Skip to main content

ကိုယ်ပိုင်မူဟန် စိုက်ထူပြန်သည့် ယဉ်ကျေးမှုအသိနှင့် အနုပညာအနှစ်

မိုးကေနိုင်

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို မိမိတို့ကိုယ်ပိုင် အနုသုခုမယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ လူမှုအမူအကျင့်၊ ဝတ်စားဆင်ယင်မှု၊ မိခင်ဘာသာစကား၊ စာပေသမိုင်းကြောင်းတွေကို အလေးအနက် တန်ဖိုးထားလေ့ရှိကြတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဘုံစံတန်ဖိုးများဖြစ်တဲ့အပြင် ဂုဏ်ယူစရာ သမိုင်းအမွေအနှစ်တွေအဖြစ် မျိုးဂုဏ်မြင့်မားစေတဲ့အတွက် ဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးရယ်လို့ မော်ကြွားနိုင်တဲ့ ထိုထိုလက္ခဏာရပ်တွေကို သမိုင်းစဉ်ဆက် ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်လည်း ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးရယ်လို့ အမြဲဂုဏ်ယူစရာဖြစ်ခဲ့ကြရတယ်။

 မြန်မာတို့ရဲ့ ယဉ်ကျေးမှုတန်ဖိုးများ

မြန်မာတို့ရဲ့ ထိုတန်ဖိုးတွေက သမိုင်းကြောင်းအရှည်ကြီးရှိခဲ့ပြီး ယခုအချိန်အထိလည်း ခိုင်ခံ့တည်တံ့ဆဲပါ။ ဘိုးဘွားမိဘအဆက်ဆက်က ခြေရာလက်ရာမပျက် ထိန်းသိမ်းစောင့်ရှောက်နိုင် ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်။ သို့သော် မြန်မာတို့ရဲ့ ထိုတန်ဖိုးတွေက ယခုအခါမှာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းနေပြီလား၊ သံသယဝင်စရာ အကြောင်းတရားတွေက ရှိလာနေပြီဖြစ်တယ်။ အချိန်မီလုပ်မှ အစုတ်သက်သာမယ့်အထဲမှာ ထိုအရေးကြီးတဲ့တန်ဖိုးတွေက အဓိကပါဝင်နေပါတယ်။ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားစတာတွေ ယုတ်လျော့ပျက်စီးရခြင်း အကြောင်းတရားများစွာမှာ အချို့အကြောင်းတရားများစွာကြောင့် ပျက်စီးလုနီးဦးတည်နေတာ တွေ့ရတယ်။ မြန်မာနိုင်ငံဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုဝေးရာ အသိုက်အဝန်းကြီးဖြစ်ပြီး လူမျိုး၊ လူမျိုးစု အသီးသီးတို့ရဲ့ ယဉ်ကျေးမှုတွေ ပေါင်းစည်းနေထိုင်ရာ multiculturalism အစုအဝေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိယဉ်ကျေးမှု၊ မိမိလူမျိုးသမိုင်းကြောင်း ပျက်စီးရာပျက်စီးကြောင်း အကြောင်းတရားတွေ မဖန်တီးမိဖို့၊ မြန်မာ့ယဉ်ကျေးမှု ဘာသာတရား မပျောက်ပျက် မပျက်စီးအောင် မိမိတို့မှာ အထူးတာဝန်ရှိကြောင်း ခံယူထားရမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးမှာ ဒီလိုအရေးကြီးတဲ့ ယဉ်ကျေးမှုတန်ဖိုးကို ဘာကြောင့်ထိန်းသိမ်းစောင့်ရှောက်သင့်ပါသလဲဆိုရရင် ထိုနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာအသွင်အပြင်က ထိုလူမျိုးရဲ့ တန်ဖိုး၊ ထိုနိုင်ငံသားတို့ရဲ့စရိုက် အမှတ်သညာ အသက်ဝိညာဉ်တွေက ကပ်ငြိယှဉ်တွဲနေလို့ပါပဲ။ အထူးသဖြင့် မြန်မာတိုင်းရင်းသားအားလုံးတို့ရဲ့ ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုတွေက ချစ်ခင်ရင်းနှီးမှု၊ ပျူငှာဖော်ရွေမှု၊ စေတနာသဒ္ဓါတရား၊ ရိုးသားမှု၊ ပျော်ရွှင်ကြည်နူးဖွယ်တို့နဲ့ ဆက်စပ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုမှာ မူပိုင်အလှ၊ ကိုယ်ပိုင်ဟန်ပန်၊ မြင့်မားတဲ့အတွေး အခေါ်နဲ့အသိပညာ၊ စိတ်နေသဘောထား၊ လူနေမှုပုံစံ ဘာသာစကားအဆုံးအမများစွာမှာ ထူးခြားမှုတသီကြီးနဲ့ အလှကိုယ်စီရှိနေတယ်။ အစဉ်အလာ ကောင်းခဲ့တဲ့ လူ့အဖွဲ့အစည်းကို မတူကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားနိုင်ခြင်းကြောင့်လည်း ဖြစ်တန်ရာတယ်။

