မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲများကျင်းပခြင်းအားဖြင့် အာရှနှင့် ကမ္ဘာအတွက် ကောင်းမွန်စေနိုင်သော အကြောင်းတရားများ
၂၀၂၅ အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲများကျင်းပရေး ဖြစ်နိုင်ခြေက မြန်မာနိုင်ငံကို တည်ငြိမ်ပြီး သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ ပြောင်းလဲပေးမည့် အလားအလာကောင်းများ ဖြစ်သည်။
နိုင်ငံတစ်ဝန်း သောင်းကျန်းမှုအရှိန်အဟုန်မြင့်မားနေမှုနှင့် ရင်ဆိုင်နေရသော မြန်မာအစိုးရသည် ချစ်ကြည်သင့်မြတ်သော နိုင်ငံရေးအသွင်ကူးပြောင်းရေး အစီအစဉ်တစ်ရပ်ကို ရေးဆွဲခဲ့သည်။ ဒီမိုကရေစီအရပ်ဘက်အုပ်ချုပ်ရေးအတွက် လမ်းခင်းပေးသည့်အနေဖြင့် လာမည့်နှစ်တွင် အမျိုးသားရွေးကောက်ပွဲများ ကျင်းပရန် မူအားဖြင့် ဆုံးဖြတ်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အာဏာပိုင်များအား ၎င်း၏အစိုးရသည် လာမည့်နှစ်တွင် ပြည်တွင်းနှင့်နိုင်ငံတကာ၏ စောင့်ကြည့်အကဲခတ်မှုအောက်၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကျင်းပရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကျင်းပပေးမည့် လှုပ်ရှားမှုကို ကမ္ဘာ့နိုင်ငံများက ကြိုဆိုကြရမည်ဖြစ်သည့် ခိုင်မာသော အကြောင်းတရား သုံးရပ်ရှိနေသည်။
ပထမအကြောင်းတရားအနေဖြင့် မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိစေမည့် လူထုဆန္ဒမဲများကို အခြေခံသော ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် ငြိမ်းချမ်းသော မြန်မာနိုင်ငံသည် နိုင်ငံရေးအရ တရားဝင်အသိအမှတ် ပြုမှုအသစ်ကိုရရှိလာကာ အရှိန်အဟုန်ဖြင့် တိုးတက်မှုရစေမည့် မောင်းနှင်အား (အင်ဂျင်) ဖြစ်လာနိုင်သည်။
အာရှကျားဖြစ်လာနိုင်
နေပြည်တော်သည် စီးပွားရေးအသွင်ကူးပြောင်းမှုကို ထိန်းကျောင်းရန် ကောင်းမြတ်သောဂုဏ်အင်္ဂါများရှိသောကြောင့် မြန်မာနိုင်ငံသည်လာမည့် အာရှကျားဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ ကြွယ်ဝစွာတည်ရှိနေပြီး ဤအရင်းအမြစ်များကို ထိရောက်စွာအသုံးချပါက လျင်မြန်သော စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေမည့် အလားအလာရှိသည်။
တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်တွင် ငွေ၊ ခဲ၊ သွပ်နှင့် ရွှေ ဓာတ်သတ္တုသိုက်များ အများအပြားတည်ရှိသည်။ ထို့အပြင် ဤဒေသသည် ပတ္တမြားနှင့် နီလာများပေါများသော ရတနာသိုက်များ တည်ရှိခြင်းကြောင့် ကျော်ကြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ထင်ရှားသောနေရာဖြစ်သည့် မိုးကုတ်မြို့တွင် ကျယ်ကျယ်ပြန့်ပြန့် တူးဖော်လျက်ရှိသည်။ သံဖြူနှင့် အဖြိုက်နက်သိုက်များကို ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တောင်တန်းဇုန်ဖြစ်သည့် တနင်္သာရီဒေသတွင် တွေ့ရှိနိုင်သည်။
၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ ကြေးနီတူးဖော်မှုသည် မန္တလေးမြို့ အနောက်မြောက်ဘက် ၁၃၆ ကီလိုမီတာအကွာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြီးဆုံးမြို့ဖြစ်ပြီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတွင်ရှိသော မုံရွာဒေသတွင် တိုးချဲ့ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်သည် ကျောက်စိမ်းသိုက် အမြောက်အမြားတည်ရှိခြင်းကြောင့် ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှားသော အမှတ်အသားရှိသည်။ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့သိုက် ကုဗပေ ၁၈ ထရီလီယံနှင့် ယှဉ်တွဲလျက် ရေနံသိုက်စည်ပေါင်း ၃ ဒသမ ၂ ဘီလီယံတည်ရှိနေပြီး အာရှ၏ စွမ်းအင်ပိုင်နိုင်ငံလည်းဖြစ်သည်။ စွမ်းအင်သိုက်အများစုကို ကမ်းလွန်ပင်လယ်ပြင်တွင် တွေ့ရှိနိုင်သော်လည်း မြန်မာနိုင်ငံမကွေးတိုင်းအတွင်းတွင်လည်း ကုန်းတွင်းရေနံမြေအချို့မှ ထုတ်လုပ်လျက်ရှိသည်။ စုစုပေါင်းနိုင်ငံ့ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းကို ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလုပ်ငန်းက ကြီးကြီးမားမားဖြည့်ဆည်းပေးသည်။
