ကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ လမ်းလျှောက်ကြဦးစို့
ခင်သန်းမြင့်
နံနက်မိုးသောက် အလင်းရောက်တော့မည်။ ဒီဇင်ဘာလဆန်းပေမယ့် ရန်ကုန်ရဲ့ ဟေမန္တဆောင်းရာသီဟာ ဆောင်းမပီ၊ ဆောင်းမမည်သေးချေ။ နေလို့ထိုင်လို့ ကောင်းရုံမျှသာရှိသေးသည်။ သို့သော် ဒီဇင်ဘာနံနက်ခင်း၏ လေပြည်လေညှင်းသည် သန့်ရှင်းလတ်ဆတ်အေးမြနေသည်။ တစ်ညတာအိပ်စက်အနားယူပြီးနောက် လောကဓာတ်တစ်ခွင်သည် အသစ်ပြန်လည်နိုးထရှင်သန်လာသည်။ သစ်ပင်ပန်းမန်များကလည်း စိမ်းစိမ်းစိုစိုဖြင့် အသစ်၊ လူတွေကလည်း ခွန်သစ်အားသစ်ဖြင့် စိတ်သစ်လူသစ်၊ အိပ်မှုန်ထနိုးကာစပတ်ဝန်းကျင်ကလည်း နေ့သစ်။
နေ့သစ်မှာ ခွန်သစ်အားသစ်ဖြင့် လမ်းလျှောက်ဖို့ ကျွန်မအိမ်ကထွက်လာသည်။ အဖော်မပါ၊ တစ်ကိုယ်တည်းပေမယ့် မကြာမီနံနက်ခင်းတိုင်း လမ်းလျှောက်ဖော်လမ်းလျှောက်ဖက်အပေါင်း အသင်းများနှင့်ဆုံတွေ့ကြရပါဦးမည်။ ကျွန်မတို့နှင့် သက်တူရွယ်တူ ငါးဆယ်ကျော်များပါဝင်သလို ကိုယ့်ထက်ငယ်ရွယ်သူ သုံးဆယ်ကျော်၊ လေးဆယ်ကျော်များ၊ ကိုယ့်ထက်အသက်အရွယ်ကြီးသူ အချို့လည်း ပါကြသည်။
အချို့က ကိုယ်လက်လှုပ်ရှားအားကစားကို ငယ်စဉ်ကတည်းက ဝါသနာပါကြသည်။ အချို့မှာမူ အသက်အရွယ်အရ သွေးတိုး၊ ဆီးချိုရောဂါဆိုးတို့က ခန္ဓာကိုယ်အတွင်း သွေးတိုးစမ်းသလို ဝင်ရောက်လာ မှခြေမကိုင်မိလက်မကိုင်မိဖြင့် ကိုယ်လက်လှုပ်ရှား အားကစားဘက်သို့ သတိရလာပြီး နံနက်တိုင်း လမ်းထလျှောက်လာကြခြင်းဖြစ်သည်။
ဘယ်သို့ဆိုစေ၊ ကိုယ်လက်လှုပ်ရှားအားကစား၏ အကျိုးတရားကို အားကစားလိုက်စားသူတိုင်း ရရှိခံစားကြရပါသည်။ သွေးတိုးရောဂါစတင်ဝင်ရောက်လာ၍ နေ့စဉ်သွေးကျဆေး မှန်မှန်မှီဝဲနေရသော အစ်မတစ်ဦးကတော့ ပုံမှန်လမ်းလျှောက်သက် ရင့်လာသည်နှင့်အမျှ သွေးပေါင်ချိန်ပုံမှန်နီးပါးဖြစ်လာသည်ဟုဆိုသည်။ ဆီးချိုရောဂါဖြစ်စ ညီမတစ်ဦးမှာလည်း နံနက်တိုင်းလမ်းလျှောက်ရင်း ပုံမှန်ဆေးဝါးမှီဝဲနေမှုမှ လွတ်ကင်းစပြုလာပြီဟု ဆိုသည်။ မတန်တဆဆေးဖိုးဝါးခ ဝဋ်ဒုက္ခမှ လွတ်ကင်းပြီဆိုတော့လည်း ဝမ်းသာရပါသည်။
