Skip to main content

အလှူဒါန

ခင်မြတ်လေး

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုထွန်းကားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ သဒ္ဓါတရားထက်သန်စွာဖြင့် အလှူဒါနများပြုကြမှုကို “အလှူဒါနပြုကြသူငါ၊ အလှူရေစက်လက်နှင့်မကွာ” ဟု လှပစွာ သုံးနှုန်းတင်စားထားပါသည်။ ဒါနဆိုသည်မှာ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းဖြစ်ပါသည်။ အလှူကြီးအတန်းကြီးလှူမှ၊ ဘုန်းကြီးကျောင်းလှူမှ ဒါနဟုသတ်မှတ်ခြင်းမဟုတ်။ အိမ်နီးနားချင်းစားစရာပို့ခြင်း၊ လက်ဆောင်ပေးခြင်းကအစ အကုန်လုံးဒါနဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ရိုးရာပွဲတော်များ

ရှေးခေတ်မြန်မာတို့၏ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးစသည်တို့ကို အခြေခံ၍ ပေါ်ပေါက်လာသော “ဆယ့်နှစ်လရာသီ ရိုးရာပွဲတော်များ”ကို မြန်မာပြက္ခဒိန်ဖြင့် သတ်မှတ်လေ့ရှိသည်။ အဆိုပါပွဲတော်များသည် မြန်မာလူမျိုးတို့ အစဉ်အဆက် ထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများလည်းဖြစ်သည်။ ယဉ်ကျေးမှုပွဲတော်များ ကျင်းပခြင်းဖြင့် စွယ်စုံပညာရှင်များ ပေါ်ထွန်းလာစေနိုင်ခြင်း၊ ဘာသာသာသနာ ထွန်းကားပြန့်ပွားလာစေခြင်း၊ နိုင်ငံတော်တိုးတက်သာယာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီအတွက် အမျိုးသားပွဲတော်ဆယ့်နှစ်မျိုးဆယ့်နှစ်စားရှိသည်။ ဤကိုရည်၍ ဘိုးတော်ဘုရားလက်ထက်အခါက အမတ်သရေသင်္ခယာသည် သာဓိနပျို့အပိုဒ် ၃ဝ တွင် ဤသို့အကျဉ်းချုပ်ဖွဲ့ဆိုလေသည်။

သင်္ကြန်တာကူး(၁)၊ နှစ်ဦးညောင်ရေ(၂)၊ စာပေလှေခင်း(၃)၊ ပဉ္စင်းတော်ခံ(၄)၊ စာရေးတံ(၅)နှင့် မြစ်ယံပွဲကြီး(၆)၊ ဆီမီးထွန်းချိန်(၇)၊ ကထိန် (၈)၊ နတ်ကျင်း(၉)၊ မြင်းခင်း(၁ဝ)၊ ထွက်ဝင်၊ သဘင်မီးဖုံး(၁၁)၊ ဂူလုံးသဲပုံ(၁၂)၊ စေ့စုံစီလျဉ် ဤသို့ယှဉ်သား၊ လစဉ်စမြဲ ဆယ့်နှစ်ပွဲ။

၁။ တန်ခူးမိဿ သင်္ကြန်မှတ် ရင်ခတ် ကံ့ကော်ပန်း။

၂။ ကဆုန်ပြိဿ စံကားဝါ နွေခါညောင် ရေသွန်း။

၃။ နယုန်မေထုန် မြတ်လေးငုံ အာဂုံ စာပြန်ခန်း။

၄။ ဝါဆိုပုန်းညက် ကရကဋ် ဝါကပ်ရှင်ရဟန်း။

၅။ ဝါခေါင်သိဟ်မှာ ပန်းခတ္တာ သံဃာ စာရေးတန်း။

၆။ ကန်တော်သလင်း ရင်းမာသင်း မြစ်တွင်းလှေစီးတန်း။

၇။ သီတင်းကျွတ်တူ မီးထွန်းလှူ ကြာဖြူ ကြာနီပန်း။

၈။ တန်ဆောင်ဗြိစ္ဆာ ကထိန်လျာ ရွှေဝါ ခဝဲပန်း။

၉။ ဓနုနတ္တော် နတ်ပွဲလှော် ပန်းတော်သဇင်ပန်း။

၁၀။ မကရပြာသို ပန်းခွာညို လူဗိုလ်မြင်း ခင်းတန်း။

၁၁။ တပို့တွဲကုံ ပေါက်လဲငုံ မီးပုံယာဂုဆွမ်း။

၁၂။ တပေါင်းမိန်မည် သရဖီ စေတီသဲပုံမှန်း။

ထိုဆယ့်နှစ်လရာသီ ရိုးရာပွဲတော်များအလိုက်လည်း “သူ့လ၊ သူ့ရာသီ”နှင့်အညီ အလှူဒါနများ ပြုလုပ်လေ့ရှိကြပါသည်။

