ကြိုတင်မျှော်လင့်မထားသော အခြေအနေအားလုံးအတွက် . . .
မြင့်မြတ်
ယနေ့ကမ္ဘာကြီးမှာ လူတွေဟာ မျှော်လင့်မထားတဲ့အခြေအနေအရပ်ရပ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်။ ကောင်းတာရှိမယ်၊ မကောင်းတာရှိမယ်၊ လက်ရှိ ကမ္ဘာ့အခြေအနေတွေအရတော့ ကောင်းတဲ့ဘက်ကို အများကြီးမျှော်လင့်လို့မရ။ မတည်ငြိမ်၊ မအေးချမ်းမှု၊ မလုံခြုံမှု၊ ဖွံ့ဖြိုးမှုအရပ်ရပ် အကျဘက်ဆင်းလာတဲ့ကမ္ဘာကြီးမှာ မကောင်းမှု၊ ဖိနှိပ်မှုတွေနဲ့ ရောပြွမ်းနေတဲ့ကြားက မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေ မတွေးထားတဲ့အရာတွေ၊ ပုံမှန်မဟုတ်တာတွေ၊ အလွန်ကြီးမားတဲ့ပြဿနာတွေ၊ စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်နေကြတဲ့အတွက် ဖြစ်လာနိုင်မှာတွေအတွက် ကြိုတင်မြော်တွေးပြင်ဆင်သင့်တာတွေ၊ ကြိုတင်ကာကွယ်ထားရမှာတွေ တစ်ဦးချင်းတစ်ဖွဲ့ချင်း မှာရော နိုင်ငံအလိုက်ဒေသအလိုက် ရှိလာနေပြီဟု ယူဆမိပါတယ်။
သဘာဝကပ်ဘေးများ
မျှော်လင့်မထားသော်လည်း ဖြစ်လာတဲ့အခါ ပြင်ဆင်ထားလျက်နဲ့ ဆုံးရှုံးမှုပမာဏကြီးမားတာမျိုး ကြုံရလေ့ရှိတယ်။ မျှော်လင့်မထားတဲ့ အခြေအနေတွေဆိုတာ ဖောက်ပြန်ပျက်စီးခြင်း တစ်မျိုးပါပဲ၊။ ရာသီဥတုကြောင့်၊ သဘာဝကပ်ဘေး၊ ကိုဗစ်ကပ်ကဲ့သို့ ရောဂါကပ်ဆိုး၊ ကမ္ဘာစစ်ကြီးများကဲ့သို့ စစ်မက်ဘေး၊ နောက်ဆက်တွဲ စီးပွားပျက်ကပ်ငတ်မွတ်ဘေး စသည်ဖြင့်ပါ။ ဖောက်ပြန်မှုတွေမှာ ရာသီဥတုဖောက်ပြန်မှုက အဆိုးရွားဆုံးထဲမှာပါတယ်။ မူမမှန်တဲ့ ရာသီဥတုဖြစ်စဉ်တွေက လူတွေအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာနေတယ်၊၊
သဘာဝဘေးဆိုပေမယ့် လူကြောင့်ပဲဖြစ်တာ၊ ယခင်က လူတွေရဲ့လောဘကြောင့်၊ ယခုအခါ လူတွေရဲ့ဒေါသကြောင့်ဆိုပြီး ယူဆချက်တွေရှိလာတယ်။ သဘာဝကြောင့်ထက် လူကြောင့်ဆိုတဲ့ ထင်မြင်ချက်တွေကို မယုံရဲယုံရဲ ယူဆလာကြတယ်။ ထင်မယ်ဆိုလည်း ထင်စရာ၊ ယခုရက်ပိုင်း၊ လပိုင်းအတွင်းတွေမှာ နိုင်ငံတကာ မြို့အတော်များများမှာ ရေကြီးမြေပြိုတာတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ အာဖရိက ဒီအာကွန်ဂိုနဲ့ ဆီနီဂေါမှာ ရေကြီးတယ်။ ပြင်သစ်နဲ့အီတလီမှာ ရေကြီးတယ်။ နီပေါမှာ ရေကြီးမြေပြိုတယ်။ ဂျပန်နဲ့ မက္ကဆီကိုမှာ မီးတောင်တွေ ပေါက်ကွဲတယ်။ အမေရိကန် ဖလော်ရီဒါနဲ့ မြောက်ကာရိုလိုင်းနား တင်နက်ဆီပြည်နယ်တွေမှာ အားပြင်းတဲ့ ဟာရီကိန်းမီလတန်နဲ့ မုန်တိုင်းဟယ်လင်တို့ ဝင်မွှေသွားခဲ့တယ်။ ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်းဝင်တယ်။ နောက်ထပ်အများ အပြားရှိပါသေးတယ်။ ဒါတွေက လူသားတွေ မျှော်လင့်မထားတဲ့ သဘာဝကပ်ဘေးတွေပါ။
ပျံ့နှံ့လာတဲ့ကမ္ဘာစစ်ပွဲတွေကြောင့်
ပုံမှန်မဟုတ်ဘဲ ရုတ်တရက် ချက်ချင်းရောက်လာတတ်တယ်။ အလွန်ကြီးမားပြီး ပြင်းထန်ဆိုးရွားတဲ့ အခြေအနေထူး drastic changes တွေဟာ များသောအားဖြင့် မျှော်လင့်မထားတဲ့ အခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။ မိမိကိုယ်တိုင်လည်း ကြုံဖူးကြမှာဖြစ်သလို နိုင်ငံတိုင်းဟာ မျှော်လင့်မထားတဲ့ အခြေအနေဆိုးတွေ အချိန်အခါမရွေး ကြုံလာနိုင်တဲ့အရာတွေအတွက် အမြဲအသင့်ဖြစ်အောင် ပြင်ဆင်နေကြရတယ်။ ယခုခေတ်လို အပြောင်းအလဲအလွန်မြန်တဲ့ အခြေအနေတွေမှာဆို ပိုဆိုးတာပေါ့။ အထက်မှာတင်ပြခဲ့တဲ့ ရာသီဥတုဆိုင်ရာပြဿနာရပ်တွေဟာ သာဓကတွေပါပဲ။ ကြိုတင်မြော်တွေးမထား၊ ပြင်ဆင်မထားရင် ဘာလုပ် လို့ဘာကိုင်ရမှန်းမသိ ဖြစ်တတ်တယ်။ ပညာအသိ ပညာရှိစွာနဲ့ အများကြီးတွေးထား၊ မြင်ထား၊ ကာကွယ်ထားမှသာ risk reduction ဆုံးရှုံးမှု နည်းနိုင်မှာဖြစ်တယ်။ တင်ပြချင်တာက ယနေ့ခေတ် ကျွန်တော်တို့လူသားတွေမှာ သဘာဝဘေးကြောင့်၊ လူလုပ်ကပ်တွေကြောင့် အန္တရာယ်မျိုးစုံ အလွန့်အလွန်များလာနေပြီဆိုတာပဲ။ လူလုပ်ကပ်ဘေးဆိုတာ အဓိကစစ်မက်ဘေးကိုဆိုလိုတာ။ ပြည်တွင်းရော ပြည်ပမှာပါ မမျှော်လင့်တာတွေနဲ့ ရင်ဆိုင်နေရတယ်၊ အနိဋ္ဌာရုံများစွာပေါ့။ လူတွေရဲ့စိတ်ဟာ အဆိုးဘက်ပြောင်းလာပြီး အဖျက်စိတ်ဓာတ်နဲ့ အဖျက်သမားများလာတယ်။ စစ်ပွဲဖန်တီးရတာကို ထမင်းစားရေသောက်ဖြစ်လာတယ်။ ကမ္ဘာ့နိုင်ငံရေးသမားအချို့ တတိယကမ္ဘာစစ်ကြီးဖြစ်အောင်ကို တမင်ဖန်တီးနေသလား ထင်ရတယ်။ နိုဝင်ဘာလထဲကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲက ကမ္ဘာကြီး အတွက် အကူအညီဖြစ်နိုင်မလား၊ ကမ္ဘာကြီး ပိုတောက်လောင်အောင် မီးစာဖြစ်လာမလား စောင့်ကြည့်ရမယ့်အနေအထားပါ။
