အောင်မြင်သော စာကြည့်တိုက်များ တည်ထောင်ကြပါစို့
ညွန့်ဝင်း(နတ်တလင်း)
၂၀၂၄ ခုနှစ် မေလထဲတွင် နတ်တလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ စာကြည့်တိုက်စီမံခန့်ခွဲမှုအစည်းအဝေးကို ကျွန်တော်တက်ခဲ့ရသည်။ စာကြည့်တိုက်စီမံခန့်ခွဲမှုပညာသည် ပြည့်ပြည့်စုံစုံလေ့လာလျှင် နှစ်ချီ၍ လေ့လာရသည့်ပညာဖြစ်သည်။ သို့သော် သင်ကြားပို့ချပေးမည့်ဆရာကြီး ဆရာမကြီးများနှင့် သင်တန်းသားဆရာ ဆရာမများသည် အခြားတာဝန်များကိုလည်း မအားမလပ်ထမ်းဆောင်နေရသဖြင့် ရသည့်အချိန်လေးတွင် ကြိုးစား၍အကျဉ်းချုံး ပို့ချပေး၊ ကျွန်တော်တို့ကလည်း ကြိုးစားနာယူမှတ်သားကြရပါသည်။
စာပေနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းပေးရာဌာန
နိုင်ငံတော်သည် ပညာရေးအဆင့်မြှင့်တင်ရန်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် စာကြည့်တိုက်အသုံးချတတ်မှုသည် ကျောင်းသားများ လေ့လာသင်ယူရာ၌များစွာ အထောက်အကူပြုသည်။ ကျောင်းစာကြည့်တိုက်သည် ကျောင်းသား ကျောင်းသူများ ပညာဆည်းပူးရာ၌ ဆန်းသစ်တီထွင်မှု၊ စူးစမ်းသိမြင်မှု၊ အခက်အခဲဖြေရှင်းနိုင်မှုစွမ်းရည်များရရှိသော သော့ချက်နေရာဖြစ်သည်။ ရပ်ရွာ၊ မြို့နယ်များတွင်လည်း စာကြည့်တိုက်သည် စာအုပ်နှင့် ပြည်သူလူထုကို ဆက်သွယ်ပေးရာဌာန၊ ပညာဗဟုသုတဖြန့်ဖြူးပေးရာဌာန၊ စာပေများမပျောက်ပျက်အောင် သိုမှီးထိန်းသိမ်းပေးရာဌာန၊ လူမျိုးဘာသာ အဆင့်အတန်းမရွေးကြီးငယ်မဟူ မိမိကိုယ်တိုင် ပညာသင်ယူခွင့်ပြုထားရာဌာန၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးရာဌာနဟူသော အဓိပ္ပာယ်များဆောင်နေပါသည်။ ထို့ကြောင့် စာကြည့်တိုက်သည် ပညာလိုလားသူတို့ကိုယ်တိုင် လွတ်လပ်စွာပညာရှာယူနိုင်သော တက္ကသိုလ်၊ နိုင်ငံ၏ စာပေနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းပေးရာဌာနဟု ခေါ်ဆိုနိုင်ပေသည်။
စာကြည့်တိုက်တစ်ခု အောင်မြင်စွာတည်ထောင်နိုင်ရေးအတွက် B ငါးလုံးနှင့် ပြည့်စုံရမည်ဖြစ်ပါသည်။ B ငါးလုံးဆိုသည်မှာ Building (စာကြည့်တိုက်အဆောက်အအုံ)၊ Books (စာအုပ် များ)၊ Brain (စာကြည့်တိုက်မှူး)၊ Borrowers (စာအုပ်ငှားရမ်းသူများ)နှင့် Budget (စာကြည့်တိုက် ရန်ပုံငွေ)တို့ကို ဆိုလိုသည်။
