Skip to main content

အမျိုးသားအောင်ပွဲနေ့တွင် သန္ဓေတည် အစဉ်နိုးကြားထက်သန်နေရမည့် အမျိုးသားရေးစိတ်ဓာတ်

ကိုရေချမ်း

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်းလဆုတ် ၁၀ ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့။ ထိုနေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားတို့သည် အင်္ဂလိပ်ဗျူရိုကရက်တို့က မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အတွက် ပြဋ္ဌာန်းလိုက်သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်သောနေ့ဖြစ်သည်။ တစ်နည်းဆိုသော် မြန်မာ့သမိုင်းတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက နယ်ချဲ့ဗြိတိသျှ အစိုးရကို ပထမဆုံးဆန့်ကျင်တိုက်ပွဲဝင်သောနေ့ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ပြီး ခုနစ်ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားများလည်း သပိတ်မှောက်ကြသည်။ အကြောင်းပြချက်မှာ တက္ကသိုလ်ကျောင်းသားများ၏ ကိုယ်ကျိုးအတွက် လုံးဝမပါဘဲနောင်လာမည့် ကျောင်းသားလူငယ်များအတွက် ဖြစ်သောကြောင့် ပါဝင်လာကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး အုန်းအုန်းကျွက်ကျွက်မျှပါဝင်လာသဖြင့် မြန်မာ့ပညာရေးသမိုင်းတွင် ပထမအကြိမ်မှတ်တမ်းတင်ရသည့် လှုပ်ရှားမှုကြီးဖြစ်သည်။ ကောလိပ်ကျောင်းသားများက စတင်သပိတ်မှောက်ခဲ့သည့် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို မြန်မာတစ်နိုင်ငံလုံးက အမျိုးသားနေ့ဟု အသိအမှတ်ပြုပြီး ၁၉၂၂ ခုနှစ်မှစ၍ ထိုနေ့တွင် နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲသဘင်များ ကျင်းပလာခဲ့သည်။

အမျိုးသားစိတ်ဓာတ်

အမျိုးသားပညာရေးလှုပ်ရှားမှုကြီး စတင်ပေါ်ပေါက်လာရန် အကြောင်းတရားများတွင် ထိုစဉ်က ကောလိပ်ကျောင်းသားများသည် မြန်မာ့နိုင်ငံရေးတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အရေးကိစ္စများကို စိတ်ဝင်စားလေ့လာခြင်း၊ အချို့ကောလိပ်ကျောင်းသားတို့သည် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံသင်ကြားပေးခြင်းမရှိသော်လည်း နိုင်ငံရေးအတွေးအခေါ် နိုင်ငံရေးသိပ္ပံပညာ (Political Science)၊ ဗြိတိသျှတို့၏ လစ်ဘရယ်ဝါဒ (Libera-lism) တို့ကို လေ့လာလိုက်စားခြင်း၊ ထိုစဉ်ကထုတ်ဝေသော သတင်းစာများက ကျောင်းသားတို့၏ အမြင်ကိုကျယ်စေခြင်း၊ ဖိနပ်ပြဿနာနှင့် ပြဿနာအချို့တွင် ကိုလိုနီအစိုးရ၏ နိုင်ထက်စီးနင်းလုပ်ရပ်များကို သိရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသားစိတ်ဓာတ် (Nationalism) သည် ဒီရေအလား တိုးပွားလာခဲ့သည်။

တက္ကသိုလ်သပိတ် ပေါ်ပေါက်လာသောကြောင့် ဗြိတိသျှအစိုးရက မူလကပေးရန် မရည်ရွယ်ခဲ့သော ဒိုင်အာခီအုပ်ချုပ်ရေးကို ပေးခဲ့ရသည်။ နိုင်ငံရေးနိုးကြားလာ၍ မြန်မာတိုင်းရင်းသားတို့သည် ဒိုင်အာခီအုပ်ချုပ်ရေးကို မကျေနပ်ကြဘဲ ဟုမ်းမရူး (Home Rule) ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုလာကြသည်။ အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ အမျိုးသားကျောင်းများတွင် မျိုးချစ်စိတ်ဓာတ်၊ မိမိကိုယ်ကိုယ်အားကိုးလိုသည့် စိတ်ဓာတ်တို့ကို ပျိုးထောင်ပေးခဲ့သည်။ မြန်မာစာပေ၊ မြန်မာ့သမိုင်းနှင့် ဗုဒ္ဓဘာသာသင်ခန်းစာတို့ဖြင့် အမျိုးသားစိတ်ဓာတ်ရှင်သန်လာအောင် စနစ်တကျသင်ကြားပေးခဲသည်။ မြန်မာပြည်လွတ်လပ်ရေးရရှိအောင် ဦးဆောင်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရေနံချောင်းအမျိုးသားကျောင်းမှ ၁၀ တန်းအောင်မြင်ခဲ့သူဖြစ်သည်။

