လက်ကိုင်ဖုန်းစွဲလမ်းခြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးအမျိုးမျိုး
တင်ထက်ထက်ဇော်
လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၅၄ ရာခိုင်နှုန်း (လူပေါင်း ၄ ဒသမ ၃ ဘီလီယံ) ခန့်သည် တယ်လီဖုန်း သုံးစွဲနေကြပြီး ၎င်းတို့အနက် လူတော်တော် များများသည် ဖုန်းကိုသုံးစွဲရာတွင် အလုပ်သဘောထက် အပျော်အပါးကိစ္စများ၌သာ အာရုံကျက်စားလေ့ရှိသည်။ တစ်နည်းဆိုရလျှင် စခရင်ပေါ်တွင် အကြည့်ကို ပို့လွှတ်စူးစိုက်၍ အချိန်ကြာမြင့်စွာ စျာန်ဝင်စားခြင်းကြောင့် ရောဂါပေးစွမ်းနိုင်သောကိစ္စ၌ ထိပ်ဆုံးက ရပ်တည်နေသည်မှာ လက်ကိုင်ဖုန်းပင် ဖြစ်သည်။
ပညာရှင်များ၏ လေ့လာချက်မှတ်တမ်းများအရ ဖုန်းကြောင့် ရောဂါရစေနိုင်မှုရာခိုင်နှုန်းမှာ ၉၆ ရာခိုင်နှုန်းအထိပင်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ပ်တော့ပ်(Laptop)နှင့် ကွန်ပျူတာက ရောဂါရစေနိုင်မှု ၅၄ ရာခိုင်နှုန်း၊ ဘလူးတုသ် (Bluetooth) သုံးပါက ၃၂ ရာခိုင်နှုန်း၊ Wireless Router က ၂၀ ရာခိုင်နှုန်းနှင့် တက်ဘလက် (Tablet) သုံးလျှင် ၁၄ ရာခိုင်နှုန်း အန္တရာယ်ရှိကြောင်း သုတေသီများက ဆိုကြသည်။
အီလက်ထရွန်နစ်ကိရိယာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မျက်စိအဝေးမှုန်ခြင်း၊ မျက်စိခြောက်ခြင်းနှင့်အတူ ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။ ဖုန်း၊ တက်ဘလက်တို့ကို စွဲလမ်းခြင်း သို့မဟုတ် အရူးအမူးသုံးစွဲခြင်းမှာ နီကိုတင်း၊ အရက်နှင့် မူးယစ်ဆေးဝါးများကို မသုံးစွဲရမနေနိုင် စွဲလမ်းရူးသွပ်သွားခြင်းနှင့် မခြားနားပေ။ စစ်တမ်းတစ်ခုအရ လူလားမြောက်ပြီးသား လူသားတစ်ဦးသည် တစ်နေ့တာအတွင်း လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်၊ ပြန်ချလိုက်လုပ်မိသော အကြိမ်အရေအတွက်မှာ ၂၆၁၇ ကြိမ် အထိရှိကြောင်း သိရသည်။
ထိုမျှမက ဖုန်းကိုအထိန်းအကွပ်မဲ့ ကြာမြင့်စွာကြည့်ရှုမှုကြောင့် ဖြစ်ပွားနိုင်သော ရောဂါများမှာ ဦးနှောက်အကျိတ်ကင်ဆာ (Brain Tumor)၊ အမျိုးသားဖိုမျိုးစေ့မြုံခြင်း (Male Infertility)၊ နှလုံးရောဂါ (Heart Disease)၊ အမျိုးသမီးများ သန္ဓေသားလောင်းနှင့် ဆိုင်သောရောဂါ (Effect on Foetus)၊ နားကြားမှု အာရုံဆိုင်ရာရောဂါ (Ear Hearing Function)၊ အယ်လ်ဇိုင်းမားရောဂါ (Elzheimer’s Disease)၊ ပါကင်ဆန်ရောဂါ (Perkinson’s Disease) တို့ ဖြစ်ကြသည်။
