Skip to main content

တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာစေမည့် အသစ်တည်ဆောက်ပြီးစီးသော သမုတ်လွတ်လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံးတုံးတံတား

တိုင်းအလှတနင်္သာရီ

တနင်္သာရီတိုင်းဒေသကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ  တောင်ဘက်အစွန်ဆုံးတွင်  တည်ရှိသည်။ အကျယ်အဝန်းမှာ  ၁၆၇၃၅ ဒသမ ၅၆ စတုရန်းမိုင် ဧရိယာရှိပြီး  တနင်္သာရီတိုင်းဒေသကြီးတွင်  ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် မြို့နယ် ၁၀ မြို့နယ် ဖြင့်ဖွဲ့စည်းထားသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁၄ သိန်းကျော်  နေထိုင်ကြပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အရောင်းအဝယ် လုပ်ငန်းတို့ဖြင့်  အသက်မွေးဝမ်း ကျောင်း ပြုကြပါသည်။ တနင်္သာရီပင်လယ် ကမ်းရိုးတန်းအရှည် မိုင် ၅၀၀  (ကီလိုမီတာ ၈၀၀) ကျော်ရှည်လျားပြီး ကျွန်းငယ်ပေါင်း ၈၄၀ ကျော်ရှိသည်။  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုများသည် အရှေ့တောင်အာရှနှင့် အာရှတိုက်တွင် နာမည်ကျော်ကြားပါသည်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်း လှပသည့် ပင်လယ်၊ ရှည်လျားသည့်ကမ်းခြေနှင့် အေးချမ်းသာယာသော ကျွန်းစုများနှင့် တန်ခိုးကြီးစေတီပုထိုးများ  ရှိသောကြောင့်   ပြည်တွင်းပြည်ပမှ ခရီးသွားပြည်သူများ လာရောက် လေ့လာ အပန်းဖြေ သွားလာလည်ပတ်ကြသော   တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။

ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-တနင်္သာရီမှသည် ကော့သောင်းဆီသို့

တနင်္သာရီတိုင်းဒေသကြီးသည်  မြောက်မှတောင်သို့ ရှည်လျားပြီး  အရေးပါသော ပြည်ထောင်စု လမ်းမကြီးဖြစ်သော  ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်း လမ်းမကြီးသည် တိုင်းဒေသကြီး အတွင်းရှိ အရေးပါသောမြို့ကြီးများကို ဖြတ်သန်းသွားသည်။ ရေး(မလွှဲတောင်)မှ ထားဝယ်လမ်းအပိုင်းအရှည် ၈၂ မိုင် ၅ ဖာလုံ၊ ထားဝယ်-မြိတ် လမ်းအပိုင်းအရှည် ၁၄၆ မိုင်    ၅ ဖာလုံနှင့် မြိတ်-ကော့သောင်းလမ်းအပိုင်းမှာ ၂၇၄ မိုင် ၁  ဖာလုံရှည်လျားပြီး  တနင်္သရီတိုင်းဒေသကြီးအတွင်း ရေး (မလွှဲတောင်)မှ ကော့သောင်းအထိ လမ်းအရှည် စုစုပေါင်း ၅၀၃ မိုင် ၃ ဖာလုံရှိကြောင်း သိရှိရသည်။

ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-တနင်္သာရီ-

ကော့သောင်းလမ်း အဆင့်တိုးမြှင့် တည်ဆောက်ခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်  တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် တနင်္သာရီ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်း ဦးဆောင်သော လမ်းတံတား အထူးအဖွဲ့ များမှ အင်ဂျင်နီယာများ၊ ခရိုင်၊ မြို့နယ်များမှ အင်ဂျင်နီယာများ တို့သည် လမ်းအပိုင်းအလိုက် လမ်း/တံတားတိုးတက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်းသိရှိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-ကော့သောင်းလမ်းပိုင်းတွင် ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ လမ်း ၁၂၉/၀ မိုင်၊ ကွန်ကရစ် လမ်း ၄၃/၀ မိုင်နှင့် ကတ္တရာလမ်း ၃၃၁/၀ မိုင်တို့ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုလမ်းမကြီး ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-ကော့သောင်း လမ်းပိုင်းကို မူလ  ၁၂ ပေ အကျယ် ကတ္တရာ လမ်းမှ ၂၄ ပေအကျယ် နှစ်လမ်းသွား ကတ္တရာကွန်ကရစ် လမ်း(နိုင်လွန်ကတ္တရာလမ်း)အဖြစ်  ဆောင်ရွက်ခြင်း၊ အချို့လမ်းပိုင်းတွင် ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းများ အဖြစ် ဆောင်ရွက်ခြင်း၊ တံတားများကို လမ်းနှင့်အညီ အဆင့်မြှင့် တိုးချဲ့တည်ဆောက်ထားခြင်းကြောင့် ဒေသခံ ပြည်သူများနှင့် လမ်းအသုံးပြုသူများ၊ ကုန်စည်ပို့ဆောင်သူများ၊  ခရီးသွားပြည်သူများသည်   ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံချောမွေ့စွာ ခရီးသွားလာ၊ ကုန်စည်ကူးသန်းပို့ဆောင်နိုင်ကြပြီဖြစ်ပါသည်။