တန်ခူးလ = သင်္ကြန်ပွဲ

တန်ခူးလသည် မြန်မာလများအနက် ပထမဦးဆုံးလဖြစ်ပြီး မတ်လနှင့်ဧပြီလတို့တွင် ကျရောက်လေ့ရှိပါသည်။ မြန်မာ့နှစ်သစ်ကူးပွဲတော် “သင်္ကြန်” အား တန်ခူးလတွင် ကျင်းပသည်။ နှစ်သစ်ကူးပွဲဖြစ်သော ဤပွဲတော်အတွင်း၌ မြန်မာလူမျိုးတို့သည် နံ့သာရည်ဖြင့် တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ သွန်းလောင်းကြသည်။ ရေသည်အေးမြခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ အညစ်အကြေးတို့ကို သန့်ရှင်းစေနိုင်ခြင်းတို့ကို ကိုယ်စားပြုခြင်းကြောင့် နှစ်ဟောင်းမှ အညစ်အကြေးတို့ကို စွန့်ပစ်ကာနှစ်သစ်ကို အေးမြခြင်း၊ စိတ်ချမ်းမြေ့ခြင်းတို့ဖြင့် ကြိုဆိုသောအားဖြင့် တစ်ဦးနှင့်တစ်ဦး အတာရေပက်ဖျန်းကာ ကြိုဆိုလေ့ရှိကြသည်။ ရေကစားခြင်းအပြင် နောက်ထပ်ထူးခြားသည့် အကြောင်းအရာမှာ ရှေးယခင်မှစတင်၍ ယခုအချိန်ထိ ပြုလုပ်လာခဲ့ကြသည့် လူကြီးသူမများအား တရော်ကင်ပွန်းဖြင့် ခေါင်းလျှော် (ခေါင်းဆေးမင်္ဂလာ) ပြုလုပ်ပေးခြင်းနှင့် လက်သည်းခြေသည်းညှပ်ပေးခြင်းဖြင့်လည်း ကုသိုလ်ပြုကြပါသည်။ အိမ်၊ လမ်း၊ ရပ်ကွက်များတွင်လည်း စုပေါင်း၍ မုန့်လုံးရေပေါ်နှင့် အခြားမုန့်အမျိုးမျိုးကို ပြုလုပ်၍ ကျွေးမွေးလှူဒါန်းခြင်းများလည်း ပြုလုပ်လေ့ရှိကြပါသည်။

ကဆုန်လ = ညောင်ရေသွန်းပွဲတော်

ကဆုန်လသည် မြန်မာလများတွင် ဒုတိယမြောက်လဖြစ်ပြီး ဧပြီလနှင့်မေလတွင် ကျရောက်လေ့ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားသောလလည်း ဖြစ်ပါသည်။ မြတ်စွာဘုရားဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားဖြစ်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း စသည့်ဗုဒ္ဓဘာသာဝင်များအတွက် ထင်ရှားသောနေ့ဖြစ်သဖြင့် “ဗုဒ္ဓနေ့” ဟူ၍လည်း ခေါ်ဆိုကြသည်။

ဤပွဲတော်သည်ကား အပူရှိန်လွန်ကဲသောလဖြစ်သဖြင့် ရေပြတ်၍ခြောက်သွေ့နေသော ဘုရားပွင့်ရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်သော ညောင်ရေသွန်းပွဲတော်ဖြစ်သည်။

ဗောဓိညောင်ပင်တွင် သဗ္ဗညုတဉာဏ်တော်ရရှိ တော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားကို ရည်မှန်းအာရုံပြု၍ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို သန့်ရှင်းသောရေစင်ဖြင့် သွန်းလောင်းကြခြင်းဖြစ်သည်။

