Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို မျှော်လင့်ရင်ခုန်စွာ စောင့်ဆိုင်းရင်းနွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါ၏

အားကစားပရိသတ်တစ်ဦး

ဂျာစီအနီရောင်၊ ဘောင်းဘီအဖြူ၊ ခြေအိတ်အနီရောင်ဆင်မြန်းထားသည့်အသင်းနှင့် ဂျာစီအဝါ၊ ဘောင်းဘီအဝါ၊ ခြေအိတ်အဖြူရောင် ဆင်မြန်းထားသည့် အသင်းနှစ်သင်း၏ ဘောလုံးပြိုင်ပွဲကား အကြိတ်အနယ်ရှိလှပေသည်။ မဟာပြိုင်ဘက်အသင်းနှစ်သင်း ဆုံတွေ့သည့် ဗိုလ်လုပွဲစဉ်ဖြစ်၍ ပရိသတ်များက အောင်ဆန်းကွင်း လေးဖက်လေးတန်ပြည့် လာရောက်အားပေးခဲ့ကြသည်။

အနီရောင်အသင်းက ဗွေဆော်ဦးဂိုးကိုသွင်းယူ၍ ဦးဆောင်ကစားနေသည်။ သို့သော် မကြာမီအချိန်အတောအတွင်းမှာပင် အဝါရောင်အသင်းမှ အရပ်ထောင်ထောင်မောင်းမောင်း တိုက်စစ်မှူးက သူ့အသင်းအတွက်ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးလိုက်သည်။ ဆက်တိုက်ဆိုသလိုပင် အနိုင်ဂိုးကိုလည်း သူကပင်ထပ်မံ၍ ခေါင်းတိုက်သွင်းယူပေးခဲ့ပြန်သည်။

ပရိသတ်များ၏ အားပေးသံများ တစ်ခဲနက် ပေါ်ထွက်လာ

“ဝင်းအောင်၊ ဝင်းအောင်” ပရိသတ်များ၏ သံပြိုင်ဟစ်ကြွေးအားပေးသံများကား တစ်ခဲနက်ပေါ်ထွက်လာသည်။ ၁၉၉၇ ခုနှစ် တတိယအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ထိုစဉ်က နာမည်ကြီး ဘဏ္ဍာအခွန်ဘောလုံးအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနဘောလုံးအသင်းတို့ ဆုံတွေ့ခဲ့ကြသည့်ပွဲစဉ်ဖြစ်သည်။ ဘဏ္ဍာအခွန်အသင်းတွင် မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ ကာကွယ် ရေးဝန်ကြီးဌာနအသင်းတွင် တင်ထွေး၊ မျိုးမြင့်ထွေး စသည် စသည်ဖြင့် နှစ်သင်းစလုံးတွင် မြန်မာ့လက်ရွေးစင်ဘောလုံးသမားများ အများအပြားစုဖွဲ့ပါဝင်ခဲ့ကြ၍ ပြိုင်ဆိုင်မှုမြင့်မားခဲ့သည်။ အမျိုးသား အားကစားပွဲတော်၏ ဂုဏ်ဒြပ်နှင့်အညီ ပရိသတ်အကြိုက်တွေ့ခဲ့ပြီး ယနေ့တိုင်မေ့မရနိုင်သည့် ပွဲစဉ် တစ်ပွဲဖြစ်ခဲ့သည်။

“အရှေ့တောင်အာရှမှသည် အဆင့်ဆင့်တက်လှမ်းဖို့ ရည်မှန်းထားတဲ့ အမျိုးသားအားကစား ပွဲတော်ကြီးဖြစ်သည်xxx၊ မြန်မာ့ဂုဏ်ဆောင်ကြရမယ့်၊ လူငယ်တွေ မျိုးဆက်သစ်အင်အားများနဲ့ xxx ၊ ညီညီညာညာပေါင်းစုခဲ့ကြသည် xxx။ အောင်ပွဲများ ဆက်တိုက်လှမ်းယူမည် xxx၊ ကဆုန်လရဲ့အမှတ်တရ ပွဲတော်သည်” ၁၉၉၂ ခုနှစ် ပထမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံကျော် တေးသံရှင်မေဆွိ၏ အသံချိုမြမြက ပျံ့လွင့်နေသည်။

