Skip to main content

ကမ္ဘာ့မီဒီယာဇာတ်ခုံပေါ်မှာ ဆွေးနွေးခဲ့ကြတဲ့ AI ခေတ်ရဲ့ သတင်းမီဒီယာတွေနဲ့ အနာဂတ်စိန်ခေါ်မှုတွေ

ထွန်းကျော်

ကမ္ဘာတစ်လွှား နည်းပညာအသစ်တွေ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့အတူ မျိုးဆက်သစ် AI နည်းပညာကို ကျယ်ပြန့်စွာအသုံးချမှုကြောင့် AI နည်းပညာဟာ အခုအခါမှာတော့ လူသားတွေအပေါ် လျင်မြန်စွာ လွှမ်းမိုးလို့လာနေပါပြီ။ ကျွဲကူးရေပါဆိုသလို ဖွံ့ဖြိုးတိုးတက်လာတဲ့ AI နည်းပညာနဲ့အတူ သတင်းမီဒီယာဟာလည်း အသွင်ကူးပြောင်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထပ်မံဆန်းသစ်လို့ လာခဲ့ပြီဖြစ်ပါတယ်။ ရှုပ်ထွေးနက်နဲလှတဲ့ နည်းပညာ စိတ်ကူးယဉ်အိပ်မက်မှသည် လက်တွေ့နယ်ပယ် ထဲအထိ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ လူသားမျိုးနွယ်ထုကြီးတစ်ရပ်လုံးကို စိတ်ကူးကြံစည်မှုတွေနဲ့ပြည့်နေတဲ့ အာကာသအချိန်သစ်တစ်ခုဆီသို့ ပို့ဆောင်ပေးနေပြီဖြစ်တဲ့အတွက် ခေတ်နဲ့တစ်ပြေးညီ စမတ်မီဒီယာ ခေတ်ဟာလည်း မကြာမီရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုဟာ မသေချာမှုတွေနဲ့ ပြည့်နှက်နေ

အလားတူ AI နည်းပညာဟာ သတင်းမီဒီယာလုပ်ငန်းကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ ပဟေဠိတစ်ခုအဖြစ် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုဟာ ဟိုးအရင်က သတင်းအချက်အလက်နဲ့ နည်းပညာပြောင်းလဲမှုလိုမျိုး အခုချိန်အထိ မသေချာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ နည်းပညာသစ်တစ်ခုရဲ့ ကောင်းကျိုးနဲ့ဆိုးပြစ်ဟာ သူ့ကိုလက်တွေ့စမ်းသပ် အသုံးမချခင်အချိန်အထိ “blackbox” ထဲမှာပဲ ရှိနေဦးမှာပါ။

AI ခေတ်မှာ သတင်းမီဒီယာတွေဟာ ဘယ်လို အခွင့်အလမ်းတွေစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရလဲ၊ သူတို့ရဲ့တာဝန်တွေနဲ့ ရည်မှန်းချက်တွေကို ဘယ်လိုဖြည့်ဆည်းဆောင်ရွက်သွားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ New China Research နဲ့ ဆင်ဟွာသတင်းအေဂျင်စီ ဉာဏ်ကြီးရှင်အဖွဲ့ရဲ့ သုတေသနစစ်တမ်းတွေအရ ၆၆ ရာခိုင်နှုန်းလောက်ဟာ ကမ္ဘာ့သတင်းမီဒီယာအများစုက သတင်းမီဒီယာကဏ္ဍအပေါ် မျိုးဆက်သစ် AI နည်းပညာရဲ့သက်ရောက်မှုကို အပြုသဘောနဲ့ကြိုဆိုကြပါတယ်။ ၆၇ ဒသမ ၆ ရာခိုင်နှုန်းကတော့ AI က ယူဆောင်လာတဲ့ အပြောင်းအလဲတွေ၊ အတွေ့အကြုံသစ်တွေကို အသုံးပြုနေကြပြီဖြစ်ပါတယ်။ ၅၁ ဒသမ ၂ ရာခိုင်နှုန်းရဲ့ထက်ဝက်ကတော့ အေအိုင်နည်းပညာကို စတင်အကောင်အထည်ဖော်နေ ကြပြီဖြစ်ပါတယ်။ မီဒီယာအဖွဲ့အစည်းတွေအနေနဲ့ အဓိကအားဖြင့် မျိုးဆက်သစ် AI နည်းပညာကို အချိန်နဲ့တစ်ပြေးညီ သတင်းတင်ဆက်ဖို့ မျှော်မှန်းထားကြပါတယ်။

