Skip to main content

အသိမှသည် လေ့ကျင့်မှု၊ အလေ့အကျင့်မှသည် ယှဉ်ပြိုင်ခြင်းဆီသို့

မိုးကေနိုင်

အားကစားမှပေးသော အကျိုးကျေးဇူးများက များပြားလှပါသည်။ သိသာထင်ရှားသော ရုပ်ပိုင်းဆိုင်ရာ အကျိုးတရားများအပြင် မမြင်သာသော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကိုလည်း ရရှိစေပါသည်။ အားကစားနည်းတစ်ခုကို ကိုယ်တိုင်ကျင့် ကိုယ်တိုင်ပြိုင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုပိုရှိလာခြင်းမှာ အထူးအဆန်းမဟုတ်ပါ။ ဝီရိယထား မဆုတ်မနစ် ကြိုးစားရသည့်အတွက် ဇွဲကောင်းလာမည်။ အားကစားကြောင့် မိမိကျန်းမာရေး၊ မိမိကိုယ်ရည်ကိုယ်သွေးများကို လေးစားတန်ဖိုးထားတတ်လာမည်။ အာဟာရကိုမျှတအောင် စားသောက်နေထိုင်ရသည့်အတွက်လည်း ရရှိလာသော ညီညွတ်မျှတသည့် အာဟာရ အလေ့အကျင့်သည် မိမိခန္ဓာဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်သာ ဖြစ်သည်။

မည်သည့်အားကစားနည်းမဆို ကိုယ်တွင်းမှထွက်ရှိလာသည့် endophin ဟော်မုန်းတစ်မျိုးကြောင့် အားကစားသမားများမှာ စိုးရိမ်သောက စိတ်ဓာတ်ကျဝေဒနာများ လျော့ပါးသွားသည့်အတွက် အားကစားကို ကျန်းမာရေးကုထုံးတစ်ခုအသွင် အသုံးချသင့်သည်ဟု နားလည်လာသည်။ မကြာမီကျင်းပတော့မည့် အမျိုးသားအားကစား ပြိုင်ပွဲကြီးကို ဝန်ကြီးဌာနအဆင့် ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် နှစ်ဆင့်ကျင်းပမည်ဖြစ်ရာ ဝန်ကြီးဌာနအဆင့်တွင် ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်ဂေါက်သီး၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောကစားနည်း ၆ မျိုး၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်တွင် ၎င်း ၆ မျိုးအပါအဝင် ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်၊ စနူကာ၊ လက်ဝှေ့ ၊ ကာယဗလ၊ ခရစ်ကက်၊ ဂျူဒို၊ ကရာတေး၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ရိုးရာခြင်းလုံး မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ အလေးမနှင့် ဝူရှူးကစားနည်းပေါင်း၂၃ မျိုး ပါဝင်မည်ဖြစ်ပါသည်။ အထက်ပါ အားကစားနည်းအားလုံးသည် ကစားနည်းတစ်မျိုးချင်းအလိုက် ရုပ်ပိုင်းစိတ်ပိုင်းနှစ်ခုလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းမှုများစွာကိုပေးသော အားကစားနည်းများဖြစ်ကြသည်။ သို့ဖြစ်၍ ကစားနည်းအလိုက် အကျိုးကျေးဇူးများမည်သို့ရရှိ၍ မည်သို့အကျိုးဖြစ်ထွန်းကြောင်း အားကစားတစ်ခုချင်း၏ အနှစ်သာရများကို ဤနေရာကနေ ရေးသားဖော်ပြလိုပါသည်။

