ရာဂီကို အန်တု စံပြုထိုက်သည့် ဒို့ပြည်သူ
မောင်အောင်
“ကိုအောင်ရေ ငါ့ညီအလုပ်များမှန်းတော့ သိပါတယ်ကွာ။ ဒါပေမယ့် ငါ့စိတ်ထဲမှာ အားမလိုအားမရ ဖြစ်နေတာရယ် တိုင်းပြည်အတွက်လည်း မဖြစ်မနေဖြစ်စေချင်တာရယ်ကြောင့် မင်းနဲ့လာပြီး တွေ့တာပါ။”
ကျွန်တော် ဒီနေ့မနက် ကွင်းဆင်းဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ကျွန်တော်တို့ နိုင်ငံ၏ ပင်မစီးပွားရေးလုပ်ငန်းဖြစ်သည်။ နိုင်ငံတော်၏ လူအများစုသည် တောအရပ်ဒေသမှာနေပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မကုန်ခန်းနိုင်သည့် သဘာဝသယံဇာတဖြစ်သည်။
ကျွန်တော်တို့နိုင်ငံသည် သဘာဝသယံဇာတများဖြင့် ပေါများကြွယ်ဝခဲ့သည်။ ကျွန်းသစ်၊ ရေနံ၊ ကျောက်သံပတ္တမြား၊ ကျောက်စိမ်း၊ နီလာကအစ သဘာဝဓာတ်ငွေ့အဆုံး ပေါကြွယ်လှသည့် သဘာဝ သယံဇာတများသည် ခေတ်အဆက်ဆက် ထုတ်ယူသုံးစွဲလာသည့်အတွက် ကျွန်တော်တို့ လက်ထက်တွင် အတော်လေးနည်းလာသည်။ ဤအခြေအနေကြောင့် နိုင်ငံတော်တာဝန်ရှိသူများက သဘာဝအရင်းအမြစ်ထုတ်ယူသုံးစွဲရောင်းချမှုကို ထိန်းသိမ်းလျှော့ချခဲ့သည်။ မကုန်ခန်းနိုင်သည့် အရင်းအမြစ်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးဆောင်ရွက်စေခဲ့သည်။
သည်အချိန်တွင်မှ ရာဂီမုန်တိုင်းကြောင့် မကြုံဖူးသည့်မိုးရေချိန်များဖြင့် ရွာသွန်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တစ်ပြည်လုံး နေရာအတော်များများတွင် ရေဖုံးလွှမ်းခဲ့ပါသည်။ ကျွန်တော်တို့ပြည်သူတွေ အားကြိုးမာန်တက်စိုက်ပျိုးခဲ့သည့် မိုးစပါးများ ရေဖုံးလွှမ်းခဲ့ပါသည်။
တပ်ကုန်းမြို့နယ်တွင် စပါး၊ နေကြာ၊ ဝါ၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက်အပါအဝင် စုစုပေါင်း သီးနှံဧက ၁၇၃၁၀ ပျက်စီးခဲ့သည်။ ဇေယျာသီရိမြို့နယ်တွင် မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ဟင်းသီးဟင်းရွက်၊ ဝါ၊ ဖူးစားပြောင်းနှင့် ပန်းအမျိုးမျိုး စုစုပေါင်း သီးနှံစိုက်ဧက ၅၃၂၇ ဧက ပျက်စီးခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်တွင် ဧက ၂၆၂၀၊ ပျဉ်းမနားမြို့နယ်တွင် ၃၀၂၂ ဧကနှင့် လယ်ဝေးမြို့နယ်တွင် မိုးစပါး ၆၆၇၇ ဧက ပျက်စီးခဲ့ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ငါးမြို့နယ်တွင် စုစုပေါင်းသီးနှံစိုက်ဧက ၃၄၉၅၆ ပျက်စီးခဲ့သလို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် စပါး ၄၃၃၈ ဧက အပါအဝင် ဝါ၊ မြေပဲ၊ နေကြာ၊ ငရုတ် စုစုပေါင်းသီးနှံ ၁၂၈၃၄ ဧကနှင့် ပျော်ဘွယ်မြို့နယ်တွင် စပါး၊ ဝါ၊ ငရုတ်နှင့် ပဲစင်းငုံ စုစုပေါင်းသီးနှံ ၄ဝ၅၃ ဧက ပျက်စီးခဲ့ရပါ သည်။ သို့ဖြစ်၍လည်း စိုက်ခင်းပျက်စီးခဲ့ရသည့် တောင်သူများကို အားပေးစကားပြောကြားရင်း မိုးစပါးအချိန်မမီတော့၍ စိတ်ပျက်အားလျော့မနေဘဲ ရသည့်အချိန်တွင် ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးထားသည့် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်ကျေးရွာအုပ်စု ဆင်းတဲကြီးကျေးရွာမှ တောင်သူများအား သဘာဝမြေဩဇာနှင့် ဂျစ်ပဆန်ကျောက်မှုန့်ပေးအပ်ပြီး အိမ်ပြန်အရောက် ကျွန်တော့်အစ်ကိုကြီး အိမ်ရောက်လာပြီး ပြောလာခြင်းဖြစ်သည်။
“ပြောပါ အစ်ကိုကြီး၊ အစ်ကိုကြီးမြင်တာ၊ တွေ့တာ၊ ဖြစ်စေချင်တာပြောပါ။ ကျွန်တော်တို့ ကိုယ့်တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့အသင့်ပါ။”
“အေးပါ။ ဒါကြောင့်လည်း ငါ့ညီကို ငါလေးစားတာ။ ဒီရာဂီမုန်တိုင်းနဲ့အတူ မိုးတွေရွာပြီး စိုက်ခင်း တွေရေနစ်မြုပ်တော့ မင်းတို့ဝန်ကြီးဌာနက ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေအပါအဝင် ဝန်ထမ်းတွေ ကွင်းဆင်းပြီး တောင်သူတွေကို အကူအညီပေးနေတာ၊ ထောက်ပံ့ပေးနေတာ ငါတို့လည်း တွေ့ပါတယ်။ မင်းတို့ဝန်ကြီးဌာနက ဝန်ထမ်းတွေကိုလည်း လေးစားပါတယ်။ ဒါပေမယ့်ကွာ ငါအားမရတာက နေပြည်တော်တိုင်းစစ်ဌာနချုပ်ကနေ ပင်လောင်းသွားတဲ့လမ်း၊ အဲဒီလမ်းဘေး ဘေးဘယ်ညာကအကွက်တွေ အခုထိနွံဖုံးနေတာ၊ ကွင်းပြင်ကြီးဖြစ်နေတာ ငါခံစားရ အတော်ခက်တယ်။ အဲဒီပိုင်ရှင်လယ်သမားတွေ အဲဒီသူတို့လယ်ကွင်းတွေကိုကြည့်ပြီး ယူကျုံးမရခံစားရမှာဖြစ်သလို ငါလည်းခံစားမိတယ်ကွာ။ အဲဒါမင်းတို့ဘာကြောင့် မလုပ်သေးတာလဲ။ ဒီလိုရေလွှမ်းမိုးပြီးမှ ရွှံ့နွံတွေဖုံးသွားတဲ့ ကွင်းတွေကို ပြုပြင်ရတာ ဘာတွေလုပ်ဖို့လိုလို့လဲ။”
ကျွန်တော့်အစ်ကိုကြီးက သူ့ခံစားချက်ဖြင့်မေးရင်း သူ့အသံက တုန်ရီကွဲအက်လာသည်။ အခင်းရှင်လယ်သမားများအတွက် သူ့ခံစားချက်က ပြင်းထန်လာသလိုထင်ရသည်။ သူသာ ခံစားရသည်မဟုတ်ပါ။ နိုင်ငံကိုချစ်မြတ်နိုးသော ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်းများလည်း ထပ်တူခံစားရပါသည်။ ယခင်နှစ်တွေက ဒီအချိန်ဆိုလျှင် မြသားကမ္ဗလာ လွှမ်းခြုံထားသည့်ပမာ စိမ်းလန်းသည့် စပါးခင်းများသည် စပါးသီးများ စတင်သီးကြ၊ ဖူးကြတော့မည်။ ပြီးနောက် ရွှေရောင်အဆင်းဖြင့် ဝါဝင်းတော့မည့် စပါးနှံခင်းများ။ ကျွန်တော်တို့ပြည်သူတွေ စားရေရိက္ခာအတွက် ဖူးကြ၊ ပွင့်ကြတော့မည်။ ယခု နှစ်တော့…