“မြန်မာပြည်ရဲ့အလှxxx၊ ရိုးမနဲ့ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း၊ ရွှေလီ၊ တည်ရှိနေသမျှ၊ စီးဆင်းနေသမျှ၊ တစ်နယ်စီဝေးလည်း သွေးချင်းတွေ၊ သားချင်းတွေချစ်ကြသည် xxx၊ နောင်နှစ်မှာ တွေ့ကြမည် xxx၊ သွေးချင်းတို့ရေနှုတ်ဆက်သည်”

လူငယ်လေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)အားကစားကွင်း၏ မီးရောင်စုံများအောက်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား ရိုးရာဝတ်စုံဆင်မြန်းထားသည့် တိုင်းရင်းသား လူငယ်မောင်မယ်လေးများက တေးသီချင်း စည်းချက်နှင့်အညီ လက်လေးတွေဝှေ့ကာ၊ ယမ်းကာဖြင့် နှုတ်ဆက်နေကြသည်။ ထိုထိုသော မြင်ကွင်းများက မကြာမီပြီးဆုံးတော့မည့် အမျိုးသားအားကစားပွဲတော်ကြီးကို လွမ်းအောင်ဖန်နေသည်။ အမှန်တကယ်လည်း လွမ်းတသသဖြစ် ကျန်ရစ်ခဲ့ကြပါသည်။

ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ် မေလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ဝန်ကြီးဌာနများအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ တိုင်း/တပ်မဌာနချုပ်များ၊ တက္ကသိုလ် (အထက်/အောက်မြန်မာပြည်)အဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အခြေခံကျောင်းသားအဆင့်ဟူ၍ အဆင့်သုံးဆင့်ခွဲကာ အားကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း ပေါင်း ၇၂ သင်း၊ အားကစားသမား ၁၀၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ လ ၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ဝန်ကြီးဌာနများအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ နှစ်ဆင့်ခွဲကာ အားကစားနည်း ၂၄ မျိုး ထည့်သွင်းကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်းပေါင်း ၄၀၊ အားကစားသမား ၈၇၀၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အားကစားသမား ၁၁၃၇၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့

တတိယအကြိမ် အမျိုးသားအားကစား ပွဲတော်ကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ဝန်ကြီးဌာနများအဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ တက္ကသိုလ်များ (အထက်/အောက်)ဟူ၍ အဆင့်နှစ်ဆင့်ခွဲကာ အားကစားနည်း ၂၉ မျိုး ထည့်သွင်းကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း ၅၅ သင်း၊ အားကစားသမား ၁၁၃၇၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အလွတ်တန်းအဆင့် တစ်မျိုးတည်းသာပါဝင်ပြီး အားကစားနည်း ၂၇ မျိုးနှင့် မသန်စွမ်းအားကစားနည်း လေးမျိုးထည့်သွင်းကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း ၁၅ သင်း၊ အားကစားသမား ၄၃၆၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသား အားကစားပွဲတော်များကား နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ ကြီးကျယ်ခမ်းနားလှပါပေသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကလည်း ပရိသတ်ကိုများစွာ ဆွဲဆောင်မှုရှိခဲ့သည်။ နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးသာမက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း များစွာအထောက်အကူဖြစ်စေခဲ့ပါသည်။ ထို့ပြင် ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ် အမျိုးသားအားကစားပွဲတော်အတွေ့အကြုံများကြောင့်ပင် နိုင်ငံတော်က ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် နေပြည်တော်၌ ဝှဲချီးခမ်းနားစွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရပါမည်။

သို့ရာတွင် ၂၀၁၅ ခုနှစ် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအပြီး နောက်ပိုင်းကာလများတွင် အမျိုးသားအားကစားပွဲတော်ကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့တော့ချေ။

 နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ပြန်လည်ရရှိလာ

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရခေတ်တွင် မြန်မာအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းကာ ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်ဆောင်ရွက်ခဲ့၍ နိုင်ငံတကာပြိုင်ပွဲများတွင် အထိုက်အလျောက်အောင်မြင်မှုများ ပြန်လည်ရရှိလာခဲ့သည်။

နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများကိုလည်း ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့ရုံမက တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများကိုလည်း လစဉ်ထောက်ပံ့ကြေးများ၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးခဲ့ပြန်ပါသည်။

