စုပေါင်းညီညွတ်ခြင်းအားဖြင့် လိုအပ်နေသောကွက်လပ်များ ဖြည့်ဆည်းပါ
ခန့်ဇော်(ကျေးလက်)
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Social Policy and Poverty Research Group တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်တမ်းအရ ဆင်းရဲတဲ့ပြည်သူတွေ၊ လုပ်ကွက်ငယ်တောင်သူတွေဟာ ငွေကြေးအရင်းအနှီးလိုအပ်ကြောင်း၊ နည်းပညာလိုအပ်ကြောင်း တွေ့ရှိရပါတယ်။ အခြားစစ်တမ်းတွေမှာလည်း ဒီလိုပဲတွေ့ရတဲ့အတွက် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ သွင်းအားစုတွေထောက်ပံ့ပေးနိုင်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍမှာ တောင်သူတွေရဲ့ လိုအပ်ချက်ကိုသိရှိပြီး ဖြည့်ဆည်းပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
တောင်သူတွေရဲ့ လိုအပ်ချက်
တကယ်ကတော့ တန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်သူအားလုံးဟာ အရေးကြီးပါတယ်။ အခြေခံအကျဆုံး စိုက်ပျိုးထုတ်လုပ်သူတွေဟာ တောင်သူတွေဖြစ်ကြပါတယ်။ အထွက်တိုးဖို့ တောင်သူတွေအတွက် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုမြေဩဇာနဲ့ နည်းပညာတွေရဖို့ လိုအပ် ပါတယ်။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့ကို သမားရိုးကျစနစ်မှ နည်းပညာအသုံးပြုခြင်း၊ စက်မှုလယ်ယာစနစ်အသုံးပြု၍ စိုက်ပျိုးခြင်း၊ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်မှ အချိန်ကုန်သက်သာပြီး နည်းစနစ်မှန်မှန်၊ အလေအလွင့်နည်းနည်းနဲ့ အရည်အသွေးပြည့်မီတဲ့သီးနှံတွေ စိုက်ပျိုး ထုတ်လုပ်လာနိုင်မှာဖြစ်ပါတယ်။
သွင်းအားစုဖြစ်တဲ့ မျိုးနဲ့ မြေဩဇာအတွက် အရင်းအနှီးလိုအပ်ပါတယ်။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့အတွက် အရင်းအနှီးလိုပါတယ်။ နည်းပညာနဲ့ အသိပညာလည်း လိုအပ်ပါတယ်။ လိုအပ်ချက်အားလုံး ပြည့်စုံအောင် ဆောင်ရွက်နိုင်မှအထွက်တိုးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကောင်းရရှိမယ့် ဈေးကွက်ရှိဖို့လည်း လိုအပ်ပါတယ်။
ဘယ်သူတွေက ပံ့ပိုးပေးမှာလဲ
နိုင်ငံတော်အစိုးရအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရှင်သန်ဖွံ့ဖြိုး ရပ်တည်နိုင်အောင် စီးပွားရေးဆိုင်ရာမူဝါဒတွေချမှတ်ပြီး ထိန်းကျောင်းပေးရပါတယ်။ ဆန်စက်တွေ၊ ဆီစက်တွေ၊ သိုလှောင်ရုံတွေ စတဲ့ကဏ္ဍအလိုက် ဆောင်ရွက်ဖို့လိုအပ်တဲ့ Facility တွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံပြီး ယင်းတို့အတွက်လိုအပ်တဲ့ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ၊ သား၊ ငါး စတဲ့ကုန်ကြမ်းတွေကို စိုက်ပျိုး မွေးမြူထုတ်လုပ်သူ တောင်သူတွေထံက ဝယ်ယူ ရတာဖြစ်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တောင်သူ တွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ ဒါဟာလည်း အစုအဖွဲ့စနစ်၊ ပူးပေါင်းဆောင်ရွက်တဲ့ စနစ်ဖြစ်လို့ သမဝါယမစနစ်ပါပဲ။
