Skip to main content

စာကြည့်တိုက်များဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

ဝင်းထွဋ်ဦး

နိုင်ငံတစ်ဝန်း စာကြည့်တိုက်များ ပြန်လည်ထူထောင်ပြီး ဆက်လက်ရပ်တည်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် လအတန်ကြာပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရန်နှင့် စာကြည့်တိုက်အသစ်များ ဆောက်လုပ်ဖွင့်လှစ်နိုင်ရန် အလှူငွေ ထောက်ပံ့ပေးအပ်မှုများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းမှုတို့ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဦးရွက်မှုပြု၍ လုပ်ငန်းများစတင်ခဲ့ရာ ယခုဆိုလျှင်‌ မြို့နယ်အသီးသီး၌ အောင်မြင်မှုရလဒ်ကောင်းများကို တွေ့မြင်နေရပြီဖြစ်သဖြင့် ဝမ်းမြောက်ဖွယ် မြင်ကွင်းဖြစ်ပေသည်။ စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရန် ခရီးလမ်းအစ ကောင်းမွန်ခဲ့ပြီဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စာကြည့်တိုက်များ တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး စာကြည့်တိုက်ဝန်ဆောင်မှုများ ပေးနေပြီဖြစ်သကဲ့သို့ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင်လည်း ပန္နက်ရိုက်စတင်ဆောက်လုပ်မှုများ ပြုနေကြပြီ ဖြစ်ပါသည်။

ငွေကျပ်သိန်း ၁၀၅၀ ထောက်ပံ့ပေး

ရန်ကုန်တိုင်းဒေသကြီးတွင် စာကြည့်တိုက်ခြောက်တိုက် ပြန်လည်ပြင်ဆင် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ် သိန်း ၃၀၀ နှင့် စာကြည့်တိုက်ငါးတိုက် အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၇၅၀ စုစုပေါင်း ငွေကျပ်သိန်း ၁၀၅၀ ကို မေလအတွင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။ ထပ်မံ၍လည်း စာကြည့်တိုက်အသစ်များ တည်ဆောက်ဖွင့်လှစ်နိုင်ရန်နှင့် ပြန်လည်ပြင်ဆင် ဖွင့်လှစ်မည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ စာကြည့်တိုက်အသစ် တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်များတွင် အချိန်နှင့်တစ်‌ပြေးညီ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် တချို့ စာကြည့်တိုက်များမှာ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး၍ ဖွင့်ပွဲအခမ်းအနားများပင် ပြုလုပ်ပြီးဖြစ်သည်။ တချို့မြို့နယ်များမှာ မကြာမီအလုံးစုံပြီး‌စီး၍ ဖွင့်လှစ်နိုင်မည့် အနေအထား သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက ပံ့ပိုးငွေကျပ် သိန်းတစ်ရာ့ငါးဆယ်ဖြင့် အလျား ပေ ၂၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၀ ပေရှိ RC တစ်ထပ် အဆောက်အအုံအပြင် ပရိဘောဂ၊ စာအုပ်စာစောင်များကို မတည်လှူဒါန်း ဆောင်ရွက်ပေးသည့် စာကြည့်တိုက်များဖြစ်သည်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းဖြင့် ရပ်ကွက်/ကျေးရွာနေလူငယ် လူရွယ်များအပါအဝင် ပြည်သူများနှင့် ကျောင်းသားလူငယ်များပါ စာပေကို မြတ်နိုးတန်ဖိုးထားကာ အမြဲမပြတ် လေ့လာဖတ်ရှုခြင်း အလေ့အထမှ အသိဉာဏ်ပညာရင့်သန်လာပြီး ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်တော့မည်ဖြစ်ပါသည်။ ထို့အပြင် ယခုကဲ့သို့ စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်းသည် ရပ်ကွက်/ကျေးရွာ နေ လူငယ်လူရွယ်များအပါအဝင် ပြည်သူများနှင့် ကျောင်းသားလူငယ်များ၏ စာဖတ်အားကို တိုးတက်မြင့်မားစေသည့်အပြင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာလည်းရောက်ပေ‌သည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများပါ တစ်ဆက်တည်း‌အောင်မြင်လာမည်ဖြစ်သည်။

ရပ်ရွာဖွံ့ဖြိုးတိုးတက်စေရေး၊ ရပ်ရွာအတွင်းနှင့် မြို့နယ်အတွင်းမှ ပြည်သူ‌များ၊ ကျောင်းသားလူငယ်များ စာပေဗဟုသုတရစေရန်၊ အတွေးအမြင်အယူအဆများ ကြွယ်ဝစေရန်ဆိုသည့် ရည်ရွယ်ချက်ကောင်းများဖြင့် စာကြည့်တိုက်များကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

စာကြည့်တိုက်အဆောက်အအုံ၊ စာအုပ်စာစောင်များ၊ စာဖတ်သူ (စာအုပ်ငှားရမ်းသူ)၊ ရန်ပုံငွေ၊ စာကြည့်တိုက်မှူးဆိုသည့် အချက်ငါးချက်နှင့် ပြည့်စုံမှ စာကြည့်တိုက်တစ်တိုက် တည်ထောင်နိုင်မည် ဖြစ်သည်။ ယခုအခါတွင် စာကြည့်တိုက် အဆောက်အအုံအသစ်ဆောက်လုပ်၊ စာအုပ်စာစောင်အသစ်များဖြည့်ဆည်း၊ စာကြည့်တိုက်မှူးအသစ်နှင့် စာဖတ်စာငှားသူများကလည်း အခုမှအစပြုမည့်သူများဖြင့် သစ်လွင်တောက်ပ တက်ကြွစွာစတင်ဖွင့်လှစ်နေကြပြီဖြစ်သည်။ စံချိန်စံညွှန်းပြည့်ဝအောင် ပြင်ဆင်မှုပြုပြီး အကောင်းဆုံးပုံစံဖြင့် ဖွင့်လှစ်ကြသည်၊ ဖွင့်လှစ်ကြမည်ဖြစ်၍ အားရကျေနပ်ဖွယ်ပင် ဖြစ်ပေသည်။

