သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စည်ပင်သော ရခိုင်ပြည်နယ်၏ အနာဂတ်ကို မှန်းမျှော်
မောင်ဂျူလိုင်
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နတ်တော်လပြည့် နေ့ (ခရစ်နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့)သည် ပြည်ထောင်စုဖွားရခိုင်တိုင်းရင်းသားများအတွက် ထူးခြားလေးနက်သော ဝိသေသလက္ခဏာများနှင့် ပြည့်စုံသည့်နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ဖြစ်ပါသည်။
ရွှေရတု အထိမ်းအမှတ်နှစ်အဖြစ် သမိုင်းဝင်မော်ကွန်းတင်ပြီး ကမ္ပည်းရေးထိုးနိုင်တော့မည်
၁၉၇၄ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်များ သတ်မှတ်ပြဋ္ဌာန်းရာတွင် အခြေခံဥပဒေအတည်ပြုနိုင်ရေးအတွက် ဆန္ဒခံယူပွဲကျင်းပခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၇၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်နေ့ အခမ်းအနားများကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နှစ်(၅၀) ပြည့်မြောက်ပြီဖြစ်သဖြင့် ရွှေရတုအထိမ်းအမှတ်နှစ်အဖြစ် သမိုင်းဝင်မော်ကွန်းတင်ပြီး အောင်လံစိုက်ထူကမ္ပည်းရေးထိုးနိုင်တော့မည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အနောက်ဘက်အကျဆုံး ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၀ မိနစ်မှ ၂၁ ဒီဂရီ ၃၀ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ်မှ ၉၄ ဒီဂရီ ၅၀ မိနစ်ကြားတည်ရှိပါသည်။ ရခိုင်ပြည်နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြောက်ဘက်တွင် ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်သည် ခရိုင် ၇ ခု၊ မြို့နယ် ၁၇ မြို့နယ်၊ မြို့ ၁၁ မြို့၊ ရပ်ကွက်ပေါင်း ၁၉၆ ခု၊ ကျေးရွာအုပ်စု ၁၀၃၆ စု၊ ကျေးရွာပေါင်း ၃၇၀၁ ရွာဖြင့် ဖွဲ့စည်းထားပြီး ဧရိယာ စတုရန်း မိုင် ၁၄၂၀၀ ဒသမ ၁ ကျယ်ဝန်းပါသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ အများဆုံးနေထိုင်ကြပြီး ရခိုင်မျိုးနွယ်စုများ အပါအဝင်ပြည်ထောင်စုဖွား တိုင်းရင်းသားများလည်း အတူတကွ စုစည်းနေထိုင်လျက်ရှိကြပါသည်။
“ရခိုင်” ဟူသောအမည်မှာပါဠိ “ရက္ခ” မှ ဆင်းသက်လာခြင်းဖြစ်သည်။ “စောင့်ရှောက်ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ကမ္ဘာ့လူမျိုးကြီးများပျံ့နှံ့ရာတွင် ရခိုင်ဒေသသို့ လူဖြူခေါ်ကော့ကေဆပ် လူမျိုးနွယ်စုများ ရောက်ရှိဖြတ်ကျော်သွားဟန်ရှိသည်။ မွန်ဂိုလွိုက်အနွယ်များသည်လည်း အိန္ဒိယပြည် အရှေ့မြောက်ဒေသမှတစ်ဆင့် ရခိုင်ဒေသသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်နေထိုင်ခဲ့ကြသည်။ အိန္ဒိယရှိ အာရိယန်များသည်လည်း ဝင်ရောက်နေထိုင်ခဲ့ကြသည်။ ရခိုင်လူမျိုးတို့သည် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်ပြီးနောက် ရခိုင့်ယဉ်ကျေးမှုအဆောက်အအုံကို ကြီးမားကျယ်ပြန့်လာအောင် မရပ်မနားတည်ဆောက်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့၏ယဉ်ကျေးမှုသည် အဘက်ဘက်မှ ပြည့်ဝခဲ့ကြောင်း ၁၉၈၁ ခုနှစ်တွင် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီကပြုစုသည့် ပြည်နယ်ဖြစ်စဉ် သမိုင်းစာအုပ်တွင် ဖော်ပြထားခဲ့သည်။
ရခိုင်ပြည်နယ်သည် ရခိုင်တိုင်းရင်းသားများ၏ ရှည်လျားလှသည့် သမိုင်းကြောင်းနှင့်အတူ အနုပညာလက်ရာများ၊ ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပြည့်စုံလှသော ပြည်နယ်တစ်ခု ဖြစ်ပါသည်။ ရခိုင်ပြည်နယ်သို့ မြတ်စွာဘုရားရှင်ကြွရောက်ခဲ့သည့် အထောက်အထားများကို သမိုင်းမှတ်တမ်းများတွင် ဖော်ပြခဲ့ရာ ဗုဒ္ဓမြတ်စွာသာသနာတော် ထွန်းကားပြန့်ပွားရာဒေသ တစ်ခုဖြစ်သည့် အားလျော်စွာ ရခိုင်ပြည်နယ်၏ ဒေသအသီးသီးတွင် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားမှု၊ ဘာသာတရား အပေါ်တန်ဖိုးထားမှု၊ အကျင့်သီလ စောင့်ထိန်းမှုစသည့် ရခိုင်လူမျိုးတို့၏ တန်ဖိုးထားဖွယ်ရာဓလေ့ ထုံးစံများကိုလည်း မြတ်နိုးဖွယ်ရာမြင်တွေ့ရပါသည်။
ရခိုင်စာပေသည်လည်း ရှေးနှစ်ပေါင်းများစွာ ကပင်ထွန်းကားလာခဲ့ပြီး ရခိုင်လူမျိုး ရဟန်းစာဆို၊ လူစာဆိုများ၊ ပညာရှင်များ များစွာပေါ်ထွက်ခဲ့ကာ နိုင်ငံ့အကျိုး ထမ်းရွက်သယ်ပိုးခဲ့သည်ကို တွေ့မြင် ရပါသည်။ ရခိုင်ပြည်နယ်၏ စာပေဆိုင်ရာယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရသော မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီးတွင်တည်ရှိသည့် “အာနန္ဒာစန္ဒြားကျောက်စာတိုင်ကြီး”က သက်သေ ပြလျက်ရှိပါသည်။
နယ်ချဲ့တော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ကြ
မြန်မာနိုင်ငံ ကိုလိုနီနယ်ချဲ့လက်အောက်ကျရောက်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လည်း ရခိုင်တိုင်းရင်းသားများသည် အခြားသောမျိုးချစ်တိုင်းရင်းသားများနှင့်အတူ နယ်ချဲ့တို့အား ဆန့်ကျင်တော်လှန်ခဲ့ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာစွာတည်ရှိမှုကို သက်သေပြသခဲ့ သည်။ ရခိုင်တိုင်းရင်းသားဆရာတော် ဦးဥတ္တမသည်နယ်ချဲ့တော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဦးအဖြစ် မြန်မာတစ်မျိုးသားလုံးက အသိအမှတ်ပြုခဲ့ကြသည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်ရေး၊ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်နှင့် နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်က ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရန်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရန် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရခိုင် ပြည်နယ်အတွင်း တိုက်ခတ်ခဲ့သော အင်အားအလွန် ပြင်းထန်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိသော်လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီး၏ အားသွန်ခွန်စိုက်ပံ့ပိုးကူညီမှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး မူလထက်သာလွန်ကောင်းမွန်သည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအတွက် မိုခါမုန်တိုင်းပြီးချိန်မှစပြီး ယနေ့အထိ ပံ့ပိုးကူညီပေးမှုများ ဆောင်ရွက်ပေးနေဆဲဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့မှ ယနေ့အထိ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ၏ အစီအစဉ်ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ အပါ အဝင် ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၇၁၂၇၁ ဒသမ ၇၈ တန်၊ ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန်တို့ကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဤသည်မှာ ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း ထားရှိသည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပြသနေခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သည် သဘာဝပထဝီဝင်အနေအထားအရ အဖိုးတန်မြစ်၊ ချောင်း၊ အင်းအိုင်၊ ကျွန်းများဖြင့် ပြည့်နှက်နေသဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများလုပ်ကိုင်ရန် ရေခံ၊ မြေခံအလွန် ကောင်းသောဒေသတစ်ခုဖြစ်ပါသည်။ စိုက်ပျိုးရေးတောင်သူများအနေဖြင့်လည်း လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲတိုးတက် လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရပါသည်။ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံကျသည့် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ် ၁၀ ဘီလီယံကိုဒေသခံပြည်သူများ၏ အကျိုးအတွက် ခွင့်ပြုထားရှိပြီးဖြစ်ပါသည်။
ပညာရေးကဏ္ဍအနေဖြင့်လည်း ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်းဒဏ်ကို ရင်ဆိုင်ခဲ့ရသော်လည်း တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ကျောင်းဖွင့်ရာသီအမီ ကျောင်းအပ်လက်ခံနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၇၃၀၀၀ ကို ကျောင်းအပ်လက်ခံနိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းများ ယခင်နှစ်ကထက် တိုးတက်ခဲ့ကာ နိုင်ငံ၏အနာဂတ်၊ ပြည်နယ်၏ မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
ရခိုင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုရှိရေးသည် အရေးကြီးလှကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။ စီးပွားရေးကဏ္ဍတွင် ဒေသခံပြည်သူတစ်ဦးချင်း၏ ဝင်ငွေမြင့်မာရေး၊ ဒေသကထွက်ရှိ သည့် အဖိုးတန်ထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းများမြင့်မားရေးတို့ကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုရှိမှသာ ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည် ဖြစ်ပါသည်။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးသည် ရှေးနှစ်ပေါင်း များစွာကပင် အေးအတူ၊ ပူအမျှတစ်မြေတည်းနေ တစ်ရေတည်းသောက်ခဲ့ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ကြရန် လိုအပ်ပါသည်။ “ပြည့် အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် အတိုင်း တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့်သာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ မိမိတို့အချင်းချင်း သွေးကွဲကြမည်ဆိုပါက နိုင်ငံတော်၏စွမ်းအားများ လျော့နည်းနိုင်ကြောင်း သတိပြုကြရန်လိုအပ်ပါသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ် စုများ ဖြစ်ကြသည့် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်စသည့် တိုင်းရင်းသားများသည် မြန်မာ၊ ချင်းစသည့် တိုင်းရင်းသားများနှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိပါသည်။ ပြည်နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မှီတင်းနေ ထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့ အပေါ်တွင် မှီတည်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအား တစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိပါသည်။
နိဂုံးချုပ်အားဖြင့် ပြည်ထောင်စုဖွား ရခိုင်တိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းများစွာကပင် စာပေ၊ ဂီတ၊ အနုပညာ၊ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားပြီး ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ တည်ရှိခဲ့သည့် တိုင်းရင်းသားလူမျိုးများဖြစ်ကြပါသည်။ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် အခြေခံကောင်းများရရှိပြီးဖြစ်၍ ပြည်ထောင်စု တိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှုအားဖြင့် ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရင်း သာယာလှပသော၊ ဖွံ့ဖြိုးတိုးတက်စည်ပင်သော ရခိုင်ပြည်နယ်၏ အနာဂတ်ကို မှန်းမျှော်ကာ နှစ်(၅၀) ပြည့် ရွှေရတု ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။