နှစ်သစ်တွင် လုပ်ဆောင်သင့်သော စိတ်ကူးအိပ်မက်များ
မောင်သောင်းဝင်း (တမန်ဟောင်း)
၂၀၂၅ ခုနှစ်ဆိုသော နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်သည်။ မပြတ်လည်ပတ်နေသော ရာသီစက်ဝန်းနှင့်အတူ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့သည် စက္ကန့်၊ မိနစ်၊ နာရီဆိုသော အချိန်ကာလ၏ ဝါးမျိုခြင်းကိုခံနေရသည်။ အမှတ်တမဲ့အချိန်အတွင်းမှာပင် အသက် တစ်နှစ်ကြီးသွားပြီဖြစ်သည်။ နှစ်သစ်တွင် တန်ဖိုးရှိသည့်စက္ကန့်တိုင်းကို အကျိုးရှိစွာ အသုံးချကာ စဉ်ဆက်မပြတ် ကြိုးပမ်းနေမှသာ အောင်မြင်မှုနှင့် စိတ်ချမ်းမြေ့မှုတို့ကို တူးဆွရှာဖွေနိုင်မည် ဖြစ်သည်။
နှစ်သစ်သန္နိဋ္ဌာန်
နှစ်သစ်တွင် ဆောင်ရွက်သင့်သည့်စိတ်ကူးအိပ်မက်များကို ဖြစ်နိုင်ပါက မှတ်စုစာအုပ်တွင် ချရေးထားသင့်ပေသည်။ နှစ်သစ်တွင် ဆောင်ရွက်သွားမည်ဟု ရည်မှန်းထားသည့် စိတ်ကူးအိပ်မက် များကို နှစ်သစ်သန္နိဋ္ဌာန်ဟု ခေါ်ဆိုနိုင်ပါသည်။ နိုင်ငံကြီးသားများသည် နှစ်စဉ်ခရစ်နှစ်ကုန်ဆုံးတိုင်း နှစ်သစ်သန္နိဋ္ဌာန် (New Year’s Resolution) များ ချမှတ်လေ့ရှိသည်။ ထိုနည်းတူစွာ စာရေးသူတို့ မြန်မာနိုင်ငံသားများအနေဖြင့်လည်း နှစ်သစ်အတွက် ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်နယ်ပယ်များတွင် အောင်မြင်စွာ ကြိုးပမ်းသွားမည်ဆိုသော ခိုင်မာသည့် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်သင့်ပါသည်။
ကျန်းမာရေး
အာရောဂျံပရမံလာဘံ “ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်” ဆိုသောစကားနှင့်အညီ လူတိုင်းအတွက် အရေးကြီးဆုံးအချက်သည် ကျန်းမာစွာနေထိုင်နိုင်ရေးပင်ဖြစ်သည်။ လူတစ်ဦးသည် ကျန်းမာနေမှသာလျှင် အခြားလုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ နှစ်သစ်တွင် ဆောင်ရွက်သွားမည့်လုပ်ငန်းများအနက် ကျန်းမာရေးကို အဓိကထား၍ ဆောင်ရွက်သွား ရန်လိုအပ်သည်။ တိုးတက်လာသောခေတ်ကြီးတွင် လူများသည် ဇိမ်ခံပစ္စည်းများနှင့် အချိန်ဖြုန်းလာကြသည်။ လှုပ်ရှားမှုနည်းပြီး အဆီအအိမ့်များကို လွန်ကဲစွာ မှီဝဲသုံးဆောင်လာကြသောကြောင့် ရောဂါမျိုးစုံ ဖိစီးခံစားလာကြရသည်။
ထို့ကြောင့် တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်သင့်ပါသည်။ တတ်နိုင်ပါက နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လမ်းလျှောက်လျှင် ပို၍ကောင်းပါသည်။ လမ်းလျှောက်ခြင်းသည် ငွေကြေးကုန်ကျမှုမရှိသည့်အပြင် ကျန်းမာရေးကိုလည်း များစွာအထောက် အကူပြုသည့် လေ့ကျင့်ခန်းဖြစ်သည်။ လူတစ်ဦးသည် လုပ်ငန်းတာဝန်များ မည်မျှပင်များပြားနေစေကာမူ နှစ်သစ် တွင် ကျန်းမာရေးအတွက် နေ့စဉ်မပျက်မကွက် လမ်းလျှောက်ရန် လိုအပ်ပါသည်။
ဘာသာရေး
