Skip to main content

ရိုးရာပေါင်းစု ပြည်ထောင်စု၏ ဂီတ

ရန်ကင်းကိုကိုလေး

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပေပြီ။ ယခု ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမ စုစုပေါင်း ၂၅၄၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဘာသာရပ် အသီးသီးတွင် အကဲဖြတ်အမှတ်ပေးပညာရှင်များအဖြစ် သက်ဆိုင်ရာ အနုပညာအမျိုးအစားအလိုက် ဝါရင့်သမ္ဘာရင့် အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများ စုစုပေါင်း ၁၇၉ ဦးက အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

ယမန်နှစ်များကထက် ယခုနှစ်တွင် ပြိုင်ပွဲဝင်ဦးရေ ပိုမိုပါဝင်လာခဲ့သည့်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမပညာကို မြတ်နိုးတန်ဖိုးထားလာကြသည်ကို ဝမ်းသာပီတိ ဖြစ်မိပါသည်။

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင် အရေအတွက်များပြားလာသကဲ့သို့ ပြိုင်ပွဲဝင် အဆိုရှင်များ၊ အကပြိုင်ပွဲဝင်များ၊ အရေးပြိုင်ပွဲဝင်များ၊ အတီးပြိုင်ပွဲဝင်များ၏ အရည်အသွေးများ မြင့်မားလာသည်များကိုလည်း ကြားသိမြင်တွေ့ရသည်မှာ အားရစရာပင်ဖြစ်သည်။

တိုင်းရင်းသားလူမျိုး ရှစ်မျိုးတို့၏ ရိုးရာတူရိယာများကို ပေါင်းစပ်ကာ သံစုံတီးဝိုင်းကြီးအဖြစ် စုပေါင်းတီးမှုတ်ဖျော်ဖြေမှု အစီအစဉ်

ယခုနှစ် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ထူးခြားမှုအဖြစ် ဖွင့်ပွဲအခမ်းအနားကြီးတွင် သမိုင်းဝင်ဖန်တီးမှုဟု ပြောရ မည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင် စီစဉ်သော ဂုဏ်ယူဝင့်ကြွားဖွယ်ရာ၊ ကြည်နူးမြတ်နိုး တန်ဖိုးထားဖွယ်ရာ တင်ဆက်မှုတစ်ခုမှာ မြန်မာနိုင်ငံသားတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ညွှန်းပြသနေသည့် ပြည်ထောင်စုဖွား တိုင်းရင်း သားလူမျိုး ရှစ်မျိုးတို့၏ ရိုးရာတူရိယာများကို ပေါင်းစပ်ကာ သံစုံတီးဝိုင်းကြီးအဖြစ် စုပေါင်းတီးမှုတ်ဖျော်ဖြေမှုအစီအစဉ်ကို ခမ်းနားစွာ မြင်တွေ့ ရခြင်းပင် ဖြစ်ပါသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားဂီတပညာရှင် ၄၃ ဦးတို့က တူရိယာပစ္စည်း ၄၃ မျိုးကိုတစ်ပြိုင်နက်သံစုံတီးဝိုင်း ဖန်တီးမှုသည် တိုင်းရင်းသားတို့၏ သွေးစည်း ညီညွတ်မှုကို ထင်ဟပ်စေသော အနုပညာစုစည်းမှု အားတစ်ရပ်ဖြစ်ပြီး မြန်မာပြည်ဖွားတိုင်းရင်းသားတို့၏ တစ်စိတ်တစ်ဝမ်းညီညွတ်ချစ်ကြည်စည်းလုံးမှုကို ဖော်ညွှန်းပြသသော “ရိုးရာပေါင်းစုယဉ်ကျေးမှုနှင့် ပြည်ထောင်စု၏ဂီတ” ဖြစ်ကြောင်း၊ ညီညွတ်သွေးစည်းသော တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်လှေတည်းစီး တစ်ခရီးတည်းသွား တစ်မိတည်းဖွားဖြစ်သည့် ညီရင်းအစ်ကိုမောင်ရင်းနှမ တို့ဖြစ်ကြောင်းကို ထင်ရှားပေါ်လွင်စေပါ သည်။

ပြည်ထောင်စုတိုင်းရင်းသား သွေးချင်းများသည် မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းထောင်ချီ ရှည်လျားသော သမိုင်းစဉ်တစ်လျှောက်တွင် စည်းလုံးညီညွတ်စွာ နေလာခဲ့ကြပြီး ထုထည်ပမာဏ ကြီးမားခိုင်ခံ့သော မြန်မာ့ယဉ်ကျေးမှုအုတ်မြစ်ကြီးများကို ခိုင်ခိုင် မာမာ စိုက်ထူနိုင်ခဲ့ကြသည်။