တစ်ဦးနဲ့တစ်ဦး ခံစားချက်ချင်းနီးစပ်ဖို့က ယဉ်ကျေးမှုချင်း ဂဟေဆက်နိုင်မှသာ ပိုပြီးထိရောက်မှုရှိမှာ မဟုတ်လား။ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ခုဟာ ယဉ်ကျေးမှုနဲ့ကင်းကွာလို့ မဖြစ်နိုင်သလို ယဉ်ကျေးမှုမဲ့တဲ့လူမျိုးမှာ သမိုင်းလည်းမရှိနိုင်ဘူးဆိုတာ သိထားရမယ့်အချက်ပဲ။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအသီးသီးတို့ရဲ့ အဆို၊ အက၊ အရေး၊ အတီး၊ စာပေ၊ ပန်းချီစတဲ့ အနုသုခုမပညာတို့ဟာ ရှေးကျပေမယ့် အဆင့်မြင့်မားလွန်းတာတွေ့ရပြီး ခေတ်အဆက်ဆက် တန်ဖိုးထားခံရခြင်းဟာ ဘာသာတရားရဲ့လွှမ်းမိုးမှုနဲ့ အတူ ကုသိုလ်အရေးအရာတွေနဲ့လည်း တွဲစပ်နေ တာကြောင့်ဆိုတာ မမေ့သင့်ဘူး။ အကျိုးဆက်က ဝတ်စားဆင်ယင်မှုကအစ ရမ်းကားမှုမရှိ၊ ဟော့ရမ်းမှုမရှိ၊ ယဉ်ယဉ်ကျေးကျေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့မြန်မာတို့ရဲ့ ယဉ်ကျေးမှုအလှတရားများကို ပိုင်ဆိုင် ခွင့်ရလိုက်တာပါပဲ။

ပျိုးထောင်ရမယ့် အနုပညာချစ်စိတ်

ဒါပေမယ့် ထိုမျှတန်ဖိုးထား ထွန်းကားခဲ့တဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ကြားက ပိုပြီးမဆုတ်ယုတ်သွားအောင်၊ မြင့်သထက်မြင့်နေအောင် ယခုအခါမှာတော့ မနည်းကြိုးပမ်းထိန်းသိမ်းကာကွယ်စောင့်ရှောက် နေရပါပြီ။ သိတဲ့အတိုင်း ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်ကွယ်တယ်ဆိုတဲ့ သဘောတရားကို လျစ်လျူမရှုမိဖို့ လိုနေပါတယ်။ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ယနေ့လူငယ်များ အတွေးအခေါ်ကအစ လွဲလို့မဖြစ်ပါ။ ယဉ်ကျေးမှုအနုပညာ အစိတ်အပိုင်းတစ်ခုစီနဲ့ ပတ်သက်ပြီး အသိအတတ်ပညာ ရပ်များ နားလည်တတ်မြောက်ထားသင့်ပါတယ်။ အနုပညာအခြေခံနဲ့ အနုပညာချစ်မြတ်နိုးစိတ်ကို စာသင်ကျောင်းမှာကတည်းက ပျိုးထောင်ပေးထား သင့်တယ်။