စာကြည့်တိုက်တည်ရှိရာ နေရာသည် ဆိတ်ငြိမ်ရမည်။ သန့်ရှင်းရမည်။ စာဖတ်သူအားလုံးအတွက် ဗဟိုအချက်အချာကျသောနေရာ ဖြစ်ရမည်။ ချောင်ကျလွန်းသောနေရာ၊ ဆူညံသောနေရာ၊ ရေဝင်လွယ်မီးလောင်လွယ်သောနေရာမဖြစ်ရပါ။ စိုထိုင်းသောနေရာ၊ ကြွက်၊ ခြ၊ ပုရွက်ဆိတ် စသော အင်းဆက်များရှိသောနေရာမျိုးမဖြစ်သင့်ပါ။လေဝင်လေထွက်ကောင်း၍ အလင်းရောင်ကောင်းစွာရသော နေရာဖြစ်ရမည်။
စာကြည့်တိုက်တွင် စာအုပ်၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းများ စုံလင်စွာရှိရမည်။ ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ စသည်ဖြင့်အမျိုးအစား စုံလင်မျှတစွာထားရှိရမည်။ ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံဖတ်နိုင်သောစာအုပ် စာပေများ စုဆောင်းဖြည့်ဆည်းထားရမည်။ သို့မှသာ အသက်အရွယ်မရွေး ဖတ်ရှုပညာရှာဖွေနိုင်သည့် စာကြည့်တိုက်ဖြစ်မည်။ စာအုပ်များကို စာကြည့်တိုက်တွင်သာ ဖတ်ရှုနိုင်သောစာအုပ်များ (ငှားရမ်းခွင့်မရှိသောစာအုပ်များ)နှင့် ငှားရမ်းဖတ်ရှုနိုင်သောစာအုပ်များကို စနစ်တကျ ခွဲခြားထားရမည်။
စာကြည့်တိုက်ကိစ္စအဝဝ တာဝန်ယူဆောင်ရွက်နိုင်မည့် စာကြည့်တိုက်မှူးရှိရမည်။ စာကြည့်တိုက်မှူးသည် ခေတ်ပညာတတ်ဘွဲ့ရသူ၊ စာကြည့်တိုက်ပညာဘွဲ့ရသူ သို့မဟုတ် အနည်းဆုံး အခြေခံစာကြည့်တိုက်သင်တန်းဆင်း လက်မှတ်ရသူဖြစ်ရမည်။ ထို့ပြင် စာကြည့်တိုက် စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သူ၊ စာဖတ်သူများ၏ လိုအပ်ချက်နှင့်အညီ တာဝန်ယူဆောင်ရွက်ပေးနိုင်သူဖြစ်ရမည်။ စာကြည့်တိုက်မှူးတွင် စာကြည့်တိုက်အရွယ်အစားအလိုက် စာကြည့်တိုက်မှူး၊ လက်ထောက်စာကြည့်တိုက်မှူး၊ စာကြည့်တိုက်လက်ထောက်၊ စာကြည့်တိုက်အကူ စသည့်ပုဂ္ဂိုလ်များ ပါဝင်ပါသည်။ ကျောင်းများတွင် စာကြည့်တိုက်မှူးတာဝန်ကို ဆရာ ဆရာမများ အလှည့်ကျခွဲဝေဆောင်ရွက်နိုင်သည်။ စာကြည့်တိုက်မှူးနှင့် တာဝန်ထမ်းဆောင်သူများသည် စာအုပ်များကို အမှတ်စဉ်နှင့် အမျိုးအမည်များ ခွဲခြားရေးသားခြင်း၊ စာအုပ်များကို စနစ်တကျ နေရာချထားသိမ်းဆည်းခြင်း၊ စာအုပ်ငှားရမ်းခြင်း စသောလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သုတရသစာအုပ်များ ဖတ်ရှုနိုင်