ကမ္ဘာပေါ်တွင် သတ္တမမြောက်ဆန်အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အာရှတွင်အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ဒုတိယ အကြောင်းတရားအနေဖြင့် အောင်မြင်သော အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲများသည် အာရှတစ်လွှားဒေသဆိုင်ရာ သာယာဝပြောမှုကို ဖြစ်ပေါ်စေနိုင်သည်။ အဓိကအချက်မှာ မြန်မာနိုင်ငံသည် ကြွယ်ဝသော သဘာဝအရင်းအမြစ်များနှင့် အလုပ်လုပ်နိုင်သော ငယ်ရွယ်သူလူဦးရေရှိသည့်အပြင် ထူးခြားသော ပထဝီဝင်စီးပွားရေးတည်နေရာအရ ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှနိုင်ငံကြီးနှစ်နိုင်ငံနှင့် ဘုံနယ်နိမိတ်ကို မျှဝေပိုင်ဆိုင်ခြင်းဖြင့် အိန္ဒိယနှင့် တရုတ်တို့အကြား ပေါင်းကူးတံတားတစ်ခုဖြစ်နိုင်သည်။
မြန်မာနိုင်ငံသည် မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအရှိန်အဟုန်တိုးတက်နေစဉ်မှာပင် နေပြည်တော်ရှိ အစိုးရသည် တောင်ပိုင်းတွင် အိန္ဒိယနှင့် အထူးခိုင်မာသောဆက်ဆံရေးကို တည်ဆောက်ရန်ဆုံးဖြတ်ထားသည်။ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာ ၂၃ ရက်က ကာဇန်၌ ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးကာလတွင် သီးသန့်တွေ့ဆုံပြီးနောက် အိန္ဒိယနှင့် တရုတ်အကြားဆက်ဆံရေး တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာကာ တရုတ်၊ မြန်မာနှင့် အိန္ဒိယတို့ကို အပြန်အလှန်ချိတ်ဆက်ပေးသည့် အကျိုးရှိသော မိတ်ဖက်အဖွဲ့အစည်းတစ်ခု ထူထောင်ရန် အနာဂတ်တွင် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာနိုင်သည်။
သုံးပွင့်ဆိုင်နိုင်ငံအုပ်စုအစီအစဉ်တစ်ရပ်ကို ချမှတ်နိုင်မည်ဆိုပါက အိန္ဒိယ၊ မြန်မာနှင့် တရုတ်တို့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပထမဆုံးသာဓကမဟုတ်ဘဲ နောက်ထပ်ပေါ်ထွက်လာမည့် သာဓကအသစ်ဖြစ်ပေမည်။ သုံးပွင့်ဆိုင် နိုင်ငံအုပ်စုသည် မြန်မာနိုင်ငံကမ်းလွန် “ရွှေ” သဘာဝဓာတ်ငွေ့တွင်း၌ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည်။
အိန္ဒိယ၏စိတ်ဝင်စားမှု လျော့နည်း
တရုတ်နိုင်ငံ၏ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” “ Belt and Road Initiative(BRI)” မစတင်မီမှာပင် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စင်္ကြံတည်ဆောက်ရန် အစီအစဉ်များကို ထည့်သွင်းစဉ်းစားနေခဲ့ပြီးဖြစ်သည်။ တရုတ်- ပါကစ္စတန်စီးပွားရေး စင်္ကြံ (CPEC) သည် လွတ်လပ်ရေးရစဉ်အတွင်း အိန္ဒိယသို့ဝင်ရောက်ခဲ့သော မခွဲမခြား ကက်ရှ်မီးယားနယ်မြေကို ဖြတ်သန်းသည်။ BRI ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို တရုတ်ကအဆိုပြုပြီးနောက် တရုတ်နိုင်ငံရှိ ကူမင်းအား အိန္ဒိယရှိ ကိုလ်ကတ္တားနှင့် ချိတ်ဆက်ရန် ဒီဇိုင်းထုတ်ထားသည့် BCIM စီးပွားရေးစင်္ကြံကို အိန္ဒိယ၏စိတ်ဝင်စားမှု လျော့နည်းသွားသည်။
ယင်းအနေအထားတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)ကို တရုတ်နိုင်ငံက ရှေ့ဆက်ခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော မငြိမ်မသက်မှုများကြောင့် စိန်ခေါ်မှုများ ရှိလာသော်လည်း အစီအစဉ်ကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