လူကြိုက်အများဆုံးသော ဘောလုံးအားကစား

ဘောလုံးအားကစားသည် လူကြိုက်အများဆုံး အားပေးမှုအများဆုံးသော ကစားနည်းတစ်ခုဖြစ်သည်။ ထည်ထည်ဝါဝါ၊ ခမ်းခမ်းနားနား၊ အဆင့် မီမီဖြင့် မကြာမီကျင်းပတော့မည့် ပဉ္စမအကြိမ်မြောက် နိုင်ငံတော်အဆင့် အမျိုးသားအားကစား ပြိုင်ပွဲတိုင်းမှာ မပါမဖြစ် ထည့်သွင်းရသည့် ပြိုင်ပွဲအမျိုးအစားလည်း ဖြစ်သည်။ မိနစ် ၉၀ ခန့်နှင့် ၁၀ ကီလိုမီတာဝန်းကျင်ကို မနားတမ်းလှုပ်ရှား ရွေ့လျားပြီးမှ ရရှိလာသည့် ခံနိုင်ရည်နှင့်သက်လုံသည် ခန္ဓာတွင်းအဆီနှင့် ကယ်လိုရီကို များစွာလောင်ကျွမ်း စေပြီး နှလုံးနှင့်သွေးကြောများကို အားကောင်းစေ ပါသည်။

အောက်ဆီဂျင်ကို ကြွက်သားများဆီ ကောင်းစွာရောက်ရှိစေသည့်အတွက် ခန္ဓာကိုယ်အတွက် aerobic capacity တစ်မျိုးကို ရရှိစေသည်။ ရလဒ်က သွေးတိုးရောဂါ လျော့ကျသွားခြင်းဖြစ်သည်။ ကန်မယ်၊ လုယူမယ်၊ အလိမ်အခေါက်၊ အခုန်၊ လှည့်ပြောင်းလှုပ်ရှားမှုအစုံအစုံမှာ ခြေထောက်အပြင် ခန္ဓာကိုယ်အပေါ်အားကိုပါအသုံးပြုရ၍ ခန္ဓာတစ်ခုလုံးကို ကြံ့ခိုင်သန်စွမ်းသွားစေသည်။ ပြေးလွှားလှုပ်ရှားအားကုန်သုံးရသော ကစားနည်းများတွင် အပေါ်ခန္ဓာအလေးချိန်ကို အောက်ပိုင်းခန္ဓာက ထိန်းထားရသည်ဖြစ်၍ အရိုးအဆစ်များကို ပို၍ အားကောင်းစေပါသည်။

အမြန်နှင့်အရှိန်ကို ဟန်ချက်ညီစွာ သတ်မှတ်နေရာအရောက်မျက်စိနှင့် ဦးနှောက်ကို အသုံးချ၍ တစ်ပြိုင်တည်းချိန်ကိုက်လှုပ်ရှားရသော ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်ရရန်မှာ ရည်မှန်းချက်တူ ကစားသမားအချင်းချင်း မညှိနှိုင်းမပေါင်းစပ်ဘဲ အပြန်အလှန်မထောက်ကူဘဲမည်သို့သော အောင်မြင်မှုမှမရနိုင်ပါ။ ဘောလုံးကို ဘယ်သူ့ဆီဘယ်အချိန်မှာ ဘယ်လိုပေးရမလဲ၊ မိမိခံစစ်ဇုန်အတွင်း ဘယ်လိုခုခံကာကွယ်မလဲ ဆုံးဖြတ်ချက်ကို မြန်မြန်ချနိုင်မှုက အာရုံစူးစိုက်နိုင်မှုတွင် အဓိကမူတည်သည်။