တောင်သူတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ငွေကြေးအရင်းအနှီး၊ မျိုးနဲ့သွင်းအားစုတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ထောက်ပံ့ပေးပါတယ်။ စိုက်ပျိုးရေးဘဏ်ကလည်း နှစ်စဉ်သီးနှံအလိုက် စိုက်ပျိုး စရိတ်တွေ ထုတ်ချေးပေးပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်း (MSY)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) တို့မှလည်း ငွေကြေးအရင်းအနှီး ရရှိနိုင်ပါတယ်။ သမဝါယမအသင်းတွေထံမှလည်းမျိုး၊ သွင်းအားစုနဲ့ အရင်းအနှီးရရှိနိုင်ပါတယ်။ MSME လုပ်ငန်းများအတွက် ပုဂ္ဂလိကချေးငွေနဲ့ MSME ချေးငွေ တွေ၊ အခြားချေးငွေတွေကနေ အရင်းအနှီးရရှိနိုင်ပါတယ်။
ကွက်လပ်ဖြည့်၊ ပေါင်းကူးပေး
မြန်မာနိုင်ငံမှာ မိုးစပါးစိုက်ပျိုးဧက ၁၃၆၁၉၂ ဒသမ ၇၃ ဧက၊ နွေစပါးစိုက်ဧက ၄၅၇၀၈ ဧက၊ ဆောင်းသီးနှံစိုက်ဧက ၁၁၆၉၃ ဒသမ ၇၂ ဧကခန့် ရတယ်လို့ သိရပါတယ်။ လိုအပ်ချက်ပမာဏ ကြီးမား တဲ့အတွက် အစိုးရချေးငွေတစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါ။ ဒါ့ကြောင့် ပုဂ္ဂလိကကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ပုဂ္ဂလိကကဏ္ဍအနေနဲ့ လိုအပ်တဲ့ အရင်းအနှီးကို ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံတော် အစိုးရပိုင်ဘဏ်များထံမှ ရယူနိုင်ပါတယ်။ တောင်သူ တွေရဲ့ လိုအပ်ချက်တွေကို အစိုးရစိုက်ပျိုးရေးဘဏ်တွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ စီမံကိန်းတွေက ဖြည့်ဆည်းဆောင်ရွက်နေသလို လိုအပ်ချက်ရှိပြီး ဝန်ဆောင်မှုမရရှိတဲ့ တောင်သူတွေကိုလည်း သမဝါယမစနစ်နဲ့ စုဖွဲ့စေပြီး အရင်းအနှီးသွင်းအားစု၊ နည်းပညာ၊ ဈေးကွက် စတဲ့လိုအပ်နေတဲ့ ကွက်လပ်တွေကိုသမဝါယမကဏ္ဍကနေ တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါတယ်။
ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ အောက်ခြေ အဆင့်အထိ တောင်သူပေါင်းများစွာနဲ့ ချိတ်ဆက်မိဖို့ ဆိုတာ ခက်ပါတယ်။ ဒါကြောင့် သမဝါယမဦးစီးဌာနအနေနဲ့ တောင်သူတွေကို အစုအဖွဲ့ပုံစံနဲ့ ဖွဲ့စည်း ဆောင်ရွက်ပေးပြီး ပုဂ္ဂလိကနဲ့ချိတ်ဆက်ပေးခြင်း၊ တောင်သူတွေကို သမဝါယမအခြေခံအသင်းများ ဖွဲ့စည်းပေးခြင်းဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေအကြား ပေါင်းကူးချိတ်ဆက်ပေး တာဖြစ်ပါတယ်။
ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဘယ်လိုကူညီမလဲ
ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်ကောင်း ဖြစ်အောင်ထိန်းကျောင်းပေးပြီး နိုင်ငံအတွက်အကျိုးရှိသလို လုပ်ငန်းရှင်အတွက်လည်း အကျိုးရှိ၊ ပြည်သူတွေအတွက်လည်းကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးစွမ်းနိုင်မယ့် မူဝါဒ၊ လမ်းညွှန်ချက်တွေ ချမှတ်ကူညီရမှာ ဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ မမျှော်မှန်းနိုင်တဲ့ ကိစ္စရပ်တွေ၊ အခြေအနေတွေဆိုတာ ရှိတတ်ပါတယ်။ ကြုံရတတ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ အစိုးရဌာနတွေအနေနဲ့ ပုဂ္ဂလိကနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေ၊ ပုဂ္ဂလိကမှ တင်ပြလာတာတွေကို နားထောင်ပေးပြီး အခြေအနေတွေအရ ပြုပြင်ပြောင်းလဲဆောင်ရွက်ရတာတွေရှိနိုင်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအဆင်ပြေအောင်၊ လုပ်ငန်းစဉ်တွေ မြန်ဆန်အောင် အစိုးရဌာနတွေက Ease of doing business ဖြစ်အောင် ဆောင်ရွက်ပေးရပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလည်း