နယုန်လ = စာပြန်ပွဲ

နယုန်လသည် မြန်မာလများတွင် တတိယလဖြစ်ပြီး မေလနှင့် ဇွန်လတို့တွင် ကျရောက်လေ့ရှိပါသည်။ ဒုတိယအင်းဝမင်းဆက် သာလွန်မင်းတရားကြီး ထီးနန်းစိုးစံစဉ်မှစပြီး သာသနာတော်ပြန့်ပွားရေး အထူးသဖြင့် ပရိယတ္တိသာသနာတော်ပြန့်ပွားရေးရည်ရွယ်ချက်ဖြင့် စာပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော်အဖြစ် ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင်မှ စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာများအား မဟာသမယသုတ်ကို စတင်ဟောကြားသည့်နေ့ ဖြစ်သောကြောင့် နယုန်လပြည့်နေ့ကို မဟာသမယနေ့ဟု အထိမ်းအမှတ်ပြုထားပါသည်။

ဝါဆိုလ = ဝါဆိုသင်္ကန်းကပ်လှူပွဲ

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး ဇွန်လနှင့် ဇူလိုင်လတို့တွင် ကျရောက်လေ့ရှိပါသည်။ ဝါဆိုလ၏ ထူးခြားချက်မှာ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ရဟန်းသံဃာတို့သည် သုံးလတိုင်မည်သည့်အရပ်ကိုမျှ ညဉ့်အိပ်သွားရောက်ခြင်းမပြုဘဲ စတင်ပြီး ဝါဆိုဝါထပ်ပြုတော်မူသောလဖြစ်သည်။

ဝါတွင်းကာလအတွင်း ရဟန်းသံဃာတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ်ပဋိပတ် စသည့်ရဟန်းအလုပ်များကို ချမ်းချမ်းသာသာလုပ်နိုင်ခြင်း စသည့်အကျိုးများကို ရည်ရွယ်၍ ဝါဆိုလတွင် ထူးခြားမွန်မြတ်သည့်ကုသိုလ်အဖြစ် ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပါသည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ်တို့သည် ဝါဆိုလတွင် ဖူးပွင့်ကြသည့် ပန်းများဖြင့် ဘုရားစေတီများတွင် သွားရောက်လှူဒါန်းခြင်း၊ မိမိတို့ အိမ်ဘုရားတွင် ကပ်လှူပူဇော်ခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိကြပါသည်။

ဝါခေါင်လ = စာရေးတံမဲပြုလုပ်ပွဲ

ဝါခေါင်လသည် မြန်မာပြက္ခဒိန်အရ ငါးလမြောက်ဖြစ်ပြီး ဇူလိုင်လနှင့် ဩဂုတ်လတို့အတွင်း ကျရောက်လေ့ရှိသည်။ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းများတွင် ရေများပြည့်လျှံနေလေ့ရှိသည့် မိုးဥတုဖြစ်ပါသည်။

ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပည့်ဒါယကာ ဒါယိကာမများက မိမိတို့သည် သံဃာတော်များအား ကျောင်းတော်တွင် ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ တစ်ချိန်တည်း တစ်ပြိုင်တည်း ဆက်ကပ်ရန် အခက်အခဲရှိနေကြောင်း လျှောက်ထားရာ ဘုရားရှင်သည် သံဃာတော်များ၏ အမည်များကို မဲတံများပြုလုပ်ကာ လှူဒါန်းမည့် ပုဂ္ဂိုလ်အား ရွေးချယ်မဲနှိုက်စေပါသည်။

တော်သလင်းလ = လှေသဘင်ပွဲ

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ခြောက်လမြောက်သော ဩဂုတ်လမှ စက်တင်ဘာလသည် တော်သလင်းလဖြစ်သည်။ နေနှင့်အနီးဆုံးဖြစ်သော အချိန်ဖြစ်၍ နေသာသောနေ့များ ဆက်တိုက်ဖြစ်ပေါ် တတ်သောကြောင့် “တော်သလင်းနေပုဇွန်သေ” ဟူသော ဆိုရိုးစကားလည်းရှိသည်။

