စားရေရိက္ခာဖူလုံဖို့ သစ်တောများကို ထိန်းသိမ်းစို့
သစ်တောမောင်
စားရေရိက္ခာ
စားရေရိက္ခာဆိုသည်မှာ သက်ရှိသတ္တဝါများ ရှင်သန်ကြီးထွားနိုင်ရန်အတွက် လိုအပ်သော အာဟာရဖြစ်စေသည့်အရာများကို ဆိုလိုပါသည်။ လူတို့နေ့စဉ်သွားလာနိုင်ရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ရောဂါဘယများအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဓိကလိုအပ်သောစွမ်းအင်ကို အစာအာဟာရမှ ရရှိနိုင်မည်ဖြစ်ပါ သည်။ အစားအစာများ၊ စားရေရိက္ခာများသည် လူသားတစ်ဦး၏ လူနေမှုဘဝတွင် အခြေခံအကျဆုံးလိုအပ်ချက်လည်း ဖြစ်ပါသည်။
အပင်အမျိုးမျိုးမှ အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊ အသီး အနှံများ၊ အဆီများနှင့် တိရစ္ဆာန်များမှ အသားနှင့် အဆီစသည့် စားရေရိက္ခာတို့ကို ရရှိပါသည်။ မြေထု၊ ရေထုတွင်ထွက်ရှိသော သဘာဝပေါက်ပင်နှင့် ရေထွက်ပစ္စည်းများ၊ လူသားများစီမံလုပ်ဆောင်သော လယ်ယာထွက်ကုန်အစုဝေးများ မွေးမြူရေးအင်အားစုများသည် စားရေရိက္ခာ၏ ထုတ်ကုန်များ ဖြစ်ကြပါသည်။ စားရေရိက္ခာသည် လူသားတို့အသက်ရှင်မှုအတွက် စွမ်းအင်ကိုပြည့်ဝစေရန် အဓိကထောက်ပံ့သော ပစ္စည်းများဖြစ်ပါသည်။
စားရေရိက္ခာကို အာဟာရဆက်စပ်မှုအားဖြင့် အမျိုးအစားအားဖြင့် အခြေခံအုပ်စုကြီး(၄)မျိုး ခွဲခြားနိုင်ပါသည်။ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ၊ ကောက်ပဲသီးနှံများ၊ နို့ထွက်ပစ္စည်းများနှင့် အသားများဟူ၍ ဖြစ်ပါသည်။ ကမ္ဘာ့စားရေရိက္ခာအများစုကို စိုက်ပျိုးရေးနှင့် မွေးမြူရေးမှတစ်ဆင့်ရရှိပါသည်။ ဆန်၊ဂျုံ၊ ပြောင်း၊ အာလူး၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ ပဲဆီ၊ နှမ်းဆီ စသည့် ဆီအမျိုးမျိုး၊ အသား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ အမြစ်များ၊ ပဲပင်များ၊ ဥများ၊ အနီရောင်အသားများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အရည်ရွှမ်းသော အစားအစာများသည် အရေးကြီးသောစားနပ်ရိက္ခာကုန်ကြမ်းများ ဖြစ်ပါသည်။
ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် - ၂ သည် “ဆာလောင်မွတ်သိပ်မှု လုံးဝမရှိ” ရန်ဖြစ်ပြီး “ငတ်မွတ်မှုရပ်တန့်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ပိုမိုကောင်းမွန်သော အာဟာရရရှိရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကိုမြှင့်တင်ရန်” ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပုံစံအားလုံးကို အဆုံးသတ်ရန်ရည်မှန်းထားပြီး လူသား အားလုံး အထူးသဖြင့်ကလေးငယ်များ တစ်နှစ်ပတ်လုံး အာဟာရပြည့်ဝပြီး လုံလောက်သော အစားအစာရရှိကြောင်း သေချာစေရန်ရည်ရွယ်ထားသည့် ရည်မှန်းချက်လည်း ဖြစ်ပါသည်။
စားရေရိက္ခာဖူလုံရေးသည် မိသားစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့စားရေရိက္ခာနေ့