နိုင်ငံများစွာပါဝင်လာမယ့် စစ်ပွဲကြီးတွေကြောင့် လူသားသန်းပေါင်းများစွာ သေကျေပျက်စီးမယ့်ကိန်း ကြုံတွေ့ရနိုင်တယ်။ လက်ရှိ တစ်နှစ်သာသာရှိသေးတဲ့ အစ္စရေး ဂါဇာစစ်ကနေ လက်ဘနွန်အထိ ပျံ့နှံ့ သွားတဲ့ အစ္စရေးလက်ဘနွန်စစ်ပွဲကြောင့် လူသောင်းချီ သေဆုံး၊ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီ။ ကမ္ဘာ့မြို့ကြီးတွေ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ အစ္စရေးဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ပါလက်စတိုင်းထောက်ခံတဲ့ ဆူပူအဓိကရုဏ်းတွေကနေ ဘာသာရေးပဋိပက္ခအသွင် ကူးပြောင်းသွားရင် ပိုပြီးကြောက်စရာ ဖြစ်လာမယ်။
အစ္စရေးနဲ့ အီရန်က အလုံးစုံစစ်ကြီးဖြစ်နိုင်မယ့် အနေအထားမှာရောက်နေပြီး ထိုင်ဝမ်ကျွန်း ပတ်လည်မှာ ရုတ်တရက် စစ်ရေးတင်းမာလာတဲ့ တရုတ်-ထိုင်ဝမ်အရေးကလည်း ရတက်မအေးစရာ ဖြစ်လာတယ်။ မမျှော်လင့်ထားတဲ့ နိမိတ်ဆိုးတစ်ခုက အဆက်အသွယ်အားလုံး ပြတ်တောက်သွားခဲ့တဲ့ တောင်နဲ့မြောက်ကိုရီးယားအခြေအနေ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်အချို့ ကမ္ဘာစစ်ကြီးမဖြစ်အောင် ကြိုးစားတားနေကြပေမယ့် ရပ်တန့်ဖို့မတတ်နိုင်တဲ့ ဒေသစစ်ပွဲတွေကြားမှာ ကမ္ဘာ့ပြည်သူအားလုံးအတွက်တော့ စိုးရိမ်စရာအပြည့်ပါပဲ။ နောင်လာမယ့် အနာဂတ်စစ်ပွဲတွေရဲ့ရလဒ်မှာ အနိုင်အရှုံးဆိုတာရှိပါတော့မလား။ ကမ္ဘာကြီးမှာ အမုန်းတရားအပြည့်နဲ့ အားလုံးပျက်သုဉ်းမယ့်ကိန်းသာ မြင်နေရတယ်။ အရာအားလုံးကို အဆိုးမြင်လွန်းတယ်လို့ မမှတ်ဘဲသတိဆိုတာ ပိုတယ်မရှိအောင် ဆင်ခြင်နိုင်ရန်သာ ဖြစ်ပါတယ်။
အရင်းအမြစ်အားလုံးကိုအသုံးချ ကြိုတင်ပြင်ဆင်ကြရပြီ
ကြိုတင်ပြင်ဆင်မှုအားနည်းရင် ဆုံးရှုံးနိုင်ခြေပမာဏ အလွန်ကြီးမားတယ်ဆိုရာမှာ နိုင်ငံ့မူလ အရင်းအမြစ်စွမ်းအားစုတွေနဲ့က အဓိကသက်ဆိုင်ပါတယ်။ လူသားအရင်းအမြစ် men ၊ စက်ပစ္စည်း နည်းပညာ material၊ ငွေကြေးဓန money အင်အားများက အရေးကြီးသလို လူတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက် mind က ပိုပြီးအခရာကျတယ်လို့လည်း ယူဆမိတယ်။ ထိုအရင်းအမြစ်အားလုံးက ကျွန်တော်တို့နိုင်ငံမှာက အကန့်အသတ်နဲ့သာ ဖြစ်နေတယ်။ အချင်းချင်းညီညွတ်မှု မရှိ၊ တည်ငြိမ်မှု မရှိ၊ အကျင့်ပျက်မှုများ အနာဂတ်အမြော်အမြင်နဲ့ ကြိုတင်မြော်တွေးမှုမရှိ၊ သူများမြှောက်ပေးတိုင်း ကတတ်သူနဲ့ အမုန်းတရားများပြီး အသိခံယူချက်ချည့်နဲ့တဲ့ နိုင်ငံ့လူ့အဖွဲ့အစည်းမျိုးဟာသူများ လက်အောက်သူများနောက် ရောက်ရနိုင်ကြောင်း သတိရှိသင့်တယ်။ ဘယ်တော့မှလည်း တိုးတက်မှာ မဟုတ်တဲ့အပြင် တကယ်တမ်းဖြစ်လာရင် နောက်ဆက်တွဲဆိုးကျိုးနဲ့ သက်ရောက်မှုပမာဏ အလွန်များပြားပါလိမ့်မယ်။
အရေးကြုံရင် သူများအားကိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဘယ်သူမှလည်း အကူအညီပေးနိုင်မှာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း အကြွင်းမဲ့ယုံလို့မရပါဘူး။ အားလုံးက သူ့အကျိုးကိုယ့်အကျိုး အခြေခံစဉ်းစားကြတာပါပဲ။ လက်ရှိ ရုရှားကိုရင်ဆိုင်နေတဲ့ ယူကရိန်းဖြစ်အင်ကိုပဲကြည့်ပါ။ သုံးနှစ်ကြာ လာတဲ့ပဋိပက္ခမှာ အမေရိကန်နဲ့နေတိုးက ယခင်ကလို အင်တိုက်အားတိုက် အကူအညီမပေးနိုင်တော့တဲ့ အခြေအနေမှာရောက်လာတယ်။ အထောက်အပံ့တွေ ဆက်ရှိနေပေမယ့် ပေးတဲ့ပမာဏနည်းလာသလို ထောက်ပံ့တဲ့လက်နက်ကို သုံးချင်တိုင်းသုံးလို့မရ ကန့်သတ်ခံထားရတဲ့ အနေအထားမှာ ယူကရိန်းရဲ့ လက်ရှိအနေအထားဟာ ကျားသနားမှနွားချမ်းသာမယ့်အဖြစ်မျိုး ရောက်နေရပြီ။
ထို့အတူ အစ္စရေးက ဂါဇာနဲ့လက်ဘနွန်ကို ကြေမွအောင်တစ်ဖက်သတ် တိုက်ခိုက်နေပေမယ့် ပါလက်စတိုင်းသားတွေကို အစ္စလာမ်နိုင်ငံတွေက စိတ်ဓာတ်ရေးရာအင်အားကလွဲပြီး ရုပ်ဝတ္ထုပိုင်း ဆိုင်ရာမှာ ပြည့်ပြည့်ဝဝ ကူညီပေးနိုင်တဲ့အနေအထား မှာမရှိပါဘူး။ ယနေ့ ကမ္ဘာ့ပဋိပက္ခအားလုံးကို UN လည်းမကူနိုင်၊ UN ငြိမ်းချမ်းရေးတပ်လည်းမနိုင်ဖြစ်လာတဲ့ အနေအထားတွေဟာ စိုးရိမ်စရာပါ။ ဒီအချက်တွေဟာ ကမ္ဘာကြီးအတွက်ကောင်းတဲ့ အခြေအနေမဟုတ်ဘူးဆိုပေမယ့် လတ်တလောမှာ အဆိုးတွေကြား ကောင်းကွက်လေးတစ်ကွက်၊ နှစ်ကွက်လောက် ခပ်ရေးရေးတွေ့မြင်ရခြင်းက အားတက် စရာဖြစ်မိတယ်။ လူဦးရေ သန်း ၄၀၀၀ လောက်ကို ကိုယ်စားပြုနေပြီး နိုင်ငံများစွာက စိတ်ဝင်စားမှု ရှိလာတဲ့ BRICS အဖွဲ့ကြီး ပေါ်ထွက်လာခြင်းနဲ့အတူ အိမ်နီးချင်းနျူအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်လက်ချင်းချိတ်ဆက်လာတဲ့ ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းတွေက ကမ္ဘာ့ပြည်သူတွေအတွက် အားတက်စရာတွေပဲ ဖြစ်ပါတယ်။
