Skip to main content

လောကပါလတရားမှသည် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ဆီ …

စွမ်းပြည့်

ယနေ့ကမ္ဘာ့အခြေအနေအရပ်ရပ်ကို လေ့လာကြည့်ပါ။

အချို့သောနိုင်ငံတွေမှာ အချုပ်အခြာအာဏာအလုံးစုံပျက်သုဉ်းခြင်း ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ကင်းမဲ့နေခြင်း အခြေအနေမျိုးစုံတွေ့မြင်နေရတယ်။ တစ်ပါးနိုင်ငံ၊ အဖွဲ့အစည်းတစ်ခုခုရဲ့ စစ်ရေးအရ၊ စီးပွားရေးအရ၊ သံတမန်ရေးအရ လွှမ်းမိုးခြင်းခံရပြီး အမှီအခိုမကင်း အစောင့်ရှောက်ခံဘဝနဲ့ နေရတဲ့ နိုင်ငံတွေလည်းရှိနေတယ်။ အချို့နိုင်ငံတွေမှာ မိမိအချုပ်အခြာအာဏာ ကျိုးပဲ့မသွားအောင်ကို မနည်းရုန်းကန်နေရတဲ့ အနေအထားတွေလည်း တွေ့နေရတယ်။

ဒီလိုနိုင်ငံတွေရဲ့ လွတ်လပ်ရေးက တကယ့်စစ်မှန်တဲ့ လွတ်လပ်ရေးဖြစ်ပါသလား၊ ထိုနိုင်ငံတွေရဲ့ လွတ်လပ်ရေးအနှစ်သာရကဘာလဲ၊ လွတ်လပ်ရေးရဲ့အရသာကို ထိုနိုင်ငံက ပြည်သူပြည်သားတွေ အပြည့်အဝခံစားစံစားနိုင်ကြပါရဲ့လား။

သတိပြုရမယ့် လွတ်လပ်ရေးဆုံးရှုံးနိုင်ခြေ အကြောင်းတရားများ

နယ်ချဲ့လက်အောက် ကျွန်သဘောက်ဘဝနဲ့ ဆုံးရှုံးခဲ့ရတဲ့ အချုပ်အခြာအာဏာကို ပြန်လည်တိုက်ခိုက်ရယူပြီး ကိုလိုနီနယ်ချဲ့လက်အောက်က ပြန်လည်လွတ်မြောက်တဲ့နေ့၊ မိမိအချုပ်အခြာအာဏာပြန်တည်တဲ့နေ့ကို လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့စသဖြင့် နိုင်ငံအများစုက သတ်မှတ်ကြတယ်။

မြန်မာနိုင်ငံကတော့ နယ်ချဲ့အင်္ဂလိပ် လက်အောက်ကလွတ်မြောက်ပြီး လွတ်လပ်ရေးရခဲ့တာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုရင် ၇၇ နှစ်တိုင် ရှိခဲ့ပါပြီ။ သို့ပေမယ့် မြန်မာပြည်သူလူထုကြီးအနေနဲ့တော့ ရရှိပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ပြန်လည်မဆုံးရှုံးရေး တိုက်ပွဲဝင်နေကြရဆဲပါ။ မြန်မာပြည်သူအများစုကြီးက လွတ်လပ်ရေးကို တန်ဖိုးထားပါတယ်။ ဒါကြောင့်လည်း အချုပ်အခြာထိပါးခံရမယ့်အခြေအနေ ရောက်တိုင်းအသက်သွေးချွေးစတေးပြီး ကာကွယ်စောင့်ရှောက်ကြတဲ့ သမိုင်းအစဉ်အလာရှိခဲ့တာ ဖြစ်ပါတယ်။

