နှင့်နီးကပ်လာသောအခါ လေယာဉ် အရှိန်လျော့ကာ အမြင့်ပေ (၈ဝဝ) အရောက်တွင် ပစ်မှတ်နှင့် ချိန်သားကိုက်ကာ အချက်ပြလိုက်ပါ သည်။ တစ်ချိန်တည်းတွင် အိုလီဗာရီ (AIR Gunner) က ဗုံးကို ပစ်ချလိုက်ပါသည် ...”

“ကျွန်တော် အိုလီဗာရီကို ချီးကျူးပြောဆိုရာ ရဲဘော်ရဲဘက်များကလည်း ပြောဆိုကြပါ၏။ (အိုလီဗာရီသည် ချစ်ခင်သူများ ပေါများသူဖြစ်ပါ သည်။ ) သူသည် ကျေနပ်ပြုံးပြုံးနေရာမှ တစ်ချက် တစ်ချက် မျက်နှာပျက်သွားသည်ကို သတိထားမိ၏။”

“ဟေ့ အိုလီဗာရီ ဘာဖြစ်နေတာလဲကွ ... လုပ်ငန်းအောင်မြင်တာ မင်းမပျော်ဘူးလားကွ” “ဗိုလ်ကြီး လုပ်ငန်းအောင်မြင်တာ ကျွန်တော်ပျော်ပါ တယ်။ ဒါပေမဲ့ … အဲဒီတိုက်ကြီးက ကျွန်တော့်မိဘ တွေရဲ့တိုက်ပါ။” ဟု ဖြေကြောင်း၊ သူ့အားဝိုင်း၍ နှစ်သိမ့်လိုက်ကြရကြောင်း ရေးထားပါသည်။

လေယာဉ်သေနတ်သမား အိုလီဗာရီ၏ မိဘ များမှာမူ ကရင်သူပုန်များကိုကြောက်၍ ရန်ကုန်မြို့ထဲသို့ ပြောင်းပြေးပြီးဖြစ်၍ တော်ပါတော့သည်။ လေသူရဲဗိုလ်ကြီးနှင့် လေယာဉ်သေနတ်သမားတို့ နှစ်ဦးမှာ ဘာသာလည်းမတူ၊ တိုင်းရင်းသားလူမျိုးချင်းလည်းမတူ။ ဗုံးကြဲချဖို့မောင်းလာသည့် လေယာဉ်မှာလည်း ဗုံးကြဲလေယာဉ်မဟုတ်။ ဆယ်လက်မခန့်ရှိ ဓာတ်ပုံရိုက်သည့်အပေါက်မှနေ၍ ဗုံးကို လက်နှင့်ချိန်ကာ ပစ်ချရပါသည်။

အိုလီဗာရီသည် သူ့အိမ်မှန်းသိလျက်နှင့် အချိန်အဆမပျက်။ ထိုနေရာတွင် “ငါ့ညီ၊ ငါ့မြေ၊ ငါ့အမေ” တို့ထက်ပို၍ဦးစားပေးရမည့် “ငါ့နိုင်ငံတော်” အတွက် သစ္စာဆိုထားသည့်အတိုင်း အမိန့် ကို အတိအကျနာခံ၏။

ဤကား တပ်မတော်သားတို့၏ဘဝ။ သစ္စာရှိသော၊ သတ္တိရှိသော၊ စွန့်ဝံ့သောသူတို့အတွက် အသက်ပင်ပဓာနမထားဘဲ လေယာဉ်ခပ်ညံ့ညံ့ ပျံသန်း၍ ဗုံးကြဲရသောအလုပ်မှာ လေထဲရောက် သည်နှင့် အသက်တစ်ဝက်သာ အာမခံချက်ရှိသည့် ဘဝ။

သို့သော် ဗိုလ်ကြီး၏အမိန့်ကို တစ်သဝေမတိမ်းနာခံ၏။ ထိုအမိန့်နာခံမှုနောက်တွင် ရဲဘော်ရဲဘက် စိတ်ရှိ၏။ နောက်တွင် တိုင်းချစ်ပြည်ချစ်စိတ်ရှိ၏။ နောက်တွင်ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်ရှိ၍ နေကြောင်းတွေ့နိုင်ပါသည်။ ဤကဲ့သို့သောဖြစ်ရပ်ပေါင်းများစွာ၊ စွန့်လွှတ်စွန့်စားမှုပေါင်းများစွာ ပေါင်းစုခဲ့သဖြင့်သာ ကျွန်တော်တို့နိုင်ငံတော်ကြီးသည် ယနေ့ (၇၇) နှစ်တိုင် လွတ်လပ်၍နေသေး၏။

ရန်ကုန်အစိုးရဟု အမည်တွင်ချိန်

ထိုစဉ်က ၁၉၄၉ ခုနှစ်တွင် ရန်ကုန်အစိုးရဟု အမည်တွင်ချိန်တွင် နိုင်ငံရေးအရဘာမျှမတတ်နိုင်။ အင်းစိန်ကို သိမ်းပိုက်ပြီးဖြစ်နေချိန်တွင် တပ်မတော် ထဲသို့ စေတနာ့ဝန်ထမ်းများ ပါဝင်စစ်ကူပေးခဲ့၏။ တက္ကသိုလ်ကျောင်းသားများလည်း ရှေ့တန်းသို့ ထွက်ခဲ့ကြ၏။ ထိုအထဲတွင် ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးလည်းပါခဲ့၏။ သူကား “မွန်ထော် သက်ညွန့်” ဖြစ်၏။ ဒိုက်ဦးအနားက တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း ကျဆုံးခဲ့၏။ “သူရ မွန်ထော်သက်ညွန့်” ၏ စွန့်လွှတ်မှုကျောက်တိုင် ကလေးက ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း သွားလျှင် တွေ့နိုင်ပါသေးသည်။

စွန့်လွှတ်စွန့်စားသူ အညတရစစ်သည်များ ရေးခဲ့သောသမိုင်းကို ရိုင်းသည်ထင်ကာ တပ်မတော်ကို အလုံးစုံပျက်သုဉ်းခြင်း (Utter Devastation) စာရင်းသွင်းပြီး ဖြိုခွဲရန်ကြံစည်မှုများကို အကြိမ်ကြိမ် မြင်တွေ့နေရသူတစ်ယောက်အနေဖြင့် မြန်မာ့အရေးအတွက် စိတ်အေးစရာလုံးဝ(လုံးဝ) မရှိပါ။

သမိုင်းအစဉ်အလာမရှိဘဲ နိုင်ငံရေးအာဏာကို ဖြတ်လမ်းနည်းဖြင့်ရယူကာ နိုင်ငံတော်၏ကံကြမ္မာကို ပြည်ထောင်စုပြင်ပမှသူများ၏ ပုံဖော်ထုဆစ်မှု ကြောင့် ပုံပျက်ပန်းပျက်ဖြစ်၍နေသော ယနေ့မြန်မာကို အချိန်တိုအတွင်း အဖတ်ဆယ်နိုင်ပါမှ ၂၀၄၈ အထိ ခံနိုင်မည်ဖြစ်ပါတော့၏။ ။