Skip to main content

တနင်္သာရီတိုင်းဒေသကြီးမှ လူငယ်များအတွက် အသိပညာဖွံ့ဖြိုးတိုးတက်စေရန် ဟောပြောပွဲအတွေ့အကြုံ

ဒေါက်တာသန့်စင်(ရူပဗေဒ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုဖြင့် လူငယ်များအတွက် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်း၊ ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ အားကစားနှင့် မြန်မာ့ရိုးရာအနုပညာပွဲများ ပြုလုပ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၏ ပါဝင်ကူညီဆောင်ရွက်ပေးမှုဖြင့် ထားဝယ်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်တို့တွင်ကျင်းပသည့် ကျောင်းသား ကျောင်းသူများနှင့် လူငယ်များအတွက် “လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ” ကို စာရေးသူပါဝင်တက်ရောက် ကူညီခွင့်ရရှိခဲ့ပါသည်။

ဟောပြောပွဲများကျင်းပ

စာရေးသူတို့အဖွဲ့တွင် လူငယ်များအတွက် အသိပညာပေးစာအုပ်များရေးသားသူ ဆရာကောင်းသန့်၊ စီးပွားရေးပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဆရာဇင်ဖြိုးပိုင်၊ မန္တလေးမီဒီယာမှ CEO ဦးကျော်ဇေယျ (ခ) ကိုဂျစ်တို့ပါဝင်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း ဟောပြောပွဲများ ကျင်းပခဲ့ပါသည်။

ဟောပြောပွဲများသို့ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ နည်းပညာကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ Polytechnic University မှ ကျောင်းသား ကျောင်းသူများ၊ ဟောပြောပွဲကို စိတ်ဝင်စားကြသော လူငယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပရိသတ်များ ခန်းမအပြည့်တက်ရောက်ကြပြီး သိရှိလိုသည်များကိုလည်း ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အသိပညာပေးဟောပြောပွဲကို တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဦးစီးပြီး အစစအရာရာ အဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက်ပေးပါသည်။ ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခနှင့် ဆရာဆရာမများက လှိုက်လှဲစွာကူညီဆောင်ရွက်ပေးကြပါသည်။ ဆရာကောင်းသန့်တို့အဖွဲ့က ထားဝယ်တက္ကသိုလ်တွင် ဟောပြောခဲ့ပြီး မြို့ခံတိုင်းရင်းသားလုပ်ငန်းရှင်များကို ဆရာဇင်ဖြိုးပိုင်ကဦးဆောင်ကာ အလုပ်အကိုင်၊ အခွင့်အလမ်းများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

စာရေးသူသည် မြိတ်မြို့သို့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကြိုတင်ရောက်ရှိပြီး ရောက်သည့်နေ့တွင် မြိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျွဲကူး)တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများနှင့် ရူပဗေဒဘာသာသင်ကြားပေးသည့် ဆရာ ဆရာမများကို Grade-12 ရူပဗေဒဘာသာအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ စာရေးသူ က Grade -10, 11, 12 ရူပဗေဒသင်ရိုး စာအုပ်ရေးသားရာတွင် ပါဝင်ခဲ့သူဖြစ်သည့်အတွက် ပြဋ္ဌာန်းစာအုပ်ကို မည်သို့လေ့လာ ကျက်မှတ်သင့်ကြောင်းနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို အောင်မြင်စွာဖြေဆိုနိုင်ရန် ပြင်ဆင်ထားရမည့်အချက်များကို ဟောပြောခဲ့ပါသည်။ ဟောပြောပွဲ အပြီးတွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက မေးမြန်း ဆွေးနွေးသည်များကို ဖြေကြားပေးခဲ့ပါသည်။ ဟောပြောပွဲဖြစ်မြောက်ရန် စီစဉ်ပေးခဲ့သည့် ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကို ကျေးဇူးတင်ရပါသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ခင်းတွင် တည်းခိုရာအိမ်တော်ဖြူ ဟိုတယ်၌ နံနက်စာသုံးဆောင်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်ကာ မြိတ်တက္ကသိုလ်သို့ကားများဖြင့် သွားရောက်ခဲ့ကြပါသည်။ မြိတ်တက္ကသိုလ် ပင်မအဆောင်ကြီးရှေ့တွင် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်နှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြပါသည်။ ဧည့်ခန်းတွင် မြိတ်ရိုးရာ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။

မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီး၌ နံနက် ၉ နာရီတွင် ဟောပြောပွဲစတင်ခဲ့ပါသည်။ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့ခေတ်လူငယ်များသည် အနာဂတ်ကာလအတွက် ခေါင်းဆောင်ကောင်းများဖြစ်ကြသလို ယနေ့ခေါင်းဆောင်များသည် တစ်ချိန်သောအခါက လူငယ်များ ဖြစ်ကြကြောင်း၊ လူငယ်ဘဝတွင် သုတ၊ ရသ အသိပညာ အတတ်ပညာများကို တတ်မြောက်ရန် လိုအပ်သလို ဗလငါးတန်နှင့် ပြည့်စုံအောင် ကြိုးစားထားရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ ပြည့်စုံသည့်ဂုဏ်အင်္ဂါများကို နိုင်ငံတော်အကျိုး၊ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် မှန်ကန်စွာအသုံးချခြင်းဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချရမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

စီးပွားရေးနှင့် အောင်မြင်ရေးနည်းလမ်းများ ဟောပြော

စာရေးသူက ဟောပြောပွဲဖြစ်မြောက်ရန် စီစဉ်ဆောင်ရွက်ခဲ့သည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံမှ လူငယ်စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးအကြောင်းနှင့် ၎င်းတို့ မည်သို့အောင်မြင်ရန် ကြိုးစားခဲ့ရသည် တို့ကိုဟောပြောပြီး စီးပွားရေးပညာရှင် ဦးဇင်ဖြိုးပိုင်က “I AM HERO NOT ZERO” (ကျွန်ုပ်သည် သုညမဟုတ် သူရဲကောင်းဖြစ်သည်”) ခေါင်းစဉ်ဖြင့် လူငယ်များအတွက် စီးပွားရေးနှင့် အောင်မြင်ရေးနည်းလမ်းများကို ဟောပြောခဲ့ပါသည်။

ဆရာသည် MESI College ကို ဖွင့်လှစ်ထားပြီး စက်မှုဇုန်များတွင် လိုအပ်သည့်အကြံဉာဏ်များ ပေးနေသူတစ်ဦးဖြစ်ပါသည်။ 3 - H, 3 - E for life leader အကြောင်းဟောပြောရာတွင် 1. Head (Education)၊ 2. Heart (Emotion)၊ 3. Hand (Experience) တို့နှင့်ပြည့်စုံအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ မိဘ၊ ဆရာသမား၊ ခေါင်းဆောင်ကောင်းများ၏ကျေးဇူးကိုသိတတ်ရန်နှင့် လုပ်သင့်သည့်အလုပ်၊ မလုပ်သင့် သည့်အလုပ်တို့ကို အသိပညာဖြင့် ခွဲခြားတတ်ရန်၊ လုပ်ရမည့်အလုပ်ကို Shall do မဟုတ်ဘဲ Must do လုပ်ကိုလုပ်ရမည်ဟု လည်းကောင်း၊ ကောင်းသောအလုပ်ကို စွဲမြဲစွာဖြင့် ယခုပင်စတင်လုပ်ဆောင်ရမည် ဖြစ်ကြောင်းကိုလည်းကောင်း ၎င်း၏အတွေ့အကြုံများဖြင့် နှိုင်းယှဉ် ကာ ဟောပြောသွားပါသည်။

ထောင်ချောက်ကြီးသုံးခု

ဆရာကောင်းသန့်က လူငယ်များအတွက် အသိပညာပေးစာများ၊ ဆောင်းပါးများကို ရေးသားနေသူဖြစ်သလို မီဒီယာများမှ မကြာခဏ ဟောပြောပို့ချနေသူတစ်ဦးဖြစ်ပါသည်။ ဆရာ၏ ဟောပြောပွဲ ခေါင်းစဉ်မှာ “ပညာလက်နက်ဖြင့် ဆင်းရဲတွင်းမှ ရုန်းထွက်စို့” ဖြစ်ပြီး ၎င်း၏ဟောပြောချက်တွင် လူငယ်များအတွက် အရေးကြီးသော ထောင်ချောက်ကြီးသုံးခုကို အဓိကထားဟောပြောသွားပါသည်။ ထိုထောင်ချောက်ကြီးသုံးခုမှာ (၁) မူးယစ်ဆေးဝါးထောင်ချောက်၊ (၂) အချစ်ထောင်ချောက်၊ (၃) မသိခြင်းထောင်ချောက်တို့ ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံအနှံ့တွင် လူငယ်များအကြား မူးယစ်ဆေးဝါးသည် များစွာပျံ့နှံ့လျက်ရှိကြောင်း၊ တချို့နေရာများတွင် လွယ်ကူစွာပင် ဝယ်ယူရရှိနိုင်ပြီး လူငယ်များကို စွဲဆောင်နေသည့် အချိုရည်နှင့် ရောထားသော မူးယစ်ဆေးဝါး၊ ဆေးပြားများရှိနေကြောင်း၊ ၎င်းတို့ကို အပေါင်းအသင်းများနှင့် စမ်းသပ်သုံးစွဲကြည့်ရာမှ လမ်းမှားရောက်သွားကာ ဘဝဆုံးရှုံးသွားရသည့် လူငယ်များ၏ တကယ့်ဖြစ်ရပ်များကို ထည့်သွင်းကာ ပြောကြားသွားပါသည်။

