ငွေရတုမှသည် ရာထောင်ဆီသို့
ရန်ကင်း - ကိုကိုလေး
နိုင်ငံတော်အဆင့်ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ၂၃ ရက်အထိ နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။
မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက် လက္ခဏာ၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ထုံးဓလေ့များနှင့် မြန်မာမှု၊ မြန်မာ့ဟန်စစ်စစ်များကို ရှေးမြန်မာဘိုးဘွားအစဉ်အဆက်က ဖန်တီးပုံဖော် တည်ဆောက်ထိန်းသိမ်းလာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့လေပြီ။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ခေတ်တွင် အရောင်မှိန်စ ပြုနေပြီဖြစ်သော မြန်မာတို့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ကာလ ရှည်ကြာထွန်းပြောင်နေရန်အတွက် ယနေ့လူငယ်များက အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် လက်ဆင့်ကမ်းအမွေ ဆက်ခံယူနိုင်ရန်၊ မြန်မာ့အနုပညာရပ်များကို မြတ်နိုးတန်ဖိုးထားနိုင်ရန်အတွက် နိုင်ငံတော်က မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ခမ်းနားစွာကျင်းပလာခဲ့သည်မှာ (၂၅) ကြိမ်မြောက် ငွေရတုသဘင်တိုင်ခဲ့ပေပြီ။
အမျိုးဂုဏ်၊ ဇာတိဂုဏ်
မြင့်မားစွာနေထိုင်ခဲ့ကြသည့်လူမျိုးများ
မြန်မာတို့သည် သမိုင်းတစ်လျှောက်တွင် ဘာသာတရားဆိုင်ရာ အဆုံးအမများ၊ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုထုံးဓလေ့များ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုကို ခြေခြေမြစ်မြစ် ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာ နေထိုင်ခဲ့ကြသည့် လူမျိုးများဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ စုစည်းနေထိုင်ကြသော နိုင်ငံဖြစ်သည့် အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စာပေနှင့် အနုသုခုမယဉ်ကျေးမှုပေါင်းများစွာသည် လည်း ပေါကြွယ်ဝစွာ တည်ရှိနေပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့၏ ရိုးရာအကအလှများသည်လည်း မြန်မာတိုင်းရင်း သားတို့၏ဂုဏ်ကို ဝင့်ထည်စေပါသည်။
သိမ်မွေ့နက်နဲသော၊ မြူးပျော်တက်ကြွဖွယ်သော အဆို၊ အတီးများနှင့် တန်ဆာဆင်အပ်သည့် အရောင်အသွေးစုံလင်၊ အမြင်ပသာဒ စုံလင်လှပသည့် ရိုးရာဝတ်စားဆင်ယင်မှုများနှင့် အားမာန် ဝင့်ကြွားတိုင်းရင်းသား၊ တိုင်းရင်းသူတို့၏ အနုပညာပဒေသာများကလည်း မြန်မာတို့၏ အမွေအနှစ် စစ်စစ်ဖြစ်သည့် အားလျော်စွာ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်း တန်ဖိုးထားသည့်အနေဖြင့် တိုင်းရင်းသားတို့၏ ရိုးရာအကများကို အတီး၊ အဆို မြိုင်ဆိုင်စွာဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းစီမှ ပြိုင်ပွဲဝင်များက ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ထိုသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်ညီအစ်ကို မောင်နှမအချင်းချင်းတစ်ဦး၏ ယဉ်ကျေးမှုကိုတစ်ဦးက တန်ဖိုးထားတတ်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစား ယုံကြည်ခြင်းကို ဖြစ်စေပါသည်။