ကမ္ဘာ့အလယ်တွင် ထူးခြားလေးနက်သော ကိုယ်ပိုင်မြန်မာမှု မြန်မာ့ဟန်အပြည့်ဖြင့် ဂုဏ်သိက္ခာရှိရှိ ဝင့်ကြွားနိုင်ခဲ့သည်။

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်တင်ဆက်သော “ပြည်ထောင်စု တိုင်းရင်းသားတို့၏ ရိုးရာဂီတသံစုံတီးဝိုင်း” တွင် ပါဝင်သော တူရိယာပစ္စည်းများမှာ အောက်ပါဇယား အတိုင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးတွင် တိုင်းရင်းသားမျိုးနွယ်ပေါင်းစုံတို့သည် ရေမြေဒေသ ကိုလိုက်ပြီး ကိုးကွယ်ယုံကြည်မှု၊ ဘာသာတရား၊ ဘာသာစကားနှင့် နေထိုင်မှုဓလေ့ထုံးတမ်းများ ကွဲပြားခဲ့သော်လည်း မိမိတို့၏သက်ဆိုင်ရာ ရိုးရာအနုသုခုမပညာရပ်များကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းမှုချင်းက တူညီကြသည်။

တူရိယာ ငါးပါး

မြန်မာနိုင်ငံသားတို့၏ အခြေခံတူရိယာဖြစ်သောကြေး၊ ကြိုး၊ သားရေ၊ လေ ၊ လက်ခုပ်ဆိုသော တူရိယာ ငါးပါးကို သုံးစွဲပုံခြင်းက တူညီကြသည်။

အခြေခံတူရိယာစနစ် တူညီကြသော်လည်း ကွဲပြားခြားနားသော တေးသွားသံစဉ်များ တူရိယာ ပစ္စည်းများကို အသုံးပြုတီးခတ်မှုများကို တစု တစည်းတည်းပေါင်းစပ်ပြီး ညီမျှသောသံစဉ် တီးဝိုင်းတစ်ခုအဖြစ် ဖန်တီးထားခြင်းသည် “ပြည်ထောင်စု” ဆိုသော စကားရပ်ကို အနုပညာ မြောက်စွာ စုပေါင်းတီးခတ်ခြင်းဖြင့် အဓိပ္ပာယ်ရှိစွာ ဖော်ညွှန်းထားခြင်း ဖြစ်ပါသည်။

ပန်းတစ်ပွင့်ချင်းသည် ပန်းခင်းကြီးတစ်ခင်းကို ကိုယ်စားပြုသကဲ့သို့ အရောင်အသွေး စုံလှစွာသော ပန်းခင်းကြီးသည်လည်း ပန်းတစ်ပွင့် ချင်းစီ၏ အလှကို အပြန်အလှန် ဂုဏ်ပြုဖော်ပြနေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုသော တိုင်းရင်းသားမျိုးနွယ်စုကြီး ရှစ်စုသည် ပန်းတစ်ပွင့် ချင်းစီနှင့် စီခြယ်ထားသော ပန်းခင်းကြီးနှင့် အလား သဏ္ဌာန်တူလှသည်။

တိုင်းရင်းသားမျိုးနွယ်စုကြီး ရှစ်မျိုး၏ ကိုယ်ပိုင် တူရိယာပစ္စည်း ၄၃ မျိုးကို အသုံးပြုပြီး ပြည်ထောင်စု ဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမ ၄၃ ဦးတို့၏ စုစည်းတီးခတ်ပုံဖော်ထားသော တိုင်းရင်းသား တူရိယာသံစုံတီးဝိုင်းကြီး၏ တီးခတ်ဖျော်ဖြေ တင်ဆက်မှုကို တွေ့မြင်နားဆင်လိုက်ရသောအခါ ရင်ဝယ်ပီတိ လှိုက်ဖိုဝမ်းသာကာ နှလုံးသားဆီသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်များ၊ သွေးချင်းညီအစ်ကိုများ၏ အနုသုခုမဂီတရသကို ချစ်မြတ်နိုးသော စိတ်ဓာတ်များနှင့် …တို့ တိုင်းရင်း သားညီအစ်ကိုမောင်နှမများက တစ်သွေးတစ်သား၊ တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဂီတ စွမ်းအားသည် ညီညွတ်သော စွမ်းအား၊ စည်းလုံး ပေါင်းစည်းမှုရှိသော အင်အားဟူ၍ ကြည်နူး ဝမ်းမြောက် ဂုဏ်ယူမိသည်။

