Skip to main content

အမျိုးသားရေးမှသည် လွတ်လပ်ရေးဆီသို့ …..

ဖေဇော်

မြန်မာနိုင်ငံကို စစ်သုံးကြိမ်ပြု၍ နှစ်ပေါင်း ၁၀၀ ကျော် အုပ်ချုပ်သွားခဲ့သော အုပ်ချုပ်သူနယ်ချဲ့အစိုးရကို ပထမဆုံးထိထိရောက်ရောက် တော်လှန်ခဲ့သောနေ့ကို နောင်လာနောက်သား အမျိုးသားတို့ အမှတ်တရရှိစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ အစဉ်နိုးကြားနေစေရန်အလို့ငှာ မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ လွန်ခဲ့သော နှစ်ပေါင်း ၁၀၂ နှစ်က သတ်မှတ်ခဲ့လေသည်။

အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာမှု

အမှန်မှာ မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်သည် ဗြိတိသျှတို့လက်တွင်းသို့ မြန်မာနိုင်ငံမကျရောက်မီ ၁၈ ရာစု နှောင်းပိုင်းကပင်ရှိနေခဲ့ပြီးဖြစ်ကြောင်း သမိုင်းပညာရှင်များဖြစ်ကြသည့် မိုက်ကယ်ချာနေးနှင့် ဗစ်တလစ်ဘာမန်းတို့က ရေးသားခဲ့ကြသည်။ မြန်မာတို့၏ ခေတ်သစ်အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာမှုသည် သီပေါမင်းပါတော်မူပြီးနောက် တစ်စတစ်စကြီးထွား လာခဲ့ခြင်းဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းနှင့် ဒေါက်တာတိုးလှစသည့် သမိုင်းသုတေသီပညာရှင်များကလည်း ရေးသားခဲ့ကြသည်။

အင်္ဂလိပ်တို့က ၁၈၂၄ ၊ ၁၈၅၂ နှင့် ၁၈၈၅ ခုနှစ် တို့တွင် စစ်သုံးကြိမ်ပြုကာ မြန်မာကို ကျွန်ပြု အုပ်ချုပ်ခဲ့ပြီး နှစ်ပေါင်း ၃၅ နှစ်အကြာ ခရစ်နှစ် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် နေ့) တွင် ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများက မက်သယူးဟန်းတား၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်ခြင်းဖြင့် လူမျိုးခြားလက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်ခြင်းဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွပေးခဲ့လေသည်။

စင်စစ် မြန်မာတို့ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာရသည့် အခြေခံအကြောင်းရင်းများတွင် ကိုလိုနီခေတ်တစ်လျှောက် ရုံးသုံးစာပေအဖြစ် အင်္ဂလိပ်ဘာသာဖြင့်သာ သတ်မှတ်သုံးစွဲခဲ့ကြခြင်း၊ အရပ်သုံး၊ စီးပွားရေးနယ်ပယ်သုံး ဘာသာစကားအဖြစ် ဟိန္ဒူစတန်နီလို အိန္ဒိယဘာသာစကားများကို သုံးစွဲခဲ့ရခြင်း၊ ၁၉၁ဝ ပြည့်လွန်ကာလဆီက မြန်မာသင်ပုန်းကြီးပြဋ္ဌာန်းဖတ်စာထဲတွင် အသုံးနည်းသည့် မြန်မာအက္ခရာတချို့ကို ဖြုတ်ပယ်ရန် ကြံစည်ခဲ့ကြသည်ကို မြန်မာလူကြီးများက လက်မခံဘဲကန့်ကွက်ခဲ့ကြခြင်းစသည့် အချက်များလည်း ပါဝင်ခဲ့သည်။

YMBA အသင်းကို ထူထောင်

ထို့ပြင် နိုင်ငံရေးအသင်းအဖွဲ့များ မဖွဲ့စည်းရဟု အင်္ဂလိပ်တို့က ချိုးနှိမ်ပညတ်ထားသည့်ကြားမှပင် ခရစ်ယာန်ဘာသာဝင်များက ခရစ်ယာန်ဘာသာ သာသနာယုဝအသင်းကို တည်ထောင်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်များကလည်း ၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Young Men Buddhist Association) ခေါ် YMBA အသင်းကို ထူထောင်လိုက်ကြသည်။

ထိုစဉ်က ဗြိတိသျှမျက်နှာဖြူတို့သည် မြန်မာလူမျိုးများ အထွတ်အမြတ်ထားသော ဘုရားစေတီပုထိုးများပေါ်သို့ ဖိနပ်စီးတက်ကြသည်။ ဘုရားရှေ့မုခ်၌လည်း ဗြိတိသျှလူမျိုးများနှင့် ဥရောပလူမျိုးများမှအပ မည်သူမျှဖိနပ်မစီးရဟူသော စာတန်းကို ချိတ်ဆွဲထားခဲ့ကြသည်။