ဖူဆယ် ဘော်လီဘော

ဘတ်စကက်ဘောနှင့် ပိုက်ကျော်ခြင်း

နောက်အားကစားနည်းတစ်ခုက ယနေ့ခေတ်မှာ ရေပန်းစားလာသော ဖူဆယ်ဂိမ်းဖြစ်သည်။ ဘောလုံးနှင့် ကွာခြားချက်က indoor game ဖြစ်ပြီး ဘောလုံးနှင့် ထိတွေ့မှုများရသည့်အတွက် အပါးခိုလို့မရ ၊ ပိုပြေး၊ ပိုလှုပ်ရှားရသည်၊ အလေးချိန်ပိုသည့် ဘောလုံးကို အသုံးပြုရသည့်အတွက် ပါဝါပိုသုံးရသည်။ အားသာချက်ကကွင်းကြီးကစားရာတွင် လိုအပ်သည့် အရည်အသွေးအားလုံးကို ဖူဆယ်က ပံ့ပိုးပေးနိုင်ခြင်းဖြစ်သည်။ ဖူဆယ်ကစားသူသည် ကွင်းကြီးကစားသည့်အခါ ပို၍ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်လာသည်ကို တွေ့ရသည်။

ထိုနည်းတူ အခြားသော ခွန်အားသုံးပြီးအဖွဲ့ လိုက်ယှဉ်ပြိုင်ရသည့် ဘော်လီဘောနှင့် ဘတ်စကက်ဘော ကစားနည်းများ၏ အကျိုးကျေးဇူးများမှာလည်း အနီးစပ်ဆုံး တူညီမှုရှိကြသည်ကို တွေ့ရသည်။ ကြွက်သားအရိုးအဆစ်တို့၏ သိပ်သည်းဆအားကောင်းလာသည့်အခါ ခွန်အားနှင့် ခံနိုင်ရည်မှာလည်း တိုးတက်လာသည်။ များများလေ့ကျင့်က ခြေထောက်ကြွက်သားများ သန်မာလာပြီး အမြင့်ခုန် အားကောင်းလာသည်ကို တွေ့ရသည်။ အထူးသဖြင့် မိန်းကလေးများတွင် လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားမှာ သိသိသာသာတိုးတက်လာသည်ဟု ဆိုထားပါသည်။

ဘော်လီဘောကဲ့သို့ပင် နောက်ထပ်အဖွဲ့လိုက်၊ အတွဲလိုက်ကစားရသည့် အားကစားနည်းများမှာ ပိုက်ကျော်ခြင်းနှင့် ရိုးရာခြင်းလုံးကစားနည်းများ ဖြစ်သည်။ ခြေခွင်၊ ခြေဖျား၊ ခြေဖနောင့်၊ ဒူး၊ ခေါင်းစသည် ခန္ဓာကိုယ်အပေါ်အောက် အစိတ်အပိုင်းများကို လိုသလိုအသုံးပြုပြီးခြင်းလုံးကို မြေသို့မကျအောင် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ကစားဖော်အချင်းချင်း တစ်ဦးအားနည်းချက်ကို ကျန်ကစားဖော်များ၏ အားသာချက်ဖြင့် ကာရံပေးခြင်း၊ တစ်ဦး၏အားသာချက်ကို အကောင်းဆုံးအသုံးချနိုင်အောင် ဝန်းရံပေးခြင်း၊ တစ်ဖက်အားနည်းချက်ကို ရအောင်ရှာဖွေ၍ မိမိအနိုင်ရအောင်ကစားခြင်း၊ မိမိအားသာချက်ကိုအသုံးချ၍ ပြိုင်ဘက်ကိုအနိုင်ယူခြင်းစသည့် အကျိုးတရားများကို ဤကစားနည်းများက ပေးစွမ်းနိုင်ပါသည်။

ဂေါက်သီး၊ ကြက်တောင်၊ တင်းနစ်နှင့် ခရစ်ကက်

တစ်ဦးချင်းယှဉ်ပြိုင်ရသော ဂေါက်သီးရိုက်အားကစား၏ အကျိုးကျေးဇူးများကိုလည်း ဆက်လက်လေ့လာကြည့်ရအောင်ပါ။ လူကြီးလူငယ်မရွေး အပန်းဖြေအားကစား Social sport တစ်မျိုးဖြစ်၍ ထိခိုက်မှုအနည်းဆုံးသော ကစားနည်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၈ ကျင်းရှိ အကွာအဝေးတစ်ခုအတွင်း ခြေလှမ်း ၁၃၀၀၀ ခန့်မျှ လမ်းလျှောက်ရသည်ဖြစ်၍ လေကောင်းလေသန့် ပတ်ဝန်းကျင်မှာ လမ်းလျှောက်ခြင်း၏ အကျိုး ကျေးဇူးများကိုရရှိပြီးနာတာရှည် ဆီးချို ၊ သွေးတိုး၊ နှလုံး၊ ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို များစွာလျော့ကျစေပါသည်။