ဘာသာရေး အဆုံးအမများသည် လူ့အသိုက်အဝန်းကို ယဉ်ကျေးသိမ်မွေ့အောင် ထိန်းကျောင်းပေးနိုင်စွမ်းရှိသည်။ ဘာသာရေးအဆုံးအမကို လိုက်နာသော လူ့အဖွဲ့အစည်းသည် ယဉ်ကျေးသိမ်မွေ့ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဘာသာရေးအဆုံးအမမရှိသော အသိုက်အဝန်းသည် မင်းမဲ့စရိုက်ဆန်ပြီး ရိုင်းစိုင်း ကြသည်။ ကျေးဇူးရှင်မြတ်ဗုဒ္ဓက သတ္တဝါများအပေါ် မေတ္တာထားရန် အကြိမ်ကြိမ် ဟောကြားတော်မူခဲ့သည်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီးကလည်း “စိတ်ကောင်းရှိဖို့က ပထမ” ဟု ဟောကြားခဲ့ပါသည်။ နှစ်သစ်တွင် နေ့စဉ် နံနက်စောစောထပြီး ဘုရားကန်တော့၊ ပဋ္ဌာန်း၊ ပရိတ်ရွတ်၊ ပုတီးစိပ်၊ တရားထိုင် ပြီး ၃၁ ဘုံရှိ သတ္တဝါများကို မေတ္တာပွားများနိုင်အောင် ကြိုးစားအားထုတ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ တရားတော်များနှင့်အညီ ကြိုးစားပြုမူကျင့်ကြံ နေထိုင်သွားခြင်းသည်လည်း နှစ်သစ်တွင် မဖြစ်မနေ ဆောင်ရွက်သင့်သော အချက်တစ်ချက်ဖြစ်သည်။
ဆိုရလျှင် လူသားတို့သည် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရမည်မှာ သဘာဝပင်ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်အလုပ်ဖြင့် အသက်မွေးနေရသည်ဖြစ်စေ တွေးတောကြံစည်၊ ပြောဆို၊ ပြုမူမှုမှန်သမျှကို သတိကပ်၍သာ လုပ်ဆောင်နိုင်မည်ဆိုလျှင် အကုသိုလ်နည်းပါးနေမည် ဖြစ်သည်။ အမှန်စင်စစ်မှာမူ သတိတရားလက်ကိုင် ထားသူတစ်ဦးသည် နေ့စဉ်လုပ်ငန်းခွင်၌ပင် ကုသိုလ်ကောင်းမှုများ ရရှိနိုင်စေသည်။
အချိန်ပြည့် သတိမကပ်နိုင်သည့် တိုင်အောင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်သည့် သဒ္ဓါတရားသာ ရင်ထဲကိန်းအောင်းနေမည်ဆိုလျှင် ကုသိုလ်စိတ်များ ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်တွင် ကိုယ်စီလုပ်ငန်းတာဝန်များကို သတိတရားဖြင့်သာ ထမ်းဆောင်သွားမည်ဆိုလျှင် ကုသိုလ်ကောင်းမှုများရရှိနေမည်ဟု ဆိုချင်ပါသည်။
ပညာရေး
နည်းပညာများ အလျင်အမြန် ပြောင်းလဲတိုးတက်နေသော ခေတ်ကြီးတွင် စဉ်ဆက်မပြတ် လေ့လာသင်ယူနေမှသာလျှင် တိုးတက်အောင်မြင်မှုကို ရှာဖွေနိုင်မည်ဖြစ်သည်။ လူငယ်များအနေဖြင့် ပုံမှန်အတန်းပညာအပြင် ဘာသာစကား၊ ကွန်ပျူတာ၊ နည်းပညာ နယ်ပယ်များတွင်လည်း ဖြန့်ကြက် လေ့လာသွားရန် လိုအပ်ပေသည်။ လူတစ်ဦးသည် အနည်းဆုံး အထက်တန်းအဆင့်ပညာထိ သင်ယူထားမှသာလျှင် သူတစ်ပါး၏ စည်းရုံးသိမ်းသွင်းမှု၊ သွေးထိုးလှုံ့ဆော်မှု၊ ဝါဒမှိုင်းတိုက်မှုများကို ချင့်ချိန်ဆုံးဖြတ် ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထိုသို့ပညာသင်ယူခွင့်မရရှိခဲ့လျှင် စာအုပ်စာပေများ ဖတ်ရှုသင့်ပေသည်။ ပညာတတ်နည်း သောတိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်မှု ကို မျှော်မှန်းသလောက် ဖော်ဆောင် နိုင်စွမ်းရှိမည်မဟုတ်ချေ။ ထို့ကြောင့် နှစ်သစ်တွင် အတတ်ပညာတစ်ခုခုကို လေ့လာဆည်းပူး သင်ယူသင့်ပေသည်။
စာဖတ်ခြင်း