အတိတ်သမိုင်းချင်းမတူ၊ သမိုင်းကိုဆက်ခံ ပုံချင်းမတူကြတဲ့ နိုင်ငံတွေမှာ လွတ်လပ်ရေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြပါသလဲ။ ကောင်းလို့၊ ကြိုက်လို့ကျင့်သုံးနေတဲ့ စနစ်တစ်ခု၊ ဒီစနစ်ကို ဘယ်လိုကာကွယ်နေကြပါသလဲ။ ဒါကို နမူနာယူပြီး ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်ရေး ဆုံးရှုံးနိုင်ခြေ၊ အချုပ်အခြာထိပါးနိုင်ခြေရှိတဲ့ အကြောင်းတရားတွေကို ဘယ်သူတွေကဖန်တီးနေကြပါသလဲ။ သတိမမူဂူမမြင်ဆိုသလို ပေါ့ပေါ့ဆဆမနေဘဲ သတိတရားလက်ကိုင်ထားပြီး အလေးအနက်ထားရမယ့် အနေအထားတစ်ခုမှာ ရောက်နေကြောင်း ဂရုပြုကြရပါမယ်။

လွတ်လပ်ခြင်းကို ရလိုမှုအတွက် အရေးကြီးသော လောကပါလတရား

ဥပမာတစ်ခု တင်ပြရရင် မကြာသေးမီရက်ပိုင်းက ကိုရီးယားမှာဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေကို ကြည့်လိုက်ပါ။ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ကျင့်သားရနေတဲ့ စုစုစည်းစည်း၊ ညီညီညာညာ ဆန္ဒပြနေတဲ့ မြင်ကွင်းတွေကို တစေ့တစောင်း ငေးမောမိပါလိမ့်မယ်။ ဆန္ဒပြကိုရီးယားပြည်သူတွေဟာ အခြားသောပြည်သူတွေ၊ ဝန်ထမ်းတွေသွားလမ်း၊ လာလမ်းမသာအောင် ကားတွေနဲ့ပိတ်၊ တာယာတွေမီးရှို့ပြီး လမ်းမပိတ်ခဲ့ကြပါဘူး။

စားဝတ်နေရေးအတွက် လှုပ်ရှားနေကြရတဲ့ ပြည်သူတွေအပေါ်မှာ အနှောင့်အယှက်မပေး၊ စာနာနားလည်မှုပေးခဲ့ကြတယ်။ ခံယူချက်မတူသူတွေအပေါ် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းဖွယ်အပြုအမူတွေနဲ့ရန်မရှာ၊ မသတ်ဖြတ်ခဲ့ကြဘူး။ တစ်ပါးသူအခွင့်အရေးကို မပိတ်ပင်၊ လူ့ကျင့်ဝတ်နဲ့အညီ လူသားဆန်တာတွေ့ရတယ်။ အလုပ်ရုံ၊ စက်ရုံတွေ ပိတ်ခိုင်းတာမျိုး၊ လူ့ကျင့်ဝတ်ကို သင်ကြားပေးတဲ့ ကျောင်းတွေကို အတင်းအဓမ္မပိတ်ခိုင်းတာမျိုးကိုရီးယားမှာ ရှိပုံမရပါဘူး။