စိတ်ဓာတ်ခွန်အားများ

ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် ၁၉၂၀ ပြည့်နှစ် ကောလိပ်ကျောင်းသားများသပိတ်မှ သန္ဓေတည်လာခဲ့သော အမျိုးသားလှုပ်ရှားမှု စိတ်ဓာတ်ခွန်အားများဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ အောင်ပွဲအလီလီရခဲ့သည်။ ကျောင်းသားထုကြီးတစ်ရပ်လုံးတွင်သာမက ပြည်သူလူထုကြီးတစ်ရပ်လုံးတွင်ပါ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် အမျိုးသားရေး စိတ်ဓာတ်များ လွှမ်းခြုံရှင်သန်ဖြစ်ထွန်းခဲ့ပြီး တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ အမျိုးသားရေးစိတ်ဓာတ်သည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် အသက်တမျှအရေးပါသည့် စိတ်ဓာတ်ဖြစ်သည်။ အမျိုးသားရေးစိတ် အားကောင်းလာပါက လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်နိုင်သလို အမျိုးသားရေးစိတ်ဓာတ်ခေါင်းပါးလာပါကရရှိပြီး လွတ်လပ်ရေးသည်ပင် ပြန်လည်ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်နှင့် စပ်လျဉ်းပြီး လေးနက်စွာ သိရှိမှတ်သားထားရန်လိုပါသည်။ အမျိုးသားစိတ်ဓာတ်ဟူသည် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆောင်ရွက်လိုသော စိတ်ဓာတ်၊ ကာကွယ်စောင့်ရှောက်လိုသော  စိတ်ဓာတ်ဖြစ်သည်။ “အမျိုးသား” ဟူသည် အရည်အချင်းလေးပါးနှင့် ပြည့်စုံမှသာ အမျိုးသားဟူ၍ ဖြစ်ပေါ်လာရသည်။ အရည်အချင်းတစ်ပါးမှာ “ပိုင်နက် နယ်မြေ” ဖြစ်သည်။ ဒုတိယအရည်အချင်း မှာ “လူ” သို့မဟုတ် “ပြည်သူ” ဖြစ်သည်။ တတိယအရည်အချင်းမှာ “အချုပ်အခြာ အာဏာပိုင်ဆိုင်ခြင်း” ဖြစ်သည်။ စတုတ္ထအရည်အချင်းမှာ “ကမ္ဘာ၏ အသိအမှတ်ပြုခြင်းခံရသော တည်တံ့သည့် အုပ်ချုပ်ရေးရှိခြင်း”ဖြစ်သည်။ အဆိုပါ အရည်အချင်းတစ်ရပ်ရပ် ချို့ယွင်းပါက အမျိုးသားဟူ၍ ဖြစ်မလာပေ။

တစ်မျိုးသားလုံးနိုးကြား

ကမ္ဘာက အသိအမှတ်ပြုခံထားရသော တည်တံ့သည့် အုပ်ချုပ်ရေးရှိခဲ့သည့် အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း တစုတစည်းတည်း စည်းလုံးညီညီရှိခဲ့သည့် ပြည်သူလူထုအပေါင်းကို အမျိုးသားဟုဆိုသည်။ တစ်နည်းဆိုသော် နိုင်ငံတစ်ခုအတွင်း ဘိုးစဉ်ဘောင်ဆက်အတူတကွနေထိုင်လာခဲ့ကြသည့် အမျိုးသားများဖြစ်သည်။ နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခဲ့သည့် မြန်မာအမျိုးသားနိုင်ငံတော်ကြီးကို ကိုလိုနီနယ်ချဲ့တို့က လက်နက်အင်အားကြီးမားစွာဖြင့် ကျူးကျော်သိမ်းပိုက်ခဲ့သဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့သည်။ နယ်ချဲ့လက်အောက်တွင် ခေါင်းမဖော်ဝံ့အောင် ချုပ်ကိုင်ဖိနှိပ်အနိုင်ကျင့်မှုများကို ကောလိပ်ကျောင်းသားများက စတင်ဆန့်ကျင်ခဲ့သည်။ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး တွန်းလှန်လိုသည့် စိတ်ဓာတ်များ နိုးကြားလာခဲ့သည်။ ယင်းသည် တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ဖြစ်သည်။