နိုင်ငံအားလုံးက စစ်တိုက်ဖို့ စစ်ပြင်နေကြတဲ့ အနေအထားမှာ မိမိပြည်တွင်း မိမိအင်အားကသာ အဓိကဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ လက်ရှိကာလမှာ လူသားအရင်းအမြစ်နဲ့ လုပ်နိုင်မယ့် စွမ်းအားကို အပူတပြင်းကြိုးစားတည်ဆောက်နေပါတယ်။ တိုးပွားအောင်အပြင် မယုတ်လျော့အောင် လည်း ကြိုးစားနေရတယ်။ အနာဂတ်ကမ္ဘာစစ်ကြီးတွေအထိမြော်တွေးပြီး နိုင်ငံမှာပြည်သူပါဝင်တဲ့ စစ်ရေးစွမ်းအားကို တည်ဆောက်ရတယ်၊ ပညာတတ်တွေတိုးပွားလာအောင်ပညာရေးကို မြှင့်တင်နေရတယ်။
စိတ်ဓာတ်ကောင်း၊ ခံယူချက်ကောင်းတွေနဲ့ ခံယူတတ်အောင်လည်း ယဉ်ကျေးမှုအားကစားကဏ္ဍ တွေကတစ်ဆင့် တည်ဆောက်ပေးနေတယ်။ တစ်ဖက်က အရာရာပိတ်ဆို့မှုတွေကြား အဖျက်အမှောင့်တွေကြားက စီးပွားရေးရေခံမြေခံကောင်းအောင်လည်း တည်ဆောက်နေရတယ်။ ပြည်သူ့စစ်မဟာဗျူဟာအရ ပြည်သူ့စစ်မှုထမ်း၊ အရန်စစ်မှုထမ်း စတဲ့ကြိုတင်ပြင်ဆင်မှုတွေဟာ နိုင်ငံ မြေ၊ ရေ၊ လေထုနဲ့ ဒီအပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မဆုံးရှုံးရလေအောင် ဖြစ်ပါတယ်။ ထိုနည်းတူ မလိုလားအပ်ဘဲ ကိုယ့်နိုင်ငံသားတွေရဲ့ အသက်တွေ၊ အခြေခံအဆောက်အအုံတွေ မလျော့ပါးရအောင်လည်း ညီညွတ်ရေးစကားဝိုင်းတွေနဲ့ ထပ်ခါထပ်ခါ ဖိတ်ခေါ်၊ မတူတာတွေတူမျှလာပြီး ဆန့်ကျင်ဘက်တွေနည်းလာအောင် စည်းလုံးညီညွတ်မှုရှိလာအောင် အတတ်နိုင်ဆုံးဖေးဖေးမမနဲ့ ထိန်းသိမ်းနေကြောင်း တွေ့ရမှာဖြစ်တယ်။ ဒါတွေ အားလုံးက နိုင်ငံနဲ့ နိုင်ငံသားအားလုံးရဲ့ အနာဂတ် စိန်ခေါ်မှုတွေအတွက် ကြိုးစားတည်ဆောက်နေတဲ့ အင်အားနဲ့အခွင့်အလမ်းတွေပါပဲ။ ကိုယ့်နိုင်ငံအခြေအနေကော ယူကရိန်း၊ အစ္စရေး၊ ပါလက်စတိုင်း၊ လက်ဘနွန်စတဲ့ ကမ္ဘာ့နိုင်ငံအချို့ရဲ့ အဖြစ်အပျက်တွေကိုပါ သင်ခန်းစာယူပြီး ကြိုတင် မြော်တွေးလုပ်သင့်တာလုပ်နေရတာ ဖြစ်ပါတယ်။