ရှေးမြန်မာဘုရင်များ လက်ထက်တွင် လှိုင်းလေငြိမ်သက်ကာ ရာသီဥတုသာယာသောကြောင့် လှေသဘင်ပွဲကို ကျင်းပလေ့ရှိကြသည်။ လှေပြိုင်ပွဲကို ပျော်ပွဲရွှင်ပွဲအတွက်သာ ကျင်းပခြင်းမဟုတ်ဘဲ ဘုရင့်ရေတပ်မတော်၏ အရည်အချင်းများကို တိုးတက်စေရန်လည်း ရည်ရွယ်သည်။

သီတင်းကျွတ်လ = သီတင်းကျွတ်မီးထွန်းပွဲတော်

သီတင်းကျွတ်လသည် မြန်မာလများအနက် ခုနစ်လမြောက်ဖြစ်ပြီး စက်တင်ဘာလမှ အောက်တိုဘာလတွင် ကျရောက်ပါသည်။

ဂေါတမမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ သွားရောက်ကာ မယ်တော်မိနတ်သားနှင့် နတ်ဗြဟ္မာများအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားတော်မူပြီးနောက် လူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ပြန်လည်ကြွချီတော်မူလာချိန် ဖြစ်ပါသည်။

ရဟန်းတော်များအတွက် ရဟန်းများ ဝါကျွတ်သောနေ့၊ အပြစ်ရှိက ဝန်ချတောင်းပန်နိုင်ရန် အချင်းချင်းဖိတ်ကြားခြင်း အမှုပြုကြသော “ပဝါရဏာနေ့” ဖြစ်ပါသည်။

ထိုနေ့တွင် မိမိထက်အသက်ကြီးသူများနှင့် မိဘဆရာသမားများကို ဂါရဝပြုကန်တော့၍ အဆုံးအမများကို နာကြားကာ အပြစ်များရှိပါကလည်း ကျေစေသည်ဟု ယူဆသော ဓလေ့လည်းရှိသည်။

တန်ဆောင်မုန်းလ = ကထိန်သင်္ကန်းကပ်လှူခြင်း

မြန်မာပြက္ခန်ဒိန်၏ အဋ္ဌမမြောက်လဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ကျရောက်လေ့ရှိ၏။ ကထိန်ခင်းခြင်း၊ မသိုးသင်္ကန်းကပ်လှူခြင်း၊ ပံ့သကူပစ်ခြင်း၊ ကြာပန်းများကပ်လှူခြင်း၊ ဆီမီးထွန်းခြင်း စသည့်ကောင်းမှုကုသိုလ်တို့ ပြုလုပ်သည်။

တန်ဆောင်မုန်းလပြည့် ညဉ့်သန်းခေါင်ယံအချိန်တွင် မဲဇလီဖူးသုပ်စားခြင်းသည် ဆေးဖက်ဝင်သည့် အယူအဆအလေ့အထလည်း ရှိပါသည်။

နတ်တော်လ = စာဆိုတော်နေ့

မြန်မာလများအနက် ကိုးလမြောက်သောလဖြစ်ပြီး နိုဝင်ဘာလမှ ဒီဇင်ဘာလတွင် ကျရောက်လေ့ရှိပါသည်။

ရှေးခေတ်အချိန်များတွင် ရာသီပွဲတော်မှာ နတ်ပူဇော်ခြင်းပွဲတော်ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် စာပေအားဂုဏ်ပြုသည့် စာဆိုတော်ပွဲဖြစ်ပေါ်လာပါသည်။ နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျင်းပလေ့ရှိပါသည်။

ပြာသိုလ = မြင်းခင်းသဘင်ပွဲ

မြန်မာလများတွင် ၁ဝ လမြောက်ဖြစ်ပြီး ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ကျရောက်လေ့ရှိပါသည်။

ရှေးယခင်က တော်ဝင်မြန်မာ့တပ်မတော်၏ စစ်တပ်အင်အားကို ပြသသောကာလဖြစ်သည်။ မြန်မာဘုရင်များသည် မြင်းခင်းသဘင်ပွဲကို တစ်လလုံးကျင်းပစေသည်။ ယနေ့ခေတ်တွင်မူ ဘုရားပွဲများ ကျင်းပလေ့ရှိသည်။

တပို့တွဲလ = ထမနဲထိုးပွဲ

မြန်မာလများတွင် ၁၁ လမြောက်သောလ ဖြစ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ကျရောက်လေ့ရှိသည်။

