မင်္ဂလာပါ… ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်
အားကစားပရိသတ်တစ်ဦး
ယနေ့ မျက်မှောက်ကာလတွင် ကျင်းပသည့် ပြည်တွင်း၊ ပြည်ပအားကစားပြိုင်ပွဲများသည် ပြိုင်ပွဲကျင်းပရုံ၊ ဝင်ရောက်ယှဉ်ပြိုင်ရုံ အားကစားကဏ္ဍသက်သက်မျှသာ မဟုတ်တော့။ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ထည်စေခြင်း၊ တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို နိုးကြားတက်ကြွစေခြင်း စသည့်ဝိသေသလက္ခဏာသဘောများ ပါဝင်လာသည်။
၂၀၀၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၊ ည ၉ နာရီ ၅၅ မိနစ်။ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Juan Antonio Samaransh က မော်စကိုမြို့တော်တွင် ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်အားကစားပွဲတော်ကို ကျင်းပခွင့်ရရှိသည့်မြို့ကို “BEIJING”ဟု ကြေညာလိုက်သည့် တစ်ခဏအတွင်းမှာပင် ရုပ်မြင်သံကြား ရှေ့တွင် မျှော်လင့်စောင့်စားနေကြသော တရုတ်ပြည်သူအပေါင်းသည် ခုန်ပေါက်မြူးတူး နှစ်ထောင်းအားရဖြင့် တစ်ခဲနက်ကောင်းချီးဩဘာပေးခဲ့ကြသည်။ တရုတ်နိုင်ငံတစ်နိုင်ငံလုံးရှိ မြို့ရွာအသီးသီးတို့တွင်လည်း လူအများစုဝေးကာ သီချင်းတွေ ဆိုကြ ကကြ၊ ကားဟွန်းများ အဆက်မပြတ်တီးကြဖြင့် တစ်နိုင်ငံလုံး အုတ်အုတ်ကျက်ကျက်၊ ခြိမ့်ခြိမ့်ညံအောင်ပွဲခံခဲ့ကြသည်။
ထျန်းအန်းမင်ရင်ပြင်တွင် စုဝေးအောင်ပွဲခံရန် မျှော်လင့်စောင့်စားနေကြသည့် ခန့်မှန်းခြေလေးသိန်းမျှရှိသော ပေကျင်းမြို့တော်သူ မြို့တော်သားအပေါင်းကလည်း ဗဟိုရုပ်သံဌာနက မော်စကိုမှ တိုက်ရိုက်ထုတ်လွှင့်နေမှုကို ကြီးမားသော ရုပ်သံဆိုင်းဘုတ်မြင်ကွင်းပေါ်မှတစ်ဆင့် စောင့်မျှော်ကြည့်ရှုရင်း အနီရောင်စာလုံးဖြင့် “ငါတို့နိုင်ပြီ” ဟူသည့် သတင်းစာသားတစ်ကြောင်းကို မြင်တွေ့လိုက်ရသည့် တစ်ခဏမှာပင် နိုင်ငံတော်အလံများ ဝှေ့ယမ်း၍ ကြီးကျယ်ခမ်းနားစွာ အောင်ပွဲခံခဲ့ကြသည်။ မြို့တော်တစ်ခွင်လုံးမီးရှူးမီးပန်းများ ပစ်ဖောက်ကာ အပျော်ကြီးပျော်ခဲ့ကြသည်။ ပေကျင်း၏ အဓိကလမ်းမကြီးပေါ်ရှိ မော်တော်ကားများမှ ဟွန်းသံများကလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။
၁၉၉၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နွေရာသီအိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရန် ဩစတြေးလျနှင့် အပြိုင်လျှောက်ထားခဲ့ဖူးသည်။ ထိုစဉ်က နှစ်မဲအကွာဖြင့် ကပ်ရှုံးသွားခဲ့ရာ တရုတ်အဆင့်မြင့် ခေါင်းဆောင်ကြီးများနှင့် ပြည်သူများက ထိုရှုံးနိမ့်မှုအပေါ် တရုတ်နိုင်ငံ၏ အမျိုးသားရေးဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု မှတ်ယူခဲ့ကြသည်။ သို့ဖြင့် ယခုဒုတိယအကြိမ် ထပ်မံအားထုတ်ကြိုးစားမှုမှာ အောင်မြင်ပေါက်ရောက်ခဲ့၍ တရုတ်တစ်နိုင်ငံလုံးဂုဏ်ယူဝင့်ကြွားစွာ အပျော်ကြီးပျော်ခဲ့ကြခြင်းဖြစ်သည်။