ကိုရီးယားပြည်သူတွေဟာ သူတို့ရပိုင်ခွင့်ကဘာ၊ ကျင့်ဝတ်ကဘာဆိုတာ သိနားလည်ကြပုံပါပဲ။ ဒါပေမယ့် ဘေးပယောဂကြောင့် အများပြည်သူကို အနှောင့်အယှက်ဖြစ်မယ်၊ အများပိုင်အဆောက်အအုံတွေ၊ လမ်းတွေပိတ်ပြီး အကြမ်းဖက်လာမယ်ဆိုရင်တော့ ကိုရီးယားအစိုးရကလည်း မနေသာဘဲ တာဝန်နဲ့အညီ နှိမ်နင်းရတော့မှာပါ။ ဘယ်နိုင်ငံမှာမဆို ဒီလိုပါပဲ။ ညီညွတ်ခြင်း၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်းဆိုတာ လွတ်လပ်ခြင်းရဲ့ အနှစ်သာရတစ်ခုပါ။ လွတ်လပ်ခြင်းရဲ့အနှစ်သာရဆိုတာ စည်းကမ်းရှိတဲ့လူသား၊ စည်းကမ်းနဲ့အညီ ဒီမိုကရေစီကျင့်စဉ်တွေနဲ့အညီ အုပ်ချုပ်တဲ့အစိုးရတွေနဲ့သာ လိုက်ဖက်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အထက်ပါအနှစ်သာရမျိုးတွေနဲ့အညီ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးရှိကြပါရဲ့လား ၊ မျှမျှတတ၊ တရားဓမ္မနဲ့အညီ နေထိုင်တတ်ပြီလား။ မိမိကိုယ်မိမိ ဆန်းစစ်ကြည့်ကြစေလိုပါတယ်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာ

နိုင်ငံတစ်နိုင်ငံမှာ အကြမ်းဖက်မှုတွေ ထူပြောနေမယ်၊ စစ်မက်ရေးရာတွေ များပြားလာမယ်၊ တရားဥပဒေစိုးမိုးမှုကင်းမဲ့ပြီး မတည်မငြိမ်ဖြစ်မယ်ဆိုရင် ဒီအင်္ဂါရပ်တွေဟာ အချုပ်အခြာအာဏာ ကင်းမဲ့ခြင်းဆီ ဦးတည်သွားနိုင်ပါတယ်။ ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ချင်းစာတရားခေါင်းပါးမှု၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားခေါင်းပါးမှုတို့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ရတယ်။ လူလူချင်းလိမ်ညာကောက်ကျစ်ပြီး မတရားမှုတွေ ကြီးစိုးတဲ့ဝန်းကျင်မှာ ဘယ်နည်းနဲ့မှ တရားဥပဒေစိုးမိုးမှုမရှိနိုင်သလို တရားမဲ့ပြုကျင့်မှု တွေသာလျှင် ကြီးစိုးနေမှာဖြစ်ပါတယ်။

အကြမ်းဖက်မှုမရှိ၊ တရားဥပဒေစိုးမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းကသာ လူတစ်ဦး၊ တစ်ယောက်ချင်းအတွက်ကော နိုင်ငံအတွက်ပါ မိမိကံကြမ္မာ မိမိဖန်တီးခွင့်ဆိုတဲ့ရပိုင်ခွင့်ကို ပေးပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတာဟာ နိုင်ငံသားတိုင်းအတွက် အလွန်အရေးကြီးတဲ့ မွေးရာပါအခွင့်အရေးတစ်ခုပါ။ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေအနေနဲ့တော့ မိမိအစိုးရနဲ့မိမိနိုင်ငံ၊ သမိုင်းအစဉ်အဆက်တည်ရှိတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာတရား၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ တိကျတဲ့နယ်နိမိတ်နဲ့ လူဦးရေ၊ မည်သည့်နိုင်ငံနဲ့မဆို လွတ်လွတ်လပ်လပ် ဆက်ဆံနိုင်တဲ့ သံတမန်ဆက်ဆံရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်သူ့ကိုမှမမှီခိုရဘဲ ရှင်သန်ရပ်တည်နိုင်ခြင်း စသည်ဖြင့် အပြည့်အဝလွတ်လပ်တဲ့၊ အကြွင်းမဲ့အချုပ်အခြာအာဏာပိုင်တဲ့၊ လွတ်လပ်တဲ့ လူမျိုးတွေအဖြစ် ရပ်တည်နိုင်တာကို ပြသနေခြင်းဖြစ်ပါတယ်။