၁၉၁၈ ခုနှစ်တွင် ပဲခူးငလျင်ဒဏ်ကြောင့် ရွှေမော်ဓောဘုရားကြီး၏ စိန်ဖူးတော်မြေခခဲ့ရသည်။ ဤဖြစ်ရပ်ကို ကြည့်ရှုရန် ဗြိတိသျှဒုတိယဘုရင်ခံဖြစ်သော ဆာရယ်ဂျီနယ် ဂရက်ဒေါက်သည် စေတီကုန်းတော်ပေါ်သို့ ဖိနပ်မချွတ်ဘဲတက်ခဲ့သည်မှ အစပြု၍ မြန်မာတစ်ပြည်လုံး အုံကြွလာခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ဂျူဗလီဟောခန်းမကြီးတွင် ပြည်လုံးကျွတ်စည်းဝေးပွဲတစ်ရပ်ကို လူဦးရေ ၄၀၀ ခန့်ဖြင့် ကျင်းပခဲ့ကြသည်။ ဖိနပ်ပြဿနာ- The Shoe Question ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြပေရာ မျက်နှာဖြူများ အံ့သြတုန်လှုပ်သွားခဲ့ကြရသည်။

YMBA အသင်းကလည်း ဘာသာရေးကို အခြေခံပြီး စည်းဝေး၊ စည်းရုံးရင်းဖြင့် YMBA အသင်းသားဦးရေများ သထက်များလာသည်။ ၁၉၁၁ ခုနှစ်တွင် GCBA အသင်းချုပ်ကြီး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမဦးဆုံး အစည်းအဝေးကြီးကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ၁၉၁၅ ခုနှစ် တွင် မန္တလေးမြို့၌ ကျင်းပသော တတိယအကြိမ်အစည်းအဝေးတွင် မြန်မာနိုင်ငံကလေးများ၏ ပညာရေးကို မသင်မနေရ ပညာရေးဥပဒေပြဋ္ဌာန်းရန်အတွက် အစိုးရထံ တင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၁၇ ခုနှစ် တွင်  ပျဉ်းမနားမြို့၌ ကျင်းပသော အစည်းအဝေးတစ်ရပ်၌ ဗြိတိသျှအထောက်အပံ့ခံမည်သည့် High School တွင်မဆို အင်္ဂလိပ်ကျောင်းအုပ်ကြီး ခန့်ထားခြင်းကို ပယ်ဖျက်ပေးရန် အင်္ဂလိပ်အစိုးရထံ တင်ပြရန်ဆုံးဖြတ်ခဲ့ကြသည်။

၁၉၁၈ ခုနှစ်တွင် မော်လမြိုင်မြို့၌ ကျင်းပသော အစည်းအဝေး၌ India University က ကျင်းပသည့် Matriculation Examination ကို မြန်မာပြည်တွင် ကျင်းပပေးရန် အင်္ဂလိပ်အစိုးရထံတင်ပြမည်။ အင်္ဂလိပ်အစိုးရက ခွင့်မပြုလျှင် အိန္ဒိယအစိုးရထံလျှောက်ထားတင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။

၁၉၂၀ ပြည့်နှစ်တွင် ပြည်မြို့၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ မြန်မာပြည်ရှိ မြန်မာမြေဟူသမျှ မြန်မာလူမျိုးများသာ ပိုင်ဆိုင်လုပ်ကိုင်ခွင့်အမြဲရှိစေရန် ဥပဒေပြုစီရင်ပေးပါမည့်အကြောင်း တင်ပြရန်ဆုံးဖြတ်ခဲ့ကြသည်။

ထူးခြားချက်မှာ ယခုဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီးအား မြန်မာတစ်နိုင်ငံလုံးရှိ အသင်းပေါင်း ၂၀၀၀ ကျော်ကို အားလုံးပေါင်းစပ်ပြီး (General Council of Burmese Association) မြန်မာနိုင်ငံလုံးဆိုင်ရာ GCBA အသင်းချုပ်ကြီးအဖြစ် ဖွဲ့စည်းလိုက်ကြပြီး နိုင်ငံရေးနယ်ပယ်ထဲသို့ အတိအလင်းခြေစုံပစ် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်လေသည်။

၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာသော ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ပြုလုပ်ခဲ့သော သပိတ်အရေးတော်ပုံ၏ ရည်ရွယ်ချက်မှာ ကျွန်ပညာရေးစနစ်ကို တိုက်ဖျက်ပြီး အမျိုးသားပညာရေးစနစ်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား၊ တို့ပြည်ကိုချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ” ဟူသော ကြွေးကြော်သံနှင့်အညီ မြန်မာဘာသာဖြင့် သင်ကြားရေးကို မဏ္ဍိုင်ပြုပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များကို မြန်မာဘာသာပြန်ဆိုပြဋ္ဌာန်းရန်၊ တိုင်းပြည်ကြီးပွားတိုးတက်မည့်ပညာများ သင်ကြားရန်၊ မြန်မာ့ယဉ်ကျေးမှုကို ပြုစုပျိုးထောင်ပေးရန်နှင့် အမျိုးသားစိတ်ဓာတ်နိုးကြားလာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားကျောင်းများ ဖြစ်မြောက်လာစေရန် တွန်းအားပေးခဲ့သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို (National Day) ခေါ် အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ချိန်မှစပြီး မြန်မာလူထုသည် လက်နက်ကိုင်၍ တစ်မျိုး၊ စည်းဝေးဆွေးနွေးတောင်းဆိုခြင်းဖြင့် တစ်သွယ်၊ မြန်မာကိုယ်စားလှယ်များကို ဗြိတိသျှအစိုးရ ကိုယ်စားလှယ်များနှင့် အရေးဆိုရန်စေလွှတ်၍တစ်ဖုံနည်းမျိုးစုံဖြင့် လွတ်လပ်ရေးအတွက် တောင်းဆိုခဲ့ကြသကဲ့သို့ ထိုခေတ် မြန်မာသတင်းစာဆရာများ၊ စာပေ၊ ဂီတပညာရှင်များသာမက ရဟန်းတော်များကပါ နယ်ချဲ့တို့ကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်တုံ့ပြန်ခဲ့ကြသည်။

အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွလာအောင် နှိုးဆွပေးခဲ့ကြသူများတွင် စာပေ၊ ဂီတ၊ သဘင်၊ အနုပညာရှင်များလည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့ကြလေသည်။

၁၈၈၅ ခုနှစ် မန္တလေးကို ဗြိတိသျှတို့ သိမ်းပြီးခါစမှာပင် မန္တလေးရတနာပုံ မဟာရာဇဝင်တော်ကြီးနှင့် အခြားရာဇဝင်စာအုပ်များကို ပြုစုထုတ်ဝေခဲ့ကြကြောင်း သမိုင်းပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှက ၂ဝ၁၇ က ထုတ်သည့် မြန်မာသမိုင်း သုတေသနစာစောင်ပါ ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံစာတမ်းတွင် ရေးသားခဲ့သည်။ အင်္ဂလိပ်တို့နှင့်အတူ ပြည်သိမ်းတပ်အဖြစ် လိုက်ပါလာသည့် စစ်သည်များကို ရွံရှာမုန်းတီးစိတ်ဖြင့် စပ်ဆိုခဲ့ကြသည့် ကျေးလက်သီချင်းများလည်း ရွှေဘို၊ ရေဦးစသည့် နယ်ဘက်တွင် ပေါ်ပေါက်ခဲ့သည်။

နိုးကြားစေခဲ့

ရုပ်သေးအနုပညာရှင်များကလည်း ရုပ်သေးစင်ပေါ်မှ ရွှေပြည်ကြီး၊ ပြည်ကုန်းဘောင်စသည့် တေးသီချင်းများ သီဆိုခြင်းမပြုကြရန် ဗြိတိသျှအစိုးရက တားမြစ်သည်အထိ တေးသီချင်းများ စပ်ဆိုလှုံ့ဆော်ခြင်းဖြင့် မျိုးချစ်စိတ်အရှိန်အဟုန်က ကြီးမြင့်လာခဲ့သည်။ ထို့နောက်ပိုင်း ဓာတ်ပြားစက်များ ပေါ်ပေါက်လာချိန်တွင် တို့ဗမာ၊ ပါတော်မူ၊ ရွှေနန်းတက်ပွဲစသည့် တေးသီချင်းများက မြန်မာအမျိုးသားရေးဝါဒကို အကြီးအကျယ်နိုးကြားစေခဲ့သည်။