“အစ်ကိုကြီးမေးတာ ကျွန်တော်ဖြေပါမယ်။ တကယ်တော့ အဲဒီရွှံ့နွံတွေဖုံးနေတဲ့ ကွင်းတွေက အဝေးကကြည့်ရင်သာ မြေအပေါ်ယံကြောတင်းပြီး မာတယ်ထင်နေတာ၊ တကယ်တမ်းကွင်းထဲ ဆင်းကြည့်ရင် ခြေသလုံးလောက် မြေထဲကျွံဝင်သွားပြီး အောက်မှာရေရှိနေတာ။ ကျွန်တော်တို့ အခု ဒီနှစ်ဖြစ်တဲ့နွံဖုံးနေတဲ့ကွင်းတွေလိုက်ပြီး စစ်ဆေးကြည့်တဲ့အခါ နွံသားထုက ခြောက်လက်မ/ ရှစ်လက်မကနေ တချို့နေရာဆို လေးပေ၊ လေးပေခွဲလောက်အထိ နွံကဖုံးနေတာ။ အဲဒါကြောင့် ကျွန်တော်တို့လုပ်လို့မရလို့ မလုပ်သေးတာလို့ ကျွန်တော်ပြောချင်တာပါ။ နောက်ပြီးတော့ ကျွန်တော်တို့၊ အစ်ကိုကြီးတို့ထက် ပိုပြီးစိုက်ချင်၊ ပျိုးချင်တာက အခင်းပိုင်ရှင်လယ်သမားပါ။ သူတို့က သူတို့အခင်း ပိုပြီးစိုက်ချင် ပျိုးချင်တာပေါ့။ စောစောက ပြောသလို ဘယ်လိုမှလုပ်မရလို့သာ၊ သူတို့ လည်း လက်မှိုင်ချပြီး ဒီအတိုင်း ကြည့်နေရတာပါ။
“သူတို့လယ်သမားတွေက လက်မှိုင်ချပြီး ဒီအတိုင်းကြည့်နေတာတော့ ထားပါတော့။ မင်းတို့ ဝန်ထမ်းတွေကရော ဘာလုပ်နေသလဲ။”
အစ်ကိုကြီး၏ အားမလိုအားမရဖြစ်သံက တိုင်းပြည်အတွက် မည်မျှစေတနာထားပြီး စိတ်အားထက်သန်နေသည်ကို ပြသနေပါသည်။
“ကျွန်တော်တို့ စိုက်ပျိုးရေးဝန်ထမ်းတွေ၊ အထူးသဖြင့် မြေဆီလွှာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက နေပြည်တော်ကောင်စီနယ်မြေ ရေကြီးနစ်မြုပ်ခဲ့တဲ့ စိုက်ပျိုးကွင်းတွေမှာ ကိုယ်စား ပြုမြေနမူနာ ၃၁ မျိုး ကောက်ယူခဲ့ပါတယ်။ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာ၊ အနော်ရထာ၊ လက်ပံသု၊ ကင်းသာ၊ ရှောက်ကုန်းနဲ့ မကျီးကုန်း ကွင်းတွေက မြေနမူနာ ၁၀ ခု၊ ဇေယျာသီရိမြို့နယ် သစ်တပ်ကသုံးခု၊ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာကတစ်ခု၊ ပျဉ်းမနားမြို့နယ် ညောင်ပင်သာ၊ သနပ်ပင်ဆိပ်၊ ဆင်သေ၊ နှမ်းတော၊ နတ်သူရဲ၊ ဇီးဖြူပင်နဲ့ ကျွန်းဦးကျေးရွာတွေက ခုနစ်ခု၊ လယ်ဝေးမြို့နယ် ပိတောက်ချောင်းကျေးရွာက တစ်ခုယူခဲ့တာကြောင့် နေပြည်တော်ငါးမြို့နယ်က မြေနမူနာ ၂၂ ခု၊ ရမည်းသင်းမြို့နယ် ပေါက်အိုင်၊ ပဲ့ဆည်၊ ဆည်ကြီး၊ သိမ်းကုန်းနဲ့ ကျွဲတပ်ကျေးရွာကွင်းတွေက မြေနမူနာငါးခု၊ ပျော်ဘွယ်မြို့နယ် ညောင်ရွှေ၊ ဝက်လက်၊ ကျောက်ဆည်နဲ့ ရွှေညောင်ဖူးကျေးရွာကွင်းတွေက မြေနမူနာလေးခု စုစုပေါင်း မြေနမူနာ ၃၁ ခုကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပါတယ်။”
“ထားပါတော့။ အဲဒီလို စမ်းသပ်စစ်ဆေးတာ ဘာအတွက်လဲ။ ပြီးတော့ မင်းတို့ ဘာတွေတွေ့သလဲ။” အစ်ကိုကြီးက စိတ်မရှည်သံဖြင့် မေးလိုက်ခြင်းဖြစ်သည်။