ကလေးသူငယ်အရွယ်ကစပြီး အနုပညာတစ်ခုခုမှာ ဝါသနာပါနေအောင်၊ မြန်မာ့ရိုးရာအနုပညာကို မြတ်နိုးခင်မင် တွယ်တာစိတ်ဖြစ်နေအောင် ပညာပေးနှိုးဆော်ထားသင့်ပါတယ်။ မိမိယဉ်ကျေးမှု သမိုင်းကြောင်းကအစ သိနားလည်ထားဖို့ လိုအပ်သလို ကမ္ဘာ့နိုင်ငံတွေနဲ့ လူမျိုးအသီးသီးကရော သူတို့ယဉ်ကျေးမှုကို ဘယ်လိုတန်ဖိုးထားကြသလဲ၊ ဘယ်လိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်နေကြသလဲ၊ တိုင်းတစ်ပါးယဉ်ကျေးမှု ဘယ်လိုဝင်လာလာ မိမိယဉ်ကျေးမှုကို မပပျောက်အောင် အရိုးပေါ်အရွက်မဖုံး ဘယ်လိုအတုယူ ပေါင်းစပ်ဖန်တီးနေကြသလဲ၊ သင်ခန်းစာယူဖို့ကောင်းတဲ့ ခွဲခြမ်းစိတ်ဖြာအသိတွေကို ဖတ်မှတ်၊ မြင်သိခြင်းကတစ်ဆင့် လိုက်နာသင့်ကြပါတယ်။ တိုင်းတစ်ပါးယဉ်ကျေးမှု ဝါးမျိုမခံရအောင် နိုးနိုးကြားကြား သတိရှိသင့် ကြောင်း တွေ့ရပါမယ်။

ဖန်တီးမှုအသစ်တွေနဲ့ ကိုယ်ပိုင်မူဟန်ဖြစ်ရန်

နိုင်ငံသားအားလုံးဟာ မိမိတို့စာပေ၊ မိခင်ဘာသာစကား၊ ကိုယ်ပိုင်အနုပညာကို တိုင်းတစ်ပါး တို့နဲ့တွေ့ရင် ဂုဏ်ယူစွာနဲ့ထုတ်ဖော်ပြသနိုင်စွမ်း ရှိရပါမယ်။ အတိတ်ကာလက အနုပညာရှင်ကြီးတွေဟာ မြန်မာ့အနုပညာကို ကမ္ဘာအနှံ့ဖြန့်ကြက်နိုင်စွမ်းရှိခဲ့တဲ့အတွက် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူစရာ၊ ဝင့်ကြွားစရာဖြစ်ခဲ့ဖူးတယ်။ ယခုအချိန်မှာတော့ တိုင်းတစ်ပါးယဉ်ကျေးမှုတွေက မိမိနိုင်ငံ၊ မိမိ လူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်ထိုးဖောက်နေတဲ့ အနေအထားဖြစ်နေတယ်။ အထူးသဖြင့် ယဉ်ကျေးမှု ကိုယ်ခံအားနည်းတဲ့လူငယ်တွေမှာ ပိုပြီးတိုက်စားခံရတဲ့ အနေအထားရောက်နေတယ်။ ယဉ်ကျေးမှု ချင်း ရောပြွမ်းပေါင်းစပ်ရာကနေ ဝါးမျိုခံရမယ့် အနေအထားအထိ စိုးရိမ်စရာဖြစ်လာတယ်။ မိမိတို့ရဲ့လူမှုစနစ်၊ ဘာသာတရား၊ မင်္ဂလာတရားနဲ့ ကိုက်ညီမှု ရှိ မရှိ၊ ကွဲကွဲပြားပြားခွဲခြားနိုင်စွမ်း ရှိသင့်တယ်လို့ ယူဆပါတယ်။ အထူးသဖြင့် လူငယ်တွေအတွက်ပါ။ ယဉ်ကျေးမှုနဲ့ပတ်သက်ရင် အလေး အနက်ထား သတိပြုရမယ့် လိုအပ်ချက်များစွာနဲ့ ဆက်လက်ပြုပြင်ရမယ့် အချက်များစွာရှိနေကြောင်း လက်ခံရမှာဖြစ်ပါတယ်။