တရုတ်အစိုးရကလည်း ၂၀၀၈ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ကို ပေကျင်း၌ ကျင်းပခွင့်ရသည်နှင့် တရုတ်ပြည်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ကြောင်း ကမ္ဘာသိထင်ဟပ်ပြသနိုင်ရန် ခုနစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာဘီလီယံ ၃၀ အကုန်အကျခံကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည်။
ထို့အတူ ၂၀၀၈ ခုနှစ် ပေကျင်းနွေရာသီအိုလံပစ်ပွဲတော်ကိုလည်း မေလ ၁၂ ရက်နေ့က တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် တရုတ်နိုင်ငံသမိုင်း ၌ ဖျက်ဆီးမှုစွမ်းအား အပြင်းထန်ဆုံးရစ်ချ်တာ စကေးအဆင့် ၈ ရှိ သဘာဝဘေးအန္တရာယ်မြေငလျင်ကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့သည့်ကြားမှ ဩဂုတ် ၈ ရက်မှ ၂၄ ရက်အထိ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သည်။
ပေကျင်း နွေရာသီအိုလံပစ်ပွဲတော်နှင့်အတူ “ကမ္ဘာတစ်ခု၊ အိပ်မက်တစ်ခု” ဆိုသည့် ကြွေးကြော်သံကလည်း ကမ္ဘာကြီးတစ်ခုလုံးတွင် ခေတ်စားသွားသကဲ့သို့ “ပေကျင်းက သင့်ကို ကြိုဆိုပါတယ်” ဟူသည့် တေးသီချင်းကလည်း ကမ္ဘာတစ်ခွင်ပဲ့တင်ရိုက်ခတ်သွားခဲ့သည်။
ထိုစဉ်က အမေရိကန်သမ္မတဘုရှ်က “ပေကျင်းအိုလံပစ်ပွဲတော်ဟာ သူကြိုတင်မျှော်မှန်းထားတာထက် ကျော်လွန်သွားခဲ့တယ်။ အလွန်အားမာန်တက်ကြွစေတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို သူဘယ်တော့မှ မေ့မှာမဟုတ်ဘူး”ဟူ၍ပင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Jacques Rogge ကလည်း “ဒါဟာ တကယ့်ပြိုင်ဘက်ကင်း အိုလံပစ်ပွဲတော်တစ်ရပ်ဖြစ်တယ်။ ထွန်းလင်းတောက်ပခဲ့တဲ့ ဒီ ၁၆ ရက်ဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး”ဟု ဆိုသည်။
၁၉၆၉ ခုနှစ်နောက်ပိုင်း ၄၄ နှစ်ကြာမှ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် တစ်ကျော့ပြန် လက်ခံကျင်းပနိုင်ခဲ့သည့် ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း မြန်မာ့နွေဦးဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနှင့်အတူ မြန်မာနိုင်ငံ၏ပုံရိပ်ကို နိုင်ငံတကာတွင် မြှင့်တင်ပေးစေနိုင်ခဲ့သည်။ တစ်ချိန်က ဒေသတွင်းသာမက အာရှအဆင့်အထိ အောင်မြင်မှုရရှိခဲ့ဖူးသည့် မြန်မာတို့၏ ရွှေခေတ်အားကစားသမိုင်းကိုလည်း ပြန်ပြောင်းအမှတ်ရစေသည်။ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများကလည်း အခြားဒေသတွင်း နိုင်ငံများက လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများထက်ပင်ကြီးကျယ်ခမ်းနားခဲ့သည်ဟု ပြည်တွင်း ပြည်ပလေ့လာသူများက မှတ်ချက်ပြုလောက်အောင်ပင်အောင်မြင်မှုဂုဏ်သတင်း ကြီးမားခဲ့သည်။
သို့ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ပြန်လည်ကျင်းပရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွစေနိုင်သည့်အတွက် မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ခမ်းခမ်းနားနားနှင့် အဓိပ္ပာယ်ရှိရှိကျင်းပရန် ရည်ရွယ်ထားကြောင်း” အောက်တိုဘာ ၃၁ ရက်က ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် “ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးကို အားကစားပြိုင်ပွဲအဖြစ်သာ မရှုမြင်ဘဲနိုင်ငံတော်အဆင့် အဓိပ္ပာယ်ရှိရှိ၊ အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျ အောင်မြင်အောင်ဆောင်ရွက်သွားကြရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူဆောင်ရွက်ကြရန်လိုကြောင်း” နှင့် “ယခုကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲကြီးသည် မိမိတို့ အားလုံး၏မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့် တည်ငြိမ်အေးချမ်းမှုများကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားသည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၁၅ ခုနှစ် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်နောက်ပိုင်း ၁၀ နှစ်နီးပါးအကြာတွင် ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ကျင်းပ ပြီးစီးခဲ့သော အမျိုးသားအားကစားပွဲတော်များသည် နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ ဖွင့်ပွဲ၊ ပိတ်ပွဲမှသည် အစ၊ အလယ်၊ အဆုံးခမ်းနားထည်ဝါစွာ စနစ်တကျကျင်းပနိုင်ခဲ့၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်အားကစားသမားများသာမက ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၊ တစ်နိုင်ငံလုံးမှ ကြည့်ရှုအားပေးခဲ့ကြသော အားကစားဝါသနာရှင် ပရိသတ်များအတွက်ပါ အမှတ်တရမေ့မရနိုင်သည့် ပွဲတော်ဖြစ်ခဲ့သည်။
၂၀၁၇ ခုနှစ်က လူမှုကွန်ရက်စာမျက်နှာထက်တွင် ၁၉၉၄ ခုနှစ် ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပုံရိပ်မှတ်တမ်းဓာတ်ပုံများကို အမှတ်တရပြန်လည်တင်ပြခဲ့ရာ “ပျော်စရာကောင်းပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားပေါင်းမြောက်မြားစွာ မွေးထုတ်ပေးခဲ့တဲ့ပွဲတော်ကြီးပါ”၊ “သတိရတယ်၊ ချီတက်အလေးပြုတာရော၊ ပြိုင်ပွဲဝင်ခဲ့တာရော၊ ၁၉၉၄ က စီမံ/စီးပွားကနေကိုယ်စားပြုယှဉ်ပြိုင်ခဲ့တာအမှတ်ရတယ်”၊ “အဲဒီလိုပွဲတွေ များများလုပ်ပေးမှ ဘောလုံးလောက တိုးတက်လာမှာ”၊ “တတိယအကြိမ် ပုံရိပ်လေးတွေတင်ပေးပါဦး၊ ချီတက်အလေးပြုပြိုင်ပွဲဝင်ခဲ့တာတွေ၊ ၁၉၉၇ က ကရင်ပြည်နယ် ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တာ အမှတ်ရမိသေးတယ်”၊ “တတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို သတိရတယ်”၊ “ကိုယ်တွေက စတုတ္ထအကြိမ်မှာ ပါဝင်ခွင့်ရခဲ့တယ်၊ အမှတ်ရစရာ လေးပါပဲ”၊ “ဝိုး ... အဲဒီတုန်းက အမျိုးသားအားကစား ပွဲတော်ဟာ တကယ်ကြီးကျယ်ခမ်းနားခဲ့တာပဲ”၊ “ဒို့မြန်မာတွေ မညံ့ခဲ့ပါဘူး”၊ “အခုကော မကျင်းပတော့ဘူးလား”၊ “မြန်မာ့အားကစားပွဲတော် ပျောက်ကွယ်နေပြီလား”၊ “အဲဒီလိုပွဲမျိုး ရှိလာဦး မှာလား”၊ “အဲဒီလို ပြန်မြင်ချင်တယ်”၊ “အဲခေတ်ကတောင် ဒီလောက်ခမ်းနားခဲ့ပြီး ဒီဘက်ခေတ်ကျမှ မလုပ်နိုင်တာကို စိတ်မကောင်းဘူး”၊ “ပြန်လည်အသက်သွင်းနိုင်ရင် Sea Game ပြိုင်ပွဲတွေအတွက် နိုင်ငံကိုယ်စားပြု အထောက်အကူတော်တော်ဖြစ်မယ်”၊ “ဆက်လက်စောင့်မျှော်လျက်ပါ အမျိုးသားအားကစားပွဲတော်” စသည် စသည်ဖြင့် အပြုသဘောဆောင်သည့် မှတ်ချက်ပေါင်းများစွာ ကိုလည်း တွေ့မြင်ဖတ်ရှုခဲ့ရသည်။