“ရေကြီးနစ်မြုပ်တဲ့ စိုက်ပျိုးမြေတွေမှာ အခုလိုမြေနမူနာယူပြီး ကျွန်တော်တို့စစ်ဆေးတာက မြေသားအနုအကြမ်း (Soil texture)၊ မြေချဉ်ငံကိန်း (PH)၊ မြေဆွေးဓာတ် (Organic matter)၊ အာဟာရဓာတ်ပါဝင်မှုနဲ့ အန္တရာယ်ရှိစေတဲ့ ဓာတ်ကြွင်းများ (Heavy Metals) ပါဝင်မှုကို စစ်ဆေးတာပါပဲ။ ဒီလိုစစ်ဆေးလိုက်တဲ့အခါ တပ်ကုန်းမြို့နယ်ကမြေတွေက နုန်းသမ၊ မြေစေးသမ၊ သဲသမနဲ့ သမဆန်တဲ့ သဲအမျိုးအစားဖြစ်နေပြီး မြေချဉ်ငံကိန်း ၅ ဒသမ ၉၈ ကနေ ၇ ဒသမ ၉၈ ရှိတယ်။ မြေဆွေးဓာတ်အသင့်အတင့်ရှိပြီး နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ် နည်းနေတာ တွေ့ရတယ်။ ဇေယျာသီရိမြို့နယ်က မြေကတော့ သမမြေဖြစ်ပြီး ချဉ်ငံကိန်း ၅ ဒသမ ၃၂ ကနေ ၅ ဒသမ ၆၄ အတွင်းရှိတယ်။ မြေဆွေးဓာတ်အသင့်အတင့်ရှိပြီး နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စဖရပ်စ်နည်းပြီး ပိုတက်စီယမ်များတာ သွားပြီးတွေ့ရတယ်။ ပုဗ္ဗသီရိမြို့နယ်က မြေကတော့ နုန်းအမျိုးအစားဖြစ်နေပြီး မြေချဉ်ငံဓာတ် ၆ ဒသမ ၄၄ ရှိတယ်။ ဒီမြေလည်း ဇေယျာသီရိလိုပဲ နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ်ဓာတ်နည်းပြီး ပိုတက်စီယမ် ဓာတ်များနေတာ တွေ့ရတယ်။
“ပျဉ်းမနားမြို့နယ်ထဲက မြေတွေကတော့ သဲသမ၊ နုန်းသမ၊ မြေစေးသမနဲ့ သမမြေတွေ ဖြစ်နေပြီး မြေချဉ်ငံကိန်း ၅ ဒသမ ၄၅ ကနေ ၆ ဒသမ ၇၇ ရှိပြီး မြေဆွေးဓာတ်နည်းနည်းကနေ အသင့်အတင့် သာရှိတယ်။ နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ်နည်းပြီး ပိုတက်စီယမ်ဓာတ်များတာ တွေ့ရတယ်။ ထူးခြား တာက လယ်ဝေးမြေတွေပါ။ သဲသမမြေမျိုးဖြစ်သွားပြီး ချဉ်ငံကိန်းက ၇ ဒသမ ၁၈ ဖြစ်တယ်။ မြေဆွေး ဓာတ်၊ နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ်ဓာတ်တွေနည်းပြီး ပိုတက်စီယမ်ဓာတ် အသင့်အတင့်ရှိတာ တွေ့ရပါတယ်။”
“လုံးဝပြောင်းလဲသွားတာက ရမည်းသင်းနဲ့ ပျော်ဘွယ်ကမြေတွေပါ။ ရမည်းသင်းက မြေက မြေစေး၊ မြေစေးသမနဲ့ သမမြေအမျိုးအစားဖြစ်ပြီး မြေချဉ်ငံကိန်းက ၇ ဒသမ ၁ ကနေ ၈ ဒသမ ၇၈ ဖြစ်တယ်။ မြေဆွေးဓာတ်နဲ့ နိုက်ထရိုဂျင်ဓာတ် နည်းနည်းကနေ အသင့်အတင့်ရှိပြီး ဖော့စဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်ကတော့ နည်းနည်းကနေ အသင့်အတင့်ရှိကြောင်း တွေ့ရတယ်။ ပျော်ဘွယ် က မြေကတော့ မြေစေးအမျိုးအစားဖြစ်ပြီး မြေချဉ် ငံဓာတ် ၈ ဒသမ ၀၉ ကနေ ၉ ဒသမ ၁၃ အထိ ရှိတယ်။ အများဆုံးပါ။ မြေဆွေးဓာတ်၊ နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ်ဓာတ်နည်းနည်းသာရှိပြီး ပိုတက် စီယမ်ဓာတ် အသင့်အတင့်သာရှိတာကို တွေ့ရပါတယ်။”
