တရားမဝင်ကုန်သွယ်မှုများအား သတင်းပေးတားဆီးနိုင်ခြင်းဖြင့် သတင်းပေးဆုငွေ ယူကြပါစို့
ဖိုးအောင်
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးကြီးသောအပိုင်းကပါဝင်ပြီး နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် အဓိကကဏ္ဍတစ်ရပ်ဟုလည်း ဆိုနိုင်ပေ သည်။
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က မူဝါဒများချမှတ်ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်တွင်လည်း စီးပွားရေးမသမာမှုများကို ကာကွယ်တားဆီးရန် ဆောင်ရွက်ရပါသည်။ တစ်ဖက်တွင်လည်း ဝိသမလောဘသား စီးပွားရေးသမားများက နိုင်ငံတော်အကျိုးနှင့် ပြည်သူ့အကျိုးကိုမငဲ့ဘဲ ရရာနည်းလမ်းရှာကြံ၍ တရားမဝင် တင်သွင်း၊ တင်ပို့ခြင်းများဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။
တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုမှုများအနက် “နိုင်ငံတကာ ဥပဒေများအရ သတ်မှတ်ထားသည့် တရားမဝင်ကုန်စည်များကို ထုတ်လုပ်ခြင်း၊ ဝယ်ယူခြင်း၊ ပို့ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ဖြန့််ဖြူးခြင်းနှင့် အဆိုပါဆောင်ရွက်ချက်များကိုအားပေးရန် ရည်ရွယ်သည့် မည်သည့်လုပ်ဆောင်မှုကိုမဆို တရားမဝင်ကုန်သွယ်မှု” ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှုဖြစ်ပေါ်စေပါသည်။ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းကြောင့် စျေးကွက်ပျောက်ဆုံးရပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရှင်သန်နိုင်ရေးအတွက်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။
နိုင်ငံ ၈၄ နိုင်ငံအနက် အဆင့် ၈၂ နေရာတွင် ရပ်တည်နေ
တရားမဝင်ကုန်သွယ်မှု များပြားလာခြင်းကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးမတည်ငြိမ်မှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးများကို ထိခိုက်စေသည့်အတွက် တရားမဝင်ကုန်သွယ်မှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် ကာကွယ်တားဆီးရမည်ဖြစ်ပါသည်။ တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသည့် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံ ၈၄ နိုင်ငံ အနက် အဆင့် ၈၂ နေရာတွင် ရပ်တည်နေပြီး ရမှတ် ၂၃ မှတ်သာရှိသည်ဟု သိရှိရပါသည်။
ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှုအခြေအနေ ညွှန်းကိန်းဆိုသည်မှာ အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့်ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်စသည့် အညွှန်းကိန်းလေးခုဖြင့် တိုင်းတာကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှုအခြေအနေ ညွှန်းကိန်းမြင့်တက်လာမှု နှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာနအချင်းချင်းအကြား ပူးပေါင်းမှုမြှင့်တင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းပြီး နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ” ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီကလည်း နိုင်ငံနှင့်ပြည်သူလူထုအကျိုးငှာ အချိန်ဆိုင်းမနေဘဲ လျင်မြန်သောအရှိန်အဟုန်ဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကလည်း အထူးကောင်းမွန်လှပါသည်။
နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ နစ်နာဆုံးရှံးမှုမရှိစေရေး၊ နိုင်ငံအတွင်းသို့ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ဝင်ရောက်မှုမရှိစေရေး၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် တားမြစ်ပိတ်ပင်ထားသည့် ကုန်ပစ္စည်းများတင်သွင်း၊ တင်ပို့၊ သယ်ဆောင် မှုမရှိစေရေးအတွက် ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
တရားမဝင်ကုန်သွယ်မှုများသည် ဆယ်စုနှစ်များစွာ အမြစ်တွယ်ရှင်သန် ကြီးထွားနေသည့်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးသည် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ အထိရောက်ဆုံးကာကွယ်တားဆီး နိုင်မည်ဖြစ်သည်။ လက်ရှိတွင်လည်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် တာဝန်သိ နိုင်ငံသားစိတ်ဓာတ်ဖြင့် သတင်းပေးပို့သည့် ပြည်သူများ ပူးပေါင်းပါဝင်လျက်ရှိပါသည်။