လူမှုဆက်ဆံရေး ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်ခြင်းက စိတ်ကျစိတ်ဖိစီးမှုများကို လျှော့ချပေးပြီး ကျေနပ်ပျော်ရွှင်မှုကိုရရှိကာ သက်ရှည် ကျန်းမာစိတ်ချမ်းသာရေးကိုများစွာ အထောက်အကူပြုပါသည်။ ပုံမှန်ကစား၍ နေရောင်ခြည်ပုံမှန်ရ သည့်အတွက် Vit D ချို့တဲ့ခြင်းမှလည်း ကာကွယ်ပေးသည်။ ထို့ပြင် အသည်းလုပ်ငန်းကိုပါအားပေးပြီး ကြွက်သားနှင့်အရိုးအဆစ်များကို သန်မာစေကာ အာရုံစူးစိုက်မှုကိုလည်း ပို၍ကောင်းလာစေသည်ဟု သုတေသီများက ဆိုထားပါသည်။

နောက်ထပ် ကြက်တောင်၊ စားပွဲတင်တင်းနစ်နှင့် ခရစ်ကက်ကစားခြင်း၏ အကျိုးကျေးဇူးများကား ဘာတွေဖြစ်နိုင်ပါသလဲ၊၊ လက်‌ရော၊ ခြေပါ အဓိကအားပြု အဆက်မပြတ်လှုပ်ရှားရပြီး ချွေး အထွက်များခြင်းကြောင့် ခန္ဓာတွင်းအချိုအငန် အဆီဓာတ်များလျော့ကျရာမှ ခန္ဓာကိုယ်အလေးချိန် လျော့ကျလာပြီး ဆီးချိုနှင့် သွေးတိုးရောဂါများ ကုသရာတွင် များစွာအထောက်အကူဖြစ်စေပါသည်။ မိသားစု သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ပါးပါး ကစားဖြစ်သော အားကစားနည်းများလည်းဖြစ် သည်။ ၎င်းကစားနည်းများက သင်၏ဦးနှောက်လုပ်ငန်းကိုပါ မြင့်မားစေကာ ဆုံမှတ်တစ်ခုအပေါ်မှာ ဟန်ချက်ညီညီ လှုပ်ရှားကြသည့် လက်နှင့်မျက်လုံးတစ်စုံ၏ ညှိနှိုင်းတာဝန်ယူကြပုံ အနေအထားကိုလည်း တွေ့မြင်ရမည်ဖြစ်ပါသည်။

ဘိလိယက်၊ ကာယဗလနှင့် အလေးမ

နောက်ထပ်အားကစားနည်းတစ်ခုကား အာရှအဆင့်ကမ္ဘာ့အဆင့်များတွင် ဆုတံဆိပ်များရယူ ခဲ့ဖူးသော ဘိလိယက်နှင့်စနူကာဖြစ်သည်၊၊ ၎င်းကစားနည်းကို အားပေးရသည်မှာ ရင်သပ်ရှုမော ဖြစ်ရပြီး အင်အားပါဝါမသုံးဘဲ ကစားရသော ကစား နည်းမဟုတ်မှန်း သိသာပါသည်။ စိတ်ရော ကိုယ်ပါ မြှုပ်နှံပြီးမှ ကိုယ်နေဟန်ထားညွှတ်ကိုင်း တိမ်းယိမ်းမှုဖြင့် ခန္ဓာကိုယ်ကို လိုရာရွေ့လျားစေသည်။ လက်လှုပ်ရှားမှုနှင့်အတူ မျက်လုံးလက်အနေအထားကို တိတိကျကျမှန်မှန်ကန်ကန်ဖြင့် ကျူတံနှင့်ဘောလုံး ထိုးချက်ထိုးကွက် မှန်နေအောင် အခြားကစားနည်းများထက် အကြိမ်ပေါင်းများစွာ ဇွဲရှိရှိဖြင့် ကြိုးစား အားထုတ်ရသော ကစားနည်းဖြစ်သည်။