စားသုံးသူတွေ မထိခိုက်အောင်၊ စားသုံးသူကိုရှေးရှုရမယ့်အပြင်ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိသလို ဝန်ဆောင်မှုလည်း ကောင်းအောင်၊ ဈေးနှုန်းလည်းသက်သာအောင် ဆောင်ရွက်ကြဖို့နဲ့ နားလည်မှုရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံအတွက် အခက်အခဲကြုံနေချိန်မှာ မတော်လောဘတွေမရှိဖို့၊ နိုင်ငံအတွက်၊ ပြည်သူအတွက် အနစ်နာခံဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံတော် ကလည်း လုပ်သာကိုင်သာရှိတဲ့ Win - Win Situation အခြေအနေ၊ မူဝါဒလမ်းညွှန်ချက်တွေ ပြောင်းလဲဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
တောင်သူတွေကို ဘယ်လိုကူညီကြမလဲ
တောင်သူတွေကိုတော့ အစိုးရဌာနတွေက ဝန်ဆောင်မှုပေးကြရမှာဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ် (Contract Farming)လိုမျိုး ချိတ်ဆက်ကူညီပေးရမှာ ဖြစ်ပါတယ်။ ဘာတွေလိုအပ်သလဲဆိုရင်အသိ ပညာ၊ ဗဟုသုတ၊ အရင်းအနှီးတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအရင်းအနှီးလဲဆိုရင် သွင်းအားစုအတွက် အရင်းအနှီး၊ စက်ပစ္စည်းအတွက် အရင်းအနှီးနဲ့ ဈေးကွက်ချိတ်ဆက်ပေးဖို့ပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနတွေက နည်းပညာနဲ့ ဗဟုသုတကို တောင်သူတွေ နားလည်သိရှိလာအောင် ထပ်ကာ ထပ်ကာ ပညာပေးလုပ်ငန်းစဉ်တွေ လုပ်ပေးရပါ မယ်။ လက်တွေ့လုပ်ဆောင်ပြရပါမယ်။ လက်တွေ့လုပ်ပြပြီး ၎င်းတို့အကျိုးရှိမှ လိုက်လုပ်ကြမှာဖြစ်ပါ တယ်။ ငွေကြေးအရင်းအနှီးကို အစိုးရနဲ့ပုဂ္ဂလိကမှ မျှဝေတာဝန်ယူကြရပါတယ်။ ရာသီအလိုက် ပြန်ဆပ်နိုင်အောင်လည်း စီမံကြရပါမယ်။ တောင်သူ တွေရဲ့ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်လာအောင် လည်း သင်ကြားပေးရပါမယ်။ စည်းရုံးရမယ်။ လမ်းပြကြရပါမယ်။ ချေးငွေဆိုတာ ဆပ်ရမယ်။ ကျေအောင်ဆပ်မှ တာဝန်ကျေတယ်။ တာဝန်ကျေတဲ့ နိုင်ငံသားဖြစ်ရမယ်။ တာဝန်ကျေအောင်၊ ဂုဏ်ယူတတ်အောင် လေ့ကျင့်သင်ကြားပေးရမယ်။
စက်မှုလယ်ယာဝန်ဆောင်မှုတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ အလယ်အလတ်လုပ်ငန်းရှင်တွေ၊ တောင်သူတွေကိုယ်တိုင် ရင်းနှီးမြှုပ်နှံပြီး တောင်သူ တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ အစိုးရက မူဝါဒချမှတ် ဆောင်ရွက်သင့်ပါတယ်။ သိုလှောင်ရုံစနစ်တွေက တစ်ဆင့် အရည်အသွေးအာမခံမှုရှိတဲ့ ဈေးကွက် ချိတ်ဆက်မှုတွေ ဆောင်ရွက်ပေးသင့်ပါတယ်။ ဈေးကွက်၊ နည်းပညာ၊ သွင်းအားစုနဲ့ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ၊ ဝန်ဆောင်မှုတွေကို တောင်သူတွေရရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ လက်ရှိမှာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက် နေတဲ့ ခေတ်မီစံပြကျေးရွာစီမံကိန်းရဲ့ Smart Village App မှာ ဒီသတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီပေးနိုင်ဖို့ စမ်းသပ်ဆောင်ရွက် နေပြီဖြစ်ပါတယ်။
အခြေခံအဆောက်အအုံလိုအပ်ချက်
