ရေဘေးသင့် ကျွန်းဦးခေတ်မီစံပြကျေးရွာမှ သမဝါယမအသင်း အသေးစားအကြော်ဖိုလုပ်ငန်းများ ပြန်လည်နိုးထခြင်း …
ခန့်ဇော်(ကျေးလက်)
ရေဘေးသင့်ခဲ့တဲ့ကျေးရွာတွေထဲမှာ ကျွန်းဦးစံပြကျေးရွာလည်း ပါဝင်ခဲ့ပါတယ်။ ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာဟာ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product- OROP) ပုံစံနဲ့ ပဲလှော်၊ ပဲကြော်လုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ကျေးရွာဖြစ်ပြီး ကျေးရွာအတွင်း ပဲလှော်လုပ်ငန်းရှင် ၁၃ ဦး ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကြက်သွန်ပေါင်းကြော်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၊ စာလေးခွေလုပ်ငန်းလုပ်ကိုင်သူ နှစ်ဦး၊ ဆီစက်လုပ်ငန်းရှင်တစ်ဦးနဲ့ မာလာရှမ်းကောရောင်းချသူ တစ်ဦးရှိတာလည်း တွေ့ရပါတယ်။
ကျွန်းဦးရွာကို ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်မှာ နေပြည်တော်တိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ရွာ၊ ထုတ်ကုန်တစ်ခု ကောင်းကောင်းထုတ်လုပ်နိုင်မှုရှိတဲ့ ရွာဖြစ်တာကြောင့် သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့အတွက် စံပြကျေးရွာအဖြစ် ဆောင်ရွက်ဖို့ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
သမဝါယမအသင်းဖွဲ့စည်း
၁၈- ၉-၂၀၂၄ ရက်နေ့မှာ ရေဘေးကယ်ဆယ်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းခရီးစဉ်နဲ့ ကျွန်းဦးကျေးရွာကိုရောက်တော့ အကြော်ဖိုအားလုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ကုန်ကြမ်းတွေအားလုံး ရေမြုပ်ပျက်စီးခဲ့ကြောင်း၊ အသေးစားလုပ်ငန်းတွေဖြစ်တဲ့ ပဲလှော်ဖိုတွေ ပြန်လည်လည်ပတ်နိုင်ရေး အတွက် ပြန်လည်ပြင်ဆင်ဖို့နဲ့ ကုန်ကြမ်းအတွက် အရင်းအနှီးတွေ လိုအပ်ကြောင်း ကျေးရွာက တင်ပြ ကြပါတယ်။ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးက ပဲလှော်ဖိုတွေ ပြန်လည်ပြင်ဆင်လည်ပတ်နိုင်ရေးအတွက် သမဝါယမပုံစံ အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်မယ်ဆိုပါက အတိုးနှုန်းသက်သာတဲ့ သမဝါယမချေးငွေနဲ့ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတွေက ၂၈-၉- ၂၀၂၄ ရက်နေ့မှ ၃-၁၀-၂၀၂၄ ရက်နေ့အထိ ကွင်းဆင်းစည်းရုံး ဆောင်ရွက်ခဲ့ကြပါတယ်။ တကယ်က လုပ်ငန်းရှင်တွေသာ အခက်အခဲ တွေ့ရတာမဟုတ်ဘဲ အကြော်ဖိုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လုပ်သား ၁၂၀ ခန့်လည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒါကြောင့် အကြော်ဖို တွေ ပြန်လည်လည်ပတ်နိုင်ဖို့ အရေးတကြီးလိုအပ်နေတာကို တွေ့ရှိရပါတယ်။ စည်းရုံးဆောင်ရွက်မှု အရ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေပါ ပါဝင်တဲ့ သမဝါယမအသင်းဖွဲ့စည်းစေကာ အရင်းအနှီး ပြန်လည်ထုတ်ချေးပြီး လုပ်ငန်းတွေ ပြန်လည် လည်ပတ်ဆောင်ရွက်စေခဲ့ပါတယ်။
ဒီလို ဆောင်ရွက်နိုင်ခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးတွေရရှိတာကို တွေ့ရှိရပါတယ်-
(က) ထုတ်ကုန်တွေ ပြန်လည်ထုတ်လုပ်နိုင်ပြီး ဝင်ငွေရရှိခြင်း၊
(ခ) သက်သာသော ချေးငွေရရှိပြီး လုပ်ငန်းတွေ လည်ပတ်နိုင်ခြင်း၊
(ဂ) အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း ပြန်လည်ရရှိခြင်း၊
(ဃ) ကုန်ကြမ်းတွေ ဝယ်ယူထုတ်လုပ်ခြင်းဖြစ်လို့ စိုက်ပျိုးထုတ်လုပ်မှုအတွက် ဈေးကွက် အခွင့်အလမ်းရရှိခြင်းတို့ ဖြစ်ပါတယ်။
သက်သာတဲ့ချေးငွေ