“သီးနှံစိုက်တာပဲကွာ။ ဒါတွေ ဒီလောက်ကြီး စစ်နေစရာမလိုပါဘူး။ မင်းတို့က ချဲ့ကိုချဲ့လွန်းတယ်လို့ အစ်ကိုကြီး ထင်ကောင်းထင်မယ်။ တကယ်တမ်း ဒီလိုမစစ်ဘဲရှိတဲ့မြေဩဇာကို ရမ်းသန်းပြီးထည့်လိုက်ရင် လိုတာမရဘဲ မလိုအပ်တာတွလည်း အလဟဿဖြစ်သွားမယ်။ ငွေကုန် ကြေးကျများမယ့်အပြင် သီးနှံအထွက်နှုန်းလည်း မကောင်းဖြစ်မှာကြောင့် အခုလိုစစ်ရတာပါ။”
အစ်ကိုကြီး မေးမည့်မေးခွန်းကို ကြိုတင်ခန့်မှန်း၍ ကျွန်တော်ပြောလိုက်ခြင်းဖြစ်သည်။ ပြီးတော့ ခပ်ပေးထားသည့် ရေတစ်ခွက်ကို ကမန်းကတန်း မော့သောက်လိုက်ရင်း ဆက်ပြီးရှင်းပြဖြစ်ပါသည်။
“ပြီးတော့ အန္တရာယ်ရှိတဲ့ဓာတ်ကြွင်းတွေကိုလည်း ကျွန်တော်တို့စစ်ဆေးပါတယ်။ အဲဒီ ဓာတ်ကြွင်းတွေက ခဲ၊ ကဒ်မီယမ်၊ ခရိုမီယမ်၊ နီကယ်၊ အာဆင်းနစ်နဲ့ မာကျူရီတို့ ဖြစ်ပါတယ်။ တပ်ကုန်းမြို့နယ် စိုက်ပျိုးဧရိယာတွေမှာ ခဲ (Pb)၊ ကဒ်မီယမ် (Cd)၊ နီကယ် (Ni) နဲ့ အာဆင်းနစ် (As) တွေ ပါဝင်နေတာတွေ့ရပါတယ်။ ခဲ၊ ကဒ်မီယမ်နဲ့ နီကယ်တွေက စိုက်ပျိုးမြေမှာ အများဆုံးပါဝင် သင့်တဲ့ ပမာဏအောက်ရှိနေတဲ့အတွက် အန္တရာယ်မရှိပေမယ့် အောင်မြေရိပ်သာနဲ့ ကင်းသာကျေးရွာ တွေက မြေနမူနာတွေကတော့ အာဆင်းနစ်က ပါဝင်တဲ့ပမာဏထက် ပိုပြီးများနေတာကို တွေ့ရ ပါတယ်။”
“ဇေယျာသီရိမြို့နယ်မှာရှိတဲ့ မြေတွေက သမမြေအမျိုးအစားဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဓာတ်ကြွင်း တွေဖြစ်တဲ့ ခဲ၊ ကဒ်မီယမ်၊ နီကယ်နဲ့ အာဆင်းနစ် ပမာဏများက ပါဝင်သင့်တဲ့ ပမာဏထက်မများတာ ကြောင့် အန္တရာယ်မရှိတာကို တွေ့ရပါတယ်။ ပုဗ္ဗသီရိမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်မှာ ရှိတဲ့မြေ ကလည်း အသင့်အတင့်ချဉ်တာကလွဲရင် အန္တရာယ်ရှိတဲ့ ဓာတ်ကြွင်းတွေပါဝင်သင့်တဲ့ ပမာဏထက် ပိုပြီးပါဝင်မှုမရှိတဲ့အတွက် အန္တရာယ်မရှိတာကို တွေ့ရပါတယ်။ လယ်ဝေးမြို့နယ်က မြေကလည်း မြေချဉ်ငံကိန်း ၇ ဒသမ ၁၈ ရှိတာကြောင့် အနည်းငယ်ငံတာကလွဲရင် အန္တရာယ်ရှိတဲ့ ခဲ၊ ကဒ်မီယမ်၊ ခရိုမီယမ်၊ နီကယ်နဲ့ အာဆင်းနစ်ပါဝင်မှုက အန္တရာယ်မရှိတဲ့ပမာဏသာ ပါဝင်တာကို တွေ့ရှိရပါတယ်။”