ဖုန်းကြောင့် အအိပ်ပျက်ခြင်း
ရှေးကာလများက အိပ်ရာဆိုသည်မှာ နားနားနေနေ အိပ်စက်အသုံးပြုရန်အတွက်သာ သီးသန့်ဖြစ်သည်။ သို့သော် အင်တာနက်မီဒီယာများကို လူတန်းစေ့နီးပါး သုံးစွဲလာကြပြီဖြစ်ရာ စမတ်ဖုန်းများ၊ တက်ဘလက်(Table)၊ လက်ပ်တော့ပ် (Laptop) စသည်တို့ကလည်း အိပ်ရာထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ကြသည်။ ဖုန်းနှင့်အတူ အိပ်ရာဝင်လေ့ရှိသူများတွင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် အောက်ပါတို့ကို မလွဲမသွေ ခံစားရနိုင်သည်။
- အိပ်ရေးပျက်ကာ မျက်စိကြောင်စေသည်။
- ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှု လျော့ကျလာသည်။
- ဖုန်းကို စက်ပိတ်ထားသည့်တိုင်အောင် ၎င်းအီလက်ထရွန်နစ် ပစ္စည်းများ၏ မျက်နှာပြင်က အလင်းထုတ်လွှတ်နိုင်သေးသည်ဖြစ်ရာ အထူးသဖြင့် ကလေးများမှာ အိပ်မောကျခြင်း မဖြစ်စေ နိုင်တော့ပေ။
- ကလေးတွေအိပ်ရာထဲ ဖုန်းနှင့်အတူတူ အိပ်စက်ခြင်းက ၎င်းတို့ သက်တမ်းတစ်လျှောက် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါကို ဖြစ်နိုင်ရုံမျှမက Alzheimer's (ခေါ်) အရွယ်မတိုင်မီ ဦးနှောက်ဇရာ အကြိုရောဂါ ဖြစ်လာရန် သေချာနေပါသည်။
- အိပ်ရေးမဝခြင်းက ဦးနှောက်ထဲရှိ ghrelin (ခေါ် ) အစာစားချင် စိတ်ကို ချိုးနှိမ်ပေးသည့် ဟော်မုန်းထွက်ရှိမှုကို ကမောက်ကမ ဖြစ်စေသောကြောင့် ဗိုက်ဆာခြင်းနှင့် အာသာမပြေခြင်းတို့ကို ခံစားလာရသည်။ အထူးသဖြင့်အဆီနှင့် အချိုဓာတ်ကဲသော အစားအစာတွေကို အာသာငမ်းငမ်း စားလိုစိတ်ပြင်းပြ လာတတ်သည်။
- ဖုန်းကထုတ်လွှတ်လိုက်သည့် အပြာရောင်အလင်းရောင်စဉ် တန်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးသည်။ ၎င်းအလင်းရောင်စဉ်တန်းက ဦးနှောက်ထဲရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သည့် melatonin (ခေါ် ) ဦးနှောက်ပိုင်းဆိုင်ရာ ဓာတုပစ္စည်းကို အလွန်အမင်း လှုံ့ဆော်နှိုးဆွပေးနေသဖြင့် အိပ်မရခြင်းကို ဖြစ်စေသည်။
- အထူးသတိပြုရန်မှာ သာမန်ညအိပ်မီးသီးလေးမှ ထွက်ရှိသော အလင်းရောင်စဉ်ကလေးသည်ပင်လျှင် insomnia (ခေါ် ) အိပ်မရခြင်းဝေဒနာကို ခံစားရနိုင်သည်။ ထို့ကြောင့် ဖုန်းမျက်နှာ ပြင်မှထုတ်လွှတ်လိုက်သည့် အပြာရောင်အလင်းတန်းများက ညအချိန်မှာ ကြီးစွာသော ကျန်းမာရေးဒုက္ခကိုပေးနိုင်သဖြင့် အလွန်ဆိုးရွား ကြောက်မက်ဖွယ်ကောင်းသည့် အိပ်ရေးပျက်ခြင်း မိစ္ဆာတစ္ဆေကို အိပ်ရာထဲထား မအိပ်သင့်ပေ။