ကမ္ဘာ့စားရေရိက္ခာနေ့သည် ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကို စတင်တည်ထောင်သည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ ကမ္ဘာ့စားရေရိက္ခာနေ့သည် ကမ္ဘာနှင့်အဝန်း ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကို သတိပြုမိစေရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ ဤနေ့သည် စားရေရိက္ခာဖူလုံရေးနှင့် အားလုံးအတွက် အာဟာရပြည့်ဝသော အစားအစာရရှိရေး လိုအပ်ကြောင်း သတိပေးချက်တစ်ရပ်လည်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စားရေရိက္ခာစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှု၏ အရေးပါမှုကိုလည်း မီးမောင်းထိုးပြခြင်းလည်းဖြစ်ပါသည်။
ယခုနှစ် ကမ္ဘာ့စားရေရိက္ခာနေ့၏ ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ်ရရှိရေး လူသားတိုင်းစားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေး” (Right to Foods for a Better Life and Better Future) ဖြစ်သည်။ လူသားတိုင်းအတွက် ပိုမိုကောင်းမွန်သော ဘဝရရှိရေး၊ ကောင်းမွန်ပြည့်စုံသော အနာဂတ်ကို ပိုင်ဆိုင်နိုင်ရေးအတွက် အစားအစာလုံလောက်မှု၊ ရနိုင်မှုနှင့်လူတိုင်းလက်လှမ်းမီနိုင်မှုကို အခြေခံအခွင့်အရေးတစ်ရပ်အဖြစ် မီးမောင်းထိုးပြခြင်းဖြစ်သည်။ ယခုနှစ် ကမ္ဘာ့စားရေရိက္ခာနေ့တွင် အောက်ဖော်ပြပါ သတင်းစကားများကိုလည်း မျှဝေထားသည်ကို လေ့လာတွေ့ရှိရပါ သည် -
- ရာသီဥတုပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပွားမှု၊ ပဋိပက္ခများဖြစ်ပွားမှု၊ စီးပွားရေးကျဆင်းမှု၊ မညီမျှမှုနှင့် ကပ်ရောဂါ ဖြစ်ပွားမှုတို့ကြောင့် ကမ္ဘာပေါ်ရှိ လူပေါင်း(၇၃၃)သန်းခန့်သည် ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရခြင်း၊
- ကမ္ဘာပေါ်ရှိ လူပေါင်း (၂ ဒသမ ၈) ဘီလီယံကျော်သည် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံအတိုင်း ဝယ်ယူစားသုံးရန် မတတ်နိုင်ကြခြင်း၊
- လူသားသန်းပေါင်း (၆၀၀) ခန့်သည် အသက်မွေးဝမ်းကျောင်းအတွက် ရေနေအစာအာဟာရစနစ်များပေါ်တွင် အနည်းဆုံးတစ်စိတ်တစ်ပိုင်း မှီခိုနေရခြင်း၊
- ကမ္ဘာ့စားရေရိက္ခာ၏ ၃ ပုံ ၁ ပုံခန့်ကို တစ်နိုင်တစ်ပိုင် လယ်ယာလုပ်ကိုင်သူများမှ ထုတ်လုပ်ပေးခြင်း၊
- ကမ္ဘာ့ဒေသတိုင်းတွင် အရွယ်ရောက်ပြီးသူအမျိုးသမီးများသည် အမျိုးသားများထက် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းကို ကြုံတွေ့နေရခြင်း၊ အမျိုးသမီးများသည် စားရေရိက္ခာဖူလုံမှု မရှိခြင်း၏ အကျိုးဆက်ကို အမျိုးသားများထက် ၁ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုခံစားကြရခြင်း၊
- ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးကောင်များ၊ အဆိပ်အတောက်များနှင့် ဓာတုပစ္စည်းများပါသော အစားအစာများကို စားသုံးခြင်းကြောင့် နှစ်စဉ်လူဦးရေသန်း (၆၀၀)ကျော် နာမကျန်းဖြစ်ပြီး လူပေါင်း (၄၂၀၀၀) ခန့် သေဆုံးလျက်ရှိခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းသည် အရေးကြီးသော နိုင်ငံတကာပြဿနာဖြစ်သည်။