“ရမည်းသင်းမြို့နယ်က မြေနမူနာအများစုက မြေချဉ်ငံကိန်း ၇ ဒသမ ၁ မှ ၈ ဒသမ ၇၈ ရှိတာ ကြောင့် အနည်းငယ်ငံရာက အလွန်ငံတဲ့ အခြေအနေမှာရှိပြီး ဖလှယ်ထုတ်နိုင်တဲ့ ဆိုဒီယမ်ပမာဏ မြင့်နေတာတွေ့ရပါတယ်။ မြေသားအနုအကြမ်းမှာ မြေစေး၊ နုန်းမြေနဲ့ နုန်းမြေစေးတွေ ဖြစ်ပါတယ်။ မြေဆွေးဓာတ်ပါဝင်မှုများပြီး နိုက်ထရိုဂျင်၊ ဖောစဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ အသင့်အတင့် ကနေ အများအပြား ပါဝင်နေတာတွေ့ရပါတယ်။ ဓာတ်ခွဲစစ်ဆေးချက်အရ အရင်နှစ်က စစ်ဆေးချက်နဲ့ ကွာခြားမှုမရှိတာကို တွေ့ရပါတယ်။ မြေနမူနာတွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေ၊ မြေချဉ်ငံကိန်းနဲ့ ရေပျော်ဆားပါဝင်မှုတွေဟာ ပုံမှန်စိုက်ပျိုးမြေတွေမှာ တွေ့ရလေ့ရှိပြီး ဆိုဒီယမ် ပမာဏများပေမယ့် ဆည်ကြီးနဲ့ သိမ်ကုန်းစိုက်ပျိုး မြေတွေကလွဲပြီး ကျန်မြေနမူနာတွေမှာ မြေပြုပြင်ဖို့ အထူးမလိုအပ်တာကြောင့် စပါးနဲ့နေကြာစိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ မြေနမူနာတွေမှာအန္တရာယ်ရှိ ဓာတ်ကြွင်းပါဝင်မှုမှာ အန္တရာယ်မရှိတဲ့ အနေအထား ဖြစ်တာကို တွေ့ရပါတယ်။”
“ပျော်ဘွယ်မြို့နယ်မှာကတော့ မိုးသည်းထန်စွာရွာပြီး ရေအတော်များများ ဖုံးလွှမ်းသွားတဲ့ အတွက် ရေပြန်ပေါ်လာတဲ့နေရာတွေကလည်း သဲနုန်းဖုံးလွှမ်းသွားတဲ့ ဧရိယာတွေဖြစ်ပြီး မြေစေးပါဝင်မှုများတဲ့ မြေစေးနဲ့ မြေစေးသမအမျိုးအစား မြေတွေဖြစ်ပါတယ်။ မြေချဉ်ငံကိန်းကလည်း (၈ ဒသမ ၀၉) မှ (၉ ဒသမ ၁၃) အတွင်းရှိပြီး အလွန်အမင်းငံနေပါတယ်။ ဖလှယ်ထုတ်နိုင်တဲ့ ဆိုဒီယမ်ပမာဏ (၇ ဒသမ ၄၁)ကနေ (၂၅ ဒသမ ၄၃) ရာခိုင်နှုန်းထိရှိနေလို့ ပါဝင်မှုမြင့်မားနေပါတယ်။ ဒါ့အပြင် မြေဆွေးဓာတ်၊ နိုက်ထရိုဂျင်ဓာတ်နဲ့ ဖောစဖရပ်စ်ဓာတ်ပါဝင်မှုနည်းပြီး ပိုတက်စီယမ် ဓာတ်ပါဝင်မှု အသင့်အတင့်ရှိတာ တွေ့ရပါတယ်။ ဒီအတွက်ကြောင့် စပါးနဲ့နေကြာသီးနှံတွေ စိုက်ပျိုး ဖြစ်ထွန်းနိုင်ပေမယ့် နေကြာသီးနှံစိုက်ပျိုးမယ်ဆိုရင် မြေငံတာလွန်ကဲနေတဲ့အတွက် မြေပြုပြင် ပြီးမှ စိုက်ပျိုးသင့်ပါတယ်။ ပျော်ဘွယ်မှာစစ်ဆေးတဲ့ မြေနမူနာတွေမှာတော့ အန္တရာယ်ရှိတဲ့ ဓာတ်ကြွင်း တွေက အနည်းငယ်သာပါတဲ့အတွက် အန္တရာယ်မရှိစေနိုင်တာကို တွေ့ရပါတယ်။”
ကျွန်တော်က မြို့နယ်အလိုက်တွေ့ရှိရသည့် မြေအခြေအနေများကို ရှင်းလင်းပြလိုက်ရ၍ စိတ်ကျေနပ်မိပါသည်။
“ကဲ ကဲ ထားပါတော့၊ မင်းတို့ဝန်ကြီးဌာနက ရေလွှမ်းမိုးလို့ မြေပျက်စီးတာနဲ့ပတ်သက်ပြီး အသေးစိတ်စစ်ဆေးတာတော့ ဟုတ်ပါပြီ။ အရေးကြီးတာက ဒီမြေတွေမှာ ငါတို့အမြန်ပြန်ပြီး စိုက်ချင် တယ်။ အဲဒီတော့ သီးနှံတွေ အမြန်ပြန်စိုက်ပျိုးနိုင်အောင်မြေကို ဘယ်လိုပြုပြင်သင့်သလဲ။ ဘာတွေ လုပ်သင့်သလဲဆိုတာ ပြောစမ်းပါအုံး။”
အစ်ကိုကြီးက ရေကြီးနစ်မြုပ်ခံမြေများနှင့် ပတ်သက်၍ လိုရင်းကိုမေးလာခြင်းဖြစ်ပါသည်။