၁၉၂၂ ခုနှစ်ကစတင်ခဲ့သည့် အမျိုးသားအောင်ပွဲသည် ယခုအခါ နှစ်ပေါင်း ၁၀၄ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ထိုစဉ်က နိုးကြားရှင်သန်ခဲ့သော အမျိုးသားစိတ်ဓာတ်သည် နယ်ချဲ့အစိုးရ၏ မတရားဖိနှိပ်မှုမှလွတ်မြောက်ရန် ကြိုးပမ်းမှုတွင် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေသည့် အမျိုးသားရေးစိတ်ဓာတ်ဖြစ်သည်။ ယင်းအမျိုးသားရေးစိတ်ဓာတ်သည် မြန်မာနိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသားတိုင်း၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေးအတွက်ဖြစ်သည်။

မျက်မှောက်ကာလတွင်လည်း ထိုသို့ အမျိုးသားစိတ်ဓာတ်များ လိုအပ်နေပါသည်။ ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများသည် နိုင်ငံငယ်များအပေါ် တိုက်ရိုက်ကျူးကျော်သိမ်းပိုက်ခြင်း မပြုလုပ်ဘဲ သွယ်ဝိုက်ကျူးကျော် စွက်ဖက်သည့်စနစ်ကျင့်သုံးလာကြသည်။ နိုင်ငံငယ်များရှိ လူမျိုးအချင်းချင်း မတူကွဲပြားမှုများအကြား စိတ်ဝမ်းကွဲပြားအောင် သွေးထိုးမြှောက်ပင့်ပေးပြီး နိုင်ငံပြိုကွဲပျက်စီးအောင် ပြုလုပ်လာကြသည်။

အမျိုးသားရေးအလေးထား

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့စနစ်ကို ခုခံကာကွယ်နိုင်ရန်အတွက် အမျိုးသားစိတ်ဓာတ်နှင့် ခံယူချက်များ နိုးကြားထက်သန်နေရန်လိုပါသည်။ အမျိုးသားရေးဟုဆိုရာတွင် ရှေးရိုးစွဲအမျိုးသားရေးနှင့် လစ်ဘရယ်ကဲ့သို့ အစွန်းရောက်အမျိုးသားရေးကို မဆိုလိုပါ။ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရမည့် အမျိုးသားစိတ်ဓာတ်ဖြစ်ပါသည်။

နိုင်ငံများသည် မိမိနိုင်ငံ၏ ကာကွယ်ရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေး၊ စီးပွားရေးတွင် လွှမ်းမိုးမခံရစေရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် အမျိုးသားရေးကို အလေးထားလာကြသည်။ အမျိုးသားရေးကို မည်သို့ပင်ဆိုစေကာမူ လက်တွေ့တွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကိုသာ အလေးထားကြစမြဲဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် နယ်ချဲ့စနစ်၏ ဆိုးမွေကြောင့် တိုင်းရင်းသားအချင်းချင်း သွေးကွဲခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့သည်။ လက်ရှိကာလတွင် နိုင်ငံအတွင်း အမျိုးသားစိတ်ဓာတ်နိုးကြားထက်သန်စေရေးအတွက် အထူးလိုအပ်နေသည့် အရင်းခံအကြောင်းတရားကို အလေးအနက်သုံးသပ်ကြည့်သင့်သည်။ မြန်မာနိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းလျက်ရှိသည်။ ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းသည့်အခါ ပြည်သူလူထုတစ်ရပ်လုံးသည် ဒီမိုကရေစီအနှစ်သာရများနှင့် ဒီမိုကရေစီယဉ်ကျေးမှုတို့ကို မဖြစ်မနေခံစားနိုင်ရန်လိုအပ်သည်။ ဒီမိုကရေစီယဉ်ကျေးမှုဆိုသည်မှာ လူတစ်ဦးချင်း သို့မဟုတ် အစုအဖွဲ့အလိုက်၏ လိုအင်ဆန္ဒများကို ပဋိပက္ခများ၊ အကြမ်းဖက်မှုများမှ ရှောင်ရှားပြီး ငြိမ်းချမ်းသည့်နည်းဖြင့် ဖော်ဆောင်ခြင်းဖြစ်သည်။