ယမန်နှစ်များက မွန်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအက၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအက၊ ကဗျာလွတ်အကများကို ပြိုင်ပွဲဝင်ကပြခဲ့ကြပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပိုမိုခိုင်မြဲစေခဲ့သလို ယခု (၂၅) ကြိမ်မြောက် ငွေရတု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲကို ထည့်သွင်းထားသည့်အတွက် ပြိုင်ပွဲဝင်တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရိုးရာယဉ်ကျေးမှုချင်းဖလှယ်ကာ ပြည်ထောင်စုဖွားမျိုးဆက်သစ် လူငယ်များ၏ နှလုံးသားဆီသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်များ ခိုင်မာစွာပေါ်ပေါက်လာစေလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
ကိုယ်ပိုင်အဖိုးတန် အနုပညာရတနာများ
မြန်မာတိုင်းရင်းသားတို့၏ ကိုယ်ပိုင်အဖိုးတန် အနုပညာရတနာများဖြစ်သော သီချင်းကြီး၊ သီချင်းခံ၊ အဆို၊ အတီးပြိုင်ပွဲများ၊ ကိုယ်ပိုင်အနုပညာ စစ်စစ်ဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးအပါအဝင် အိုးစည်၊ ဒိုးပတ်၊ နှဲ၊ ပလွေ၊ စောင်း၊ ပတ္တလားပြိုင်ပွဲများ၊ ကမ္ဘာသုံးတူရိယာဖြစ်သော စန္ဒရား၊ ဒုံမင်း၊ မယ်ဒလင်၊ တယော၊ ဂီတာ အစရှိသော တူရိယာများကို မြန်မာ့သံ၊ မြန်မာ့ဟန်ဖြင့် ယှဉ်ပြိုင်တီးခတ်မည့် အတီးပြိုင်ပွဲများ၊ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်များနှင့် လှလှပပ ငြိမ့်ညောင်းစွာ တီးလုံးတီးကွက် စည်းချက်ညီညီ ကပြကြမည့် အကပြိုင်ပွဲများ၊ မြန်မာ့ရုပ်သေးကြိုးဆွဲပညာပြိုင်ပွဲများ၊ မြန်မာ့ဇာတ်သဘင် အဆို၊ အငို၊ အပြော၊ နှုတ်မှုပညာ မြင့်မားစွာဖြင့် ပြိုင်ပွဲဝင်မည့် ဇာတ်တော်ကြီးပြိုင်ပွဲအပြင် ခေတ်အလျောက် ပေါ်ထွန်းလာခဲ့သော ရသမြောက် ခေတ်ဟောင်း တေးနှင့် ကာလပေါ်တေးများအပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများကိုလည်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ပေးထားသည်ကလည်း မျိုးဆက်သစ်လူငယ်များ အကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်မှုနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေးအတွက် ကြီးမားသော အထောက်အကူ ဖြစ်စေပါသည်။
ကမ္ဘာတည်သရွေ့မပျောက်ပျက်အောင် ထိန်းသိမ်း
မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မပျက်သုဉ်းအောင်၊ မြန်မာတို့၏ အမျိုးသားရေးဇာတိမာန် မျိုးချစ်စိတ်ဓာတ်မြင့်မားအောင်၊ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းကာ ကမ္ဘာတည်သရွေ့ မပျောက်ပျက်အောင် စောင့်ရှောက်ထိန်းသိမ်းနိုင်ရေးအတွက် မွန်မြတ်သော အမျိုးသား ရေး စိတ်ဓာတ်ထက်သန်စွာဖြင့် ကျင်းပသော အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် တေးသီချင်း အရေးပြိုင်ပွဲကိုပေးထားသော ခေါင်းစဉ်အလိုက် ပြိုင်ပွဲများက ပါဝင်ရေးသားယှဉ်ပြိုင်ကြရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဦးတည် ရည်ညွှန်းရေးသားသော တေးသီချင်းအသစ် များစွာထွက်ပေါ်လာပြီး မြန်မာ့ရိုးရာ မြန်မာ့ဂီတကို ဆက်လက် ထိန်းသိမ်းမြှင့်တင်ပေးမည့် တေးရေးပညာရှင်များစွာလည်း ပေါ်ထွန်းလာပါတော့မည်။