ကောက်ရိတ်သိမ်းချိန်ဖြစ်ပြီး ကောက်ညှင်း၊ နှမ်း၊ ဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်း စသည်တို့ဖြင့် ထမနဲ ထိုးပွဲကို အများသူငါနှင့် စုပေါင်းပြုလုပ်၍ ကျင်းပဆင်နွှဲလေ့ရှိပါသည်။

ထမနဲပွဲတော်၏ အဓိပ္ပာယ်မှာ “အားလုံး ပေါင်းစည်းဆောင်ရွက်ကြခြင်း”ပင် ဖြစ်သည်။

တပေါင်းလ = သဲပုံစေတီတည်ပွဲတော်

မြန်မာလများထဲတွင် ၁၂ လမြောက်ဖြစ်ပြီး နှစ်တစ်နှစ်၏ နောက်ဆုံးလဖြစ်ကာ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ကျရောက်လေ့ရှိသည်။ ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍ “နေ့ပူလို့ ညချမ်း၊ တပေါင်းလသရမ်း”ဟု ဆိုစမှတ်ပြုကြသည်။

တပေါင်းလအတွင်း မြစ်ချောင်းများ ရေစစ်ကာ သဲသောင်ဖြူဖြူလေးများ ပေါ်ထွန်းလာလေ့ရှိသည်။ ရှေးမြန်မာဘုရင်များလက်ထက်တွင် သောင်ခုံသဲပြင်များပေါ်တွင် သဲပုံစေတီများ တည်ထားလေ့ရှိကြသည်။ ယနေ့ခေတ်တွင် သဲပုံစေတီပွဲအား ကျင်းပပြုလုပ်မှု လျော့နည်းလာပြီဖြစ်သည်။ တပေါင်းလအတွင်း ထူးခြားသည့်အချက်မှာ အထင်ရှားဆုံးဘုရားပွဲများ (ဥပမာ-ရွှေတိဂုံဘုရားပွဲ) ကျင်းပခြင်းဖြစ်သည်။

ဤကဲ့သို့ လစဉ်ပုံမှန်အလှူများ ပြုလုပ်လေ့ရှိ ကြသည့်အပြင် အဝတ်အထည်၊ အစားအသောက်၊ အသုံးအဆောင်ပစ္စည်း၊ အလှူငွေ စသည်ဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေအလိုက် လှူဒါန်းမှုများရှိကြသလို တိရစ္ဆာန်ဘေးမဲ့လွှတ်ခြင်း၊ ငါးလွှတ်ခြင်း အလှူများလည်း ပြုလေ့ရှိကြပါသည်။ ထိုမျှမက ခန္ဓာကိုယ်မှ သွေးကိုလှူဒါန်းခြင်း၊ မျက်ကြည်လွှာအလှူ၊ ကျောက်ကပ်အလှူ စသည်တို့အထိ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြပါသည်။

ဒါန

“ဒါနံ နာမ ပရံ ဥဒ္ဒိဿ သုဗုဒ္ဓိ ပုဗ္ဗိကာအန္နာ ဒိဒသဒါနဝတ္ထု ပရိစ္စာဂစေတနာ” မြန်မာဘာသာဖြင့် ဆိုလျှင် ဒါနဆိုသည်မှာ သူတစ်ပါးအား ရည်ရွယ် ၍ ကံကံ၏ အကျိုးကို ယုံကြည်စွာဖြင့် ကမ္မဿကထာဉာဏ် ရှေ့သွားရှိသော စွန့်လှူကြောင်း စေတနာ၊ ထိုစေတနာအရပေးလှူခြင်းကို ဒါနဟု ခေါ်သည်။ ဒါနဖြစ်မြောက်ရေးတွင် စေတနာသည် အကြောင်းရင်းဖြစ်သည့်အတွက် စေတနာကို ဒါနဟု ခေါ်ရမည်ဖြစ်သည်။ မြတ်စွာဘုရား အလောင်းတော်တို့သည် ပါရမီ ၁၀ ပါးတွင် ဒါနပါရမီကို အဦးဆုံးဖြည့်တော်မူကြသည်။ ထို့ကြောင့် ဘုရားအလောင်းတို့၏ ဒါနကို ပါရမီမြောက်သော ဒါနဟု ခေါ်ကြပါသည်။