“သဘာဝမှရသော ကျန်းမာသုခ” စာအုပ်တွင် လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကယ်လီဖိုးနီးယားတက္ကသိုလ်၏ လေ့လာတွေ့ရှိချက်အရ လမ်းလျှောက်နေသည့် အချိန်၌ ခန္ဓာကိုယ်အတွင်း အင်ဒိုဖင်း (Endorphins) ဟုခေါ်သည့် ဟော်မုန်းဓာတ်တစ်မျိုးထွက်လာပြီး ၎င်းဓာတ်၏ အာနိသင်ကြောင့် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေသည်ဟု ဆိုသည်။ စိတ်ကျဝေဒနာရှင်များအဖို့လည်း မနက်ခင်းလမ်းလျှောက်ခြင်းက ဆေးပေးသည်ထက် ပိုပြီးထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုပါသည်။
နံနက်ခင်း ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် ဦးနှောက်နှင့်အာရုံကြောများ အားကောင်းစေသည်၊ စိတ်ဖိစီးမှုများ လျော့ကျစေသည်၊ စိတ်ရွှင်လန်းတက်ကြွစေသည်၊ ဉာဏ်ရည်ဉာဏ်သွေးကို ထက်မြက်စေသည်၊ အသက်ကြီးသူများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သတိမေ့ရောဂါ(Dementia) နှင့် အယ်ဇိုင်းမားရောဂါ (Alzheimer’s disease)ကိုလည်း ကာကွယ်ပေးနိုင်သည်ဟုဆိုသည်။ ထို့ပြင် တစ်ကိုယ်လုံးမှာရှိသည့် အာရုံကြောများနိုးကြားတက်ကြွစေသည့်အတွက် လေးလံထိုင်းမှိုင်းမှုများ မဖြစ်အောင် ကာကွယ်ပေးသည်။ လူကိုသွက်လက်ဖျတ်လတ်စေသည်။ အလုပ်များသူတို့အတွက်လည်း အလုပ်၏ဖိစီးမှုကြောင့် ကိုယ်စိတ်ပင်ပန်းနွမ်းနယ်မှုများကို သက်သာစေပြီး စိတ်ဓာတ်ခွန်အားများ၊ အကြံကောင်းဉာဏ်ကောင်းများ ရရှိစေသည်ဟုလည်း ဆိုပါသည်။
ယခင်ရွှေကျင်သာသနာပိုင် သက်တော်ရှည် စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးသည်လည်း ပုံမှန်လမ်းလျှောက်တော်မူလေ့ရှိကြောင်း သိရပါသည်။ ဆရာတော်ဘုရားကြီးကိုယ်တိုင် “ကိုယ်လက်လှုပ်ရှားခြင်းက ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေ့ကျင့်မှုတစ်ရပ်ပဲ။ လမ်းလျှောက်ခြင်းဟာ ကမ္မဋ္ဌာန်းထိုင်တဲ့ ပုဂ္ဂိုလ်များ၊ ထိုင်ပြီးအလုပ်လုပ်ရတဲ့ ပုဂ္ဂိုလ်များအတွက် အလွန်အရေးကြီးတယ်။ လမ်းမလျှောက်လို့ဖြစ်ကို မဖြစ်ဘူး။ ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်မှာ စင်္ကြံသွားခြင်းရဲ့ အကျိုးငါးပါးဟောထားတာရှိတယ်။ ခရီးသွားနိုင် ကြံ့ခိုင်အားအင် ကင်းစင်ရောဂါအစာကြေညက် မပျက်(သမာဓိ) ငါးပါးရှိ မှတ်သိစင်္ကြံအကျိုးတည်းတဲ့။ ငါကတော့ အင်္ဂလန်မှာနေတုန်း ဘယ်လောက်အေးအေး၊ လမ်းလျှောက်တော့ထွက်တာပဲ။ မိုးသိပ်များလို့ မထွက်နိုင်ရင် အခန်းတွင်းမှာ လေ့ကျင့်ခန်းလုပ်တယ်။ ခြေဖျားကိုထိအောင် ကွေးညွှတ်ရတဲ့လေ့ကျင့်ခန်းမျိုးတွေ မပျက်မကွက်လုပ်လေ့ရှိတယ်။ ဒါကြောင့် နှာစေးချောင်းဆိုးမှတစ်ပါး အခြားသောဘာရောဂါဖြစ်တယ်လို့ သိပ်ကြီးမရှိပါဘူး” ဟု မိန့်ကြားတော်မူခဲ့ဖူးပါသည်။
ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ-ပါ၊ ဂါထာ-၂၀၄ တွင် “အာရောဂျ ပရမာ လာဘာ”၊ လာဘ- လာဘ်တကာ လာဘ်တို့တွင်၊ အာရောဂျပရာမာ- အနာကင်းမှုက သာလွန်သည်ဟု မှတ်သားဖူးပါသည်။ အနာကင်းခြင်း၊ ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ ဆေးရုံ၊ ဆေးခန်းများတွင် မကျန်းမာသူများကို မြင်ရ၊ တွေ့ရ၊ ကိုယ်တိုင်မကျန်းမာမှုနှင့် ကြုံတွေ့ကြရလေမှ ကျန်းမာခြင်း၏ တန်ဖိုးကို ပို၍သိမြင်သဘောပေါက်လာကြပါလိမ့်မည်။
ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်ရေးအတွက် နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားအားကစားအပြင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ မျှတဖို့လည်း အထူးလိုအပ်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအဖို့မူ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ ခွန်အားဗလနှင့် ပြည့်စုံခြင်း၊ ချမ်းသာခြင်း၊ အခြွေအရံများခြင်း စသည့်ကောင်းကျိုးမင်္ဂလာအဖြာဖြာသည် ကံ၊ ကံ၏ အကျိုးဖြစ်သည်ဟု ယုံကြည်ကြသည်။ မြတ်စွာဘုရားရှင်ကလည်း “အာယုံ-အသက်ရှည်ခြင်းကို၊ ပတ္ထယန္တေန - လိုလားတောင့်တတဲ့ ပုဂ္ဂိုလ်ဟာ၊ ပုညကြိယာသု- ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့၌၊ အပ္ပမာဒံ - မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒံတရားကို၊ ပသံသန္တိ - ချီးမွမ်းကြတယ်”ဟူ၍ဟောကြားတော်မူခဲ့ပါသည်။ အသက်ရှည်ဖို့ရာအတွက် ကုသိုလ်ကောင်းမှုကို မမေ့ရန်နှင့် ကုသိုလ်ကောင်းမှုကို အမြဲကြိုးစားအားထုတ်ရန် ဖြစ်ပါသည်။
ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာအရှင် နန္ဒမာလာဘိဝံသကလည်း “ကုသိုလ်ကောင်းမှုရှိလာပြီဆိုရင် အသက်ရှည်ရာရှည်ကြောင်း နေရာဌာနမှာလည်း နေထိုင်ခွင့်ရတယ်။ ကုသိုလ်ကံကပေးတာကိုး။ အသက်ရှည်စေတတ်တဲ့ ရာသီဥတု၊ အသက်ရှည်စေတတ်တဲ့ အာဟာရသူ့မှာပြည့်စုံလာမယ်၊ ကုသိုလ်ကံက ပေးတဲ့အတွက်ကြောင့် ကျန်းမာဖို့ရာအလိုအလျောက် ပြည့်စုံလာမှာပဲ။ ဒါကြောင့် အဓိကအကြောင်းက ကုသိုလ်ကောင်းမှုပဲဖြစ်တယ်”ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။