တိုင်းရင်းသားတို့အနုပညာ အမြဲတမ်းပွဲထုတ်ပေးလျက်ရှိ

ပိုပြီးကောင်းလာမယ်၊ တီထွင်ဖန်တီးဆန်းသစ်မှုရှိပြီး ခေတ်မီတဲ့ယဉ်ကျေးမှုဖြစ်မယ်၊ တိုးတက်မှုဆီ ရှေးရှုမယ်ဆိုရင်တော့ ပေါင်းစပ်သင့် ပေါင်းစပ်ရမယ်၊ ဖလှယ်သင့် ဖလှယ်ရပါမယ်၊ ပေါင်းစပ်တယ်ဆိုတာ ပုံတူကူးချခြင်းကိုမဆိုလို၊ သူ့ယဉ်ကျေးမှုဆီက မိမိတို့ရိုးရာနဲ့ လိုက်ဖက်တာကိုယူမယ်၊ အသစ် တီထွင်ဖန်တီးပြီး မိမိကိုယ်ပိုင်ဟန်ဖြစ်အောင် လုပ်တာပါပဲ။ ဒါပေမယ့် အမျိုးသားရေးကြန်အင် ထိခိုက်တဲ့အထိတော့ ခွင့်မပြုသင့်ဘူး။ တကယ် တော့ ဂုဏ်ထူးဝိသေသအထူးရှိတဲ့ မြန်မာ့ယဉ်ကျေး မှုဟာ ဂုဏ်ယူစရာအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကိုယ်တိုင်က မြန်မာ့အနုပညာကို လေးလေးစားစား တန်ဖိုးထားပြီးသားပါ။ မိမိတို့ ကိုယ်တိုင်ကသာ မိမိတို့အနုပညာကို တန်ဖိုးထား ဂုဏ်ယူတတ်ဖို့ လိုအပ်နေတာ။ သူတို့က အနုပညာကို ပညာမျက်စိနဲ့ တန်ဖိုးဖြတ်တတ်ကြတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအနုသုခုမတို့ဟာ နိုင်ငံရဲ့မျိုးချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ပညာရည်ချိန်၊ နိုင်ငံရေး ၊ စီးပွားရေး၊ ကိုယ်ခံစွမ်းအားတွေနဲ့လည်း ဆက်စပ်နေပါတယ်။ မျိုးချစ်စိတ်ကင်းမဲ့ခြင်းဟာ ယဉ်ကျေးမှုအလှအပတွေရဲ့ တန်ဖိုးကို ယုတ်လျော့ သွားစေသလို နိုင်ငံသားတို့ရဲ့ဇာတိမာန်ကို ရိုက်ချိုး ချင်ရင် ယဉ်ကျေးမှုကို ဦးစွာဖျက်ဆီးလေ့ရှိကြတယ် ဆိုတာ နားလည်ထားဖို့လိုပါတယ်။

ဒါကြောင့်လည်း အမျိုးသားအဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေကို နှစ်စဉ် အလေးအနက်ထားကျင်းပပေးနေတာ ဖြစ်ပါ တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ အောင်အောင်မြင်မြင်နဲ့ သုံးနှစ်ဆက်တိုက် ကျင်းပပေးခဲ့တာ (၂၅) ကြိမ်မြောက် ငွေရတု တိုင်ရှိခဲ့ပါပြီ။ နိုင်ငံတည်ငြိမ်အေးချမ်းရေးမှာ အထောက်အကူပြုတဲ့ ကဏ္ဍတစ်ရပ်အဖြစ်လည်း အသိအမှတ်ပြုထားပါတယ်။ ခေတ်အဆက်ဆက် တတ်နိုင်သမျှ ဒီလိုမှမဆောင်ရွက်ဘူးဆိုရင် အနာဂတ် မြန်မာ့ယဉ်ကျေးမှုအလားအလာနဲ့ အမျိုးသားရေးစရိုက်ဟာ စိုးရိမ်ဖွယ်ရာအနေအထား ဆိုက်ရောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ရိုးရာအက၊ ဂီတ၊ စာပေပညာတွေ မပျောက် အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းနေရခြင်း ဖြစ်ပါ တယ်။