သတင်းပေးပို့သူနှင့်ပတ်သက်သော အချက်အလက်များကိုလည်း လျှို့ဝှက်စွာ ထိန်းသိမ်းထား ရှိပါသည်။ သတင်းပေးပို့မှုများအရ တားဆီးဖမ်းဆီးရမိသည့် တရားမဝင်ကုန်ပစ္စည်းအပေါ်တွင် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် ကုန်ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံတင်ရောင်းချခြင်းတို့မှ ရရှိသည့်ငွေ၏ ၂၀ ရာခိုင်နှုန်း (ဥပမာ ငွေကျပ်သန်း ၁၀၀ ဖြစ်ပါက ကျပ်သန်း ၂၀) ကို သတင်းပေးသူများအား ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၀) လုပ်ထုံးလုပ်နည်းနှင့်အညီ သတင်းပေးဆုငွေများ လျှို့ဝှက်စွာ ဆက်သွယ်ချီးမြှင့်လျက် ရှိပါသည်။
သတင်းပေးပို့မှုကြောင့် ဖမ်းဆီးနိုင်ခဲ့သည့် အမှုတွဲ ၃၃၃ မှု
ထို့အပြင် တည်ဆဲပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးခြင်းမှ ရရှိသော ဖမ်ဆီးဆုငွေနှင့် သတင်းပေးဆုငွေများအား ဝင်ငွေခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားသဖြင့် သတင်းပေးပြည်သူများအတွက် နိုင်ငံတော်က အခွင့်အရေးတစ်ရပ်အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆုငွေအဆင့်သို့ ရောက်ရှိပြီး ဆုငွေများချီးမြှင့်ပေးသည့်အမှုတွဲ ၃၆၄၂ မှုရှိခဲ့ပြီး ထိုအမှုတွဲများတွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးနိုင်ခဲ့သည့် အမှုတွဲ ၃၃၃ မှု ပါဝင်ပါသည်။
သတင်းပေးသူများအတွက်လည်း သတင်းပေးဆုငွေကျပ် ၁၄၃၀ ဒသမ ၂၆၀ သန်း ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ ကျန်ရှိသည့်အမှုတွဲများကို လည်း အမြန်ဆုံးဆုငွေချီးမြှင့်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ ပြည်သူများက ပူးပေါင်းပါဝင်၍ ယခုထက် ပိုမိုသတင်းပေးပို့နိုင်ပါက တရားမဝင် ကုန်သွယ်မှုများအား ပိုမိုထိရောက်သော ဆောင်ရွက်မှုများဖြင့် တားဆီးထိန်းချုပ်နိုင်မည်ဟု ယုံကြည်မိပါသည်။
အချို့သောပြည်သူများက သတင်းပေးတိုင်ကြားလိုသော်လည်း မည်သည့်နေရာတွင် မည်သူ့ကို သတင်းပေးရမည်ကို မသိကြပေ။ အချို့ပြည်သူများကလည်း မိမိသတင်းပေးခြင်းကြောင့် ဝိသမလောဘသား စီးပွားရေးသမားများ၏ အန္တရာယ်ပြုလာမည်ကိုကြောက်၍ နှုတ်ဆိတ်နေ တတ်ကြပါသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက တရားမဝင်ကုန်သွယ်မှု များနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့် FM Radio များတွင် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ E-mail လိပ်စာများ ဖော်ပြလျက်ရှိသည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များသို့ ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ E-mail ဖြင့်လည်းကောင်း၊ လူကိုယ်တိုင်ဖြင့် လည်းကောင်း ယုံကြည်စိတ်ချစွာ သတင်းပေး တိုင်ကြားနိုင်ပါသည်။
သတင်းပေးသူဆိုရာတွင် နိုင်ငံတော်က ဥပဒေတစ်ရပ်ရပ်ဖြင့် ပိတ်ပင်၊ တားမြစ်ထားသော သို့မဟုတ် အကောက်ခွန်ပေးဆောင်ရန် ပျက်ကွက်နေသော သို့မဟုတ် အကောက်ခွန်တိမ်းရှောင်ရန် ကြိုးစားနေသော သို့မဟုတ် အကောက်ခွန်မဲ့ ဖြစ်သောပစ္စည်းများ ဖမ်းမိနိုင်ရေးအတွက် ပြည့်စုံတိကျသော အချက်အလက်များပေးပို့သူအား သတင်းပေးသူဟု မှတ်ယူနိုင်မည်ဖြစ်သည်။
သတင်းပေးသူနှင့်ပတ်သက်သည့် အချက်အလက်များ
သတင်းပေးသူနှင့်ပတ်သက်သည့် အချက်အလက်များအား အထူးလျှို့ဝှက်ထိန်းသိမ်းထားရှိသည့်အတွက် သတင်းပေးသူများအနေဖြင့် စိုးရိမ်မှုများမရှိရန် သက်ဆိုင်ရာ သတင်းလက်ခံသည့်ဌာနများကလည်း အာမခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက် တားဆီးဆောင်ရွက်နိုင်ပါက အထက်တွင်ဖော်ပြခဲ့သည့် ပြည်သူ့အကျိုးစီးပွား ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် နိုင်ငံတော်က ရသင့်ရထိုက်သော အခွန် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်အတွက် မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်၍ ထိထိရောက်ရောက် ဆောင်ရွက်နေသကဲ့သို့ နိုင်ငံ့စီးပွားရေးကဏ္ဍနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေသည့် တရားမဝင်ကုန်သွယ်မှုများအား ကာကွယ်တားဆီးနိုင်ရေး ပြည်သူများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်၍ နိုင်ငံတော်ကချီးမြှင့်ပေးသည့် သတင်းပေး ဆုငွေအား ဂုဏ်ယူစွာရယူကြပါစို့ဟု တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။