ပြည်သူအတွက်အကျိုးများ သမုတ်လွတ်လွတ်တံတား

သမုတ်လွတ်လွတ်တံတားသည် အာဆီယံလမ်းမကြီး (AH-112) ဖြတ်သည့် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-တနင်္သာရီ-ကော့သောင်းလမ်း (ထားဝယ်-မြိတ် လမ်းပိုင်း) ပြည်ထောင်စု လမ်းမကြီးပေါ်တွင်  တည်ရှိသည်။ မြိတ်မြို့နှင့် ပုလောမြို့ကို ဆက်သွယ်ပေးထားသော  တံတားတစ်စင်းဖြစ်သည်။ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ တည်ဆောက် ရန်ကျန်ရှိနေသည့်  တံတားကြီးတစ်စင်း ဖြစ်ကြောင်း သိရှိရသည်။

သမုတ်လွတ်လွတ်တံတားသည် ၁၂၈၇ ပေရှည်ပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိကာ  လူသွားလမ်း တစ်ဖက် သုံးပေစီပါရှိသည့် နှစ်လမ်းသွားတံတားဖြစ်သည်။ တံတားအမျိုးအစားမှာ  အုတ်မြစ် 1.5  Bore Pile၊ တံတားကိုယ်ထည်၊  တံတားတိုင်များမှာ   သံကူကွန်ကရစ် (RC-Concrete) များဖြစ်သည်။  တံတား အပေါ်ထည် (Super Structure) မှာ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ(P.C Girder)၊ သေတ္တာ ပုံသံမဏိ ရက်မ (Steel Box Girder)နှင့် သံကူကွန်ကရစ်ကြမ်းခင်း (R.C Decking)များဖြင့်   တည်ဆောက်ထားသည်။ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ နှင့်   ရေလမ်း ကင်းလွတ်အမြင့် ၁၅ ပေ ရှိသည်။ တံတားခံနိုင်ဝန်မှာ AASHTO HS.25 Load Class (ယာဉ်တစ်စီးချင်း ခွင့်ပြု တန်ချိန် ၇၅ တန်) ဖြစ်ကြောင်း သိရှိရပါသည်။

သမုတ်လွတ်လွတ်တံတားစီမံကိန်း   တန်ဖိုးမှာ ငွေကျပ်သန်း ၁၁၈၀၀ ရှိပြီး   ဆောက်လုပ်ရေး ဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် တံတားစီမံကိန်းကို  စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တံတားစီမံကိန်းပြီးစီး၍ မကြာမီ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်သော တံတားတည်ဆောက်ရေး အဖွဲ့(၄)မှ အင်ဂျင်နီယာများနှင့် ကာယ/ဉာဏ ဝန်ထမ်းများက တည်ဆောက်နေခြင်းဖြစ်ပါသည်။

သမုတ်လွတ်လွတ်တံတားတည်ဆောက်ခြင်းမပြုမီ မြိတ်မြို့မှ ထားဝယ်မြို့သို့သွားမည်ဆိုပါက သမုတ်မြစ် ရှောင်ကွင်းလမ်းမှ ပတ်သွားနေရပြီး နေ့စဉ်ယာဉ်စီးရေ ၂၅၀ မှ ၄၅၀ အတွင်း ဖြတ်သန်းသွား လာလျက်ရှိပါသည်။ ရှောင်ကွင်းလမ်းသည် ၂၅ မိုင်ရှည်လျားပါသည်။ သမုတ် လွတ်လွတ် တံတား ပေါ်ကဖြတ်သန်းသွားမည်ဆိုပါက ခရီးလမ်း ၁၄/၀ မိုင်သာရှိပြီး ၁၁/၀ မိုင် လျော့နည်းသွားသဖြင့် ယာဉ်မောင်းချိန် ၄၅ မိနစ်ခန့်သက်သာစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။ ၎င်းအပြင် သမုတ်ဘက်ကမ်းရှိ ကျေးရွာအုပ်စု သုံးအုပ်စု၊ ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ များ  လူဦးရေ ၁၂၀၀၀ ကျော်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စများဖြင့် မြိတ်မြို့သို့ သွားလာရာတွင်    သမုတ်လွတ်လွတ်တံတားကြီးမှဖြတ်သန်း၍ အချိန်တိုအတွင်း သွားလာနိုင်တော့ မည် ဖြစ်ပါသည်။