တစ်ဖက်မှာ မျိုးဆက်သစ် AI နည်းပညာရဲ့ကောင်းကျိုးတွေ အနန္တရှိသော်လည်း တခြားတစ်ဖက်မှာလည်း သူနဲ့ပတ်သက်တဲ့ ယုံကြည်မှုချိုးဖောက်နိုင်တဲ့ အန္တရာယ်ကိုလည်း စိုးရိမ်နေရပါတယ်။ အထူးသဖြင့် သတင်းပုံဖျက်ခြင်းနဲ့ သတင်းမတိကျခြင်း အန္တရာယ်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာအများစုအနေနဲ့ မျိုးဆက်သစ် AI နည်းပညာကိုအသုံးချရာမှာ ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်တယ်လို့လည်း ယုံကြည်နေကြပါတယ်။

မီဒီယာအဖွဲ့အစည်းတွေနဲ့ သုံးစွဲသူတွေကို တစ်ခေတ်ဆန်းစေ

AI ဟာ သတင်းအကြောင်းအရာ စုဆောင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ အကဲဖြတ်ခြင်း အပါအဝင် သတင်းမီဒီယာဖန်တီးထုတ်လုပ်မှု လှိုင်းအသစ်ကို မောင်းနှင်နေပြီဖြစ်ပါတယ်။ AI နည်းပညာဟာ အချိန်နဲ့အာကာသကို ကျော်လွန်ပြီး ပုံရိပ်ယောင်နဲ့ လက်တွေ့ကမ္ဘာရဲ့ အပြန်အလှန် ဆက်သွယ်မှုတွေကို ပေါင်းစည်းကာ လူသားနဲ့စက်ပစ္စည်းတွေရဲ့ ဆက်သွယ်မှုတွေကို လွယ်ကူချောမွေ့စေမှုနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေဖြင့် မီဒီယာအဖွဲ့အစည်းတွေနဲ့ သုံးစွဲသူတွေကို တစ်ခေတ်ဆန်းစေပါတယ်။ ဒါ့အပြင် AI နည်းပညာဟာ အရာအားလုံးအတွက် မီဒီယာဗဟိုပြုချဉ်းကပ်မှု၊ မူဝါဒလမ်းစဉ် ဗဟိုပြုမီဒီယာနဲ့ ဒစ်ဂျစ်တယ်နဲ့ မှတ်ဉာဏ်စွမ်းရည်အသုံးပြုမှု၊ အခြားစက်မှုကဏ္ဍတွေအပါအဝင် စီးပွားရေးပုံစံသစ် အမျိုးမျိုးကိုလည်း ဖန်တီးပေးပါတယ်။