- လူမှုရေးနှင့် ဘဝကျွမ်းကျင်မှုဆိုင်ရာများ ဖွံ့ဖြိုးမှုနှေးကွေးလာခြင်းနှင့်အတူ ယုံကြည်မှု ကျဆင်းခြင်းပြဿနာ၊ စိုးရိမ်သောက ရောက်တတ်သောပြဿနာများလည်း ရင်ဆိုင်လာရသည်။
ဆယ်ကျော်သက်ရွယ်အများစုသည် ဟန်းဖုန်းအပေါ်မှာ နှစ်သက် စွဲလမ်းလွန်းသဖြင့် ဖုန်းမပါဘဲ အိပ်ရာမဝင်တတ်ကြတော့ပေ။ ညစဉ် ညတိုင်း အိပ်ရာထဲမှာ ဖုန်းဖြင့် game ဆော့ခြင်း သို့မဟုတ် စာရိုက် chatting တွေ ပြောနေကြသဖြင့် အိပ်စက်ချိန် နောက်ကျလေ့ရှိကြပြီး နောက်တစ်နေ့နံနက် ကျောင်းစာသင်ခန်းထဲရောက်သည့်အခါ သမ်းဝေငိုက်မျဉ်းခြင်း၊ အိပ်ရေးမဝခြင်းတို့ဖြစ်ကာ ကျောင်းစာအပေါ်မှာ အာရုံမစိုက်နိုင်တော့ပေ။ ထိုသို့စွဲလမ်းခြင်းသည် ပညာရေးကို ထိခိုက်လာစေသည့်အပြင် ကျန်းမာရေး၊ လူမှုရေးတွေမှာပါ ပြဿနာရှိလာနိုင်သည်။
မြီးကောင်ပေါက်များ ညဘက် chatting စာရိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုရှိ Rutgers New Jersey Medical School မှ Dr.Xue Ming က “လူငယ်တွေ အီလက်ထရွန်နစ် ပစ္စည်းတွေပေါ်မှာ စွဲလမ်းလွန်းနေတာကို လူကြီးမိဘတွေအနေနဲ့ လမ်းကြောင်းမှန်ကို တည့်မတ်စောင့်ကြပ်ပေးဖို့လိုပါတယ်။ သူတို့လေးတွေ ဖုန်းစွဲနေတာဟာ အိပ်ရာဝင်ချိန် နောက်ကျသွားတာကြောင့် အိပ်ရာထချိန်လည်း မမှန်တော့ဘူး။ အဲဒီအခါမှာ ကျောင်းစာတွေ မလိုက်နိုင် ဖြစ်ကုန်ကြပါတယ်၊ လေ့လာဆန်းစစ်မှုမှတ်တမ်းအရ အသက် ၈ နှစ်မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်တွေမှာ အီလက်ထရွန်နစ်သုံးစွဲချိန်ဟာ ပျမ်းမျှတစ်နေ့ကို ခုနစ်နာရီ၊ ခုနစ်နာရီခွဲလောက် ကြာအောင်သုံးနေကြတာကို တွေ့နေရပါတယ်” ဟုဆိုသည်။
ဆက်လက်၍ Dr.Xue Ming က “ကျောင်းသူ ကျောင်းသားတွေအနေနဲ့ တစ်ညကို နာရီဝက်ထက်ပိုပြီး ဖုန်းမသုံးသင့်ပါဘူး။ ဆယ်ကျော် သက်အရွယ်တွေသာမက လူကြီးပိုင်းတွေမှာလည်း ညဘက်အိပ်မပျော် လို့ဆိုပြီးဆေးရုံကိုလာပြကြတဲ့ လူနာအများစုဟာ စမတ်ဖုန်းတွေကို ညဘက် အသုံးများသူတွေ ဖြစ်နေတာကိုတွေ့ရပါတယ်” ဟု သတိပေးထားသည်။ ထိုသို့ စမတ်ဖုန်းစွဲလမ်းမှု ပြဿနာနှင့်ပတ်သက်ပြီး New Jersey Medical School မှ သုတေသီအဖွဲ့တစ်ဖွဲ့သည် လူဦးရေ ၁၅၃၇ ဦးကိုလေ့လာခဲ့ရာမှာ ဖုန်းထဲမှထွက်ရှိသော အီလက်ထရွန်နစ် အပြာရောင်အလင်းတန်းသည် လူကို အိပ်ချင်စိတ်ဖြစ်ပေါ်စေသည့် ဦးနှောက်မှ melatonin ဓာတ်ထွက်ရှိလာမှုကို ဟန့်တားပစ်လိုက် သဖြင့် အိပ်ချင်စိတ်ကို တဖြည်းဖြည်း နောက်ဆုတ်သွားစေကြောင်း လေ့လာတွေ့ရှိရသည်။