စာကြည့်တိုက်ဖွင့်စ အချိန်ကာလတစ်ခုသာ ပုံမှန်လုပ်ဆောင်မှုမျိုးမဖြစ်စေဘဲ ရေရှည်အောင်မြင်သည့် စာကြည့်တိုက်တစ်တိုက်အဖြစ် ရပ်တည်နိုင်သည့် မှတ်တမ်းကောင်း ရစေချင်ပါသည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်မှ သွေဖည်သွားမည် ဆိုပါက စာဖတ်ရှိန်မြှင့်တင်ရေးဆိုသည်မှာလည်း မှေးမှိန်လျော့နည်းသွားပါလိမ့်မည်။

အသစ်တည်ဆောက်ပေးပြီး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် ရပ်ရွာ‌နေပြည်သူများ အားလုံးက အားစိုက်ကြိုးပမ်းပေးကြရပါမည်။

မဖြစ်မနေ ကြိုးပမ်းလုပ်ဆောင်ပေးမှသာလျှင် ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုရှိမှာသေချာပါသည်။ လိုအပ်ချက်၊ အားနည်းချက်‌များရှိနိုင်ပါသည်။‌ သို့သော် သတိပြုလုပ်ဆောင်‌ရန် လိုအပ်ပါသည်။ ပြီးခဲ့ သည့်နှစ်များကအတိုင်း စာကြည့်တိုက် အဆောက်အအုံရှိသည်၊ စာအုပ်စာစောင်များရှိသည်၊ ပြည့်စုံမှုမရှိ။ စာအုပ်ငှားရမ်းသူ၊ ရန်ပုံငွေ၊ စာကြည့်တိုက်မှူး ဆိုသည်များလည်း လိုအပ်ချက်ရှိနိုင်ပါသည်။ စာအုပ်စာစောင်များ လိုအပ်ချက်ရှိသည်၊ ငှားရမ်းသူနည်းပါးသည်၊ ရန်ပုံငွေလိုအပ်မှု၊ စာကြည့်တိုက်မှူး အားနည်းချက်ရှိမှုများ အချိန်အတိုင်းအတာတစ်ခု အထိရှိလာသည့်အခါ စာကြည့်တိုက်ပုံမှန် လည်ပတ်နိုင်ခြင်းမရှိ ဖြစ်လာနိုင်သည်။ စာကြည့်တိုက်ဖွင့်ချိန်မမှန်၊ ဖွင့်ရက်မမှန် ဖြစ်လာနိုင်သည်။ နောက်ဆုံးစာကြည့်တိုက် မဖွင့်ဖြစ်တော့သည့် အနေအထား ရောက်သွားနိုင်သည်။ စာကြည့်တိုက် လုံးဝပိတ်သွားသည်အထိလည်း ဖြစ်နိုင်‌သည်။ နောက်ဆုံးမှာ စာကြည့်တိုက် လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းသွားနိုင်သည်။ ထိုသို့ဖြစ်ရသည့် အားနည်းချက်၊ လိုအပ်ချက်ကို ယခု စာကြည့်တိုက်အသစ် ဖွင့်လှစ်ပြီးချိန်မှစ၍ ပြင်ဆင်ဆောင်ရွက်ကြရမည်။ ကြိုတင်နည်းလမ်းရှာကြရပေမည်။ ရှေ့နှစ်ကာလများကရခဲ့သည့် သင်ခန်းစာများကို‌ အကောင်းမွန်ဆုံး တွက်ချက်ပြီး အဖြေမှန်ကို တိတိကျကျ ထုတ်ကြရပါမည်။ သို့မှသာ စာကြည့်တိုက် အသစ်များ ဆက်လက်ရပ်တည်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ပါမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းသည်လည်း အောင်မြင်မည်ဖြစ်သည်။

စာကြည့်တိုက်အသစ် ဖွင့်လှစ်နိုင်ရန် ဝိုင်းဝန်းကူညီ‌မှုပေးကြသလို စာကြည့်တိုက်အသစ်များ‌ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကိုလည်း ရပ်ရွာတာဝန်ရှိသူများနှင့် စာပေဝါသနာရှင်များက ပံ့ပိုးပေးရန်လိုအပ်ပါသည်။ တာဝန်ရှိသူအဆင့်ဆင့်ကလည်း စာကြည့်တိုက်လုပ်ငန်းများကို အလေးထားစီမံဆောင်ရွက်ပြီး ကြီးကြပ်‌ထိန်းကျောင်းပေးမည်၊ လိုအပ်သည့်ပံ့ပိုးပေးမှုများ လုပ်ဆောင်ဖြည့်ဆည်းပေးမည်ဆိုလျှင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်မှုရာနှုန်း ပိုတက်လာမည်ဖြစ်သည်။ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးသည် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ပါလျှင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများလည်း လျော့နည်းသွားမည်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။