ဒါတွေဟာ AI နည်းပညာနဲ့ပတ်သက်တဲ့ ကောင်းကျိုးတွေဖြစ်သလို မသေချာမှုတွေ ပြည့်နေတဲ့ AI ကို မမှန်မကန်အသုံးပြုခြင်းကြောင့် အန္တရာယ်မျိုးစုံနဲ့မမြင်နိုင်တဲ့ စိန်ခေါ်မှုတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဥပမာ AI ကြောင့် ဖြစ်ပေါ်လာတဲ့ မှားယွင်းတဲ့အချက်အလက်တွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ကျယ်ပြန့်ကြီးမားလာပြီး ကမ္ဘာနဲ့ချီတဲ့စစ်မှန်မှုအကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် နည်းပညာကန့်သတ်ချက်တွေနဲ့ သုံးစွဲသူတွေရဲ့ ပုဂ္ဂလိကအကျိုးစီးပွားတွေဟာ ပူးပေါင်းလိမ်လည်မှုတွေကို ဖန်တီးဖြစ်ပေါ်စေသလို အများသူငါ အမြင်ကို ညစ်ညမ်းစေပြီး တစ်ဦးချင်းခံယူချက်နဲ့ လူမှုအဖွဲ့အစည်းဆိုင်ရာ ရေးသားဟောပြောချက်တွေအပေါ်လည်းမကောင်းတဲ့ သက်ရောက်မှုတွေဖြစ်စေပါတယ်။ ဒီအခြေအနေဟာ နိုင်ငံတကာသတင်းအချက်အလက်ဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ပိုမိုပြင်းထန်လာစေမှာ ဖြစ်ပါတယ်။ များပြားလှတဲ့ တန်ဖိုးထားမှုဆိုင်ရာ စံနှုန်းအငြင်းပွားမှုတွေနဲ့ ကျင့်ဝတ်ဆိုင်ရာ ကျပ်တည်းမှုတွေဟာ AI ကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ အုပ်ချုပ်မှုကြား အကျပ်ရိုက်စေမှာဖြစ်ပါတယ်။ AI ရဲ့ ပိုင်းခြားမှုကြောင့် လူအချင်းချင်းကြား၊ မြို့ပြနဲ့ ကျေးလက်ကြား၊တောင်နဲ့ မြောက်ကြား ကွာဟမှုကို ပိုမိုဖြစ်ပေါ်စေပြီး AI ဟာ နည်းပညာ လွှမ်းမိုးကြီးစိုးခြင်းကို အားပေးအားမြှောက်ပြုကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမညီမျှခြင်းကို ပိုဆိုးလာစေမှာဖြစ်ပါတယ်။

AI ကို အကောင်းဘက်မှာ အသုံးချနိုင်ရေး ကြိုးစားရမှာဖြစ်

လူမှုတာဝန်တွေကို ပခုံးထမ်းထားပြီး ပြည်သူသာ ပဓာနဆိုတဲ့မူဝါဒကို ဦးထိပ်ပန်ထားတဲ့ သတင်းမီဒီယာတွေဟာ AI ကို အကောင်းဘက်မှာ အသုံးချနိုင်ရေး ကြိုးစားရမှာဖြစ်သလို AI ခေတ်မှာ ၎င်းရဲ့ ပင်မတာဝန်တွေကို မီဒီယာတန်ဖိုးမြှင့်တင်ဖို့အတွက် ဉာဏထိုးထွင်းစွမ်းရည်မြှင့်တင်ဖို့၊ ခိုင်မာတဲ့စံချိန်စံနှုန်းတွေ ချမှတ်ဖို့အတွက်ကျင့်ဝတ်တွေကို ဦးစားပေးအသုံးပြုဖို့၊ သိမြင်မှုပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်စေဖို့အတွက် လူမှုရေးတာဝန်တွေကို ထမ်းဆောင်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုပုံစံ တိုးတက်စေဖို့အတွက် တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ဖို့ဆိုတဲ့ ကဏ္ဍလေးရပ်နဲ့အတူ ထမ်းဆောင်သွားရမှာပဲ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်သွားမယ်ဆိုရင် စွမ်းအားကြီးမားတဲ့ မီဒီယာအင်အားစုတွေဟာ မျှဝေထားတဲ့အနာဂတ်နဲ့အတူ အသိုက်အဝန်းတစ်ခုကို ပေါင်းစည်းတည်ဆောက်ပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဆီသို့ ရှေးရှုဦးတည်သွားနိုင်မှာ ဖြစ်ပါကြောင်း...။ ။