အရေးသုံးပါးအပေါ် ဘက်ပေါင်းစုံကထိုးနှက်မှုတွေ

ဒါပေမယ့် ဒီလက္ခဏာတွေက ထာဝရတည်မြဲနေဖို့ လိုအပ်ပါတယ်။ နိုင်ငံကို တာဝန်ယူဦးဆောင်နေတဲ့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီအရေးကြီးတဲ့ အချက်တွေ ထာဝရတည်တံ့ခိုင်မြဲနေအောင်၊ ပြည်သူတွေ တိုင်းရင်းသားတွေနဲ့အတူ ကြိုးစားလုပ်ဆောင်ပေးနေတယ်။ ပြဿနာက နိုင်ငံတွင်းမှာ ထိုအင်္ဂါရပ်တွေ တစ်စစီကျိုးပျက်သွားအောင် ချိုးဖဲ့ရိုက်ချိုးနေတဲ့ ပြည်တွင်းပြည်ပထိုးနှက်ချက်တွေ ရှိနေတယ်ဆိုတဲ့အချက်ပဲ။

တချို့သောလက်နက်ကိုင်အဖွဲ့တွေ၊ တချို့သောသူတွေက နိုင်ငံကိုမတည်မငြိမ်ဖြစ်အောင် အကြမ်းဖက်ကြတယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံကနေ တိုက်ခိုက်ကြတယ်။ ပြည်ထောင်စုကြီးပြိုကွဲအောင်၊ တိုင်းရင်းသားတွေအကြား ညီညွတ်မှုမရှိအောင်၊ အချုပ်အခြာ ဆုံးရှုံးအောင်၊ ထာဝရမြန်မာဆိုတဲ့တည်မြဲမှုကနေ ရပ်တန့်သွားအောင် ကြံဆောင်နေကြတယ်။

နိုင်ငံနဲ့လူမျိုးအပြီးတိုင် လုံးဝဥဿုံပြိုလဲပျက်စီးအောင်ကို အစွမ်းကုန်ကြံဆောင်နေကြတာ ဖြစ်တယ်။ သူတို့မှာ ပြည်ထောင်စုစိတ်ဓာတ်မရှိတဲ့အခါ ပြည်ထောင်စုကို တန်ဖိုးမထားတတ်ဘူး၊ နိုင်ငံတွင်း မှီတင်းနေထိုင်သူအားလုံး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအားလုံး ကပြား သွေးနှောဆက်စပ်ကြသူချည်းပဲ၊ ဒီမြေ၊ ဒီရေ၊ ဒီလေကို အားလုံးကပိုင်၊ အားလုံးနဲ့ဆိုင်ပါတယ်၊ ခွဲထွက်ခွင့် မရှိရပါဘူး။ တိုင်းရင်းသားလူမျိုး အားလုံးစည်းလုံးခြင်းဆိုတဲ့ ညီညွတ်မှုစိတ်ဓာတ်မရှိတဲ့အခါ အချင်းချင်းတောင် တန်ဖိုးမထားတော့ဘဲ သမိုင်းကို ပြောင်းပြန်လှန် ခွဲထွက်ချင်နေကြတယ်။ လုပ်ရပ်အားလုံးဟာ တစ်ခုမှကောင်းဖို့မရှိ၊ နိုင်ငံအချုပ်အခြာ တိုင်းရင်းသားလူမျိုးများရဲ့ဖြစ်တည်မှု နိုင်ငံသား တို့ရဲ့စွမ်းပကားအားလုံးကို ကျိုးပဲ့ကြေမွသွားအောင် လုပ်နေသလိုပဲဆိုတာ တွေ့ရမယ်။