ဒါန၏ အင်္ဂါလေးပါး

ဒါနမြောက်စေရေးအတွက် အလှူအင်္ဂါလေးပါးနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ ယင်းတို့မှာ -

(၁) အလှူပေးပုဂ္ဂိုလ် ၊

(၂) အလှူခံပုဂ္ဂိုလ် ၊

(၃) လှူဖွယ်ဝတ္ထု ၊

(၄) လှူလိုသော စေတနာတို့ ဖြစ်ကြသည်။

ကမ္မပထမြောက်သော ဒါန

ကမ္မပထမြောက်သော ဒါနဆိုသည်မှာ လူ့ဘုံ၊ နတ်ဘုံတို့၌ လူအဖြစ်၊ နတ်အဖြစ် ရစေနိုင်သည့် ပဋိသန္ဓေအကျိုးကို ပေးစွမ်းနိုင်သော ဒါနကုသိုလ်ကို ဆိုပါသည်။ မည်သည့်အလှူဒါနမဆို လှူဖွယ်ပစ္စည်း ပြည့်စုံမှု(ဒေယျဓမ္မသမ္ပဒါ)၊ အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံမှု (ခေတ္တသမ္ပဒါ)၊ စိတ်စေတနာ၏ ပြည့်စုံမှု(စိတ္တသမ္ပဒါ)ဆိုသော အချက်သုံးပါးညီညွတ်လျှင် အကျိုးပေးကြီးကျယ်သည်ဟု ကျမ်းဂန်များ၌ ဆိုထားပါသည်။

စေတနာသုံးတန်

“ဒါနမည်သည် ပုဗ္ဗ၊ မုဉ္စ၊ အပရ ဟူသော စေတနာသုံးမျိုး ပြည့်စုံအောင် ပြုစွမ်းနိုင်မှသာ ကြီးကျယ်မြင့်မြတ်သောအကျိုးကို ဖွံ့ဖြိုးစွာပေးနိုင်၏” ဟူ၍ အင်္ဂုတ္တိုရ် အဋ္ဌကထာ(သတ္တကနိပါတ်)တွင် မိန့်ဆိုထားပါသည်။ မလှူမီ၊ လှူဆဲနှင့် လှူပြီး ကာလသုံးပါးတို့၌ဖြစ်သော ဤစေတနာသုံးတန်ထဲတွင် အလှူခံပုဂ္ဂိုလ်၏လက်ဝယ်သို့ ပေးလှူနေဆဲဖြစ်သော မုဉ္စစေတနာက အရေးအပါဆုံး၊ အဓိကအကျဆုံးဖြစ်သည်။ မုဉ္စစေတနာကို သန္နိဋ္ဌာန်(ဆုံးဖြတ်သောစေတနာ)ဟု ကျမ်းဂန်များ၌ ခေါ်ဝေါ်သုံးနှုန်းပါသည်။ လူ့ပြည်၊ နတ်ပြည်တို့ကို ပို့ပေးနိုင်သော စေတနာဖြစ်ပါသည်။ စေတနာသုံးတန်၏ မြန်မာလိုအဓိပ္ပာယ်မှာ မလှူမီလှူလိုစိတ်ပြင်းပြခြင်း၊ လှူဆဲ၌ စိတ်ကြည်လင်ခြင်း၊ လှူပြီးနောက် ဝမ်းမြောက်ကြည်နူးခြင်းတို့ ဖြစ်သည်။

အလှူအကြောင်း သိကောင်းစရာ

စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းကို “ဒါန” ဟု ခေါ်သည်။ ဒါနသည် စေတနာဒါန၊ ဝတ္ထုဒါနဟု နှစ်မျိုးရှိသည်။ အဝတ်အစားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းသည် ဝတ္ထုဒါနဖြစ်၏။

အလှူဒါနနှင့်စပ်၍ အလှူရှင်သန္တာန်မှာ ဖြစ်ပေါ်သည့် စေတနာကို စေတနာဒါနဟု ခေါ် သည်။

ထို့ကြောင့် ဒါနဖြစ်မြောက်ရေးတွင် စေတနာသည်အကြောင်းရင်းဖြစ်သည့်အတွက် စေတနာကို ဒါနဟု ခေါ်ရမည်ဖြစ်သည်။

ထိုစေတနာဒါနမှာ -

(၁) မလှူမီ ရည်မှန်းကာလ၌ ထိုအလှူနှင့် စပ်၍ ဖြစ်ပေါ်လာသော ပုဗ္ဗစေတနာ၊

(၂) ပေးလှူဆဲကာလ၌ ဖြစ်ပေါ်သော မုဉ္စ စေတနာ၊

(၃) လှူပြီးနောက်ပိုင်းကာလ၌ ဖြစ်ပေါ်သော အပရစေတနာဟူ၍ သုံးမျိုးရှိသည်။

အကျိုးပေးရာ၌ စေတနာကသာ အကျိုးပေးသည်။ သို့ရာတွင် လှူဖွယ်ပစ္စည်းများသည် စေတနာထက်သန်အောင် အထောက်အပံ့ပြုနိုင်ကြသည်။ လှူဖွယ်ပစ္စည်းက ညောင်စေ့လောက်နည်းသော်လည်း စေတနာထက်သန်လျှင် ညောင်ပင်ကြီးလောက် အကျိုးရှိနိုင်သည်။ ထို့ကြောင့် အလှူဒါနပြု ကြသည့်အခါ စေတနာသုံးတန် ထက်သန်အောင် ကြိုးစားကြရမည်။

အလှူသဘော

အလှူဟူသည်

နတ်ပြည်၏ စောင်းတန်းလှေကားဖြစ် သည်။

မြတ်သောရိက္ခာထုပ်ဖြစ်သည်။

ခရီးဖြောင့်လည်း ဖြစ်သည်။

မြတ်သော မဂ်ဖိုလ်နိဗ္ဗာန်၏ အကြောင်း ဖြစ်သည်။

အစိုးရခြင်းကို ဖြစ်စေတတ်၏။

ချမ်းသာကို ပွားစေတတ်၏။

မိမိကိုယ်ကို စောင်မတတ်၏။

မယဉ်ကျေးသူတို့ကို ယဉ်ကျေးစေတတ် ၏။

အလုံးစုံသောအကျိုးကို ပြီးစေတတ်၏။

အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်း ဖြစ်၏။

ထို့ကြောင့်

အလှူ  - ပေးကမ်းစွန့်လွှတ်ခြင်း။

အလှူခံ - လှူသည်ကို လက်ခံသည်၊ အလှူခံသူ။

အလှူပေး - လှူဒါန်းသည်၊ ဒါနပြုသည်။

ဒါန - အလှူပေးခြင်း ဖြစ်သည်။

အလှူဒါနပြုကြသူငါ

လတ်တလော မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နိုင်ငံအနှံ့ ရေကြီးရေလျှံမှုများ ကြုံတွေ့ကြရပါသည်။ တောင်ပေါ်ဒေသဖြစ်သော ကလောမြို့သည်ပင်လျှင် “ရေပင်လယ်ကြီး”ဟု တင်စားရလောက်သည်အထိ တစ်မြို့လုံးနီးပါးရေများ ကြီးသွားသည်ဟု ကြားသိရပါသည်။ နီးစပ်ရာဒေသများတွင် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ၊ အလှူငွေများကို စုပေါင်းလှူဒါန်းကြပါသည်။

အထူးသဖြင့် မိမိတတ်နိုင်လျှင် တတ်နိုင်သလောက် အလှူငွေအနည်းငယ်မှ နေအိမ်များ ဆောက်လုပ်ပေးသည်အထိ အလှူရှင်များတွေ့ရ၍ အကြိမ်ကြိမ်သာဓုခေါ်မိသည်။

အချို့သော လူငယ်လူရွယ်များသည်လည်း လမ်းများတွင် သီချင်းဆို၍ အလှူခံခြင်းများမှာ မိမိတို့တတ်နိုင်သည့်၊ ပြုနိုင်သည့် ကိုယ်ပိုင်စွမ်းအား လေးများဖြင့်ပြုသည့် စေတနာရှင်များကိုလည်း ချီးကျူးဂုဏ်ပြုမိပါသည်။