ထိုမျှမက ညအမှောင်ထဲမှာ မျက်စိမှိတ်ပြီး ဖုန်းပြောခြင်းကလည်း အိပ်စက်မှုကို ထိခိုက်စေသည်။ အဘယ်ကြောင့်ဆိုသော် စမတ်ဖုန်းက ထွက်ရှိသည့် အီလက်ထရွန်နစ် အပြာရောင်အလင်းတန်းက မျက်ခွံမှ တစ်ဆင့် ထိုးဖောက်ဝင်ရောက်သွားပြီး အာရုံခံအဖွဲ့အစည်းကို ကမောက်ကမ ဖြစ်စေကာ အိပ်ချင်စိတ်ကို ကြီးစွာသော အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် ညဘက်စမတ်ဖုန်းများကို သုံးစွဲသည့်အခါ လျှပ်စစ်မီးအလင်းရောင်ရရှိနိုင်သော နေရာမှာသာ သုံးစွဲသင့် သည်။ ၎င်းလျှပ်စစ်မီး အလင်းရောင်က ဖုန်းထဲမှ ယိုစိမ့်ထွက်လာသည့် အပြာရောင်အလင်းတန်းကို တန်ပြန်တိုက်ထုတ်ပေးနိုင်၍ ဦးနှောက်မှ melatonin ဓာတ် ထွက်ရှိလာမှုကို တစ်ဖက်တစ်လမ်းမှ အထောက် အကူ ဖြစ်စေကာ အိပ်မပျော်ခြင်းပြဿနာကို သက်သာပြေလျော့စေနိုင်သည်။
သို့ပါ၍ ညဘက်ဖုန်းကြာကြာပြောခြင်း သို့မဟုတ် game ဆော့ခြင်း သို့မဟုတ် ဖုန်း chatting စာရိုက်သည့်အခါ မီးမှိတ်ထားသည့် အိပ်ရာထဲမှာ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ကြောင်း၊ ကြီးကောင် ဝင်စအရွယ်တွေမှာ ဘက်စုံကျန်းမာရေးအတွက် တစ်ညကို ၈ နာရီ သို့မဟုတ် ၈ နာရီခွဲခန့်ကြာအောင် အိပ်ရေးဝဝ အိပ်စက်သင့်သည်။ လူကြီးမိဘများအနေဖြင့်လည်း သားသမီးများ ညအချိန် ဖုန်းသုံးခြင်းကို သတိပြုစောင့်ကြပ် လေ့လာသင့်ပါသည်။
ကလေးများ အိပ်ရေးမပျက်စေရေးအတွက် မိဘများကလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မိဘများကိုယ်တိုင် ဖုန်းကိုအိပ်ရာထဲထည့်၍ အသုံးပြုနေခြင်းက သား၊ သမီးများအတွက် မှားယွင်းသော အတုယူမှုဖြစ်စေသည်။ အထက်ဖော်ပြပါ အိပ်ရေးပျက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာမျိုးကို ဆယ်ကျော်သက်အရွယ်များ သာမက အရွယ်ရောက်ပြီးသူ လူကြီးများလည်း မလွဲမသွေကြုံတွေ့ ခံစားရနိုင်ပါသည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံမှ လူထုကျန်းမာရေး အသင်းအဖွဲ့တစ်ခုမှ ဆယ်ကျော်သက်များကို ဦးတည်၍ ပညာပေးဆောင်ပုဒ်တစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းဆောင်ပုဒ်မှာ FOMO (fear of missing out) ဖြစ်ပြီး ဆိုလိုချက်က ညအိပ်ရာဝင်ခါနီးတိုင်း ဖုန်းကို ပိတ်ထားကြရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