စာကြည့်တိုက်ကို လာရောက်စာဖတ်မည့်၊ စာအုပ်ငှားရမ်းမည့် စာဖတ်ပရိသတ်များရှိရမည်။ စာဖတ်ပရိသတ်၏ လိုအပ်ချက်အလိုက် ရွေးချယ်ဖတ်ရှုနိုင်ရန် စာကြည့်တိုက်မှူးက စီမံဆောင်ရွက်ပေးရမည်။ ဥပမာ-ကျောင်းစာကြည့်တိုက်ဖြစ်လျှင် ကျောင်းသင်ဘာသာရပ် သင်ရိုးလိုအပ်ချက်များနှင့်ကိုက်ညီသော စာအုပ်စာတမ်းများ၊ ကျောင်းသားကျောင်းသူများ၏ ပညာရေးအဆင့်အတန်းနှင့်အညီ သုတရသစာအုပ်များ ဖတ်ရှုနိုင်အောင် စီစဉ်ပေးရမည်။ ထို့ကြောင့် စာကြည့်တိုက်မှူးသည် မိမိစာကြည့်တိုက်၏ အမျိုးအစားနှင့် ရည်ရွယ်ချက်အလိုက် စာဖတ်ပရိသတ်လိုအင်ကို ဖြည့်ဆည်းပေးတတ်ရန်လိုသည်။
Budget (စာကြည့်တိုက်ရန်ပုံငွေ) သည်စာကြည့်တိုက် ရေရှည်တည်တံ့ရေးအတွက် အလွန်အရေးပါသည်။ စာအုပ်စာတမ်းများ ဝယ်ယူဖြည့်ဆည်းရန်၊ စာကြည့်တိုက်သုံးဗီရို၊ စာအုပ်စင်၊ စာဖတ်စားပွဲ၊ ကုလားထိုင်၊ ကြော်ငြာသင်ပုန်း စသည့်ပရိဘောဂများ ဝယ်ယူဖြည့်ဆည်းရန်စာကြည့်တိုက်ရန်ပုံငွေကို စနစ်တကျ သုံးစွဲရလေသည်။ ကျောင်းများတွင် နိုင်ငံတော်က ထောက်ပံ့ပေးသည့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ စာကြည့်တိုက်အတွက် အချိုးကျခွဲဝေသုံးစွဲရမည်ဖြစ်သည်။ ရပ်ရွာနှင့် မြို့နယ်စာကြည့်တိုက်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများ၊စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် လိုအပ်သလို စနစ်တကျစီမံခွဲဝေသုံးစွဲရပေသည်။
စာကြည့်တိုက်တိုးတက်အောင်မြင်မှုရှိစေရန် စာကြည့်တိုက်ကော်မတီဖွဲ့စည်းထားရှိရသည်။ စာကြည့်တိုက်ကော်မတီသည် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ရှေ့ပြေးစီမံကိန်းများ၊ ရေရှည်စီမံကိန်းများချမှတ်ထားရန် လိုအပ်သည်။ ဥပမာအားဖြင့် ကျောင်းစာကြည့်တိုက်ကော်မတီဖွဲ့စည်းပုံကို တင်ပြရလျှင် ကျောင်းများတွင်-
(၁) ကျောင်းအုပ်ကြီး(သို့မဟုတ်) ဒုတိယကျောင်းအုပ်ကြီး - ဥက္ကဋ္ဌ
(၂) လူအများလေးစားယုံကြည်ရသည့် ရပ်မိရပ်ဖတစ်ဦး - ဒုတိယဥက္ကဋ္ဌ
(၃) စာကြည့်တိုက်စိတ်ဝင်စားသည့် ဆရာ ဆရာမ နှစ်ဦး(သို့) သုံးဦး - အဖွဲ့ဝင်
(၄) ကျောင်းသားကျောင်းသူကိုယ်စားလှယ် နှစ်ဦး - အဖွဲ့ဝင်
(၅) ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်းကိုယ်စားလှယ် - အဖွဲ့ဝင်
(၆) စာကြည့်တိုက်မှူး - အတွင်းရေးမှူးတို့ ဖြစ်ပါသည်။
စာကြည့်တိုက်ကော်မတီ အစည်းအဝေးကို လစဉ်ပုံမှန် (သို့မဟုတ်) သုံးလတစ်ကြိမ်ပြုလုပ်ပြီး ပုံမှန်စာကြည့်တိုက်လုပ်ငန်းများ၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆောင်ရွက်ကြရန် လိုအပ်ပါသည်။
စာကြည့်ပိဋကတ်တိုက်
