စာဖတ်ရှိန်မြှင့်တင်ရေး အလေးထားကြစေချင်
ကိုဘုန်း(ထုတ်လုပ်)
စာဖတ်ခြင်းသည် စာဖတ်သူအတွက် အသိပညာကျယ်ပြန့်စေရုံသာမက စိတ်နှလုံးကိုလည်း သိမ်မွေ့စေသည်။ တွေးတောဆင်ခြင်နိုင်သည့်စွမ်းရည်ကို မြင့်မားစေနိုင်သည်နှင့်အမျှ ကောင်းမှုနှင့်မကောင်းမှု၊ အမှန်နှင့်အမှားတို့ကို ခွဲခြားသိမြင်နိုင်စေသည်။ စာဖတ်ခြင်းသည် ဗဟုသုတကြွယ်ဝစေရုံသာမက စကားလုံးဝေါဟာရများကိုလည်းတိုးပွားစေရာ စာများများဖတ်သူသည် စကားပြောရာတွင်လည်း လိမ္မာပြေပြစ်စွာ၊ ပညာသားပါပါ၊ ချိုချိုသာသာပြောနိုင်စွမ်းရှိကြသည်။ ထို့အပြင် စာဖတ်ခြင်းဖြင့် ဦးနှောက်ကို အားကောင်းစေခြင်း၊ တခြားသူအပေါ် စာနာနားလည်နိုင်စွမ်းမြင့်မားလာခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် ဝေါဟာရ အသုံးအနှုန်းကြွယ်ဝလာခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိစေသည်။
စာအုပ်စာပေ လူ့မိတ်ဆွေ
“စာဖတ်သောလူမျိုးသည် တိုးတက်၍တိုးတက်သောလူမျိုးသည် စာဖတ်ကြလေသည်” ဟူသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် ဦးသန့်ပြောကြားခဲ့သော အဆိုအမိန့်သည် ထင်ရှားလှပါသည်။ မေ့လျော့နေသော အကြောင်းအရာ အဖြစ်အပျက်တို့ကို မိတ်ဆွေတို့အား မေးမြန်းခြင်းဖြင့် ပြန်လည်အစဖော်နိုင်သကဲ့သို့ စာအုပ်အတွင်းမှ ပြန်လည်တူးဆွ အစဖော်နိုင်သည်။ စာအုပ်စာပေတို့ကိုမိမိ၏ မိတ်ဆွေတစ်ဦးနှယ် မေးမြန်းနိုင်သည်။ မိမိမသိသည့် အသိပညာ၊ စကားလုံး၊ ခံစားမှုရသ စသည် တို့ကို သိစေအပ်သည့် မိတ်ဆွေကောင်းတစ်ဦးနှယ်ဖြစ်သည်။ မိမိအားဆင်ခြင်တုံတရားကိုလည်း သင်ကြားပြောပြပေးသူဖြစ်သည်။ မိတ်ကောင်း ဆွေကောင်းအမြဲရှိနေသလို မိမိလက်ဝယ် စာကောင်းပေမွန်တစ်အုပ်သည် အမြဲရှိနေသင့်သည်။ စာဖတ်သူတို့ ပျော်ရွှင်စေရန်၊ အသိအလိမ္မာ ရရှိရန်နှင့် အကျိုးအကြောင်းဆင်ခြင်နိုင်စေရန် စေတနာကို အရင်းခံထား၍ ရေးသားထားသော စာအုပ်မှန်သမျှသည် မိမိ၏မိတ်ဆွေများပင်ဖြစ်သည်။
စာဖတ်မှကြီးပွား စာပေ၏ကျေးဇူးတရားများ
လူတိုင်းသည် ဖွံ့ဖြိုးတိုးတက်မှုကိုလိုလားကြသည်။ စာဖတ်မှုအလေ့အကျင့်မရှိခြင်းသည် လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အခက်အခဲများ ကြုံတွေ့နိုင်သည်။ စာအုပ် စာပေဖတ်ရှုမှုသည် မိမိဘဝကိုအကျိုးပြုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာနှင့် ယှဉ်ပြိုင်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပညာတတ်များ၊ စာဖတ်သူများ မွေးထုတ်ပေးရန်လိုအပ်သည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းသည် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိသည်။ အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ်အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေသည်ဖြစ်၍ မိမိဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုအပ်သည်။ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန်လည်း လိုအပ်သည်။ စာသင်ကျောင်းများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းဖြင့်လည်း စာဖတ်ရှိန်ကို မြှင့်တင်ပေးနိုင်သည်။
စာပေဖတ်ရှုခြင်းတွင် အပျော်ဖတ်စာပေမှစတင်၍ ဗဟုသုတရရှိသည့်စာပေအထိ ဖတ်ရှုရန်လိုအပ်သည်။ မှန်ကန်ကောင်းမွန်သည့် အသိပညာများ စုဆောင်းရရှိထားခြင်းသည် ဘဝတစ်လျှောက် လုံးဖြတ်သန်းမှုအတွက် အကျိုးရှိစေမည်ဖြစ်သဖြင့် လူတိုင်းစာဖတ်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးရမည်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။