အဓိကအချက်က သဘာဝတရားကပေးတဲ့ အတွေ့အကြုံနဲ့အသိတရားက အလွန်အရေးကြီးတယ်ဆိုတဲ့အချက်ပါပဲ။ ယနေ့ကျွန်တော်တို့နိုင်ငံရဲ့ များပြားလှတဲ့ အတွေ့အကြုံနဲ့ များပြားလှတဲ့ သင်ခန်းစာတွေက တန်ဖိုးကြီးတဲ့ အသိတရားတွေကိုပေးနေပါတယ်။ ထို့အတူ ဖတ်မှတ်မြင်သိရတဲ့ ယနေ့ကမ္ဘာ့အရေးအခင်းအားလုံးကလည်း အတွေ့အကြုံတွေပါပဲ။ ချိန်ထိုးလေ့လာလို့ အကောင်းဆုံးအရာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် မျက်ခြည်မပြတ် လေ့လာနေရပါမယ်။
ကမ္ဘာကြီးကို ခြိမ်းခြောက်မှုက ဘယ်ကနေလာမလဲ.. မှန်းဆရခက်ပေမယ့် နောက်ကွယ်က စစ်ပွဲဖန်တီးနေတဲ့ အနောက်အုပ်စု လက်မည်းတွေကိုတော့ မြင်နိုင်ရပါမယ်။ မြန်မာနိုင်ငံကြီး ပြိုကွဲပျက်စီး အောင်လုပ်နေတဲ့ ပြည်ပစွက်ဖက်မှု အတိတ်ပစ္စုပ္ပန် ဖြစ်ရပ်တွေနဲ့ ဆက်စပ်ကြည့်ရင် တွက်ဆဖို့မခက်ပါဘူး။ အထူးသဖြင့် အရှေ့အလယ်ပိုင်း အင်ဒိုပစိဖိတ်နဲ့ ဥရောပဒေသအခြေအနေနဲ့ အမေရိကန် ပြည်တွင်းနိုင်ငံရေးအခြေအနေတွေဟာ ယခုအချိန်မှာ အထူးအာရုံစိုက်လေ့လာရမယ့် အကြောင်းအရာတွေပါပဲ။ ဘယ်ဟာအမှား ဘယ်ဟာအမှန် အကြောင်းအကျိုးသက်ရောက်နိုင်မှု အတိုင်းအတာတွေကို ခွဲခြားဆက်စပ်သုံးသပ်ပြီး အနာဂတ်ဖြစ်လာနိုင်ခြေတွေနဲ့အတူ မျှော်လင့်မထားတဲ့ ရုတ်တရက်အပြောင်းအလဲတွေအတွက် ကြိုတင်မြော်တွေး ပြင်ဆင်ထားကြရမှာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားတာတောင် တကယ့်လက်တွေ့မှာ ခက်ခဲစွာ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝကပ်ဘေးအတွေ့အကြုံများစွာရခဲ့ခြင်းဟာ လက်တွေ့ပါပဲ။ ဆောင်းပါးရဲ့ အဓိကဆိုလိုရင်းကတော့ လက်ရှိအကြောင်းတရားတွေအရ ကျွန်တော်တို့အားလုံးဟာ မျှော်လင့်မထားတဲ့ အခြေအနေတွေကို မဖြစ်မနေ ရင်ဆိုင်ရဦးမှာပါ။ လက်နက်ဘေး၊ ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးဘေး စတဲ့ကပ်ဘေးတွေကိုဖြစ်စေတဲ့ မျက်မှောက်အကြောင်းတရားတွေလည်း မြင်နေပြီပဲ။ ပညာဉာဏ်နဲ့ ကြိုတင်မြော်တွေးပြီး မိမိတို့မှာရှိသမျှ လူ၊ ပစ္စည်း၊ ငွေ၊ စိတ်ဓာတ် အရင်းအမြစ်အားလုံးကို အကောင်းဆုံးအသုံးချနိုင်စွမ်းရှိဖို့သာပဓာနပါ။ အားလုံးထဲမှာ အဓိက အကျဆုံးက စိတ်ဓာတ်လို့ ခံယူထားတဲ့အတွက် အတွေ့အကြုံ သင်ခန်းစာတွေနဲ့ ပေါင်းစပ်ထားတဲ့ ပညာအသိကနေ စိတ်ဓာတ်ကောင်းရအောင်သာ ကြိုးစားတည်ဆောက်ကြစို့...ဟူ၍ တင်ပြလိုက်ရ ပါတယ်။ ။