ကိုလိုနီခေတ်က အမျိုးသားရေးစိတ်ဓာတ်၊ သခင်စိတ်ဓာတ်များ နိုးကြားလာအောင် တေးဂီတနှင့် လှုံ့ဆော်ပေးခဲ့သော ဂီတဆရာကြီးများ၏ ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝသော တိုင်းကျိုးပြည်ပြု တေးများကဲ့သို့သော ယနေ့ခေတ် တေးသီချင်းရေးပြိုင်ပွဲဝင်လက်ရာများကိုလည်း မြင်တွေ့ကြ၊ ကြားသိရပြီး မြန်မာ့ရိုးရာ မြန်မာ့ဂီတကို ဆက်လက်ထိန်းသိမ်းမည့် လူငယ်မျိုးဆက်သစ် တေးရေး ဆရာများ ထွန်းပေါ်လာမည်ကို ဝမ်းမြောက်စွာကြိုဆိုရမည် ဖြစ်ပါသည်။
လှိုက်လှဲဝမ်းသာကြိုဆို
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားတို့၏ ကောင်းမြတ်သောဂုဏ်ဒြပ်နှင့် အစဉ်အလာ အမျိုးသားရေးစံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေစေရန်ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်က အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းဖြစ်သည့်အတွက် လူမျိုးတိုင်းက လှိုက်လှဲဝမ်းသာ ကြိုဆိုကြလျက်ရှိပါသည်။
နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝင့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ မြဲမြံစွာနှင့် မြန်မာအမျိုးသား ယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများနှင့် အနုပညာရှင်များ၊ လူငယ်လူရွယ်များအနေဖြင့် နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုး တိုးတက်စည်ပင်ခဲ့သော မြန်မာတို့၏ ကိုယ်ပိုင် အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင် အမျိုးသားရေး စရိုက်လက္ခဏာများ ကမ္ဘာတည်သရွေ့ဝင့်ထည်စွာ တည်တံ့စေရေးအတွက် ဦးတည်ပြီး အမျိုးသားယဉ်ကျေးမှုအဆင့်အတန်း အစဉ် ထာဝရမြင့်မားအောင် အနုပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ကြရမည်ဖြစ်သည်။
လက်ဆင့်ကမ်း သယ်ဆောင်ထိန်းသိမ်းမြှင့်တင်
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်တို့၏ ယနေ့ကာလအခြေအနေကို လေ့လာလျှင် မှေးစ၊ မှိန်စ၊ ပျောက်ကွယ်စပြုနေသော အခြေအနေမှန်ကို တွေ့မြင်နေကြရပါပြီ။ မြန်မာ့ရိုးရာကို ချစ်မြတ်နိုးသူ၊ တန်ဖိုးထားသူတို့က လက်ဆင့်ကမ်း သယ်ဆောင်ကြ၊ ထိန်းသိမ်းကြ၊ မြှင့်တင်ကြမှသာလျှင် ယဉ်ကျေးမှုအနုသုခုမပညာရပ်များ အဓွန့်ရှည်တည်တံ့နိုင်မည်ဖြစ်ရာ ဤတာဝန်ကို အလေးအနက်ထား လက်ဆင့်ကမ်း၍ ပညာအမွေပေးကြရန်နှင့် ဝါသနာရှင်မျိုးဆက်သစ် လူငယ်များကလည်း လေးစားတန်ဖိုးထားကာ လေ့လာသင်ယူထိန်းသိမ်းပြီး လက်ဆင့်ကမ်းကာ ဖြန့်ဝေပေးကြမှသာ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါကြောင်းနှင့် (၂၅) ကြိမ်မြောက် ငွေရတုမှသည် နှစ်ပေါင်းများစွာတိုင်အောင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး တည်တံ့နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
မှီငြမ်း။
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၏ ၂ဝ၂၂/၂၀၂၃“သတင်းလွှာ’’