နိုင်ငံအကြီးအကဲ၏ မှာကြားချက်များကို ထင်ဟပ်၍

ဒီနေရာမှာ နိုင်ငံသားတွေရဲ့စွမ်းပကား ယိမ်းယိုင်မှုကို အနည်းငယ် တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အပြန်အလှန် ဆက်စပ်နေတဲ့အတွက် ငြိမ်းချမ်းမှုမရှိ၊ တည်ငြိမ်မှု ပျက်ပြားခြင်းဟာ စနစ်တကျလုပ်ကိုင်ဆောင်ရွက် နိုင်စွမ်းမှာအားနည်းချက်တွေကို ဖြစ်ပေါ်စေပြီး ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကိုပါ ထိခိုက်စေတယ်ဆိုတဲ့အချက်ကို မျက်ခြည်ပြတ်လို့မရပါဘူး။ နိုင်ငံသားတွေရဲ့ အရည်အသွေးကို ဆုတ်ယုတ်စေတယ်ဆိုရာမှာ ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်း ဆောင်ရွက်မှု၊ ထင်သာမြင်သာရှိမှု၊ အဂတိတရားစတဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်မှာ အားနည်းချက်တွေရှိလာတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို ထိခိုက်လာနိုင်တဲ့ အခုလို အကြောင်းတရားတွေကို နောက်ဆုံးပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး တစ်ခုမှာ နိုင်ငံအကြီးအကဲရဲ့ ထောက်ပြချက်တွေနဲ့ ထင်ဟပ်ပြီး သုံးသပ်ကြည့်နိုင်ပါတယ်။ နိုင်ငံတော်ရဲ့ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေ ချမှတ်ထားရာမှာ လုပ်ငန်းတွေ အောင်မြင်မှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ပြီးတာဝန်ပေးမှ ဆောင်ရွက်ခြင်းထက် လုပ်သင့်လုပ်ထိုက်တာ အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ မှာကြားချက်ကို တွေ့ရပါတယ်။

ဒီအစည်းအဝေးမှာ အားသာချက်တွေသာမက အားနည်းချက်တွေကိုပါ ထောက်ပြသွားတာကို သတိထားမိပါတယ်။ အဓိကအချက်က စီးပွားရေးအပိုင်းပါ။ ရရှိတဲ့အချိန် အကန့်အသတ်အတွင်းမှာ ကိုဗစ်- ၁၉၊ နိုင်ငံရေးအကျပ်အတည်းနဲ့ ထပ်ဆင့်လက်နက်ကိုင်ပဋိပက္ခတွေဟာ ရှိခဲ့ရှိဆဲ အကြောင်း တရားတွေဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိစီးပွားရေး တိုးတက်မှု အားနည်းနေတဲ့အပိုင်းမှာ ကိန်းဂဏန်း အချက်အလက်တွေ မှန်ကန်ဖို့၊ စီမံကိန်းရေးဆွဲရာမှာ မမှားဖို့၊ လက်တွ့ကျပြီး ပြည်သူကို အမှန်တကယ် အကျိုးပြုတဲ့အသေးစိတ်စီမံကိန်းတွေဖြစ်ဖို့၊ မြေပြင်အခြေအနေမှန်ကို လေ့လာသုံးသပ်ပြီးမှ နိုင်ငံ့ဘဏ္ဍာငွေကို ထိထိရောက်ရောက်သုံးစွဲဖို့ ထောက်ပြခဲ့ခြင်းတွေဟာ မြေပြင်မှာ တကယ်လက်တွေ့ ဆောင်ရွက်နေရသူတွေအတွက် အကျိုးရှိစေတဲ့ မှာကြားချက်တွေ ဖြစ်ပါတယ်။

အားနည်းချက်၊ အားသာချက်ကို သုံးသပ်နိုင်ဖို့ အခြေခံကိန်းဂဏန်းက အရေးကြီးသလို ဥပမာပေး ထောက်ပြခဲ့တဲ့ အချို့သောအရေးကြီးကုန်စည်တွေရဲ့ ပြည်တွင်းပိုလျှံမှုနဲ့ ပြည်ပတင်ပို့မှု စာရင်းကွာခြားချက်မျိုးတွေကြောင့် မူလချမှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ဝေးသွားစေနိုင်ကြောင်းကို သုံးသပ်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် လက်ရှိစားသောက်ကုန်စျေးနှုန်းတွေ ကြီးမြင့်နေတဲ့ကိစ္စကိုပါ ထောက်ပြခဲ့ပြီး ပြည်သူလူထုသက်သာအောင် ကြိုးစားဆောင်ရွက်ပေးဖို့နဲ့ အဓိကအချက်က ကုန်ထုတ်လုပ်မှုတိုးမြှင့်ဖို့ လိုအပ်တဲ့အချက်တွေကို မှာကြားခဲ့တာ တွေ့ရပါတယ်။