သို့ရာတွင် အနာဂတ်ကာလ အိန္ဒိယနှင့် တရုတ်အကြား ဆက်ဆံရေးတိုးတက်လာမည်ဆိုပါက အိန္ဒိယအထိ CMEC တိုးချဲ့မှုကို ထည့်သွင်းစဉ်းစားလာမည်မှာ သဘာဝကျပေလိမ့်မည်။ ထိုသို့သော ဆောင်ရွက်မှုသည် အထူးစီးပွားရေးဇုန်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အချာကျသော နေရာများ၊ မြို့ပြအသွင်ကူးပြောင်းမှု လှိုင်းသစ်များကို မြှင့်တင်ပေးပြီး ကျယ်ပြန့်သောဧရိယာတွင် သာယာဝပြောရေးကို တည်ဆောက်နိုင်ပေလိမ့်မည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှသို့ ဝင်ပေါက်ဖြစ်ပြီး အာရှအဝေးပြေးလမ်းစီမံကိန်း၏ ဗဟိုချက်တွင် တောင်အာရှနှင့် အာဆီယံကိုဆက်သွယ်နိုင်သည့် စင်္ကြံတစ်ခုဖြစ်သည်။ စိတ်ကူးဖြင့် သရုပ်ဖော်ကြည့်ပါက ဟိမဝန္တာရှိ ဘူတန်နှင့် ဗီယက်နမ်၏ ကမ်းရိုးတန်းအချက်အချာဖြစ်သည့် ဒါနန်းမြို့အထိ လမ်းသွယ်တန်းနေကာ ဒေသတွင်းတိုးတက်မှုကို မောင်းနှင်ရန် အခြားအင်ဂျင်တစ်ခု ထပ်မံပေါ်ထွန်းလာမည်ဖြစ်သည်။
ချိတ်ဆက်မှုမြှင့်တင်နိုင်
တတိယ အကြောင်းတရားအနေဖြင့် ရွေးကောက်ပွဲများမှတစ်ဆင့် နိုင်ငံရေးအကူးအပြောင်းအပြီးတွင် မြန်မာနိုင်ငံသည် တိုးတက်ပြောင်းလဲနေသော “နိုင်ငံစုံ လွန်ဆွဲမှု ကမ္ဘာ့အစီအစဉ်” (Multipolar world) ကို အားကောင်းလာစေရန်အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာနိုင်သည့် အလားအလာရှိသည်။ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတည်ငြိမ်မှု တိုးတက်လာခြင်းဖြင့် မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ အာဆီယံနှင့် အမေရိကန်တို့ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချိတ်ဆက်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။
ကမ္ဘာ့တောင်ဘက် ဖွံ့ဖြိုးဆဲသို့မဟုတ် ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများအုပ်စု (The Global South) နိုင်ငံများနှင့် လိုက်လျောညီထွေဖြစ်အောင် BRICS-plus အဖွဲ့တွင် မြန်မာနိုင်ငံပါဝင်ရန်လည်း စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ ဤရှုထောင့်သည် အနောက်တိုင်းကြီးစိုးသော ကမ္ဘာလုံးဆိုင်ရာစနစ်အတွက် အခြားရွေးချယ်စရာများကို ရှာဖွေနေသည့် ကမ္ဘာ့တောင်ဘက်ဖွံ့ဖြိုးဆဲ သို့မဟုတ် ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများအုပ်စု ( The Global South ) ၏ တူညီသော အမြင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုစရိုက်လက္ခဏာအစဉ်အလာကြီးမားသည့်နိုင်ငံ၊ သမိုင်းဆိုင်ရာ ဝိသေသလက္ခဏာများရှိသည့်နိုင်ငံ ဖြစ်သည်။ ရှေးအစဉ်အဆက် မိမိ၏ယဉ်ကျေးမှုလက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုထွန်းကားသော အိန္ဒိယ၊ တရုတ်၊ ရုရှားတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းပြည်ပ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွမြှင့်တင်နိုင်သည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့ကဲ့သို့သော ကြီးမားသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့အချက်အချာကျသောနေရာတွင် ရပ်တည်နိုင်သည့် အခွင့်အလမ်းကောင်းကို ရရှိထားသည်။ ဤသည်မှာ အနောက်ဗဟိုပြု ကမ္ဘာလုံးဆိုင်ရာစနစ်၏ လွှမ်းမိုးမှုကိုတွန်းလှန်ရန် ကမ္ဘာ့နိုင်ငံများ၏ ပိုမိုကျယ်ပြန့်လာသော အားထုတ်မှုကို ထင်ဟပ်စေသည်။ ။
(၃-၁၂-၂၀၂၄ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ ဆောင်းပါးရှင် Atul Aneja ၏ Why transitional elections in Myanmar would be good for Asia and the World ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။)
( Atul Aneja သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် မဟာ ဗျူဟာလေ့လာသုံးသပ်သူဖြစ်ပါသည်)