သမုတ်လွတ်လွတ်တံတားကြီးသည်   အာဆီယံ လမ်းမကြီး (AH-112 )နှင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ဆောက်ထားသဖြင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ကုန်စည် စီးဆင်းမှုလျင်မြန်ချောမွေ့စေခြင်း၊ မြိတ်ဒေသနှင့် ပုလော ပလောက်ဒေသများမှ အများပြည်သူများ  လူမှုစီးပွားတိုးတက်လာပြီး လွယ်ကူစွာကူးသန်းသွားလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာမည် ဖြစ်သည်။

လှပခံ့ညား တနင်္သာရီတံတား

တနင်္သာရီတံတားသည် အာဆီယံလမ်းမကြီး(AH- 112) ဖြစ်သည့်  ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း  ပြည်ထောင်စုလမ်းမကြီးနှင့်  မြိတ်-တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ် တွင်တည်ရှိသည်။ တနင်္သာရီမြို့အနီး တနင်္သာရီမြစ်ပေါ် တွင် ဖြတ်သန်းတည်ဆောက်ထားသည်။ မူလဘေလီ တံတားမှာ ပေ ၁၃၆၀ ရှည်ပြီး ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဘေလီတံတား ဟောင်းမှာ တစ်လမ်းမောင်းဖြစ်၍  ယာဉ်ကြောပိတ်ဆို့ မှုများ ဖြစ်ပေါ်ခြင်း၊ နေ့စဉ် ယာဉ်စီးရေ ၃၀၀ မှ ၄၀၀ အတွင်း ၁၈ တန်အောက် ကားများသာ ဖြတ်သန်းအသုံး ပြုနိုင်ခြင်း၊ ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာမှု မပြုနိုင်ခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။

တနင်္သာရီတံတားအရှည်မှာ ၁၄၄၄ ပေ ရှိပါသည်။ တံတားအမျိုးအစား အောက်ခံအုတ်မြစ် 1.5  Bored Pile ဖြစ်ပြီး တံတားကိုယ်ထည်၊ တံတားတိုင်များမှာ သံကူကွန်ကရစ် (RC-Concrete) ဖြစ်သည်။ တံတားအပေါ် ထည်မှာ သံကူကွန်ကရစ်ရက်မ (RC-Girder)၊ ကြိုတင် အားဖြည့်သံကူကွန်ကရစ်ရက်မ(PC-Girder)၊ သေတ္တာပုံ သံမဏိရက်မ(Steel Box Girder)နှင့် သံကူကွန်ကရစ် ကြမ်းခင်း(RC Decking) ဖြစ်ကြောင်း  သိရှိရသည်။ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် လေးပေစီ နှစ်ဖက် ပါဝင်ပါသည်။

ရေလမ်းကင်းလွတ်အကျယ်  ၁၆၄ ပေ၊  ရေလမ်း ကင်းလွတ်အမြင့် ၃၃ ပေရှိပြီး တံတားခံနိုင်ဝန်  ယာဉ် တစ်စီးချင်း ၇၅ တန်(Load Class = AASHTO HS 25 ) ဖြစ်ပါသည်။ တနင်္သာရီတံတား စီမံကိန်းတန်ဖိုးမှာ ငွေကျပ် သန်း ၁၂၆၀၀ ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်  တံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့     (၄)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်သော အင်ဂျင်နီယာများနှင့် ကာယ/ဉာဏ ကျွမ်းကျင်ဝန်ထမ်းများက (၁-၈-၂၀၁၇) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၃၁-၅-၂၀၂၀ )ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ ကြောင်း သိရှိရပါသည်။

ကုန်တင်ယာဉ်ကြီးများသည် တနင်္သာရီတံတားသစ်ကြီးမှ ဖြတ်သန်း၍ မြိတ်-တနင်္သာရီ- မောတောင်လမ်းမှ ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ နယ်စပ်ကုန်သွယ် ရေးစခန်းသို့ ကုန်စည်များ လွယ်ကူစွာ ပို့ဆောင်နိုင်တော့မည်ဖြစ်ပါသည်။  တနင်္သာရီတံတားသစ်ကြီးကြောင့်     လမ်းပန်း ဆက်သွယ်ရေး ပိုမိုချောမွေ့လာပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ  အရှိန်အဟုန်ဖြင့် တိုးတက်လာမည် ဖြစ်ကာ   တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ လျင်မြန် စွာဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်သည်။