ဒီလိုပြိုင်ပွဲကြီးတွေကမှ လေးစားအားကျဖွယ် သမ္ဘာရင့်ဝါရင့်အနုပညာရှင်ကြီးတွေနဲ့ လူငယ် မျိုးဆက်သစ်တွေအကြား လက်ဆင့်ကမ်းချိတ်ဆက် ပေးနိုင်မှာ၊ အနုပညာသွေးသစ်လောင်းနိုင်မှာ ဖြစ်ပါ တယ်။ ခေတ်အဆက်ဆက် အနုပညာရှင် ဆရာကြီး ဆရာမကြီး အများစုဟာ အမျိုးသားရေးအနုပညာရှင် တွေအဖြစ် ထင်ရှားကျော်ကြားခဲ့ကြပြီး သူတို့ရဲ့ ထက်သန်တဲ့မျိုးချစ်စိတ်က လေးစားအားကျ အတုယူဖွယ်ရာဖြစ်ခဲ့ပါတယ်။ ရှေးခေတ်ပညာရှင်ကြီးတွေရဲ့ အနုသုခုမအရည်အသွေးက ဇာတိသွေး ဇာတိမာန်ကို နှိုးဆွပေးနိုင်စွမ်းရှိခဲ့ပြီး အမျိုးသား ရေးနဲ့ ညီညွတ်မှုစိတ်ဓာတ်တွေ ထက်သန်စေတာ လည်း တွေ့ရတယ်။

ဒါကြောင့်လည်း ယခုနှစ်ပြိုင်ပွဲမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာတူရိယာပစ္စည်းများကို ပေါင်းစပ်ပြီးမှ တိုင်းရင်းသားဘာသာစကားနဲ့ ရေးစပ်ထားတဲ့ ဂီတအနုသုခုမနဲ့ တိုင်းရင်းသားအကပြိုင်ပွဲတွေကို တွေ့မြင်လာရခြင်းဖြစ်ပါတယ်။ တိုင်းရင်းသား အားလုံးရဲ့အနုပညာနဲ့ ဓလေ့ထုံးတမ်းတွေကို ယခုလို ဂုဏ်ယူစွာပွဲထုတ်ပေးနေတာက ယခုအချိန်မှာ အထူးလိုအပ်နေတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို လေးစားတန်ဖိုးထားခြင်းတစ်မျိုးအဖြစ် ယူဆနိုင်ပါတယ်။

အမှန်တော့ မြတ်နိုးဖွယ်ရာ ရတနာအမွေအနှစ် တွေဖြစ်တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအစုစုကို မပျောက်ပျက်၊ မဆုံးရှုံးအောင် သမိုင်းအစဉ်အဆက် ထိန်းသိမ်းကာကွယ်ရမယ့်တာဝန်က အားလုံးမှာ ရှိပါတယ်။ တည်တံ့အောင်လုပ်ရမယ့်အပြင် ဖွံ့ဖြိုးအောင်လည်း လုပ်ရမှာဖြစ်တယ်။ မြန်မာလူမျိုးတို့ရဲ့ ဘဝနဲ့ဂုဏ်သိက္ခာကို မြန်မာတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေး မှုအလှတရားတွေနဲ့သာ တည်ဆောက်ရမှာဖြစ်ပြီး ယဉ်ကျေးမှုအုတ်မြစ် ခိုင်ခိုင်မာမာရှိမှလည်း အမျိုးသားရေးအားမာန်က အားကောင်းလာမှာ ဖြစ်တယ်။ ဒီလို လက်ခံထားရမှာဖြစ်ပါတယ်။

အရိုင်းကနေ အယဉ်၊ အကြမ်းကနေ အနုအလှည့်အပြောင်းက ယဉ်ကျေးမှုအခြေခံပါမှ ဖြစ်နိုင်ပါတယ်။ အရိုင်းမဆန် ပညာပေးဆန်တဲ့ အနုသုခုမပညာကသာ ဒေါသကနေမေတ္တာတရားကို ဖြစ်ထွန်းစေမယ်လို့လည်း ယုံကြည်ထားပါတယ်။ ထိုယုံကြည်ချက်ကတစ်ဆင့်သာလျှင်... အထိန်း အကွပ်မဲ့ အရှက်အကြောက်ကင်းပြီး ရမ်းကားခြင်းကင်းတဲ့၊ လှပအေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်ဖို့ ကောင်းမွန်တဲ့ ယဉ်ကျေးမှုအခြေခံကောင်းတွေကို စဉ်ဆက်မပြတ် ဆက်လက်ပျိုးထောင်သွားကြရမယ်လို့ ခံယူမိပါတယ်။ ။