- ကမ္ဘာပေါ်တွင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၈၁၅ သန်းသည် အာဟာရချို့တဲ့လျက်ရှိပြီး တစ်နေ့လျှင် ကလေး ၁၆၀၀၀ ကျော်သည် ငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေဆုံးနေကြဟု ဆိုပါသည်။
ယနေ့အချိန်အခါတွင် ကမ္ဘာနှင့်တစ်ဝန်း ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ မြေဆီလွှာအာဟာရလျော့နည်းလာခြင်း၊ မြေအဆင့်အတန်းလျော့ကျခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ ရေခန်းခြောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ပိုးမွှားများကျရောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်ပေါ်လျက်ရှိပြီး စားရေရိက္ခာ ထုတ်လုပ်မှုပမာဏလျော့နည်းကျဆင်းခြင်း၊ အရည်အသွေးများကျဆင်းခြင်း၊ စားရေရိက္ခာရှားပါးခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ အစာရေစာချို့တဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် စားရေရိက္ခာပြတ်လပ်ခြင်းသည် အစာငတ်မွတ်ခြင်းကို ဖြစ်စေပါသည်။ အာဟာရပြည့်ဝသော၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ လုံလောက်စွာ စားသုံးနိုင်မှသာ ဘေးရောဂါကင်းရှင်းပြီး ကျန်းမာသန်စွမ်းမည်ဖြစ်ပါသည်။
သစ်တောများမှ ပံ့ပိုးပေးသော စားရေရိက္ခာများ
ယခုအခါတွင် ကမ္ဘာ့နိုင်ငံများ တွေ့ကြုံနေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ စိန်ခေါ်မှုများ၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန် သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based solutions)ကို အသုံးပြုရန် အလေးပေး ဆောင်ရွက်လာကြပါသည်။ သစ်တောများနှင့် သစ်တောဂေဟစနစ်သည် ပစ္စုပ္ပန်နှင့် အနာဂတ်စားရေရိက္ခာဖူလုံရေး မြှင့်တင်ရာတွင် အလွန်အရေးကြီးပြီး မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။ ဥပမာအားဖြင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry) နည်းစနစ်များသည် စားရေရိက္ခာဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့် သဘာဝကိုအခြေခံသော နည်းလမ်း ဖြစ်ပြီး စားရေရိက္ခာဖူလုံခြင်း၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်း စသည့်အကျိုးကျေးဇူးများရနိုင်မည် ဖြစ်ပါသည်။
အခြေခံအားဖြင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ်တွင် သစ်တောသစ်ပင်များနှင့် စပါး၊ ပြောင်း၊ နှမ်း၊ မြေပဲစသည့် ရာသီသီးနှံပင်များ ရောနှောစိုက်ပျိုးခြင်း၊ ဆေးဖက်ဝင်ပင်များ၊ နွယ်ပင်များ အပါအဝင် ရာသီသီးနှံအပင်များ၊ နှစ်ရှည်စားပင်သီးပင်များ စိုက်ပျိုးခြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ကြက်၊ ငှက်၊ ဘဲ စသည့် အိမ်မွေးတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများကို ဒေသနှင့်ကိုက်ညီသော အဖိုးတန် သစ်တောသစ်ပင်များ၊ ကြီးမြန်ပင်များနှင့် ရောနှောစိုက်ပျိုးမွေးမြူခြင်း၊ ဒီရေတောအပင်များနှင့်အတူ ငါး၊ ပုစွန်၊ ကဏန်းတို့ ရောနှောမွေးမြူထုတ်လုပ်ခြင်း စသည်ဖြင့် စုစည်းပူးပေါင်းစိုက်ပျိုးမွေးမြူကာ မြေဧရိယာတစ်ခုတည်းမှ ကုန်ထုတ်လုပ်မှုအများဆုံးဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သဘာဝအရင်းအမြစ်များကို ရေရှည် အပြည့်အဝအသုံးချရေးအတွက် စီမံအုပ်ချုပ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဂေဟစနစ်ကိုတည်ငြိမ်စေပြီး ရာသီဥတုကို ထိန်းညှိပေးနိုင်သည့် သစ်တောသစ်ပင်များနှင့်တွဲဖက်၍ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ခြင်းဖြင့် ကျေးရွာအဆင့်၊ ဒေသအဆင့် ရာသီဥတုမျှတပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။
သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းအပြင် သဘာဝတောများ ထိန်းသိမ်းခြင်းဖြင့်လည်း စားရေရိက္ခာဖူလုံရေး၊ အစားအစာပေါများစွာရရှိစေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါသည်။ သစ်တောများနှင့် သစ်တောများပြင်ပ ပေါက်ရောက်သော သစ်ပင်များ၊ လယ်ယာပတ်ဝန်းကျင်တွင် ပေါက်ရောက်လျက်ရှိသော သစ်ပင်များသည် အထူးသဖြင့် စားရေရိက္ခာအရင်းအမြစ်များမှ ရရှိနိုင်သည့်၊ ရှားပါးသည့်အချိန်တွင် စားရေရိက္ခာအမျိုးမျိုးကို ပံ့ပိုးပေးသည့်အတွက် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားရေရိက္ခာဖူလုံမှုအတွက် သိသာထင်ရှားသော အထောက်အပံ့များ ဖြစ်စေပါသည်။ သစ်တောသစ်ပင်များ၏ စားသုံးနိုင်သော အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ အပွင့်၊ အစေ့ စသည့် သစ်တောထွက်ပစ္စည်းများသည် သစ်တောများအတွင်း အလွယ်တကူရနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတကာ အာဟာရအရည်အသွေးအပြည့်ရှိသော စားရေရိက္ခာများလည်းဖြစ်ပါသည်။
သစ်တောများမှရရှိသော အစားအစာများသည် စားရေရိက္ခာ ရှားပါးသောကာလများ၊ အရေးပေါ်ကာလများတွင် သစ်တောများမှ ပံ့ပိုးပေးသော အစားအစာများ၊ စားရေရိက္ခာ အရင်းအမြစ်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာပါသည်။ ဥပမာအားဖြင့် မျှစ်၊ မှိုနှင့် အသီး၊ အရွက်၊ အမြစ်များ၊ အစေ့များအပါအဝင် စားသုံးနိုင်သော သစ်တောထွက်ပစ္စည်းများကို သန့်စင်စေရန် ဆေးကြောခြင်း၊ အခြောက်ခံခြင်း စသည်ဖြင့် ပြုပြင်ပြီးသိမ်းဆည်းထားပါက တစ်နှစ်ပတ်လုံး စားရေရိက္ခာထောက်ပံ့မှုကို ရရှိစေနိုင်ပါသည်။ တောတောင်များတွင် နေထိုင်ကျက်စားသည့် စားသုံးနိုင်သော တောကောင်ငယ်များ (bushmeat) ၏ အသားနှင့် အစားအစာများ၊ အင်းဆက်များ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ကန်များမှ ငါးနှင့် ရေထွက်ပစ္စည်းများသည် ဗီတာမင်၊ ပရိုတင်း၊ အဆီ၊ သကြားနှင့် သတ္တုဓာတ်များကြွယ်ဝပြီး ရရှိနိုင်မှုအပေါ်မူတည်၍ တစ်နှစ်ပတ်လုံး ရာသီမရွေး စားသုံးနိုင် ပါသည်။