ပင်လယ်ပြင်ဖြတ်တည်ဆောက်ထားသော

ပုလုံးတုံးတုံးတံတား

ပုလုံးတုံးတုံးကျွန်းသည် ကော့သောင်းမြို့မှ လေးမိုင်ခန့်ကွာဝေး၍ ကျွန်းပေါ်တွင် ပုလုံးတုံးတုံးရွာတည်ရှိပြီး အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ပင်လယ်ကျေးရွာလေးဖြစ်သည်။ ပုလုံးတုံးတုံးတံတားသည် ယခင်က သစ်သားတံတားဖြစ်သည်။  ကျေးလက်နှင့်  မြို့ပြတစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန်၊  လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန်  နိုင်ငံတော်၏ ရည်မှန်းချက်များအရ ဒေသခံပြည်သူများ၏  ပူးပေါင်း ဆောင်ရွက်မှုဖြင့် (၆-၁၂-၂၀၀၄)ရက်နေ့တွင် ပုလုံးတုံးတုံး သစ်သားတံတားကို တည်ဆောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။( ၂၆-၁၂-၂၀၀၄)ရက်နေ့တွင် သဘာ၀ဘေး အန္တရာယ် ပင်လယ်ပြင်ဆူနာမီဒဏ်ကြောင့် သစ်သားတံတားပျက်စီးသွားခဲ့သည်။ နိုင်ငံတော်၏ အားဖြည့်ပံ့ပိုးမှုများ၊ ဒေသခံပြည်သူများ၏ ကြံ့ခိုင်သောစိတ်ဓာတ်ခွန်အား များကြောင့် တံတားကြီးကို  ဒုတိယအကြိမ်  ပြန်လည် တည်ဆောက်ခဲ့ရာ (၂၃-၃-၂၀၀၅)  ရက်နေ့တွင် တည် ဆောက်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ပုလုံး တုံးတုံးသစ်သားတံတားကြီးမှာ  ပင်လယ်အတွင်းဖြစ်၍ သစ်သားတိုင်များ မကြာခဏ  ဆွေးမြည့်ယိုယွင်းခြင်း၊ ဒီပိုးစားခြင်းများကြောင့်   သစ်သားတိုင်များအစား ကွန်ကရစ်တိုင်များ  အစားထိုးမွမ်းမံခြင်းနှင့်  သစ်သား ကြမ်းခင်းများ အစားထိုးလဲလှယ် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရက ပြည်သူများ၏ လူမှုရေး၊ စားဝတ်နေရေး၊ လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်သည်နှင့်အညီ   ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့သည် ပုလုံးတုံးတုံးတံတားကြီးကို အခိုင်အမာ  ကွန်ကရစ် တံတားကြီး အဖြစ် (၁-၈-၂၀၁၇) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပါသည်။

ပုလုံးတုံးတုံးတံတားနှင့်ပတ်သက်သည့်

အချက်အလက်များ

ပုလုံးတုံးတုံးတံတားသည် ကော့သောင်းဘက်ကမ်းမှ ပင်လယ်ပြင်ကိုဖြတ်၍ ပုလုံးတုံးတုံးကျွန်းနှင့် ဆက်သွယ် ထားပြီး တံတားအရှည် ပေ ၂၄၀၀ ရှိပါသည်။ တံတားခန်း ဖွင့်များမှာ အလယ်တွင် ပေ ၉၀ အကျယ်အခန်း ၂၄ ခန်းနှင့် ဘေးနှစ်ဖက်တွင် ပေ ၆၀ အကျယ်အခန်း ၂ ခန်းစီ ပါဝင်ပြီး စုစုပေါင်းတံတားခန်းဖွင့် ၂၈ ခန်းရှိပါသည်။  တံတားအမျိုးအစားမှာ ကွန်ကရစ်ပိုင်တိုင်အုတ်မြစ် (1.5  Bored Pile)၊ တံတားကိုယ်ထည် သံကူ ကွန်ကရစ်(RC-Concrete)၊ တံတားအပေါ်ထည် သံကူကွန်ကရစ်ရက်မ(RC Girder)၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ(PC.Girder)၊ သံကူကွန်ကရစ်ကြမ်းခင်း (RC.Decking)များ ဖြစ်သည်။ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၅ ပေ ၆ လက်မရှိပြီး ရေလမ်းကင်းလွတ် အကျယ်ပေ ၈၀  နှင့် ရေလမ်းကင်းလွတ်အမြင့် သုံးပေ ရှိသည်။  ခွင့်ပြုယာဉ်အလေးချိန်   ယာဉ်တစ်စီးချင်း အလေးချိန်  ၇၅ တန် (Load Class= AASHTO.HS 25) ရှိပါသည်။ တံတားကြီး၏ စီမံကိန်းတန်ဖိုးမှာ ငွေကျပ်သန်း ၁၃၄၄၀ ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့    ခွင့်ပြု  ရန်ပုံငွေများဖြင့် (၁.၈.၂၀၁၇)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း တံတား တည်ဆောက် ပြီးစီးကြောင်း သိရှိရသည်။ ပုလုံးတုံးတုံးတံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန  တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်သော အင်ဂျင်နီယာများ၊ ကာယ/ဉာဏ ကျွမ်းကျင်လုပ်သားများနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အကျိုးကျေးဇူးများ ပုလုံးတုံးတုံးတံတား