ပြိုင်ဘက်၏အားနည်းချက်ကိုရှာ၍ သင်ခန်းစာ ယူသင့်သည်ကိုယူပြီး ဆုံးဖြတ်ချက်မှန်စွာဖြင့် ထိုးရသည့်အတွက်သင်၏ စိစစ်အကဲဖြတ်သုံးသပ်နိုင်စွမ်းကို တိုးတက်စေသည်။ စိတ်အားထက်သန်မှု အပြည့်ဖြင့် စိတ်ရှည်ရန် လိုအပ်သည့်အတွက်လည်း မိမိ၏သည်းခံနိုင်စွမ်းမှာ တိုးတက်လာမည်ဖြစ်သည်။

နောက်အားကစားနည်းများမှာ ကာယဗလနှင့်အလေးမဖြစ်သည်။ ကာယဗလနှင့် ပတ်သက်လျှင် မော်လဒိုက်နိုင်ငံမှာ ကျင်းပခဲ့သည့်(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ရွှေတံဆိပ် ရရှိသည့် အစဉ်အလာကောင်းတစ်ခုကို ပိုင်ဆိုင်ထား သည်။ ကြွက်သားများ သန်မာကြီးထွားမှုနှင့်အတူ ကောင်းမွန်သော ကိုယ်ကာယအချိုးအစားတစ်ခုကို ပိုင်ဆိုင်ခြင်းသည် တည်ကြည်ခိုင်ခံ့သော စိတ်ဓာတ် အင်အားမပါဘဲ မဖြစ်နိုင်ကြောင်း ကာယဗလနှင့်အလေးမအားကစားများက ပြသနေပါသည်။ ကြွက်သားများ အားကောင်းသန်မာလာမှုကြောင့်ပင် မောပန်းနွမ်းနယ်မှုကို ခံနိုင်ရည်ရှိလာပြီး လှုပ်ရှားသွားလာရာတွင်လည်း အထောက်အကူဖြစ်၍ အားရှိသလို ခံစားရသည်။ အရိုးအဆစ်နှင့် အာရုံ ကြောများပါသန်မာလာပြီး ကျန်းမာသော ဇီဝဖြစ်စဉ်နှင့်အတူ သွေးတွင်းအချိုဓာတ်လည်း ပုံမှန်ဖြစ်လာကာ အရိုးပွရောဂါအပါအဝင် နောက်ဆက်တွဲ ရောဂါဘယများ ဖြစ်ပွားမှုမှလည်း ကင်းဝေးလာ သည်ဟုဆိုပါသည်။