ပြည်သူ့လူမှုစီးပွားဘဝတွေ တိုးတက်ဖို့အရေးမှာ အရေးပါတဲ့ လူသားအရင်းအမြစ် အမြောက်အမြား ဆုံးရှုံးနေတဲ့ကိစ္စအပြင် လုပ်ပြီးတဲ့လုပ်ငန်းတစ်ခုကို အစဉ်မပြတ်တိုးတက်မှုရှိနေဖို့ မှာကြားမှုတွေကိုလည်း သတိထားမိပါတယ်။ မှာကြားချက်တွေဟာ အခြေအနေ၊ အချိန်အခါနဲ့အညီ သင့်လျော်မှန်ကန်တဲ့ အချက်တွေဖြစ်နေပါတယ်။ လွတ်လပ်ရေးဆုံးရှုံးရခြင်း အကြောင်းတရားတွေအနက် တစ်ခုဖြစ်စေနိုင်တဲ့ စီးပွားရေးကဏ္ဍအတွက် ပြုပြင်ပြင်ဆင်ရမယ့် လိုအပ်ချက်တွေပါပဲ။

ပူးပေါင်းဆောင်ရွက်မှုတိုင်း၊ အဖွဲ့အစည်းကို ဦးဆောင်မှုပြုတိုင်းမှာ မိမိအဖွဲ့ရဲ့အားနည်းချက်၊ အားသာချက်ကို ပွင့်ပွင့်လင်းလင်းဝေဖန်သုံးသပ်ပြခြင်းဟာ တိုးတက်မှုအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်တစ်ခုပါ။ လုပ်ငန်းအောင်မြင်ချင်ရင် တိုးတက်မှုကို ဆန်းစစ်နေရမယ်၊ အကဲဖြတ်နေရပါမယ်။ အခုလို လမ်းညွှန်ချက်တွေအပေါ်အခြေခံပြီး ကျွန်တော်တို့နိုင်ငံမှာ ပြည်ထောင်စုကြီးပြိုကွဲစေမယ့် အကြောင်းတရားတွေ၊ စည်းလုံးညီညွတ်မှုကို လွှမ်းမိုးနေတဲ့လက္ခဏာတွေ၊ အချုပ်အခြာ အာဏာဆုံးရှုံးစေမယ့် အမှတ်အသားတွေကို အစဉ်လေ့လာဆန်းစစ်သုံးသပ်နေရမှာဖြစ်ပါတယ်။

အခုလို ခက်ခဲတဲ့ကာလတစ်ခု၊ အခြေအနေတစ်ခုကို အားလုံးဖြတ်သန်းနေရချိန်မှာ အကြောင်းတွေ ပေါင်းစုံညီညွတ်လို့ဖြစ်လာတဲ့ အကျိုးတရားတွေအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်လေ့လာရင်း အမှားကိုပြင်၊ အမှန်ကိုဆောင်ရွက်၊ အခွင့်အလမ်းမှန်သမျှ ဆုပ်ကိုင်နိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါမှသာ အမြော်အမြင်ရှိရှိ၊ ပညာဉာဏ်ရှိရှိ ဆုံးဖြတ်လုပ်ကိုင် နိုင်မှာဖြစ်ပြီး နိုင်ငံနဲ့အချုပ်အခြာကို ကာကွယ်စောင့်ရှောက်ရာလည်း ရောက်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။