စိတ်ပိုင်းဆိုင်ရာအရလည်း အလောဘ၊ အဒေါသ စသည့်ကုသိုလ်တရားများက ထုတ်လုပ်ပေးသည့် ရုပ်တရားသည် သန့်စင်လာမှုနှင့်အတူ ကျန်းမာမှုကို ဖြစ်စေသည်။ ယနေ့မျက်မှောက်ကာလ ကမ္ဘာ့လူသားများသည် ကိုယ်စီကိုယ်စီစိတ်ဖိစီးမှုများ ကြီးထွားလာကြသည်။ မြန်မာ့လူမှုဝန်းကျင်တွင်လည်း အယောနိသော မနသိကာရဟူသည့် မမှန်မကန်၊ မသင့်မတင့် နှလုံးသွင်းမှုများကြောင့်လည်း လောဘ၊ ဒေါသစသည့် အကုသိုလ်တရားများ ပွားစည်လာကြသည်။ ယနေ့ ဖေ့စ်ဘွတ်ခ်ဆိုသည့် လူမှုကွန်ရက်စာမျက်နှာအောက်တွင် ရေးသားနေသောမှတ်ချက်များကို ဖတ်ကြည့်ရုံနှင့် အရှင်းသားတွေ့မြင်နိုင်ပါသည်။
ထိုထိုသော မှတ်ချက်များကို မြင်တွေ့ရသည်နှင့် အမျှ ကျွန်မအဖို့မူတစ်ခါက အနီးစခန်းဆရာတော်ကြီးက ဝိသုဒ္ဓိမဂ်ကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် စာတတ်နေသော တပည့်ဖြစ်သူ သီတဂူဆရာတော်ကြီးအား “သေးနုတ်တဲ့စာတွေနဲ့ ခေါင်းထဲတွေ့ရာတွေကို မထည့်နဲ့၊ မင်းတို့ ငါတို့ရဲ့ခေါင်းတွေဟာ အမှိုက်ပုံးမဖြစ်သင့်ဘူး” ဆိုသည့် ဆုံးမဩဝါဒကို သတိရမိပါသည်။
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင် နန္ဒမာလာဘိဝံသကလည်း “အခွင့်ကောင်းကို ရအောင်ယူ” တရားတော်တွင် “နံပါတ်(၁) အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးဂရုစိုက်ရမှာပဲ၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်။ ကိုယ်ကျန်းမာဖို့ အတွက်ကျတော့ Physical exercise လုပ်တာတို့၊ ကိုယ်နဲ့မတည့်တဲ့ အစာမစားတာတို့၊ ကိုယ်နဲ့သင့်မြတ်တဲ့ အစာစားတယ်၊ မလော်လည်ဘူး၊ ကိုယ်စိတ်ကို ထိန်းချုပ်တယ်၊ ကျန်းမာအောင်နေတယ်၊ ကျန်းမာအောင်ဝတ်တယ်၊ ကျန်းမာအောင်စားတယ်၊ ဒါတွေက ကာယကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်၊ ဒါကျန်းမာရေးလိုက်စားတဲ့ ပုဂ္ဂိုလ်တိုင်းသိတယ်၊ ဘုရားဟောတာလည်း ဒါပဲဟောတာပဲ။ စိတ်ကျန်းမာဖို့ကျ ဘာလုပ်ဖို့လိုလဲဆိုတော့ လောကလူတွေဟာ ဘာကြောင့် စိတ်မကျန်းမမာဖြစ်သလဲဆိုတော့ လောဘတွေ လွှမ်းမိုးမယ်၊ ဒေါသတွေလွှမ်းမိုးမယ်၊ မောဟတွေ လွှမ်းမိုးမယ်ဆိုရင် စိတ်မကျန်းမမာဖြစ်လာတတ်တယ်။ ဒါကြောင့် ကိုယ့်သန္တာန်မှာ လောဘတွေကို များများအဖြစ်မခံရဘူး၊ ဒေါသတွေကို များများအဖြစ်မခံရဘူး။ ဖြစ်လာလို့ရှိရင် ဒါတွေက စိတ်ကျန်းမာရေးထိခိုက်တဲ့အရာတွေပဲ ဆိုပြီးတော့ စိတ်ကျန်းမာအောင်နေတယ်၊ စိုးရိမ်သောကတွေကို တရားဓမ္မကိုနှလုံးသွင်းခြင်းနဲ့ လျှော့ချလို့ရတယ်၊ အဲဒီလိုနည်းနဲ့ ကိုယ်ကျန်းမာအောင်၊ စိတ်ကျန်းမာအောင်နေရမယ်တဲ့”ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။
တစ်ဆက်တည်းမှာပင် ပါမောက္ခချုပ်ဆရာတော်ကြီးက “ကျန်းမာရေးကောင်းတာဟာ အားလုံးအတွက် အခွင့်လမ်းတစ်ခုပဲ၊ ကိုယ်ကျန်းမာတယ်ဆိုရင် အားလုံးအတွက်အခွင့်အလမ်းချည်းပဲ၊ စီးပွားလုပ်မလား၊ ပညာရှာမလား၊ တရားကျင့်မလား၊ ဘယ်ဟာအတွက်ဖြစ်ဖြစ် အကုန်လုံးအဆင်သင့်ဖြစ်တယ်၊ မကျန်းမာဘူးဆိုရင် အဲဒီအရာတွေဆုံးရှုံးသွားမယ်၊ ဘာတစ်ခုမှ လုပ်လို့မရတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်၊ ဒါကြောင့်မို့ နံပါတ် (၁) ကြီးပွားတိုးတက်ဖို့ရာအတွက် ကောင်းကျိုးချမ်းသာ တွေရဖို့ရာအတွက် အရေးကြီးတဲ့ ဂိတ်ဝကြီးတစ်ခုဟာ ‘ကျန်းမာမှု’ ပဲ။ ဒါကြောင့် မြတ်စွာဘုရားဟော ထားတာရှိတယ်။ “အာရောဂျ ပရမာလာဘာ” ဆိုတာ လောကမှာစိန်တွေ၊ ရွှေတွေ၊ ငွေတွေရတယ်။ စီးပွားပစ္စည်းတွေရတယ်၊ ဘာတွေရရ ကျန်းမာမှုရတဲ့ပုဂ္ဂိုလ်ကသာ ခံစားနိုင်တာ၊ မကျန်းမာတဲ့ပုဂ္ဂိုလ်က မခံစားနိုင်ဘူး၊ ကျန်းမာမှ ဒါတွေက အဓိပ္ပာယ်ရှိတယ်၊ အိမ်ပေါ်ကမှ မဆင်းနိုင်အောင်ရောဂါရနေရင် မော်ဒယ်မြင့်ကားကြီး သူ့ရှိလည်း သူစီးရမှာမှမဟုတ်တာ၊ ဘာတွေလာခဲ့လာခဲ့မကျန်းမာလို့ သူသုံးလို့မှမရတာ၊ ဒါကြောင့် ကျန်းမာမှုဟာ နံပါတ်(၁)အရေးကြီးဆုံးပဲတဲ့” စသည်ဖြင့် ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့ပါသည်။
ဆရာတော်ကြီး၏ ဖော်ပြပါ “အခွင့်ကောင်းကို ရအောင်ယူ” တရားတော်ကိုနာယူ မှတ်သားရသည်မှာ ကျွန်မတို့အဖို့ အဖိုးအနဂ္ဃထိုက်တန်လှပေသည်။ လမ်းလျှောက်ဖော်များကိုလည်း ထပ်ဆင့်မျှဝေရပါဦးမည်။
ထို့အတူ နေ့သစ်၏ နံနက်ခင်းဝယ်ကျွန်မတို့ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက်သာမက စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက်လည်း စိတ်ထဲရှင်းသန့်နေအောင် နှလုံးသွင်းဆင်ခြင်ကြရပါဦးမည်။ ။