သမိုင်းပေးတာဝန်

သို့သော် ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရ ဒုတိယအကြိမ်သက်တမ်းတွင် မြန်မာ့သမိုင်း၌ သင်ခန်းစာယူစရာဖြစ်ခဲ့ရသလို တိုင်းတစ်ပါးသားများအပေါ် အထင်ကြီးကိုးစားမှုလွန်ကဲသောကြောင့် တိုင်းပြည်ဘဏ္ဍာများ ဆုံးရှုံးခဲ့ရသည်။ မဖြစ်မနေထိန်းသိမ်းစောင့်ရှောက်ရမည့် ပြည်တွင်းရေး လျှို့ဝှက်ချက်များ အလွယ်တကူ ပေါက်ကြားခဲ့သည်။ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရကြသည့် အာဏာပိုင်များကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အလွန်အကျည်းတန်အရုပ်ဆိုးသည့် မဲမသာမှုလုပ်ရပ်များသည် မြန်မာ့သမိုင်းတွင် အမည်းစက်အဖြစ် ကျန်ရစ်ခဲ့သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ ရေရှည်အကျိုးကိုမြော်တွေးပြီး နိုင်ငံတော်အပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်အသွယ်သွယ်ကို ကာကွယ်နိုင်ရန် သမိုင်းပေးတာဝန်အဖြစ် နိုင်ငံ့တာဝန်ယူခဲ့ရသည်။

၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်တွင် NLD ပါတီဝင် တချို့နှင့် လူပုဂ္ဂိုလ်တချို့သည် ပြည်ပအထောက်အပံ့များနှင့် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။ ထိုအချိန်တွင် တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် NCA တွင် လက်မှတ်ရေးထိုးထားသည့် ကတိကဝတ်များကို ဖောက်ဖျက်ပြီး NUG ၊ CRPH အကြမ်းဖက်အဖွဲ့တို့ကို တစ်ဖက်လှည့်နှင့် ထောက်ခံအားပေးခဲ့သည်။ NUG၊ CRPH အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကိုလည်း ထောက်ပံ့မှုမျိုးစုံပြုလုပ်ပြီး အားပေးအားမြှောက်ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတစ်ဝန်းတွင် တည်ငြိမ်အေးချမ်းမှု အားနည်းခဲ့သည်။ အကြမ်းဖက်သမားများ၏ ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ပြည်သူလူထုမှာ အကြောက်တရားများနှင့် ကျီးလန့်စာစားနေရသည့် ဘဝကိုရောက်ရှိခဲ့ကြသည်။ အကြမ်းဖက်သမားများ၏ တော်လှန်ရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပျက်စီးခြင်းကိုသာ ဖြစ်စေခဲ့သည်။

နိုင်ငံမထိခိုက်အောင်ကာကွယ်

တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တချို့သည် PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို ထောက်ပံ့အားပေးပြီး အကြမ်းဖက်လမ်းကြောင်းပေါ်ကို တင်ပေးခဲ့သည့်အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌စခဲ့သည့် MNDAA ၊ TNLA နှင့် AA အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ၏ လုပ်ရပ်များကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ကြီးစွာထိခိုက်စေခဲ့သည်။ ယင်းမတိုင်မီကလည်း KNPP ၊ KNDF ၊ PNLO ၊ KIA နှင့် KNU လက်နက်ကိုင်သောင်းကျန်းသူများသည် နယ်မြေဒေသအသီးသီးတွင် အဖျက်အမှောင့် လုပ်ရပ် များ လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အပြစ်မဲ့တိုင်းရင်းသား ပြည်သူများ ဆင်းရဲဒုက္ခရောက်ကြသည်။ ယင်းကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် နိုင်ငံတော်၏ အကျိုးစီးပွား မထိခိုက်အောင် သက်စွန့်ကြိုးပမ်းကာကွယ်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရသည်။

နိုင်ငံတစ်နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးစွမ်းအားများ အားကောင်းရန်လိုသည်။ နိုင်ငံရေးအရအားကောင်းပြီး စီးပွားရေးနှင့်ကာကွယ်ရေးအပိုင်းတွင် အားနည်းပါက တိုင်းပြည်ပျက်စီးခြင်းသို့ ကျရောက်သွားနိုင်သည်။ နိုင်ငံရေးအရအားကောင်းစေရေးအတွက် တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုကြသူများက စနစ်တကျမှန်ကန်စွာ ဦးဆောင်ပေးကြရသလို နိုင်ငံသားအားလုံးကလည်း မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ရေး၊ မိမိနိုင်ငံအကျိုးအတွက် စည်းလုံးညီညွတ်ရေးအထူးလိုအပ်သည်။ နိုင်ငံကာကွယ်ရေးနှင့်စည်းလုံးညီညွတ်ရေးသည် နိုင်ငံသားတိုင်း မဖြစ်မနေထမ်းဆောင်ကြရမည့် အမျိုးသားရေးတာဝန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံရေးအခြေအနေများအရ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အထူးနှလုံးသွင်းပြီး ကျရာကဏ္ဍမှ ဆောင်ရွက်ကြရမည်ဖြစ်သည်။