တိုင်းရင်းသားသံစုံတီးဝိုင်းကြီးတွင် “ကချင်” တိုင်းရင်းသားတို့၏ မနောစည်၊ ပလွေ၊ တယော၊ မောင်းနှင့် ဂီတာတို့ပါဝင်ကာ “ကယား” တိုင်းရင်း သားတို့၏ ဗုံ၊ မောင်းငယ်၊ လင်းကွင်း၊ ပလွေနှင့် မောင်းကြီးတို့ပါဝင်ပြီး “ကရင်”တိုင်းရင်းသားများ၏ ဖားစည်၊ ကရင်စောင်း၊ ဗျပ်စောင်းနှင့် ပလွေတို့ ပါဝင်သလို “ချင်း” တိုင်းရင်းသားများ၏ ဗုံ၊ မောင်း နှင့် လင်းကွင်းတို့ပါဝင်သည်။ “ဗမာ” တိုင်းရင်းသား တို့၏ ဆိုင်းဝိုင်းပတ်မကြီးနှင့် ခြောက်လုံးပတ်၊ စောင်း၊ စည်တို၊ လင်းကွင်း၊ စည်းဝါးနှင့် ပလွေတို့ ပါဝင်သကဲ့သို့ “မွန်”တိုင်းရင်းသားများ၏ ကြိုးတပ် မိကျောင်း၊ စောင်းလခြမ်းကြေးနောင်ဝိုင်း၊ မိကျောင်း ပတ္တလား၊ ထောင်တယောနှင့် ပလွေများ ပါဝင်ကာ “ရခိုင်” တိုင်းရင်းသားတို့၏ ပလွေ၊ မာလခွံတယော၊ မိကျောင်းပတ္တလား၊ ရခိုင်မင်္ဂလာစည်နှင့် ခွက်ခွင်းတို့ ပါဝင်ပြီး “ရှမ်း”တိုင်းရင်းသားများ၏ ရှမ်းအိုးစည်၊ ဓနုအိုးစည်၊ ရှမ်းမောင်းဆိုင်း၊ လင်းကွင်း နှင့် စည်းသံလွင်တူရိယာများ ပါဝင် သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို အစဉ်အလာမပျက် ဆင်နွှဲကျင်းပခြင်း သည် မြန်မာတိုင်းရင်းသားတို့၏ ဇာတိသွေး၊ ဇာတိမာန်နှင့် အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးသော ကြိုးပမ်းမှုနှင့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုတက်ကြွအောင် လှုံ့ဆော်ပေးခြင်းဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် ပြည်ထောင်စုတိုင်းရင်းသား အားလုံးပူးပေါင်းပါဝင်ကာ ခမ်းခမ်းနားနား အောင်အောင်မြင်မြင် စည်စည် ကားကား ကျင်းပပြီးစီးခဲ့ပေပြီ။ ယခု (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မှ သည် ရွှေရတု၊ စိန်ရတု၊ ရတုအလီလီ တိုင်းရင်းသားများ စည်းလုံးညီညာ တန်ဖိုးထိုက်စွာသော ရိုးရာအမွေအနှစ် အနုပညာအဆီအနှစ်များကို ပညာရှင်အသီးသီးက လက်ဆင့်ကမ်းကာ ပေးဝေကြပါ။ ဝါသနာရှင်များကလည်း လေ့လာမှတ်သား ဆင့်ပွားထိန်းသိမ်းကာ ဂုဏ်မြင့်အောင်၊ ဂုဏ်ဝင့်အောင်၊ အရိုးကို အရွက်မဖုံးအောင် ထိန်းသိမ်းကာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် ပါဝင်ကာ မိမိတို့ အနုပညာစွမ်းအားများကို ဖော်ထုတ်ပြသ ဂုဏ်ယူနိုင်ကြပါစေကြောင်း ဆန္ဒပြုပါသည်။

ဤဆောင်းပါး ဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု တိုင်းရင်းသားတို့၏ ရိုးရာဂီတသံစုံ တီးဝိုင်း “The Traditional Orchestra of the Nationalities of the Union” ကို ဖန်တီးတင်ဆက်သူ ပညာရှင် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်ကို အထူးကျေးဇူးတင်ရှိပါသည်။ ။