သစ်တောများမှရရှိသော အစားအစာများသည် ပုံမှန်စိုက်ပျိုးမွေးမြူထုတ်လုပ်သော အစားအစာများကဲ့သို့ပင် အာဟာရအရည် အသွေးကောင်းမွန်ပါသည်။ လူသိများသည့် သစ်တောသစ်ပင်များမှရရှိသည့် စားသုံးနိုင်သည့် အသီးအရွက်အပွင့်များမှာ တညင်းသီး၊ ချင်းတညင်းသီး၊ ဖန်ခါးသီး၊ ငါးပေါက်သီး၊ တည်သီး၊ ဆီးဖြူသီး၊ ဥသျှစ်သီး၊ သရက်သီး၊ တောသရက်သီး၊ ဆီးသီး၊ ကနစိုသီး၊ သစ်တိုသီး၊ ဗာဒံစေ့၊ ကြိမ်သီး၊ မိုးသီး၊ သစ်ကြားသီး၊ သီးသီး၊ ကြောင်လျှာသီး၊ မြန်မာကုက္ကိုရွက်၊ တမာရွက်၊ မန်ကျည်းရွက်၊ ဟင်းပြင်းရွက်၊ မဲဇလီပွင့်နှင့် အရွက်၊ လက်ပံပွင့်၊ မလွှပွင့်၊ သခွတ်ပွင့်၊ ဧကရာဇ်ပွင့် စသည်တို့ဖြစ်သည်။ ဒေသအလိုက် သစ်တောများမှရရှိသော အစားအစာများစွာလည်းရှိပါသည်။
သစ်တောထွက်ပစ္စည်းများနှင့် စားရေရိက္ခာဖူလုံရေး ဆက်စပ်မှု၊ သစ်တောများနှင့် လယ်ယာသစ်ပင်များ၏ အာဟာရပံ့ပိုးမှုသည် အရေးပါလာလျက်ရှိရာ သစ်တောအတွင်း နေထိုင်သူများနှင့် အနီး ပတ်ဝန်းကျင်တွင် နေထိုင်အခြေချသူများသာမက ကျေးလက် ဒေသနေ ပြည်သူများ၊ ဒေသခံပြည်သူများအတွက် မတူကွဲပြားသော အစားအစာများနှင့် အာဟာရအရည်အသွေးကို သိသာစွာ ဖြည့်စွက်ပေးပြီး စားရေရိက္ခာဖူလုံရေးအတွက် ပံ့ပိုးပေးလျက်ရှိပါသည်။ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်သော ကျေးလက်ပြည်သူများ အနေဖြင့် မိမိကိုယ်ပိုင် လယ်၊ ယာများတွင်ဖြစ်စေ၊ မိမိနေအိမ်ခြံ ဝင်းများတွင်ဖြစ်စေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ မွေးမြူခြင်းလုပ်ငန်း များဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များ၊ စားပင်သီးပင်များကို ထည့်သွင်းပေါင်းစပ်စိုက်ပျိုးခြင်းဖြင့် မိမိရပ်ရွာဒေသတွင် ရာသီဥတုကောင်းမွန်မျှတပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ စားနပ်ရိက္ခာဖူလုံပြီး လူမှုစီးပွားဖွံ့ဖြိုး နိုင်မည်ဖြစ်ပါသည်။
စားရေရိက္ခာဖူလုံဖို့ သစ်တောများနှင့် ဂေဟစနစ်များထိန်းသိမ်းစို့
ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချကပန်းတိုင် ၁၅ တွင် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ထိန်းသိမ်းကာကွယ် ပြီး စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး၊ သစ်တောများ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ရေးနှင့် သဲကန္တာရဖြစ်ထွန်းမှုပပျောက်စေရေး၊ မြေယာပြုန်းတီးယိုယွင်းမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းကျဆင်းမှုရပ်တန့်စေရေးဟူ၍ ရည်မှန်းချက်ပန်းတိုင်အဖြစ် ထည့်သွင်းထားသည်ကိုလည်း လေ့လာတွေ့ရှိရမည်ဖြစ်သည်။
လူ့အဖွဲ့အစည်းတစ်ခု စားရေရိက္ခာဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက် သဘာဝအခြေခံအရင်းအနှီးများဖြစ်သည့် မြေသယံဇာတ၊ ရေ အရင်းမြစ်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်၊ ပင်လယ် ကမ်းရိုးတန်းတို့သည် အရေးကြီးသော သဘာဝအခြေခံအရင်းအမြစ် များဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်သော၊ သဟဇာတမျှတသော ဂေဟစနစ်များသည် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများစွာကို ထောက်ပံ့နိုင်ပြီး နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဦးစားပေးလုပ်ငန်းများကို အောင်မြင်ရန် ပံ့ပိုးနိုင်သည်။