“ကမ္ဘာပတ်စရာမလိုဘူး၊ စာဖတ်ရုံနဲ့အကုန်သိနိုင်တယ်”ဟူ၍ စာဖတ်ခြင်းဖြင့် အရာရာသိရှိနိုင်ကြောင်းကို ဖော်ညွှန်းကြသည်။ စာဖတ်ခြင်းသည် အဆိုးမှအကောင်းကို ပြောင်းလဲစေနိုင်သည်။ “အလိမ္မာစာမှာရှိ”ဟုလည်း ဖော်ညွှန်းကြသည်။ “ကလေးတွေစာဖတ်ကြလေ၊ ဒါမှ သူများထက်သာမှာ၊ သူများအလိမ်အညာမခံရမှာ”ဟူ၍ ဘိုးဘွား၊ လူကြီး၊ မိဘများက ကလေးသူငယ်၊ ကျောင်းသား ကျောင်းသူများကို ဆိုဆုံးမကြသည်။ စာပေနယ်၌ ထင်ရှားသော စာရေးဆရာကြီး အောင်သင်းက “ဘယ်သူတွေက ဘာပြောနေနေ မင်းကိုယ် မင်းချစ်ရင်ပညာသင်ပါ၊ စာဖတ်ပါ၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ရင် ပညာသင်ပါ၊ စာဖတ်ပါ”ဟု ပြောကြားခဲ့သည်။
အသိပညာတိုးတက်စေခြင်း
စာဖတ်ခြင်းဖြင့်လူတစ်ယောက်၏ အသိပညာကွင်းစုံအပြည့်အစုံတိုးတက်လာသည်။ စာအုပ်များ၊ သတင်းစာများနှင့် အခြားစာရွက်စာတမ်းများကို ဖတ်ခြင်းဖြင့် အကြောင်းအရာများကို သေချာစွာ သိရှိနိုင်သည်။ လက်ရှိကမ္ဘာ့အခြေအနေ၊ နည်းပညာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို တိုးတက်စေသည်။
စိတ်ခံစားမှု၊ မှတ်ဉာဏ်နှင့် စာပေအရေးအသားတိုးတက်ခြင်း
စာဖတ်ခြင်းသည် စိတ်ခံစားမှုပိုမိုတိုးတက်စေပါသည်။ စာပေများကိုဖတ်ရှုခြင်းက စိတ်အတွင်းပိုင်းကို တိုးတက်စေပြီး ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဆက်ဆံရေးများ တည်ဆောက်နိုင်စေပါသည်။ စာဖတ်ခြင်းသည် စိတ်မှတ်ဉာဏ်မေ့ချပေးနိုင်သောအရာများကို စဉ်ဆက်မပြတ်မှတ်မိစေပါသည်။ လူတစ်ယောက်အခြားသူများ ရေးသားထားသောအတွေးအခေါ်များကို ဖတ်ရှုခြင်းကတီထွင်နိုင်စွမ်း ပိုမိုရှိစေပြီးမျှတမှုနှင့်ကောင်းမွန်သော သဘောထားများကိုဖြစ်ပေါ်စေပါသည်။ ထို့အပြင် စာဖတ်ခြင်းကြောင့် စကားပြောဆိုခြင်း၊ စာရေးခြင်း၌ ပိုမိုကျွမ်းကျင်လာစေပါသည်။ စာဖတ်ရာတွင်အသုံးပြုသောစကားလုံးများ၊ အသုံးအနှုန်းများသည် လူတစ်ယောက်၏ စကားပြောဆိုမှုနှင့် စာရေးမှုကို ပိုမိုတိုးတက်စေပါသည်။
စာအုပ်စာပေကို နားလည်အောင် (Comprehension) ဖတ်၍ နားလည်လာသည်နှင့် အမျှဖတ်နေသည့်စာကို အရသာခံတတ်အောင် (Literary Appreciation) ဖတ်ရမည်ဖြစ်သည်။ အရသာရှိသောအစာကို အဖန်တလဲလဲစားချင်စိတ် ရှိလာသည့်နှယ် အရသာရှိသောစာကို ထပ်ကာထပ်ကာ ဖတ်ချင်စိတ်ဖြစ်အောင် လေ့ကျင့်ရမည်ဖြစ်သည်။ စာဖတ်များလာပါက ခြုံငုံနားလည်နိုင်စွမ်း (Reading Comprehension) သည် မြင့်မားလာမည်ဖြစ်သည်။ စာကိုဝေဖန်ပိုင်းခြားဖတ်ရှုသည့် အလေ့အကျင့်ကောင်းများကိုလည်း မိမိကိုယ်မိမိ ပြုစုပျိုးထောင်ပေးရပါမည်။ ဝေဖန်ပိုင်းခြားစွာစာဖတ်သည့်အခါ ဖတ်ရှုနေသော စာသားကိုသာမက စာဖတ်နေသည့် မိမိကိုယ်မိမိ မေးခွန်းများထုတ်လာ နိုင်မည်ဖြစ်သောကြောင့် ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှုကို ထက်မြက်စေပါသည်။
စာဖတ်ခြင်းသည် လူတစ်ယောက်၏ နေ့စဉ်ဘဝအတွက် အရေးကြီးသောအကျိုးကျေးဇူးများရှိပြီး ဤအကျိုးကျေးဇူးများသည် နိုင်ငံတော်နှင့်ကမ္ဘာတစ်ဝန်းကို ဖွံ့ဖြိုးတိုးတက်အောင်ကူညီပေးသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက စာဖတ်သည့်အကျင့်လုပ်ပြီး လူ့စွမ်းအားဖွံ့ဖြိုး၍ အတွေးအခေါ် အမြော်အမြင်ဗဟုသုတများစွာ တိုးပွားရရှိနိုင်ရန်အတွက် စာဖတ်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။ ။