ဒါက စာရေးသူသိရ၊ မြင်ရသည်များကို ဖော်ပြခြင်းမျှသာဖြစ်ပါသည်။ ကိုယ်မသိရဘဲ လှူဒါန်းနေကြသူများ၊ နည်းမျိုးစုံဖြင့် လှူဒါန်းနေကြသူများ အများကြီး အများကြီးရှိနေမည် ဖြစ်ပါသည်။ အလှူရှင်အားလုံးကို ရင်ထဲမှ လှိုက်လှဲစွာ သာဓုအကြိမ်ကြိမ် ခေါ်ဆိုနေမိပါသည်။

ကိုယ်လှူတာ ကိုယ်ရတယ်

ဘယ်သူမှ မသိသိဆိုပြီး

လှူရင် -

ကိုယ်တစ်ယောက်တည်းပဲ

ရတာမို့ “အတ္တဟိတအလှူ”

ကိုယ်လှူတာ သူတစ်ပါးကို

အသိပေးလိုက်လို့

မုဒိတာစိတ်နဲ့ သာဓုခေါ်ကြရင်

သူတို့လည်း ကုသိုလ်ရတာမို့

“ပရဟိတအလှူ”

ဖြစ်သွားတယ်

(အရှင်ဇဝန လယ်ဝေး)

လုပ်အားအလှူ

အသုံးအဆောင်ပစ္စည်း၊ နေအိမ်၊ ယာဉ်၊ အစားအသောက် အလှူများကဲ့သို့ပင် မိမိတို့၏ ကိုယ်ပိုင်အချိန်ကို အသုံးပြုလျက်လှူနေကြသော လုပ်အားအလှူရှင်များလည်း ရှိပါသည်။ ဥပမာအားဖြင့် ကမ္ဘာတစ်ဝန်းတွင် ကြက်ခြေနီအသင်းများ ရှိကြပါသည်။

ကြက်ခြေနီဆိုသည်မှာ ဆင်းရဲဒုက္ခခံစားရသူများနှင့် အကူအညီအဆောတလျင် လိုအပ်နေသူများအား ခွဲခြားခြင်းမရှိဘဲ ကြားနေကာ လူသားချင်း စာနာထောက်ထားသောစိတ်ဓာတ်ဖြင့် ကိုယ်ကျိုးမဖက်အများအကျိုးအတွက် စိတ်ရင်းစေတနာဖြင့် ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီပေးနေကြသူများကို ကိုယ်စားပြုခေါ်ဆိုခြင်းဖြစ်သည်။

သဘာဝဘေးစသည့် မည်သည့်ဘေးအန္တရာယ်မျိုးမဆို ဖြစ်ပေါ်ကြုံတွေ့နေချိန်တွင် ကြက်ခြေနီအသင်းကဲ့သို့ လူမှုကူညီရေးအသင်းကြီးများရှိသကဲ့သို့ တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ပရဟိတစိတ်ဖြင့် ဝိုင်းဝန်းကူညီပေးတတ်ကြသော “လုပ်အားအလှူရှင်” များကို လည်း မြင်တွေ့ခံစားကြရပါသည်။

စုပေါင်းအလှူ တို့ဝိုင်းကူ

ကြည်း၊ ရေ၊ လေတပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များအပါအဝင် မီးသတ်တပ်ဖွဲ့များနှင့် ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ လုပ်သားပြည်သူများ၊ ကလေးသူငယ်များပါမကျန် အရေးကြုံလာသည့်အခါ မိမိတို့၏အရင်းခံစိတ်စေတနာအပြည့်ဖြင့် ဝိုင်းဝန်းကူညီပြုကြသည်ကို မျက်မြင်တွေ့သိကြားရသည့်အတွက် မိမိတို့ ပြည်သူများကိုယ်စား ထပ်မံ၍ သတိရတိုင်း သာဓု သာဓု သာဓု အကြိမ်ကြိမ်ခေါ်ခြင်းဖြင့် အလှူရှင်များကို ဤဆောင်းပါးဖြင့် လေးစားစွာ ချီးကျူးဂုဏ်ပြုလျက်။ ။

[ဤဆောင်းပါးဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ဂုဏ်ပြုပွဲကို လေးစားစွာ ဂုဏ်ပြုကြိုဆိုပါကြောင်း။]

ကိုးကား။       Myanmar National Portal

သာသနာ့အလင်း၊ ဓမ္မမှတ်စု (ပထမတွဲ)

အမျိုးသားယဉ်ကျေးမှုနှင့် စာရိတ္တပညာ