အဓိကအားဖြင့် အပင်များနှင့် တိရစ္ဆာန်များအတွက် နေရင်းဒေသ များ ထောက်ပံ့ပေးခြင်း၊ အမျိုးမျိုးသော အစာကွင်းဆက်နှင့် အစာကွန်ရက်များကို ဖြစ်ထွန်းမြှင့်တင်ပေးခြင်း၊ မရှိမဖြစ်အရေးပါသည့် ဂေဟစနစ်ဖြစ်စဉ်များကို ထိန်းညှိခြင်းနှင့်သက်ရှိများ ဆက်လက်ရှင်သန်ရေးကို ပံ့ပိုးကူညီခြင်း၊ သက်ရှိနှင့် သက်မဲ့များအကြား ဆက်စပ် နေသော အာဟာရဖြစ်စဉ်များအတွက် ပံ့ပိုးပေးခြင်းနှင့် စွမ်းအင်၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်နှင့် ရေသံသရာလည်ပတ်မှု ဖြစ်စဉ်များအပါအဝင် ဂေဟစနစ်အတွင်း စွမ်းအင်စီးဆင်း လည်ပတ်မှုတို့ကို ထိန်းသိမ်းကူညီခြင်း စသည့်လုပ်ငန်းများကို ကောင်းမွန်မျှတသည့် ဂေဟစနစ်က ဆောင်ရွက်ပေးပါသည်။
သစ်တောများ၊ ကမ်းရိုးတန်း ဒီရေတောများ၊ ဂေဟစနစ်များသည်အသား၊ ငါးနှင့် ရေထွက်ပစ္စည်းအပါအဝင် အစားအစာများ၊ အမျှင်ဓာတ်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ထောက်ပံ့ပေးရုံသာမက လေမုန်တိုင်းကျရောက်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း၊ အပူအအေးလွန်ကဲခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို လျော့ပါးသက်သာစေပြီး ရာသီဥတုမျှတစေရန် ထိန်းညှိပေးကာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ စားရေရိက္ခာထုတ်လုပ်မှု လုပ်ငန်းများကို အကျိုးပြုလျက်ရှိသဖြင့် သစ်တောများ ထိန်းသိမ်းရေး၊ ရေတိမ်ဒေသများနှင့် ကမ်းရိုးတန်းဒီရေတောများ ထိန်းသိမ်းရေး၊ ဂေဟစနစ်များ တည်ငြိမ်ကောင်းမွန်စေရေးအတွက် အထူးအလေး ထား ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
စားရေရိက္ခာဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများရရှိစေရန်နှင့် ဂေဟစနစ်များ တည်ငြိမ်ကောင်းမွန်စေရန်အတွက် ကျယ်ပြန့်သောအမြင်ဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု၊ သုတေသနနှင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ခြင်း၊ မတူကွဲပြားသော သီးနှံထုတ်လုပ်မှုများ အားပေးမြှင့်တင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးရေးသီးနှံများနှင့်နည်းစနစ်များ၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ကျယ်ပြန့်လာစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ဘေးကင်းပြီး အာဟာရပြည့်စုံသော အစားအစာ များ ထုတ်လုပ်ခြင်း၊ အစားအစာဆုံးရှုံးမှုများ လျှော့ချခြင်း၊ အစား အသောက်ဘေးကင်းရေးနှင့် ကျန်းမာရေးကို ဦးစားပေးခြင်း၊ Corporate Social Responsibility (CSR) လုပ်ငန်းများ မြှင့်တင် ခြင်း၊ စားရေရိက္ခာထုတ်လုပ်မှုဆိုင်ရာ အသိပညာပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်း၊ အစိုးရများ၊ ပုဂ္ဂလိက ကဏ္ဍ၊ ပညာရေးနှင့် သုတေသနအဖွဲ့အစည်းများနှင့် တောင်သူလယ်သမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ဆက်စပ်ပတ်သက်သူများအားလုံး ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း ကမ္ဘာ့စားရေရိက္ခာနေ့အား ဂုဏ်ပြုတင်ပြအပ်ပါသည်။ ။