အမျိုးသားအကျိုးစီးပွား

မျက်မှောက်ကာလတွင် အင်အားကြီး နိုင်ငံများ၏ အားပြိုင်မှုများ၊ အင်အားငယ်သည့် နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပြည်တွင်းရေး မငြိမ်မသက်မှုများ ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါပြဿနာများနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် အချို့ဒေသများတွင် ပြည်တွင်းပဋိပက္ခကို ဒေသတွင်း ပဋိပက္ခအခြေအနေများအထိ ဖြစ်ပေါ်လာအောင် ဖန်တီးနေသည်ကို တွေ့မြင်နေရသည်။ ကမ္ဘာ့နိုင်ငံအများစုသည် နိုင်ငံအလိုက် အင်အားစုရရှိရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစသည့် ကဏ္ဍစုံတွင် အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်နေကြသည်ကို သတိပြုမိကြရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အကျိုးစီးပွားအပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ပြီး ဦးစားပေးလုပ်ဆောင်နေကြသည်ကို သတိပြုမိရန်လိုမည်ဖြစ်သည်။ ယင်းသည် အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နေကြခြင်းဖြစ်သည်။ နိုင်ငံအလိုက် အမျိုးသားရေးကို ရှေ့တန်းတင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ လတ်တလောဖြစ်ပွားခဲ့သည့် အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၏ ပြည်တွင်းရေးပဋိပက္ခများကို လေ့လာကြည့်မည်ဆိုလျှင် နောက်ကွယ်မှ မည်သည့်နိုင်ငံများ မည်သို့မည်ပုံ ပါဝင်ပတ်သက်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ တစ်ကျော့ပြန်ခေတ်သစ်ကိုလိုနီနယ်ချဲ့များက ဖန်တီးနေသည့် အခြေအနေများကို မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများက သိရှိထားရန်လိုအပ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်လိုစိတ် မွေးမြူထားရမည်ဖြစ်သည်။

ပြည်ပမှ မြှောက်ပင့်ပံ့ပိုးပေး

ကမ္ဘာ့အင်အားကြီး နိုင်ငံများအနေဖြင့် နိုင်ငံငယ်များအပေါ် ဩဇာလွှမ်းမိုး အောင်ဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်ရေးတွင် အဓိကကျသည့် စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် စီးပွားရေးတွင် ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်းတွင် ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံဖြစ်ပေါ်လာအောင် ဖန်တီးပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလိုခြယ်လှယ်နိုင်အောင် ဖန်တီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဆိုပါအခြေအနေမျိုးဖြစ်ပေါ်လာအောင် ကြိုတင်စီမံဖန်တီးခဲ့ကြသည်ကို ထဲထဲဝင်ဝင်လေ့လာလျှင် သိနိုင်သည်။ မလိုလားအပ်သည့် ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ဖြစ်ခဲ့ရသည်။ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များနှင့် ရဟန်းသံဃာတော်များပါမကျန် ထိခိုက်သေဆုံးခဲ့ကြသည်။ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုကြီးဖြစ်သည်။ ကိုယ့်နိုင်ငံကို သစ္စာမဲ့၊ အသိဉာဏ်အားနည်းသည့် မိမိနိုင်ငံသားများက ပြည်ပမှ မြှောက်ပင့်ပံ့ပိုးမှုများနှင့် ဖျက်ဆီးနေကြသည်။

ပြည်ပ ပယောဂများ လွှမ်းမိုးနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့ပါးပျောက်ပျက်သွားမှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး သာယာဝပြောလာမည်ဖြစ်သည်။ ပြည်သူအားလုံးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေးအတွက် ကိုယ်စီ ကိုယ်စီ တာဝန်ရှိကြသည်။ ယင်းသည် အမျိုးသားရေးတာဝန်၊ အမျိုးသားရေး စိတ်ဓာတ်ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက နိုင်ငံတော်နှင့်နိုင်ငံ သားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ၁၉၂၀ ပြည့်နှစ်အမျိုးသားနေ့တွင် သန္ဓေတည်ခဲ့သည့် တစ်တိုင်းပြည်လုံး ပါဝင်လှုပ်ရှားခဲ့သော အမျိုးသားအောင်ပွဲစိတ်ဓာတ်မျိုးကဲ့သို့ မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည်ဆိုသည့် အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားလာအောင် တိုင်းရင်းသားပြည်သူအားလုံး သန္နိဋ္ဌာန်ပြုကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    ။