ဟန်းဖုန်းသုံးစဉ် သတိယှဉ်
တိုးတက်ခေတ်မီလာသော အင်တာနက်ခေတ်ရေစီးကြောင်းနှင့်အညီ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သော ဆယ်နှစ်ကျော် ခန့်ကစ၍ လူတန်းစေ့နီးပါး ဟန်းဖုန်းကိုင်နိုင်သော အခွင့်အရေးရှိလာခဲ့ သည်။ သာရေး၊ နာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည့် လူမှုရေးရာကိစ္စအရပ်ရပ်အတွက် အချိန်မရွေး အသုံးပြုနိုင်သဖြင့် ဟန်းဖုန်းက အလွန်အရေးပါ အရာရောက်ကာ အသုံးတည့်လှပါသည်။
ဟန်းဖုန်းသုံးစွဲခြင်း အန္တရာယ်နှင့်ပတ်သက်၍ အချို့သူများက သိထားကြပြီးဖြစ်သလို၊ အခြားမသိသေးသော လူအများစုအတွက် အကြံပြုမျှရပါလျှင် (က) ဖုန်းကို ဘယ်ဘက်(ဝဲဘက်) နားဖြင့်သာ နားထောင်ပါ။ (ခ) ဖုန်းဘက်ထရီအား အနည်းငယ်မျှသာ ကျန်ရှိနေပါလျှင် ဖုန်းနားမထောင်ပါနှင့်။ ထိုအချိန်တွင် ရေဒီယိုသတ္တိကြွနှုန်းက ပုံမှန် ဘက်ထရီအားပြည့်ချိန်ထက် အဆ ၁၀၀၀ မျှ အကြားအာရုံကို ဝန်အား ပိစေပါသည်။ (ဂ) ဖုန်းကို ခေါင်းအုံးအောက်ထား၍ မအိပ်ပါနှင့်။
ဟုန်းဖုန်း၏ ထောင့်စွန်းမှ ရေဒီယိုသတ္တိကြွဓာတ်များက အချိန်ပြည့် ထုတ်လွှတ်နေသဖြင့် ဦးနှောက်ကိုထိခိုက်စေကာ ဦးနှောက်အကျိတ်၊ ကင်ဆာဖြစ်စေတတ်သည်။ (ဃ) ညဘက်အိပ်ပျော်နေစဉ် ဟန်းဖုန်းမှထုတ်လွှတ်သော ရေဒီယိုသတ္တိကြွဓာတ်များအန္တရာယ်မှ လျော့ကျစေ ရန်အတွက် ဖုန်းကိုမိမိနှင့်ခပ်လှမ်းလှမ်းနေရာတွင် တင်ထားပါ။ ဖုန်းကိုနားနှင့်ကပ်၍မပြောဘဲ speaker (စပီကာ)ကိုသာဖွင့်ပြောပါ။ ဖြစ်နိုင်လျှင် ဖုန်းမပြောဘဲ message(စာ) ရိုက်၍သုံးပါ။ နံနက်နှိုးစက်အတွက် ဟန်းဖုန်းကို အသုံးပြုမည်ဆိုပါက “airplane mode” (ခလုတ်)ကို နှိပ်၍သုံးပါ။
အားသွင်းနေစဉ် ဖုန်းပြောခြင်းက လူကိုသေစေနိုင်
ဟန်းဖုန်းများက အင်မတန်အသုံးတည့်လှသော်လည်း သတိနှင့်ကိုင်တွယ်တတ်ဖို့ အထူးအရေးကြီးပါသည်။ မသုံးတတ်လျှင် အသက် ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်းကို CNN သတင်းမှာ ယခုလို ဖော်ပြသွားသည်။ အမေရိကန်နိုင်ငံမှ ဖြစ်ရပ်မှန်သတင်းတစ်ပုဒ်ဖြစ်သည်။ အမျိုးသားငယ်တစ်ဦးသည် ဖုန်းဘက်ထရီအားသွင်းနေစဉ် ဖုန်းသံမြည်လာရာ အားသွင်းကြိုးမဖြုတ်ဘဲ စကားပြောခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာ ဖုန်းထဲကိုဝင်လာသည့် ဓာတ်စီးအားက မထိန်းချုပ်နိုင်ဘဲ သူ့ကိုလွှင့်ပစ်သလို မြေပြင်ပေါ် ဗုန်းခနဲလဲကျစေခဲ့သည်။ အသံကြားသဖြင့် ချက်ချင်းဆိုသလို မိသားစုတွေ အနား ရောက်လာချိန်မှာ သူ့နှလုံးမခုန်တော့ဘဲ လက်ချောင်းထိပ်များ မီးလောင်သလို ကွေးကောက်ကာ သတိလစ်နေသည်။ ဆေးရုံရောက်ချိန်တွင် ထိုလူငယ် အသက်မရှိတော့ပေ။
ထို့ကြောင့် ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီများက အန္တရာယ်ကင်းစွာ အသုံးချတတ်ဖို့ ဖုန်းဘက်ထရီနောက်ကျောနှင့် အိတ်ခွံများပေါ်မှာ ယခုလိုသတိပေးစာရေးထားကြသည်။ (က) မတူညီ မလိုက်ဖက်သော ဖုန်းအားသွင်းကြိုးဖြင့် ဖုန်းဘက်ထရီအားမဖြည့်ပါနှင့်။ (ခ) ဖုန်းကို ချွန်သည့်အရာဖြင့် ဖိထိုးခြင်း၊ အပေါက်ဖြစ်စေခြင်းမျိုးမလုပ်ပါနှင့်။ (ဂ) တခြားဓာတ်သတ္တုပစ္စည်းများဖြင့် ဖုန်းကိုမပွတ်မိပါစေနှင့်။ (ဃ) ဖုန်းကို အောက်သို့ပြုတ်မကျပါစေနှင့်။ (င) နေပူထဲ သို့မဟုတ် မီးအပူနား ဖုန်းမထားပါနှင့်။ (စ) ဖုန်းကို ရေမစိုပါစေနှင့်။ (ဆ) ဖုန်းဝယ်သည့်အခါ ဖုန်းဘက်ထရီအားသွင်းနည်း၊ အသုံးပြုပုံနှင့် ဘက်ထရီသက်တမ်း စသည်တို့ကို ညွှန်ကြားချက်ပါစာအတိုင်း လိုက်နာသုံးစွဲပါ။
အချုပ်အားဖြင့်ဆိုသော် လက်တစ်ဝါးမျှသာရှိသော လက်ကိုင်ဖုန်းလေးက ဆက်သွယ်ရေးအတွက် ကောင်းကျိုးပြုပေးသလို ဘေးထွက် ဆိုးကျိုးလည်း များလှသည်။ မိသားစုစုံညီ အတူရှိနေကြပါလျက် ဖုန်းကိုယ်စီကြည့်ကာ နွေးထွေးမှုကင်းသော စည်းခြားထားသည်။ ယင်းနှင့်အတူ ဖုန်းအသုံးပြုခြင်းကြောင့် ငွေကုန်ကြေးကျများလာသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် ဆယ်ကျော်သက်တချို့က အိမ်သာထဲအထိ ဖုန်းယူသွားကြပြီး အိမ်သာကျင်းထဲ ဖုန်းပြုတ်ကျသဖြင့် လိုက်ဆယ်ယူရာ အသက်ဘေးနှင့် ကြုံတွေ့ကြရသည့် သတင်းဆိုးများ မကြာခဏကြားနေရသည်။ ထို့ပြင် တချို့ကလည်း တစ်ညတာလုံး ဖုန်းဘက်ထရီအားသွင်းထားမိခြင်း သို့မဟုတ် ကြွပ်ကြွပ်အိတ်ထဲ ဖုန်းထည့်၍ အားသွင်းခြင်းတို့ကြောင့် မီးဘေးအန္တရာယ် ကြုံရသည်။ ထို့ကြောင့် ညအိပ်ရာဝင်ခါနီး ဖုန်းကိုလုံးဝပိတ်ထားခြင်းက ဘေးအကင်းဆုံးဖြစ်ပါကြောင်းနှင့် နိစ္စဓူဝလူမှုဘဝမှာ ဖုန်းကမရှိမဖြစ်ဆိုသော်လည်း အလွန်အကျွံ ဖက်တွယ်ထားခြင်းမျိုးကို ဆင်ခြင်သင့်ပါကြောင်း။ ။