နိုင်ငံတော်က ယခုကျင်းပမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးကလည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် သမိုင်းမှတ်တိုင်တစ်ရပ်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာထင်ဟပ်တွင် ကျန်ခဲ့ပါဦးမည်။ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည့်ပုံစံကို မှီငြမ်း၍ ကျင်းပသွားမည်ဟု သိရသည်။ အသံစနစ်၊ မီးအလင်းအမှောင်များနှင့် ပေါင်းစပ်ပြီး ရိုးရာယဉ်ကျေးမှုကို အသွင်ထူးခြားစွာဆောင်ရွက်မည့် အစီအစဉ်များ၊ နည်းပညာပိုင်းဆိုင်ရာပြကွက်များ၊ မီးရှူးမီးပန်းအလှဆင်ပစ်ဖောက်ခြင်းများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မီးရှူးမီးတိုင်လက်ဆင့်ကမ်းသယ်ယူရေးအစီအစဉ်များ၊ သရုပ်ဖော်အကအလှများနှင့် ဖျော်ဖြေရေးအစီအစဉ်များအပါအဝင် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကို လူအင်အား ၁၂၀၀ ကျော်ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပရန် အချိန်အားဖြင့် တစ်လခန့်မျှသာ ကျန်ရှိတော့သည့်အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ဆောင်ရွက် ပြီးစီးလျက်ရှိကြောင်း သိရသည်။
အလွတ်ခုန် လေထီးစစ်သည်များကလည်း နေပြည်တော်ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပမည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလံများနှင့် အမျိုးသားအားကစား ပွဲတော်အလံသယ်ဆောင်၍ ကွင်းအတွင်းဆင်းသက်နိုင်ရန် စက်တင်ဘာ ၄ ရက်မှစ၍ ကြိုတင်လေ့ကျင့်လျက်ရှိရာ နိုဝင်ဘာ ၂ ရက်ကအကြိမ် ၃၀ မြောက်အဖြစ် လေ့ကျင့်ခဲ့ကြသည်။
ထို့အတူ ဖွင့်ပွဲအခမ်းအနားတွင် “လှပချစ်စရာ တို့ရွှေမြန်မာ”သီချင်းဖြင့်လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားတွင် “ရွှေပြည်တော်သို့ တို့အတူ” သီချင်းဖြင့်လည်းကောင်း အကအလှများဖြင့် တွဲဖက်ပါဝင်ဖျော်ဖြေတင်ဆက်ရန် အခြေခံပညာကျောင်းများမှ ကျောင်းသူ ၃၀၀ တို့ကလည်း ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိသည်။
သို့ဆိုလျှင် မကြာမီကျင်းပတော့မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးသည် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားရေး၊ နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားအဆင့်အတန်းမြင့်မားရေးနှင့် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးဟူသည့် အားကစားရည်မှန်းချက်များအတွက်သာမက နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် နိုင်ငံသားတို့၏ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့် တည်ငြိမ်အေးချမ်းမှုများကို ကမ္ဘာ့အလယ်တွင် ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းများကိုပါ ရယူစွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
သို့ဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ပြန်လည်ကျင်းပတော့မည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးကို မြန်မာ့ ယဉ်ကျေးမှုနှင့်အညီ “မင်္ဂလာပါ”ဟူ၍ နှုတ်ခွန်းဆက်သဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။ ။