အချစ်ထောင်ချောက်ဆို၍ အချစ်ကို ထောင်ချောက်နှင့်တွဲ၍ သုံးသဖြင့် တစ်မျိုးမထင်သင့်ကြောင်း၊ ယနေ့ခေတ်တွင် မီဒီယာထွန်းကားနေသောကြောင့် လူမှုမီဒီယာများမှတစ်ဆင့်၊ အပြောအဟော ကောင်းသောသူများမှတစ်ဆင့် ဆွဲဆောင်မှုကြောင့် အမျိုးသမီးငယ်များ အချစ်ကိုယုံစားပြီး အချစ်နယ်ကျွံကာ ဘဝပျက်သွားပြီး လမ်းမှား ရောက်သွားခြင်း၊ လူကုန်ကူးခံရခြင်းတို့ ကြုံတွေ့ရပုံတို့ကို ပြောကြား ပါသည်။

မသိခြင်းထောင်ချောက်တွင် လူငယ်များအနေဖြင့် ပညာပြည့်စုံသော်လည်း ပြင်ပစာပေဗဟုသုတများ ဖတ်ရှုမှုအားနည်းသောကြောင့် အမှားအမှန် မခွဲခြားနိုင်ဘဲ လမ်းမှားကိုရောက်ရှိသွားနိုင်ကြောင်း၊ နောက်မှ “မသိ၍လုပ်မိခြင်း” ဆိုပြီး နောင်တရတတ်ကြောင်း၊ မသိခြင်း ထောင်ချောက်မှလွတ်ရန် စာပေဗဟုသုတများကို ဆည်းပူးလေ့လာရန် လိုအပ်ကြောင်းနှင့် စာကြည့်တိုက်များသည် လူငယ်များအတွက် အဖော်ကောင်းများဖြစ်ကြောင်း ပြောကြားပါသည်။

ဟောပြောပွဲတွင်ပါဝင်သော မန္တလေးမီဒီယာမှ CEO ဦးကျော်ဇေယျ (ခ) ကိုဂျစ်က လူငယ်များနှင့်တွေ့ဆုံကာ ယနေ့မီဒီယာလောကအကြောင်း၊ လူငယ်များ အနုပညာအတွက် စိတ်ဝင်စားပါက မည်သို့ပါဝင်နိုင်ကြောင်းတို့ကို ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်ကြသူများက မေးခွန်းများမေးမြန်းခြင်းနှင့် ဟောပြောသူများက ပြန်လည်ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ တက်ရောက်လာကြသူလူငယ်များက စိတ်ပါဝင်စားစွာ နားထောင်ကြပြီး ဆွေးနွေးမေးမြန်းကြသည်မှာ မွန်းတည့် ၁၂ နာရီကျော်မှပွဲကို အဆုံးသတ်ရပါသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် “လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဆိုင်ရာအသိပညာ ပေးဟောပြောပွဲ” သည် လူငယ်များအပါအဝင် တက်ရောက်လာကြသူများအတွက် များစွာအကျိုးရှိသည့် ဟောပြောပွဲဖြစ်ခဲ့ပါသည်။ တနင်္သာရီ တိုင်းဒေသကြီးမှ လူငယ်အသိပညာရှင် အတတ်ပညာရှင်များဖြင့် တနင်္သာရီတိုင်းဒေသကြီးမှသည် နိုင်ငံတော်အထိ ကောင်းကျိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေကြောင်းနှင့် အခြားသော ဒေသအသီးသီးတွင်လည်း အလားတူ အသိပညာပေးဟောပြောပွဲများ ကျင်းပနိုင်ပါက ကျင်းပပေးပြီး လူငယ်များအတွက် အသိပညာဗဟုသုတများရရှိအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။