မြန်မာနိုင်ငံတွင် စာကြည့်တိုက်ဟူသောဝေါဟာရကို အင်္ဂလိပ်ကိုလိုနီခေတ်မှစ၍ သုံးစွဲခဲ့သည်။ စာကြည့်ပိဋကတ်တိုက်ဟုလည်း ခေါ်ခဲ့ကြသည်။ ပိဋကတ်စာပေများ သိုမှီးရာနေရာဖြစ်၍ပင်။ နောက်ပိုင်းတွင် ပိဋကတ်စာပေများသာမက အခြားဘာသာရပ်ဆိုင်ရာ စာအုပ်စာပေများကိုပါ စုဆောင်းထားရှိအသုံးပြုသည့်အတွက် စာကြည့်တိုက်ဟူသောဝေါဟာရ တွင်ကျယ်လာခဲ့သည်။ မျက်မှောက်ခေတ်တွင် စာကြည့်တိုက်အမျိုးအစားလေးမျိုးရှိပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ထိုစာကြည့်တိုက်အမျိုးအစားများ ဖွံ့ဖြိုးလာပါသည်။ ၎င်းတို့မှာ
(၁) တက္ကသိုလ်၊ ကောလိပ်စာကြည့်တိုက်
(၂) အမျိုးသားစာကြည့်တိုက်
(၃) ပြည်သူ့စာကြည့်တိုက်နှင့်
(၄) အထူးစာကြည့်တိုက်တို့ဖြစ်ကြသည်။
စာကြည့်တိုက်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးသည် စာကြည့်တိုက်မှူး၏ အရည်အချင်းအပေါ်၌ မူတည်သည်။ စာကြည့်တိုက်မှူးတွင် ရှိရမည့်အရည်အချင်းများမှာ-
(၁) ဆက်ဆံရေးကောင်းမွန်သော အရည်အချင်း (Communication skills)
(၂) စီမံခန့်ခွဲနိုင်သောအရည်အချင်း (Management skills)
(၃) နည်းပညာများကို တတ်ကျွမ်းသော အရည်အချင်း (Technology skills)
(၄) ခေါင်းဆောင်နိုင်သောအရည်အချင်း (Leadership skills)
(၅) သင်ကြားသင်ယူလိုသောအရည်အချင်း (Teaching and Learning skills)
(၆) သုတေသနလုပ်ငန်းများကို စိတ်ဝင်စားသောအရည်အချင်း (Research Works skills) တို့ဖြစ်သည်။
စာကြည့်တိုက်မှူးသည် စာဖတ်သူများ၊ ပြင်ပပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရသူဖြစ်သဖြင့် ဆက်သွယ်ရေးအရည်အချင်း(Communication skills)ရှိမှသာ မိမိ၏ စာကြည့်တိုက် တိုးတက်အောင်မြင်နိုင်သည်။ ဆက်သွယ်ရေးအရည်အချင်းများတွင် လူအများနှင့်ပြေပြစ်စွာ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ သည်းခံစိတ်အနွံတာခံစိတ်ရှိခြင်း၊ လုံ့လဝီရိယရှိခြင်း၊ လူမှုဝန်ထမ်းစိတ်ရှိခြင်း၊ ကိုယ်ကျိုးမဖက်ဘဲအများအကျိုးအတွက် စေတနာထက်သန်စွာဖြင့် ဆောင်ရွက်လိုစိတ်ရှိခြင်း၊ အရပ်ဒေသဝန်းကျင်၏ အရိပ်အကဲ၊ စာဖတ်ပရိသတ်၏ အရိပ်အကဲကို လိမ္မာပါးနပ်စွာ သုံးသပ်နိုင်ခြင်းတို့ပါဝင်သည်။
စာကြည့်တိုက်မှူးသည် စာကြည့်တိုက်ကို စီမံခန့်ခွဲရာတွင် ကျွမ်းကျင်ခြင်း၊ မိမိလုပ်ငန်း အောင်မြင်ရေးအတွက် အမှန်တရားကိုသာ ရှေးရှုလုပ်ကိုင်ခြင်း၊ အလုပ်ကိုစိတ်ဝင်စားမှု ချစ်မြတ်နိုးမှုရှိခြင်း၊ လိုအပ်သော စာကြည့်တိုက်သုံးပရိဘောဂများကို ဝယ်ယူဖြည့်ဆည်းတတ်ခြင်း၊ ကြီးကြပ်ထိန်းသိမ်းတတ်ခြင်းစသော အရည်အချင်းများ ရှိရပေမည်။
စာကြည့်တိုက်မှူးသည် ခေတ်နှင့်အညီ လျင်မြန်စွာပြောင်းလဲတိုးတက်နေသော သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology) များကို မျက်ခြည်မပြတ် လေ့လာသိရှိနေရမည်ဖြစ်သည်။ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုတတ်ခြင်း၊ စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများ နည်းပညာများအကြောင်းသိရှိခြင်း၊ ခေတ်နှင့်အညီ အချက်အလက်ရှာဖွေနိုင်သော နည်းပညာများ တတ်ကျွမ်းခြင်း၊ အင်တာနက်မှ သတင်းအချက်အလက်များကို စိစစ်လမ်းညွှန်ပေးနိုင်ခြင်း၊ သင်ကြားပေးနိုင်သည့် နည်းပညာတတ်ကျွမ်းခြင်း အရည်အချင်းများ ရှိရမည်။
ထို့ပြင် စာကြည့်တိုက်မှူးသည် သင်ကြားရေး၊ သင်ယူရေးနှင့် သုတေသနလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ရမည်။ ထိုသို့ အထောက်အပံ့ပေးနိုင်ရန် တစ်သက်တာသင်ယူလိုစိတ်ရှိခြင်း၊ ပညာဗဟုသုတရှာမှီးလိုစိတ်၊ ဖြန့်ဖြူးလိုစိတ်ရှိခြင်း၊ စာပေဝါသနာပါခြင်း၊ ခေတ်နှင့်အညီ ရင်ပေါင်တန်းလိုက်နိုင်ခြင်း၊ အင်္ဂလိပ်ဘာသာကို အခြေခံအဆင့်နားလည်တတ်ကျွမ်းခြင်းတို့ ပြည့်စုံရမည်။
ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ပေးနိုင်သည့်နေရာ
စာကြည့်တိုက်များသည် ပြည်သူလူထုအသိဉာဏ်တိုးပွားစေရန်သာမက လူမှုရေး၊ ယဉ်ကျေးမှုတိုးတက်စေသော၊ လူနေမှုအဆင့်အတန်းမြင့်မားအောင် မြှင့်တင်ပေးသော နေရာများဖြစ်သဖြင့် အနာဂတ်လူ့အရင်းအမြစ်များကို တစ်သက်တာ သင်ယူလိုသော အလေ့အထရှိသူများ (Lifelong Learners)နှင့် တာဝန်သိစိတ်ရှိသော နိုင်ငံသားကောင်းများ(Responsible Citizens)ဖြစ်လာစေရန်ပြုစုပျိုးထောင်ပေးနိုင်သော နေရာများဖြစ်ပေသည်။ ကျွန်ုပ်တို့ စာသင်ကျောင်းများတွင် ကျောင်းစာကြည့်တိုက်သည် ကျောင်းသား ကျောင်းသူများအတွက် စာဖတ်သည့်အလေ့အကျင့်ကောင်းများ၊ စိတ်ဓာတ်အတွေးအခေါ် မှန်ကန်ကောင်းမွန်ခြင်းများ လက်တွေ့လုပ်ဆောင်နိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် ပြုစုပျိုးထောင်ပေးနိုင်သည့်နေရာဖြစ်ရာ စာကြည့်တိုက်များ အစဉ်သက်ဝင်လှုပ်ရှားအောင်ကြိုးပမ်းကြရမည်ဖြစ်ပေသည်။ ။
ကိုးကား
- စာကြည့်တိုက်အသိပညာသင်တန်း မှတ်စုများ
- ကျောင်းစာကြည့်တိုက်လက်စွဲ