လက်နက်မဲ့ခုခံတိုက်ခိုက်အားကစားနည်းများ

ဆက်လက်၍ လက်နက်မဲ့တိုက်ခိုက်ကစားနည်းများဖြစ်သည့် ကရာတေး၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဂျူဒို၊ ဝူရှူး၊ လက်ဝှေ့နှင့် ဗိုဗီနမ်ကိုယ်ခံပညာရပ်များ၏ အကျိုးကျေးဇူးများကို ဆက်လက်ဖော်ပြပါမည်။ စည်းစနစ်အပြည့်အဝဖြင့် အပြန်အလှန် ရိုသေလေးစားမှု၊ မိမိကိုယ်မိမိယုံကြည်မှု၊ ကိုယ်ရည် ကိုယ်သွေးပြည့်ဝမှုနှင့် မိမိလုံခြုံမှုကို မိမိကိုယ်တိုင် ရယူနိုင်သည့် စွမ်းရည်သတ္တိများကို ကိုယ်ခံပညာရပ် များက အဓိကပေးဆောင်ပါသည်။ ကိုယ်ခံပညာရပ်တစ်ခုသည် တစ်ကိုယ်လုံးလှုပ်ရှားတိုက်ခိုက်ရသော ကစားနည်းဖြစ်သည့်အတွက် သက်လုံကိုကောင်းစေသည်။ ကိုယ်ခံပညာကစားတတ်သူအပေါ် တစ်သက်တာအကျိုးသက်ရောက်မှုမှာထိုသူ၏"အား" "အရှိန်" နှင့် "ခံနိုင်ရည်"အားများပင်ဖြစ်သည်။

ဝူရှူးဆိုလျှင် ကလေးဘဝကတည်းက ကစားသင့်သည်။ မြန်မာ့သိုင်းအပါအဝင် ကိုယ်ခံပညာ အများစုမှာ ရိုးရာအမွေကို ထိန်းသိမ်းခြင်းလည်းမည်ပါသည်။ ဗီယက်နမ်ရိုးရာ ကိုယ်ခံကစားနည်းဖြစ်သော ဗိုဗီနမ်ကိုမူ အခြားသောစိတ်ပိုင်းဆိုင်ရာ အကျိုးတရားများအဖြစ် ကြောင်းကျိုးဆက်စပ် ဆင်ခြင်နိုင်စွမ်း အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နှင့် မိမိကိုယ်မိမိတန်ဖိုးထားပြီး မိသားစုကိုဂရုစိုက်ရမည်၊ နိုင်ငံကိုအလုပ်အကျွေးပြုမည်ဟူသော စိတ်ဓာတ်ကောင်းများ ကိန်းအောင်းစေသည့် ခမ်းနားကြီးကျယ်သော ကစားနည်းတစ်ခုအဖြစ် သူတို့နိုင်ငံသားတွေက ဂုဏ်ယူကြသည်။ ထို့ကြောင့် လည်း ကျွန်တော်တို့နိုင်ငံ၏ အမျိုးသားအားကစားပြိုင်ပွဲများမှာ ၎င်းကစားနည်းကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

ခန္ဓာတစ်ခုလုံး၏အားကိုယူ၍ အနားမပေးဆက်တိုက်လှုပ်ရှားရသည့် နောက်ထပ်ပြိုင်ပွဲဝင် ကစားနည်းတစ်ခုမှာ အဆုတ်လုပ်ငန်းနှင့် နှလုံးကြွက်သားညှစ်အားကို အထူးကောင်းစေသည့် ရေကူး ခြင်းဖြစ်သည်။ ချွေးအလွန်အမင်းထွက်၍ ကယ်လိုရီများစွာကို လောင်ကျွမ်းသွားစေသော်လည်း နုံးချည့် သွားခြင်းမျိုးမရှိဘဲ သက်လုံကောင်းကာ ခန္ဓာကိုယ်ကြွက်သားများကို အထူးသန်မာစေသည့်အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုသည့် ကစားနည်းတစ်ခုဖြစ်သည်ဟု ဆိုရပါမည်။