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိ ပြည်သူများ၏ စာဖတ်စွမ်းအား၊ တစ်နည်းအားဖြင့် စာပေတတ်မြောက်မှုနှုန်းပေါ်တွင် များစွာတည်မှီနေပါသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်စီဘဝ တိုးတက်အောင်မြင်ရေးအပြင် တိုင်းပြည်တည်ဆောက်ရေးကိုပါ အထောက်အကူပြုနိုင်ရေးအတွက် ကျွန်ုပ်တို့အားလုံး နှစ်သစ်တွင် စာပေမျိုးစုံကိုဖတ်ရှုရန်လိုအပ်ပါသည်။ လူတစ်ဦးချင်း အလိုက်၊ မိသားစုအလိုက်နှင့် မိတ်ဆွေများစုဖွဲ့၍ဖြစ်ဖြစ် စာဖတ်ခြင်း၊ အတွေ့အကြုံများ အပြန်အလှန်ဖလှယ် ခြင်း၊ စာကြည့်တိုက်များသွားခြင်း၊ တတ်နိုင်သမျှ စာအုပ်များ ဝယ်ယူစုဆောင်းခြင်းများ ပြုလုပ်ရန်လိုအပ်ပါသည်။ အဆွေစာရှုသူသည် ယခင်နှစ်က စာအုပ်အရေအတွက် မည်မျှပြီးအောင် ဖတ်ခဲ့ပြီး မည်မျှဝယ်နိုင်ခဲ့ပါသလဲ။ နှစ်သစ်တွင်လည်း မည်မျှပြီးအောင်ဖတ်ပြီး မည်မျှဝယ်ရန် ရည်မှန်းထားပါသလဲ။ လူတစ်ဦးသည် စာအုပ်စာပေ များများဖတ်နိုင်လေလေ အသိပညာ ဗဟုသုတ ပိုမိုကြွယ်ဝလေလေပင် ဖြစ်သည်။
စီးပွားရေး
လူတစ်ဦးသည် အသက်ရှင်နေထိုင် စဉ်ကာလအတွင်း စား၊ ဝတ်၊ နေရေး လုပ်ငန်းအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှား နေရမည်သာဖြစ်သည်။ ထိုသို့ လှုပ်ရှားဆောင်ရွက်ရာတွင် အတ္တနှင့်ပရမျှတသည့် သမ္မာအာဇီဝကျသောလုပ်ငန်းများဖြင့် လူသားဆန်ဆန် အသက်မွေးကြရပါမည်။ မတော်လောဘဖြင့် ကြီးပွားလာ သူတစ်ဦးသည် စိတ်အေးလက်အေးဖြင့်မနေနိုင်ပေ။ ထို့ကြောင့် နှစ်သစ်တွင် မိမိအကျိုးအပြင် အများကိုပါ အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပါမည်။
ထို့ပြင် ကိုယ်စီနိဝါတတရား လက်ကိုင်ထားမည်ဆိုလျှင် လူ့အဖွဲ့အစည်းကြီးသည် အဖုအထစ်မရှိ အောင်မြင်မှုရရှိနေမည်ဖြစ်သည်။ ထိုသို့ လူ့အဖွဲ့အစည်းကြီး သဟဇာတဖြစ်နေစေရန်အတွက် လူကြီး၊ လူငယ်၊ လူလတ် အသက်အရွယ်ပေါင်းစုံသည် နှစ်သစ်ကာလတွင် ဗြဟ္မစိုရ်တရားလက်ကိုင် ထားမည်ဆိုသည့် စိတ်ကူးအိပ်မက်များ ကိုယ်စီရှိရန် လိုအပ်ပါသည်။
လူတစ်ဦးသည် ရာထူး၊ အဆင့်အတန်းနှင့် ငွေကြေး မည်မျှပင်မြင့်မားတိုးတက် ပိုင်ဆိုင်နေစေကာမူ ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ကရုဏာတရားနှင့် မုဒိတာတရားတို့ ပွားများနိုင်မှသာလျှင် လူပီသမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူ့ကျင့်ဝတ်မရှိသော လူတန်းစားထဲတွင် ပါဝင်နေမည်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်မှစ၍ လူပီသအောင် ကြိုးစားကျင့်ကြံနေထိုင်ကြပါစို့။
အထွေထွေ
လူတစ်ဦးသည် စား၊ ဝတ်၊ နေရေး အပြင် ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်ကဏ္ဍစုံလင်စွာတွင် ဆောင်ရွက်ဖွယ်ရာများ မြောက်မြားစွာရှိနေပါသည်။ ထိုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရန်မှာ ကိုယ်စီခံယူချက်နှင့် ကြိုးပမ်းအားထုတ်မှုများပေါ်တွင်သာ မူတည်နေပါသည်။ လူတစ်ဦးသည် နှစ်ဟောင်းတွင် မိသားစုနှင့် လူ့အဖွဲ့အစည်း၏ ကောင်းရာကောင်းကျိုးကို အနည်းအကျဉ်းမျှ ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်းမရှိလျှင် ထိုသူသည် တိုင်းပြည်နှင့် လူမျိုးအတွက် လူပိုတစ်ဦးသာဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူ့လောကတွင် လူပိုတစ်ဦးကဲ့သို့ ဖြစ်မနေစေရန် နှစ်သစ်အတွက် စိတ်ကူးအိပ်မက်သစ်များ ချမှတ်ထားသင့်ပါသည်။ ထိုစိတ်ကူး မျှော်မှန်းချက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန်အတွက် နှစ်သစ်မှစ၍ လက်တွေ့ကျကျ ကြိုးပမ်းသွားရန် လိုအပ်ပါသည်။
စိတ်နေစိတ်ထားပြုပြင်
စင်စစ်အားဖြင့် လူတစ်ဦးသည် မည်သည့်နယ်ပယ်တွင် ကျင်လည်နေရသည်ဖြစ်စေ ထိုလူ၏စိတ်နေစိတ်ထားနှင့် လုပ်ဆောင်ချက်အပေါ် မူတည်၍ လုပ်ဖော်ကိုင်ဖက်များ၊ ပတ်ဝန်းကျင်ရှိ မိတ်ဆွေများက နာမည်ပေးကင်ပွန်းတပ်လေ့ရှိသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ရေသာခိုအချောင်လိုက် နေမည်ဆိုလျှင်၊ မူးယစ်ရမ်းကားနေမည်ဆိုလျှင်၊ ပြဿနာကိုသာရှာနေမည်ဆိုလျှင် နာမည်ဆိုးများထွက်၍ မည်သူမျှတွဲ၍ လုပ်ဆောင်လိုခြင်းရှိမည် မဟုတ်ပေ။
တစ်နည်းအားဖြင့် ဆိုရလျှင် အနစ်နာခံလိုသူ၊ ကြိုးပမ်းအားထုတ်လိုသူ၊ လေ့လာဆည်းပူးလိုသူ၊ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လိုသူဆိုလျှင် လူတိုင်းက လက်တွဲချင်ကြသည်။ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် အနစ်နာခံခဲ့မည်ဆိုလျှင် နာမည်ကောင်း ထွက်နေမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ လုပ်ဖော် ကိုင်ဖက်များအပေါ် အမြဲတစေ ပြဿနာ သာရှာခဲ့မည်ဆိုလျှင်တော့ နာမည်ဆိုးသာကျန်ခဲ့မည်ဖြစ်သည်။
ယခုဆိုလျှင် ၂၀၂၅ ခုနှစ်ဆိုသော နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်းတွင် လောဘ၊ ဒေါသ၊ မာန်မာနများအပေါ်အခြေခံ၍ သုခ၊ ဒုက္ခ မျိုးစုံ ကြုံတွေ့ခဲ့ကြရမည်ဖြစ်သည်။ နှစ်သစ်တွင် လောဘ၊ ဒေါသ၊ မာန်မာန များလျှော့ချကာ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ မုဒိတာစိတ်များထားရှိပြီး အကောင်းဆုံး ကြိုးပမ်းသွားမည်ဆိုလျှင် ဝမ်းနည်ဖွယ်ရာများ၊ နာကြည်းဖွယ်ရာများ၊ နောင်တရဖွယ်ရာများ လျော့ပါးလာစေမည်ဖြစ်သည်။ ထို့ကြောင့် ဒေါသ၊ မာန်မာနနှင့် အတ္တများကို တဖြည်းဖြည်းချင်း လျှော့ချပြီး စိတ်နေစိတ်ထားပြုပြင်သွားရန် လိုအပ်ပါသည်။
နှစ်ဟောင်းတွင် အကောင်းနှင့်အဆိုး ဒွန်တွဲ၍ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံး ကြိုတင်ပြင်ဆင်ကြရန် လိုအပ်သည်။ နှစ်သစ်၌ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီ စိတ်ကူးအိပ်မက်များရှိနေရန် လိုအပ်သည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော်ရန်လည်း လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်အတွင်း ကျွန်ုပ်တို့၏ ကိုယ်စီဘဝများ တိုးတက် အောင်မြင်ရေးအပြင် မိသားစုနှင့် တိုင်းပြည်အကျိုးကိုပါ သယ်ပိုးနိုင်ရေးအတွက် ခိုင်မာသောသန္နိဋ္ဌာန်များ ချမှတ်ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ပါသည်။ ။