“ရေကြီးနစ်မြုပ်တဲ့မြေတွေနဲ့ပတ်သက်ပြီး ပထမဆုံးလုပ်ရမှာက သဲနုန်းတွေနဲ့အတူပါလာတဲ့ အမှိုက်တွေ သစ်ကိုင်းတွေ ရှင်းဖို့ပါပဲ။ ပြီးတော့မှ မြေဆီလွှာအစိုဓာတ်ကို ထိန်းညှိဖို့ ရေသွင်းရေထုတ် မြောင်း ပြုပြင်တူးဖော်ပေးဖို့ဖြစ်ပါတယ်။ ရေကြီး နစ်မြုပ်ပြီးနောက် မြေဆီလွှာကျပ်မသွားအောင် စိုစွတ်နေတဲ့ မြေဆီလွှာပေါ်မှာ အကြီးစားလယ်ယာ သုံး စက်ကိရိယာတွေမသုံးဖို့ဘဲ ဖြစ်ပါတယ်။ ပြီးတော့ မြေဆီလွှာအစိုဓာတ် ထိန်းသိမ်းဖို့အတွက် မြေပြုပြင်ချိန်မှာ တစ်ဧကကို စက်ဖွဲပြာ နှစ်တန်နဲ့ ဂျစ်ပဆန်ကျောက်မှုန့် ကီလိုဂရမ် ၁ဝဝ နှုန်း ထည့်ပေးသင့်ပါတယ်။ နောက်ပြီး ဆိုဒီယမ်ဆား များတဲ့မြေတွေမှာ ဆိုဒီယမ်အိုင်းယွန်းကို ဖယ်ရှား ဖို့နဲ့ မြေဆီလွှာဖွဲ့စည်းပုံနဲ့ ရေစီးဆင်းမှုကောင်းမွန်ဖို့ မြေတစ်ကမှာ ဂျစ်ပဆန်ကျောက်မှုန့် ၁၅ဝ ကီလိုဂရမ်ခန့် ထည့်ပေးသင့်ပါတယ်။ စပါးသီးနှံစိုက်ပျိုးမယ်ဆိုရင်တော့ စက်ဖွဲပြာနဲ့ ဂျစ်ပဆန်ကျောက်မှုန့်အပြင် ဇင့်ဆာလဖိတ်မြေဩဇာတစ်ဧကကို သုံးကီလိုဂရမ်နှုန်း ထည့်ပေးသင့်ပါတယ်။”
“ပြီးတော့ အရေးကြီးတာက ရေကြီးလို့ပို့ကျလာတဲ့ မြေဆီလွှာမှာ သီးနှံစိုက်ရင် အမြစ်တွယ်ဖို့ အတွက်နဲ့ မြေသားဖွဲ့စည်းမှုကောင်းဖို့အတွက် ကောက်ရိုး၊ မြက်၊ သီးနှံအကြွင်းအကျန်တွေနဲ့ ဖုံးထားပေးပြီး မြက်နဲ့ပဲယဉ်းတွေ စိုက်ပျိုးပေးသင့်တယ်။ ပြီးမှ သီးနှံစိုက်မယ်ဆိုရင် မြေဆွေးနဲ့ ကြက်ချေး၊ နွားချေး စတဲ့တိရစ္ဆာန်အညစ်အကြေးတွေကို စိုက်တန်းတွေအကြားမှာ တစ်ဧကကို တစ်တန်နှုန်းလောက် ထည့်ပေးသင့်တယ်။ အဲဒီလိုထည့်တဲ့နွားချေး၊ ကြက်ချေးကတော့ ကောင်းကောင်း ဆွေးဖို့တော့ လိုပါတယ်။”
“အခုလို ရေကြီးနစ်မြုပ်ပြီး ရာသီမမီရင်တော့ စပါးရော ဆောင်းသီးနှံပါ ပြန်ပြီးမစိုက်တော့ရင် သစ်စိမ်းမြေဩဇာ မဖြစ်မနေစိုက်ပျိုးသင့်ပါတယ်။ အဲဒီသစ်စိမ်းမြေဩဇာကိုလည်း ပန်းမပွင့်မီ ထယ်ထိုး၊ မြေမြှုပ်ပေးပြီး EM ဖျန်းပေးရင် မြေဆီလွှာအရည်အသွေး တိုးတက်ကောင်းမွန်စေပါတယ်။ သီးနှံတွေစိုက်ပျိုးတဲ့အခါ ပုံမှန်စိုက်ပျိုးခြင်းထက် ပေါင်ကြီးတင်စနစ်နဲ့စိုက်ပျိုးရင် ပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်။”
“မင်းဟာက ဘာလဲကွ၊ ပေါင်ကြီးတင်စနစ်ဆိုတာ”
အစ်ကိုကြီးက ကျွန်တော်ရှင်းပြနေသည်များကို စိတ်ပါဝင်စားစွာ နားထောင်နေရင်း သူမရှင်းတာကို မေးလိုက်ခြင်းဖြစ်သည်။