ယခုလို မျှဝေခြင်းဖြင့် အားကစားနည်းတစ်ခု ချင်းအလိုက် အကျိုးကျေးဇူးများစွာကို သိရှိခွင့်ရခဲ့ပါပြီ။ လူ့ခန္ဓာအစုအပေါင်းမှာ စိတ်နှင့်ရုပ်သည် ဒွန်တွဲနေသည်ဖြစ်ရာ ရုပ်ပိုင်းကျန်းမာမှုကို တည်ဆောက်ရာတွင် စိတ်ဓာတ်ရေးရာအင်အားမပါလျှင် မအောင်မြင်နိုင်သကဲ့သို့ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာ တွင်လည်းစိတ်ရောကိုယ်ပါ ကျန်းမာသူများဖြင့် တည်ဆောက်မှသာ အကျိုးဖြစ်ထွန်းသောအင်အားကို ရရှိပါမည်၊၊ ထိုအင်အားမျိုးကို အားကစားကသာ အကောင်းဆုံးပေးနိုင်သည်ကို တွေ့ရသည့်အတွက်လည်း အထက်ပါ အားကစားနည်းများပါဝင်သော အမျိုးသားအဆင့်အားကစားပြိုင်ပွဲကြီးကို တန်ဖိုးထားအလေးအနက်ထားပြုလုပ်နေခြင်းဖြစ်သည်ဟု ယူဆပါသည်။ မြို့ရွာအနှံ့ငုပ်လျှိုးနေသော နိုင်ငံအဆင့်လက်ရွေးစင် အားကစားသမားများစွာ ပေါ်ထွက်လာရေးအပြင် အားကစားကို ကျန်းမာရေး အသိနှင့်ယှဉ်ပြီး ကျောင်းသားအရွယ်ကစ၍ တစ်ပြည်လုံးအတိုင်းအတာဖြင့် လေ့ကျင့်လှုပ်ရှားယှဉ်ပြိုင်လာကြရန်လည်း ရည်ရွယ်ပါသည်။

အထက်ပါ အားကစားနည်းတစ်ခုချင်းအလိုက် အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး ယခုလို နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် လေ့ကျင့်ခြင်း ပါဝင်ယှဉ်ပြိုင်ရခြင်းသည် မိမိနှင့် လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သော သက်ရောက်မှုများစွာကို ရရှိစေသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။ မှန်ကန်သောအသိကို အကျင့်နှင့် ပေါင်းစပ်နိုင်မှလည်း အဓိပ္ပာယ်ပြည့်ဝသည့် တစ်မျိုး သားလုံးကျန်းမာကြံ့ခိုင်ရေးဟူသည့် သက်ရောက်မှုကို ရရှိလာမည်ဖြစ်သည်။

ထို့ကြောင့်လည်း အမျိုးသားရေးသဖွယ် အလေးအနက်ထား၍ စဉ်ဆက်မပြတ် ကျင်းပပေးနေခြင်း ဖြစ်သည်ဟု နားလည်လက်ခံထားပါသည်။ နားလည်မှုသည်းခံမှု အပြည့်ပါသော အသင်းအဖွဲ့စိတ်ဓာတ် အခြေခံအားကစားစိတ်ဓာတ်ကတစ်ဆင့် လိုအပ်နေသော နိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်မှုကို ကောင်းစွာ အထောက်အကူပြုမည်ဟုလည်း ယုံကြည်ချက်ထား ပါသည်။

ထိုထို စိတ်ဓာတ်ကောင်းများ၊ အမြင်များ၊ ခံယူချက်ကောင်းများကတစ်ဆင့်သာ နိုင်ငံဂုဏ်၊ လူမျိုး ဂုဏ်ကို မြှင့်တင်နိုင်မည်ဖြစ်သည်ဟု ခံယူရမှာဖြစ် သည့်အတွက် ယခုလို ဂုဏ်ဒြပ်ကောင်းတို့နှင့် ပြည့်စုံ နေသော တစ်မျိုးသားလုံးအခြေခံသော အားကစား ပွဲကြီးဖြစ်မြောက်အောင် ပြုလုပ်စီစဉ်ပေးသူ ပါဝင် ယှဉ်ပြိုင်သူ အားပေးသူအားလုံးအတွက် ဝမ်းသာပီတိဖြစ်ဖွယ် ပွဲတော်ကြီးအဖြစ် ဂုဏ်ယူရမည်ဖြစ် ပါကြောင်း ရေးသားလိုက်ရပါသည်။ ။