Skip to main content

အီးဗွီကားလောက တိုးတက်လာမည်

မြင့်မောင်စိုး

ရုပ်ကြွင်းလောင်စာများ ရှားပါးလာတာနဲ့အမျှ သိပ္ပံသုတေသီပညာရှင်များက စွမ်းအင်သစ်ကို အမျိုးမျိုးစမ်းသပ်ရှာဖွေလာကြပါတယ်။ ရုပ်ကြွင်းလောင်စာများဖြစ်တဲ့ ရေနံကိုအခြေခံတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကလည်း ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံတွေက ရေနံကိုလျှော့ထုတ်ပြီး စျေးကစားနေတဲ့အတွက်ကြောင့် ယနေ့ခေတ်ကမ္ဘာ့ရေနံစျေးကလည်း အဆမတန် မြင့်တက်လာနေတာ သတိပြုမိပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးစွဲမှုအများဆုံးကတော့ မော်တော်ယာဉ်တွေမှာ ဖြစ်ပါတယ်။ သုတေသီတို့ စမ်းသပ်တွေ့ရှိချက်တွေအရ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့နေရာမှာ အစားထိုးဖို့ အကောင်းဆုံးကတော့ လျှပ်စစ်စွမ်းအင်မှတစ်ပါး အခြားမရှိပြီလို့ပဲဆိုရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဘက်ထရီထုတ်လုပ်မှုနည်းပညာကနေ လျှပ်စစ်စွမ်းအင်ကိုရယူပြီးတော့ အီးဗွီကား (Electric Vehicle- EV) တွေကို ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်ရေး ကုမ္ပဏီတွေက ထုတ်လုပ်ဖို့ အပြိုင်ကြိုးပမ်းလာကြပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံက ဘက်ထရီနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD လည်း အပါအဝင်ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာမီဒီယာအဖွဲ့ဟာပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တရုတ်သံရုံးရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်ထဲမှာ BYD အီးဗွီကားထုတ်လုပ်ရေးကုမ္ပဏီကိုလည်း သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ဒီကားထုတ်လုပ်ရေး စက်ရုံဟာ ကွမ်ဒေါင်းပြည်နယ်ထဲက စန်းကျန့်မြို့အနီးမှာရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို အီးဗွီကားအများဆုံးတင်သွင်းနေတဲ့ ကုမ္ပဏီလို့လည်း သိရပါတယ်။ ကျွန်တော်တို့ မီဒီယာအဖွဲ့ ရောက်သွားတဲ့ အချိန်မှာတော့ ကုမ္ပဏီတာဝန်ရှိသူတွေက လာရောက်ကြိုပြီး အပေါ်ထပ်ကို စက်လှေကားနဲ့ တက်သွားကြပါတယ်။ စက်ရုံရဲ့အပေါ်ထပ်ကို ရောက်သွားတယ်ဆိုရင် စက်ရုံတာဝန်ရှိ အမျိုးသမီးငယ်တစ်ဦးစက်ရုံရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ အီးဗွီကားထုတ်လုပ်မှု တိုးတက်ပြောင်းလဲ ဆောင်ရွက်ခဲ့မှုကို ပြခန်းတစ်ခန်းချင်း လိုက်လံပြသပေးခဲ့ပါတယ်။ BYD ကုမ္ပဏီက ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး Lithium-ion ဘက်ထရီကို စတင်ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လျှပ်စစ် မော်တော်ကားတွေရဲ့အသက်က ဘက်ထရီဖြစ်ပါတယ်။ ဒါပေမယ့် BYD ကုမ္ပဏီအနေနဲ့မူလက ကနဦးက ကားတွေအတွက် ဘက်ထရီထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီကုမ္ပဏီက ကမ္ဘာ့နာမည်ကြီး ဖုန်းအမှတ်တံဆိပ်တွေဖြစ်တဲ့ Motorola နဲ့ Nokia တို့အတွက် လိုအပ်တဲ့ ဘက်ထရီတွေ ထုတ်လုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။ BYD ကုမ္ပဏီရဲ့ ပထမဆုံးကုမ္ပဏီရုံးခွဲကို နယ်သာလန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့တွေ့ခဲ့ရတဲ့ ပြကွက်တစ်ခု ကတော့ မော်တော်ကားတစ်စီးကို ဖန်သားနဲ့မြင်နိုင်အောင် ပြုလုပ်ထားပြီး ရေထဲကိုမောင်းပြတဲ့ Video Clip တစ်ခုကိုလည်း ကြည့်ရှုခဲ့ရပါတယ်။ ဆိုလိုတာက BYD ရဲ့ ကားဘက်ထရီက ရေထဲတောင် အသုံးပြုလို့ရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပြောချင်တာက ဘက်ထရီနည်းပညာက အတော်လေး အဆင့်မြင့်မြင့် ပြုလုပ်ထားတယ်လို့ဆိုတာပါ။ ပြီးတော့ ဒီကုမ္ပဏီက ဟောင်ကောင်စတော့အိတ်ချိန်း ထိပ်တန်းစာရင်းဝင်ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ BYD ကုမ္ပဏီက စမတ်ဖုန်းဘက်ထရီတွေအပြင် အိမ်စီးအီးဗွီကားတွေ အပါအဝင် ကုန်တင်ယာဉ်၊ အမှိုက်သိမ်းယာဉ်တွေပါမကျန် သူ့ရဲ့ဘက်ထရီနည်းပညာကို အသုံးချနေပြီ လို့ဆိုပါတယ်။ စုစုပေါင်း အီးဗွီမော်တော်ယာဉ် အမျိုးအစား ခုနစ်မျိုးလောက် ထုတ်လုပ်နေတာ တွေ့ရပါတယ်။ ဆိုလိုတာက တရုတ်နိုင်ငံအနေနဲ့ Lithium-ion ဘက်ထရီနည်းပညာကို တွင်တွင် ကျယ်ကျယ် အသုံးချလာနိုင်တာ တွေ့ရပါတယ်။ BYD ရဲ့ နှစ်စဉ် ကားထုတ်လုပ်မှုကလည်း ၅၆ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အီးဗွီကားထုတ်လုပ်တင်ပို့မှုက အတော်လေး တိုးတက်နေပြီလို့ ဆိုလိုတာဖြစ်ပါတယ်။