ပုလုံးတုံးတုံးတံတားသည် ပင်လယ်ပြင်ကိုဖြတ်သန်း တည်ဆောက်ထားခြင်းကြောင့် အလွန်သာယာ လှပပါသည်။ ကော့သောင်းမြို့နယ်တွင် လူဦးရေပေါင်း ၃၀၀၀၀ ကျော် နေထိုင်ကြသည်။  ပုလုံးတုံးတုံး တံတားပေါ်မှ ဆိုင်ကယ် အစီး ၃၇၀ ၊ သုံးဘီး ၅၅ စီး၊ ယာဉ်ငယ် ၂၁ စီးခန့် နေ့စဉ်ဖြတ်သန်း သွားလာလျက်ရှိသည်။ ပုလုံးတုံးတုံးကျွန်းပေါ်နေထိုင်သော ဒေသခံပြည်သူများသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြပါ သည်။ မကြာမီ တံတားကြီးဖွင့်လှစ်ပြီးပါက ပုလုံးတုံးတုံး ကျေးရွာမှ ကော့သောင်းမြို့သို့ ရေလုပ်ငန်းထွက်ကုန် ပစ္စည်းများပို့ဆောင်ရာတွင် လျင်မြန်လွယ်ကူလာမည် ဖြစ်ပါသည်။ ပုလုံးတုံးတုံးကျွန်းကမ်းခြေတွင် အပန်းဖြေ နားနေရန်၊ ပုလုံးတုံးတုံးကျွန်းပေါ်ရှိ ဒေသခံပြည်သူများ၏  ယဉ်ကျေးမှုဓလေ့စရိုက်များကို  လေ့လာနိုင်ရန်နှင့်    ဒေသထွက်ပစ္စည်းများဝယ်ယူနိုင်ရန်တို့အတွက် မြန်မာ ပြည် အရပ်ရပ်ရှိ ပြည်သူများ လာရောက်ကြည့်ရှု လေ့လာနိုင်မည့်   အကျိုးကျေးဇူးများ   ရရှိလာမည် ဖြစ်သည်။ ကော့သောင်းမြို့နယ် ပတ်ဝန်းကျင်ဒေသများ ဖြစ်သော ပုလုံးတုံးတုံးကျွန်း၊  သူဋ္ဌေးကျွန်း၊  ညောင်ဦးဖီးကျွန်း၊ ပုလဲကျွန်း၊  အသည်းပုံကျွန်း  စသည့်  ပင်လယ်ထဲမှ လှပ သောကျွန်းများသို့ ခရီးသွားလာ  အပန်းဖြေလေ့လာ နိုင်ခြင်း၊  ကော့သောင်းဒေသပတ်ဝန်းကျင်ရှိ   လယ်ယာထွက်ကုန်နှင့် ရေလုပ်ငန်းထွက်ကုန် ပစ္စည်းများကို မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းများသို့ အလွယ်တကူ ပို့ဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များလည်း  ရရှိ နိုင်မည်ဖြစ်သည်။။  တနင်္သာရီတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသော  တံတားကြီးများ ဖြစ်သည့်  သမုတ် လွတ်လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံးတုံး တံတားများတည်ဆောက် ပေးခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလာရေးနှင့်  ကုန်သွယ်ရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာခြင်း ကြောင့်   တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၏  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)