၁၉၁၁၊ ၁၉၁၄ တို့တွင် စတင်ထုတ်ဝေခဲ့သည့် သူရိယနှင့် မြန်မာ့အလင်းသတင်းစာ၊ ၁၉၂ဝ ပြည့်နှစ်က စတင်ထုတ်ဝေခဲ့သည့် ဒဂုန်မဂ္ဂဇင်း၊ ၁၉၃ဝ ပြည့်လွန်ကာလက ထုတ်ဝေခဲ့သည့် ဆယ်သန်း၊ ကြီးပွားရေး၊ ဂျာနယ်ကျော် စသည့်စာနယ်ဇင်းများသည် မြန်မာပြည် နိုင်ငံရေးကို မျက်စိဖွင့်နိုးကြားစေခဲ့သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစာစောင်များ ဖြစ်ကြသည်။ ဗြိတိသျှလက်အောက်တွင် ပုံနှိပ်ဥပဒေအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်မှုများ ကြားမှပင် အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွပေးခဲ့ကြသည့် စာနယ်ဇင်းများ၏ အင်အားက အမျိုးသား‌ရေးစိတ်အဟုန်ကို တိုးမြင့်လာစေခဲ့သည်။

သည်ဘက်ခေတ် စာပေပညာရှင်ကြီး ဆရာ ဇော်ဂျီ၏ မောင်တို့ကြားကုန်လော့ အစချီ “ရှေးခေတ်ပုဂံပြည်” ကဗျာ၊ ဆရာ မင်းသုဝဏ်၏ “သပြေညို” စသည့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေသည့် ဂန္ထဝင်ကဗျာတို့ကြောင့်လည်း အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုနိုးကြားလာစေခဲ့သည်။

ဆိုရလျှင် အမျိုးသားရေးစိတ်ကို နိုးကြားတက်ကြွအမှတ်ရစေသောငှာ အမျိုးသားနေ့ဟူ၍ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေအထူးကွန်ဖရင့်က ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း ဆုံးဖြတ်အတည်ပြုပေးခဲ့သည်။

ဆုံးဖြတ်အတည်ပြု

ထိုနေ့သည် အုပ်ချုပ်သူ နယ်ချဲ့အင်္ဂလိပ်အစိုးရကို ထိထိရောက်ရောက် တော်လှန်သောနေ့၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသားများ သပိတ်မှောက်သည့်နေ့၊ အမျိုးသားတော်လှန်ရေး စတင်သည့်နေ့ဖြစ်ခြင်း တို့ကြောင့် အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ ထိုနေ့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရအပေါ် အောင်ပွဲခံသောနေ့ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ဟုလည်း ခေါ်ကြသေးသည်။

ရက်သတ်မှတ်ရာတွင်ပင် အမျိုးသားနေ့၏ အဓိပ္ပာယ်ပြည့်စုံပေါ်လွင်ပီပြင်စေရန် တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သော အင်္ဂလိပ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်ဟု မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ဟု ရည်ရွယ်ချက်ရှိရှိ သတ်မှတ်ပေးခဲ့ခြင်းလည်းဖြစ်သည်။ ဤသည်ကပင် အမျိုးသားရေးလက္ခဏာသည် ပို၍ပေါ်လွင်ထင်ရှားစေခဲ့သည်။

အမျိုးသားနေ့ သတ်မှတ်ပေါ်ပေါက်လာသော ၁၉၂၂ ခုနှစ်မှစ၍ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့အခမ်းအနားများ ကျင်းပခဲ့သည်။ အမျိုးသားနေ့ကို အဖွဲ့အစည်းအားလုံးနှင့် တိုင်းရင်းသားတိုင်းက အမြတ်တနိုးထား၍ လေးစားကြပြီး အညီအညွတ်ကျင်းပခဲ့ကြသည်။ အမျိုးသားနေ့ကို ၁၉၃၄ ခုနှစ်မှစ၍ ကျောင်းပိတ်ရက်အဖြစ်လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှစ၍ ရုံးပိတ်ရက်အဖြစ်လည်းကောင်း ပြဋ္ဌာန်းခဲ့သည်။

အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သော ၁၉၃၈ ခုနှစ်သည် မြန်မာနိုင်ငံ၌ မြန်မာလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲခဲ့သည့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သော နှစ်လည်းဖြစ်သည်။ ထိုအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြီး ၁၀ နှစ်အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက် တနင်္ဂနွေ နေ့တွင် မြန်မာတစ်နိုင်ငံလုံးသူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ပေရာ အမျိုးသားရေးမှသည် လွတ်လပ်ရေးဆီသို့ အောင်မြင်စွာ ကူးမြောက်နိုင်ခဲ့သော မြန်မာတို့၏ အမျိုးသားနေ့ကို အစဉ်မမေ့အပ်ပါကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်နေရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

ရည်ညွှန်း - Wikipedia နှင့် နေ့စဉ်ထုတ်သတင်းစာများ၊ ရုပ်သံမီဒီယာများမှ ထုတ်လွှင့်တင်ဆက်မှုများ