တစ်ဖန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်” ဟူသည့် လမ်းညွှန်ချက်နှင့်အညီ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ပြန်လည် ကျင်းပတော့မည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားရေး၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် အားကစားအဆင့်အတန်း မြင့်မားရေးနှင့် အောင်မြင်မှုရှိစွာယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေးဟူသည့် ရည်ရွယ်ချက်(၅)ရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲဟူ၍ အားကစားနည်းခြောက်မျိုး ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး)၊ ဘတ်စကက် ဘော(အမျိုးသား)၊ ကြက်တောင် (အမျိုးသား/အမျိုးသမီး)၊ ဘိလိယက်/စနူကာ (အမျိုးသား)၊ လက်ဝှေ့(အမျိုးသား)၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု (အမျိုးသား/ အမျိုးသမီး)၊ ခရစ်ကက်(အမျိုးသား)၊ ဘောလုံး (အမျိုးသား/အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား/ အမျိုးသမီး)၊ ဂေါက်သီး(အမျိုးသား)၊ ဂျူဒို(အမျိုးသား/အမျိုးသမီး)၊ ကရာတေး(အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုး သမီး)၊ ရေကူး(အမျိုးသား/ အမျိုးသမီး)၊ စားပွဲတင် တင်းနစ်(အမျိုးသား/အမျိုးသမီး)၊ တိုက်ကွမ်ဒို (အမျိုးသား/ အမျိုးသမီး)၊ တင်းနစ်(အမျိုးသား)၊ ရိုးရာခြင်းလုံး (အမျိုးသား/ အမျိုးသမီး)၊ မြန်မာ့သိုင်း (အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)၊ ဗိုဗီနမ် (အမျိုးသား/ အမျိုးသမီး)၊ အလေးမ(အမျိုးသား/ အမျိုးသမီး)၊ ဝူရှူး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲဟူ၍ အားကစားနည်း ၂၃ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးသာမက တစ်နိုင်ငံလုံးမှ ပြည်သူများနှင့် နိုင်ငံတကာမှ လာရောက်အားပေးကြည့်ရှုနိုင်ရန် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ တို့က စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလံများနှင့် အမျိုးသား အားကစားပွဲတော်အလံကို Free Fall ဖြင့် ကွင်းအတွင်း သယ်ဆောင်ခြင်း၊ ကျောင်းသား ကျောင်းသူများ၏ သရုပ်ဖော်အကအလှများနှင့်အတူ ဖျော်ဖြေရေးအစီ အစဉ်များ၊ နည်းပညာပိုင်းဆိုင်ရာ ပြကွက်များနှင့်ဖွင့်ပွဲ၊ ပိတ်ပွဲအထိမ်းအမှတ် မီးရှူး၊ မီးပန်းများ အလှဆင် ပစ်ဖောက်ခြင်းအစီအစဉ်များအပါအဝင် နိုင်ငံတော် အဆင့်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ၂၀၁၅ ခုနှစ် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်း ဒေသကြီးက ပထမ၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးက တတိယ စသည်ဖြင့် ဆုတံဆိပ်များ အသီးသီးဆွတ်ခူးရရှိသွားခဲ့ရာ ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်တွင်လည်း အောင်မြင်မှုရရှိခဲ့ကြသည့် အသင်းကြီးများက ဆက်လက်အောင်မြင်မှုရရှိရေး၊ အောင်မြင်မှုမရရှိခဲ့သေးသည့် အထူးသဖြင့် ပြည်နယ် အသင်းများကလည်း ယခုတစ်ကြိမ်တွင် အောင်မြင် မှုရရှိရေးအတွက် ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

သို့ဖြင့် ဒီဇင်ဘာလူထုအားကစားလတွင် နေပြည်တော်၌ ကျင်းပမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို အားကစား ပရိသတ်တစ်ဦးအနေဖြင့် မျှော်လင့်ရင်ခုန်စွာ စောင့်ဆိုင်းရင်း နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုကြိုဆို လိုက်ရပေသည်။

အမျိုးသားအားကစားပွဲတော်ကြီး မကျင်းပနိုင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာ ၁၀ နှစ်နီးပါး ကြာခဲ့ပေပြီကော။ ။