ကျေးရွာတွေဆီ ရောက်သွားတဲ့အခါ စိုက်ပျိုးရေး၊ မွေးမြူရေးထက် လမ်း၊ ရေ၊ မီး၊ စာသင်ကျောင်း၊ ဆေးခန်း စတဲ့အခြေခံအဆောက်အအုံလိုအပ်ချက်တွေကိုသာ အများစုသော (၉၀ ရာခိုင်နှုန်းကျော်)က တင်ပြကြတာတွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ဘတ်ဂျက်အပေါ်မူတည်ပြီး ဌာနဆိုင်ရာတွေက နှစ်စဉ်၊ နှစ်လတ်၊ နှစ်ရှည်မျှော်မှန်းချက်တွေထားပြီး လျာထားဆောင်ရွက်ပေးနေပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။ တင်ပြချက်ကိုလိုက်ပြီး စာရေးသူတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်တာ တွေကို ချက်ချင်းအဖြေပေး၊ ဖြေရှင်းဆောင်ရွက်ပေး နိုင်ပေမယ့် အခြားဝန်ကြီးဌာနတွေနဲ့ဆိုင်တဲ့ ကိစ္စရပ်ဆိုရင်တော့ ညှိနှိုင်းပေါင်းစပ်ပေးခြင်းကိုပဲ ဆောင်ရွက်ပေးနိုင်ပါတယ်။ အဲဒီလို ညှိနှိုင်းပေးလို့၊ ပေါင်းစပ်ပေးလို့၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းပေးတာတွေနဲ့ ပြေလည်သွားတာတွေလည်း ရှိပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း လုပ်ပေးနိုင်မယ့်အစီအစဉ်တွေကို ပြန်ကြားဖြေရှင်း ဆောင်ရွက်ပေးကြပါတယ်။ အခြေခံအဆောက်အအုံလိုအပ်ချက်နဲ့ ပတ်သက်ပြီး အကြီးစားမဟုတ်ဘဲ ကျေးရွာအတွင်း ဆောင်ရွက်တဲ့လမ်းများ၊ စာသင်ကျောင်း၊ ဆေးပေးခန်း ပြင်ဆင်ခြင်းနဲ့ အဆောင်သစ်တိုးချဲ့ခြင်း၊ စာကြည့်တိုက်၊ ကျေးရွာခန်းမ တည်ဆောက်ခြင်း၊ ရွာတိုင်း ၄၀၀ ဗို့အားလိုင်းဆွဲခြင်း၊ ဓာတ်တိုင်များ အသစ်လဲလှယ်ခြင်း၊ မီးလင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းများ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan-VDP) အစီအစဉ်နဲ့ ကျေးရွာပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။
VDP စီမံကိန်းမှာ ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက် ကို ကျေးရွာနေပြည်သူတွေကိုယ်တိုင် ပါဝင် ဖော်ထုတ်ပြီး စီမံချက်ရေးဆွဲကာ ဦးစားပေးကဏ္ဍ အလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနဲ့ ကျေးရွာတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်လို့ ကျေးရွာမှရွေးချယ်တဲ့ အခြေခံအဆောက်အအုံ အသေးစားတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်လည်း ပါဝင်ပါတယ်။ ဒါဟာလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဌာနဆိုင်ရာနဲ့ ပြည်သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်တွေပဲ ဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်ခြင်း
စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးဖို့ အလွန်အရေးကြီးတဲ့အတွက် တောင်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာမှာ အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် ကြရပါတယ်။ ပုဂ္ဂလိကနဲ့ တောင်သူတွေ ပူးပေါင်း ဆောင်ရွက်ရပါတယ်။
ပုဂ္ဂလိကအချင်းချင်း၊ တောင်သူများအချင်းချင်း၊ အစိုးရဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှသာ လိုချင်တဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရာမှာ အဆင်ပြေစေဖို့ ကဏ္ဍအလိုက် Focal တာဝန်ခံအဖြစ် တာဝန်ယူကြတဲ့ ဌာနတွေ၊ အဖွဲ့အစည်းတွေကဦးဆောင်ပြီး စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ကြရပါတယ်။
ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု
ဒီလို ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ထိရောက် အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှု၊ ရလဒ်ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်သူ အားလုံးစိတ်ကျေနပ်မှုရရှိပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုရှိရမှာဖြစ်ပြီး အစိုးရ ဌာနတွေက တာဝန်ရှိသူဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ၊ တောင်သူများအားလုံးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြရမှာဖြစ်လို့ စိတ်စေတနာနဲ့ တာဝန်သိစိတ်အရ၊ နိုင်ငံချစ်စိတ် အရ၊ နိုင်ငံသားကောင်းစိတ်ဓာတ်အရ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အလေးထားရမယ့် စိတ်ဓာတ် တွေကတော့-
(က) အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်မှု။ ။ အပြုသဘောဆောင်သည့်စိတ် ဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ကို အရင်းခံရမည်။ ပြဿနာဖန်တီးလိုစိတ် မရှိရ။
( ခ ) လေးစားမှု။ ။ တစ်ဦးချင်းစီ၏ အမြင်၊ အယူအဆနှင့် အတွေ့အကြုံများကို လေးစားရပါမည်။
( ဂ ) နားထောင်ခြင်း။ ။ အခြားသူများ၏ထုတ်ဖော်ပြောဆိုချက်များကို တက်ကြွ စွာ နားထောင်ခြင်း၊ သဘောထားကွဲလွဲ ချက်များကို နားလည်ရန် ကြိုးစားခြင်း။
(ဃ) ပွင့်လင်းမြင်သာမှု။ ။ ဆောင်ရွက်မှုတိုင်း ကို ပွင့်လင်းမြင်သာစွာ ပြသနိုင်ခြင်း။ စစ်ဆေးခံနိုင်ခြင်း။ မျှဝေနိုင်ခြင်း။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း။
( င ) ယုံကြည်မှုနှင့် ယုံကြည်စိတ်ချမှု။ ။ မိမိ ဆောင်ရွက်ချက်များကို ယုံကြည်မှုရရှိ အောင် ကြိုးစားပြီး အခြားသူများကိုလည်း ယုံကြည်စိတ်ချရသော အဖွဲ့ဝင်များအဖြစ် ချီးမြှောက်ခြင်း။
( စ ) ဆက်သွယ်ပြောဆိုမှု ထိရောက်မှု။ ။ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီး သောအကြောင်းအရာများကို ပွင့်လင်းချောမွေ့စွာ ဆက်သွယ်ပြောဆိုခြင်း။
(ဆ) ရိုးသားမှု။ ။ မိမိအမြင်နှင့် ယူဆချက်များကို ရိုးသားစွာဖော်ပြခြင်း၊ ဆောင်ရွက်မှုတိုင်း ရိုးသားမှုရှိခြင်း။
( ဇ ) တန်ဖိုးထားမှု။ ။ အခြားသူများ၏ အထောက်အကူပြုမှုကို တန်ဖိုးထားခြင်းနှင့် အပြန်အလှန် တန်ဖိုးထားဆက်ဆံခြင်း။
( ဈ ) ပြန်လည် အပြန်အလှန်တုံ့ပြန်မှု။ ။ အခက်အခဲရှိသည့်အခါတွင် သင့်တော် သော ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခြင်း၊ အကူအညီပေးခြင်း၊ ပြဿနာဖြေရှင်း ရာတွင် အတူတကွဆောင်ရွက်ခြင်း။
အကျိုးကျေးဇူးများ
လုပ်ငန်းနယ်ပယ်တူ၊ စိတ်တူကိုယ်တွေ ပူးပေါင်းဆောင်ရွက်ခြင်းဟာ သမဝါယမစနစ်ရဲ့ အခြေခံအကျဆုံး သဘောတရားဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးတွေကတော့ အသင်းသားတောင်သူတွေကို ဝန်ဆောင်မှု ပိုမိုပံ့ပိုးပေးနိုင်ခြင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် ခြင်း၊ လိုအပ်တဲ့ အထောက်အပံ့၊ အကူအညီတွေကို ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတွေထဲမှ လွယ်ကူ ချောမွေ့စွာ ချိတ်ဆက်ရယူနိုင်ခြင်း၊ ငွေကြေးအရင်း အနှီးလိုအပ်ချက်ကို စုပေါင်းဖြည့်ဆည်းဆောင်ရွက် နိုင်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှု သေချာစေခြင်းနဲ့စျေးနှိမ်၊ စျေးဖြတ်ခြင်းတို့မှ ကင်းဝေးစေခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှု ကောင်းမွန် ခြင်း၊ အရည်အသွေးမြှင့်တင်နိုင်ခြင်း၊ ပြဿနာများ ကို ဖြေရှင်းပေးနိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်း မြှင့်တင်နိုင်ခြင်း၊ လုပ်ငန်းစဉ်များကို မြန်ဆန် သွက်လက်ချောမွေ့အောင် ဆောင်ရွက်နိုင်ခြင်း၊ သင်ယူလေ့လာနိုင်စွမ်း မြှင့်တင်နိုင်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်တွေ ထိရောက်အောင်မြင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အမိမြန်မာနိုင်ငံရဲ့ အဓိကလိုအပ်နေတဲ့ ကွက်လပ်တွေက ဘာတွေဖြစ်မလဲ။ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးတိုးတက်မှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး စတာတွေပါပဲ။ ဒီကွက်လပ်တွေကို ဘယ်လိုဖြည့်ဆည်းကြမလဲ။ နိုင်ငံကို ဖျက်ဆီးဖို့ ဝန်းရံနေတဲ့ ပြည်တွင်း ပြည်ပရန်တွေကို ဘယ်လို ကာကွယ်တားဆီးကြမလဲ။ နိုင်ငံသားခံယူထား သူတိုင်းနဲ့ အဖွဲ့အစည်းအားလုံးရဲ့ ခေါင်းဆောင်တွေ မှာ တာဝန်ရှိတာပါ။ နိုင်ငံသားတိုင်းမှာ ကိုယ့်နိုင်ငံ ပိုမိုကောင်းမွန်ဖွံ့ဖြိုးအောင် ကြိုးစားရမယ့် တာဝန် ရှိပါတယ်။ နိုင်ငံသားတစ်ဦးစီတိုင်း ထားရှိသင့်တဲ့ စိတ်ဓာတ်တွေက-
(က) တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် တရားမျှတမှုရှိခြင်း၊
( ခ ) မိမိရဲ့လုပ်ရပ်သည် နိုင်ငံနှင့် ပြည်သူ အတွက် ဘေးအန္တရာယ်မဖြစ်စေရန် သေချာမှုရှိခြင်း၊
( ဂ ) ကောင်းမွန်သည့် လူမှုဘဝအတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာခြင်း၊
(ဃ) လူမှုအဖွဲ့အစည်းအတွင်း ကောင်းမွန် သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊
( င ) နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် မိမိတာဝန်ရှိသောကဏ္ဍမှ ပညာပေးခြင်း၊ ပံ့ပိုးပါဝင်ဆောင်ရွက်ခြင်း၊
( စ ) ကိုယ့်နိုင်ငံအပေါ် ချစ်ခင်မြတ်နိုးတန်ဖိုး ထားခြင်း စတာတွေဖြစ်ပါတယ်။
ဤသို့သော ထားရှိသင့်တဲ့ စိတ်ထားတွေရှိရမယ့်အပြင် မိမိကိုယ်တိုင်၊ မိမိရဲ့မိသားစု၊ မိမိအဖွဲ့အစည်း နဲ့ မိမိနိုင်ငံအတွက် ကောင်းမွန်တိုးတက်စေတာတွေကို ဆောင်ရွက်ရန်၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ လိုက်နာရန်၊ အခွန်ပေးဆောင်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်စေသောလုပ်ငန်းတွေမှာ ပါဝင်ဆောင် ရွက်ရန်၊ မဲပေးရန်၊ လူမှုဆက်ဆံရေးစည်းကမ်းများ လိုက်နာရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နဲ့ လိုအပ်ပါက နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေး မှာ ပါဝင်ထမ်းရွက်ရန် စတဲ့နိုင်ငံသားတာဝန်တွေ ကို နိုင်ငံသားတိုင်း သိရှိလိုက်နာကြဖို့ လိုအပ်ပါတယ်။ နိုင်ငံ့သားကောင်းစိတ်ဓာတ်ရှိပြီး နိုင်ငံသားတာဝန် ကျေပွန်ကြရင် ဘယ်လိုအခက်အခဲ အကျပ်အတည်းကိုမဆို ကျော်လွှားနိုင်ပါတယ်။ လိုအပ်နေတဲ့ ကွက်လပ် တွေကို နိုင်ငံကိုချစ်တဲ့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ စုပေါင်း“အား”နဲ့ ဖြည့်ဆည်းကြပါစို့။ စည်းလုံး ညီညွတ်ခြင်း“အား”နဲ့ ဘေးအန္တရာယ်အပေါင်းကို စုပေါင်းကာကွယ်ကြပါစို့ဟု တိုက်တွန်းရင်း…။ ။