အခုတစ်ခေါက် ကျွန်တော်တို့ရောက်ခဲ့တဲ့ ကွမ်ကျိုး၊ စန်းကျန့်နဲ့ ချုံကင်းမြို့ကြီးတွေရဲ့နေရာ အနှံ့မှာဆိုရင်လည်း အီးဗွီကားတွေ တွေ့ရပါတယ်။ ဘီးလုံးကြီးကြီး၊ ဘော်ဒီထည်ထည်၊ မီးတန်းအလှတွေနဲ့ အီးဗွီကားတွေက လမ်းတွေပေါ်မှာ တွေ့ရတော့ အထပ်မြင့်တွေ၊ မိုးပျံလမ်းတွေပေါတဲ့ တရုတ်မြို့ကြီးတွေ ခေတ်မီတိုးတက်မှုကတော့ ပြောစရာတောင် မရှိတော့ပါဘူး။ အတော်လေးကို ပနံတင့်လှပနေတဲ့ မြင်ကွင်းတွေပါပဲ။ ဒါနဲ့က ဆက်စပ်စဉ်းစားမိတာက ကျွန်တော်တို့နိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း အီးဗွီကားတင်သွင်းမှုက ခပ်စိပ်စိပ်တွေ့လာရတယ်။ တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီတွေက ဆက်တိုက်သွင်းနေတာပါ။ အများစုကတော့ တရုတ်နိုင်ငံက တင်သွင်းနေတာဖြစ်ပါတယ်။ တင်သွင်းတာနဲ့စာရင် အသုံးပြုမှုကတော့ နည်းနေပါသေးတယ်။ အကြောင်းကတော့ ဘက်ထရီကားဆိုတော့ ပျက်ရင်ပြင်ဖို့ခက်တာကတစ်ကြောင်း၊ စျေးနှုန်းလက်လှမ်းမမီတာကတစ်ကြောင်း စတဲ့အကြောင်းအရာတွေကြောင့် နှေးကွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝမ်းသာစရာသတင်းတစ်ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိတဲ့ လျှပ်စစ်မော်တော်ယာဉ် အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်လာတာ သတိပြုမိပါတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံမှာ အီးဗွီကားတွေ တပ်ဆင်ထုတ်လုပ်တာတွေ ရှိလာတော့မယ်ဆိုတဲ့သဘောပါ။ အဲဒီအခါမှာ သုံးစွဲတဲ့သူတွေလည်း များလာနိုင်ပါတယ်။

အခုတစ်လော ကားနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်ကိုလည်း သတိပြုမိလိုက်ပါတယ်။ ကမ္ဘာကျော် နည်းပညာသူဌေးကြီး အီလွန်မတ်စ်ဆိုသူက Tesla ရဲ့ robotaxi မောင်းသူမဲ့တက္ကစီနဲ့ စက်ရုပ်သစ်တွေ ထုတ်ဖော်ပြသခဲ့ပါတယ်။ နည်းပညာခေတ်မှာ တိုးတက်လာတဲ့ ပြယုဂ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ Tesla နဲ့ BYD ကုမ္ပဏီတွေဟာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ ဘာပဲပြောပြော တီထွင်သူတွေက လူသားကမ္ဘာအတွက် အသုံးဝင်မယ့်အရာတွေကို ဆက်တိုက်တီထွင်နေကြဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ robotaxi တွေကို လိုက်မမီနိုင်သေးပေမယ့် အီးဗွီကားလောက်တော့ လိုက်မီနိုင်ပါတယ်။ အီးဗွီကားတွေ များများအစားထိုးသုံးစွဲလာနိုင်တာနဲ့အမျှ ရုပ်ကြွင်း လောင်စာဖြစ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ ကားအသုံးပြုမှုကလည်း လျော့နည်းလာနိုင်ပါတယ်။ ဒီလိုသာ လျော့သွားမယ်ဆိုရင် နိုင်ငံတော်က နိုင်ငံခြားငွေယိုပေါက်ကြီးတစ်ခုကိုလည်း အထိုက်အလျောက် ကာမိစေမှာ ဖြစ်ပါတယ်။ အခုဆိုရင် တစ်လပျမ်းမျှ စက်သုံးဆီတင်သွင်းမှုက မက်ထရစ်တန်ချိန် ငါးသန်းရှိတယ်လို့ သိရပါတယ်။ ဒီလိုနိုင်ငံခြားငွေ ဆုံးရှုံးမှုတွေကိုကာမိစေဖို့ နည်းပညာတိုးတက်တဲ့နိုင်ငံတွေက အီးဗွီကားတွေ အပြိုင်ထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။ ။