ချေးငွေထုတ်ချေးပေးခြင်းကိုတော့ ၅-၁၀-၂၀၂၄ ရက်နေ့မှာ တစ်ဖိုကို ငွေကျပ် ၂၅ သိန်းနှုန်းနဲ့ လုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့အတွက် သမဝါယမဦးစီးဌာနက ငွေကျပ်သိန်း ၁၄၀၀ ကျော် ထုတ်ချေးပေးခဲ့ပါတယ်။ အတိုးနှုန်းမှာ တစ်ကျပ်ခွဲ နှုန်းဖြစ်ပေမယ့် ပြန်ဆပ်ချိန်မှာ တစ်ကျပ်၊ ၁၀ပြား သာပေးဆပ်ရမှာဖြစ်ပြီး ကျန်ပြား ၄၀ ကို ကျေးရွာက ဖွဲ့စည်းထားတဲ့ သမဝါယမအသင်းရန်ပုံငွေအဖြစ်ထားရှိခဲ့မှာ ဖြစ်ပါတယ်။
ချေးငွေပေးဆပ်ကာလမှာ တစ်နှစ်ခွဲဖြစ်ပြီး ပထမခြောက်လမှာ အတိုး၊ ဒုတိယခြောက်လမှာ အရင်း၊ အတိုးနဲ့ ကျန်ရှိတဲ့ အတိုးတစ်ဝက်နဲ့ အရင်းတွေကို တတိယခြောက်လမှာ ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ကျွန်းဦးကျေးရွာဟာ လူထုဗဟိုပြုစီမံကိန်း (CDD) ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံအပြင် စံပြကျေးရွာအဖြစ် အကောင်အထည်ဖော်တာ သုံးနှစ်အတွင်း ရောက်ရှိပြီးဖြစ်လို့ ကော်မတီဝင်တွေ အပါအဝင် ကျေးရွာသူ ကျေးရွာသားတွေဟာ အတွေ့အကြုံရှိပြီး လုပ်ငန်းတွေကျွမ်းကျင်မှုရှိတာ ကြောင့် ၇- ၁၀ - ၂၀၂၄ ရက်နေ့မှာပဲ ပဲလှော်၊ ပဲကြော်ဖို ၁၈ ဖိုအနက် ၁၀ ဖို စတင်လည်ပတ် လုပ်ကိုင်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ၃၀-၁၀- ၂၀၂၄ ရက်နေ့မှာ ၁၀၀ ရာခိုင်နှုန်း အားလုံးပြန်လည် နိုးထ လည်ပတ်နိုင်နေပြီဖြစ်ပါတယ်။
ကွင်းဆင်းစည်းရုံးတဲ့ပုံစံနဲ့ အတွေ့အကြုံများ
သမဝါယမဦးစီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေမှ တာဝန်ရှိသူတွေအနေနဲ့ ကျွန်းဦးကျေးရွာကို ကွင်းဆင်းသွားရောက်ပြီး လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးတဲ့ ကျေးရွာသူ ကျေးရွာသားတွေနဲ့တွေ့ဆုံကာ ၎င်းတို့ရဲ့လုပ်ငန်းတွေကို အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်တွေကို မေးမြန်းရာမှာ သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အရင်းအနှီးလိုအပ်ကြောင်း သိရှိခဲ့ရပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ ကျွန်းဦးကျေးရွာရှိ ပဲကြော်၊ ပဲလှော်လုပ်ငန်းတွေနဲ့ အခြားလုပ်ငန်းတွေ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ဖို့အတွက် သက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေတွေကို ထုတ်ချေးပေးခဲ့ပါတယ်။
အခြားအထောက်အပံ့
၇-၁၀- ၂၀၂၄ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေးရာမှာ ကျွန်းဦးကျေးရွာမှာ ရေဝပ်နေပြီး ၆-၁၀-၂၀၂၄ ရက်နေ့အထိ ရေပြန်မကျဘဲ ဖြစ်နေသေးတာကြောင့် ချေးငွေရရှိပေမယ့် အချို့ အကြော်ဖိုတွေ လုပ်ငန်းပြန်လည်မစတင်နိုင်သေးတာကို သိရှိခဲ့ရပါတယ်။ အဲဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကွင်းဆင်းစစ်ဆေးပြီး လိုအပ်တဲ့နေရာတွေမှာ ရေဖောက်ထုတ်ခြင်း၊ ရေမြောင်းတွေ၊ ဆည်မြောင်းတွေ မွမ်းမံဆောင်ရွက်ပေးခဲ့တာကြောင့် အကြော်ဖိုအားလုံး ပြန်လည်ပြင်ဆင် လည်ပတ်နိုင်ခဲ့ပါတယ်။
ကျွန်းဦးကျေးရွာအတွင်း လမ်းတွေရှင်းလင်းခြင်း၊ အမှိုက်တွေရှင်းလင်းခြင်း၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ စက်ယန္တရားကြီးတွေ အကူအညီနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ဌာနဆိုင်ရာအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နေပြည်တော်ကောင်စီရဲ့ကြီးကြပ်မှု၊ ကျေးရွာသူ ကျေးရွာသားတွေရဲ့ ကြံ့ကြံ့ခံတုံ့ပြန်ဆောင်ရွက်မှုတွေကြောင့် ခေတ်မီစံပြကျေးရွာဖြစ်တဲ့ ကျွန်းဦး ကျေးရွာဟာ ပြန်လည်နိုးထလာခဲ့ပါပြီ။ ပေါင်းစည်းညီညွတ်မှု၊ ကျေးရွာရဲ့ပူးပေါင်းပါဝင်မှုတွေရဲ့ အမြင် သာဆုံးသော အကျိုးရလဒ်ဖြစ်ပါတယ်။ ကျန်ရေဘေးသင့်ကျေးရွာတွေလည်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ဦးဆောင်မှုနဲ့များ မကြာမီအချိန်အတွင်းမှာ အင်တိုက်အားတိုက်ဆိုသလို နိုးထလာကြတော့မှာ မလွဲဧကန်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။ ။