“အစ်ကိုကြီးကလည်း ပေါင်ကြီးတင်စနစ်ဆိုတာ ဒီအတိုင်းပြန့်ကြီးအတိုင်းမစိုက်ဘဲ၊ လေးပေ အကျယ်လောက်ရှိတဲ့ ပေါင်တွေဖော်ပြီး စိုက်ဖို့ပါ။ ပေါင်တစ်ပေါင်နဲ့တစ်ပေါင်အကြား ရေမြောင်းလို ဖော်ထားတာကြောင့် ရေအသွင်းအထုတ်လွယ်တယ်။ ပေါင်းမြက်ရှင်းဖို့နဲ့ သွားလာရတဲ့ လမ်းကြောင့်လဲ ဖြစ်တာပေါ့။ အထူးသဖြင့် နေကြာသီးနှံက ရေဝပ်တဲ့ဒဏ်မခံနိုင်လို့ ယိုင်လဲတတ် တာကြောင့် ပေါင်ကြီးတင်စနစ်နဲ့စိုက်ရင် ပေါင်တစ်ခုနဲ့တစ်ခုကြား ရေနုတ်မြောင်းရှိတာကြောင့် ပိုပြီးဖြစ်ထွန်းစေပါတယ်။”
“နောက်ပြီး စပါးသီးနှံကလည်း ပုံမှန်အားဖြင့် ရေလိုအပ်ချက်များပေမယ့် ရေလွှမ်းပြီးတဲ့ မြေတွေမှာ သဲနုန်းပို့ကျတဲ့အတွက် မြေသားတည်ဆောက်မှု ညံ့တာကြောင့် ရေမပြတ်သွင်းပြီး မစိုက်သင့်ပါဘူး။ အပင်အမြစ်ကုပ်တွယ်မှု အားနည်းတဲ့အပြင် အပင်ယိုင်လဲတာ၊ ကြီးထွားမှုနှေးတာ၊ ရောဂါကျရောက် မှုဖြစ်စေနိုင်တဲ့အတွက် ရေကိုတောက်လျှောက် သွင်းတာမျိုးမလုပ်ဘဲ၊ အကြိမ်ရေလျော့ပြီး ရေသွင်း သင့်ပါတယ်။ ရေကြီးနစ်မြုပ်ပြီး ပဲစိုက်မယ်ဆိုရင် မျိုးစေ့တွေကို ပဲမြစ်ဖုမြေဩဇာ လူးပြီးစိုက်ရင် ပိုပြီးဖြစ်ထွန်းအောင်မြင်မှာ ဖြစ်ပါတယ်။”
“အေး ဟုတ်ပါပြီကွာ။ ငါ့ညီကလည်း မပြောတော့လည်းမပြော။ ပြောတော့လည်း မပြီးနိုင်ပါလား။ ရေကြီးနစ်မြုပ်တဲ့မြေတွေမှာ အပင်စိုက်ပျိုးဖို့ ဘာတွေထပ်ပြီးပြုပြင်ဖို့လိုသေးလဲ။ အခုလည်း အဲဒီလိုပြုပြင်ပြီးစိုက်တဲ့ တောင်သူတွေရောရှိရဲ့လား။”
“သိပ့်ရှိတာပေါ့ အစ်ကိုကြီးရယ်။ မြေပြုပြင်ဖို့ ပြောမယ်ဆိုရင်တော့ အများကြီးကျန်သေးတယ် အစ်ကိုကြီးရေ။ ရေကြီးနစ်မြုပ်တဲ့မြေတွေမှာ အန္တရာယ်ရှိတဲ့ဓာတ်ကြွင်းတွေပါဝင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့ပြီးပြီ။ အဲဒီဓာတ်ကြွင်းတွေ လျော့နည်းဖို့ဆောင်ရွက်ရမယ့် နည်းလမ်းတွေ၊ ပြီးတော့ မြေဆီလွှာတွေမှာ အာဟာရဓာတ်တွေ ဖြည့်ဆည်းဖို့ဆောင်ရွက်ရမယ့် နည်းလမ်းတွေ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲ၊ စပါး၊ သီးနှံ တစ်မျိုးချင်းအလိုက် ဖြည့်ဆည်းရမယ့် လုပ်ငန်းတွေလည်း အများကြီးကျန်သေးတယ်။ အခုလောလောဆယ်တော့ အဲဒီလုပ်ငန်းတွေကို သေချာလုပ်ပြီး ဆောင်းသီးနှံစိုက်ပျိုးနေတဲ့ တောင်သူတွေ အများကြီးရှိတယ်။ ဒီမနက်မှာ သူတို့ကိုသွားပြီး အားပေးရင်း ဂျစ်ပဆန်မြေဩဇာ ကျွန်တော်သွားပြီးပေးခဲ့တယ်။”
“သူတို့ကတော့ “ရာဂီကို အန်တု စံပြုထိုက်သည့် ဒို့ပြည်သူ” လို့ တင်စားရမယ့် လယ်သမားတွေပါပဲ။”
ကျွန်တော်က ကျွန်တော့်စကားကိုအဆုံးသတ်၍ အစ်ကိုကြီးအား ပြုံး၍ ကြည့်လိုက်မိပါသည်။ အစ်ကိုကြီးမျက်နှာတွင်လည်း အပြုံးပန်းများ ဝေဆာလျက်ဖြင့် …။ ။