မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ငွေရတုချိန်ခါမင်္ဂလာ
စန်းနီလာဝင်း
ဂီတစွမ်းအားပြည်ထွန်းကားဟူသောခံယူချက် ဖြင့် ဂီတအနုသုခုမခရီးလမ်းတွင် လျှောက်လှမ်းနေ ကြသည့် ဂီတအနုသုခမပညာရှင်တို့သည် ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီး၏ ငွေရတုချိန်ခါ မင်္ဂလာကာလဖြစ်သောကြောင့် ပို၍ ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ဂုဏ်ယူ ဝမ်းမြောက်ကြရပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဂီတ အနုသုခုမပုံရိပ်သည် ထိုနိုင်ငံ၏ ယဉ်ကျေးမှုအဆင့် အတန်းကို တိုင်းတာပြသသည့် ပြဒါးတိုင်သဖွယ် လည်းဖြစ်သည်။ မြန်မာ့ဂီတအနုသုခုမဟုဆိုလိုက်သည်နှင့် “ကြည်ကြသည့် ဂီတ၊ ပီသသည့်အသံ၊ အံဝင်သည့်စာသား၊ ဂီတမှာအသံ၊ အလင်္ကာမှာ ကာရန်” ဟူသော မြန်မာ့အဆို၊ အက၊ အရေး၊ အတီး ပညာတစ်ပါးလည်း ပါဝင်လာပါသည်။ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်အနုပညာသည် ဖလှယ်ရေးကိရိယာ ဖြစ်သော်လည်း မိမိ၏အမျိုးသားမူ၊ အမျိုးသားဟန်၊ အမျိုးသားစံ၊ ကိုယ်ပိုင်အမျိုးသားစရိုက်လက္ခဏာကောင်းများပါရှိရစမြဲဖြစ်သည်။
မကြာသေးမီက အစည်းအဝေးတစ်ခုတွင် မဟာ ဂီတပညာရှင်တစ်ဦးဖြစ်သူ အမျိုးသားစာပေဆုရ ဆရာမ ရွှေကူနန်းနွဲ့နွဲ့နှင့် တွေ့ဆုံကြရင်းစကားလက်ဆုံကျခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ် လ ၁၃ ရက်နေ့က ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် အကြိုအဖြစ် ဝိဇ္ဇာခန်းမကြီး၌ မြန်မာစာဌာနက ကြီးမှူးကျင်းပခဲ့သော “မြန်မာ့အလှဂီတရသ ဖော်ကျူးခြင်း” ဟောပြောသရုပ်ပြပွဲကို ပြန်လည်အမှတ်ရနေမိသည်။ ထိုစဉ်က စာရေးသူသည် ဆရာ တစ်ဦးဖြစ်ခဲ့သော ဦးခင်မောင်တင်(အနုပညာဦးစီးဌာနမှအငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ်)၏ ဖိတ်ကြားချက်အရ ရောက်ခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံနှင့် ပြည်သူ့အကျိုးပြု ပုဂ္ဂိုလ်တို့သည် “အတိတ်သမိုင်းစဉ်”(Historical Process) ကို မှန်ကန် စွာလေ့လာသုံးသပ်ပြီး “ပစ္စုပ္ပန်သမိုင်း၏လိုအပ် ချက်” (Historical Necessity)ကို ရပ်တည်ချက် မှန်ကန်စွာဖြင့် ဖြည့်ဆည်းနိုင်ရန် “သမိုင်းပေးတာဝန်” (Historical Duty)ကို ကျေပွန်စွာဖြင့် ထမ်းဆောင်ကြစမြဲဖြစ်ပါသည်။
စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် စသည့် အနုပညာ ရှင်တို့သည် မြန်မာ့ယဉ်ကျေးမှုအနုပညာကို အမွေ ဆက်ခံလျက် အရိုးကိုအရွက်မဖုံးစေရန် သရုပ်မှန်အနုပညာဖြင့် စေတနာမှန်ကန်စွာ ဖော်ထုတ်တီထွင် တင်ဆက်ခြင်းသည် အနုပညာဆိုင်ရာသမိုင်းပေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာရောက်သည် ဟု ခံယူကျင့်သုံးဆောင်ရွက်ကြပါသည်။
တစ်ချိန်က မြန်မာ့အသံမှမဟာဂီတသီချင်းကြီး သရုပ်ဖော်ဇာတ်တင်ဆက်ရာတွင် ဇာတ်ညွှန်းစာရေးဆရာ မောင်ကြည်နှင့် ဂီတသုတေသီသမိုင်း ပညာရှင်အလင်္ကာကျော်စွာ ဆရာစိန်ဗိုလ်တင့်၊ မဟာဂီတဂန္ထဝင်တေးသံရှင် ဆရာမဒေါ်သင်းသင်းမြတ်တို့၏ အသံလွှင့်တေးဂီတအနုပညာမှာ အလွန် အောင်မြင်ထင်ရှားခဲ့သည်ကို အမှတ်ရနေမိသည်။
သမိုင်းကပြောပြနေသော မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာ
သရေခေတ္တရာဧကရာဇ် နိုင်ငံတော်ဖြစ်သော ပဒေသရာဇ်ခေတ်ကပင် အနုသုခုမသဘင်ပညာ ထွန်းကားခဲ့သည်။ ထိုစဉ်က အိန္ဒိယပြည်နှင့် တရုတ်ပြည်တို့မှ တူရိယာများကို ပျူတို့သည် မိမိတို့ မူပိုင် တူရိယာများနှင့် ပေါင်းစပ်တီးမှုတ်ခဲ့သည်။
ပုဂံခေတ်သို့ရောက်ရှိလာသောအခါ အနုသုခုမ ဂီတတူရိယာပစ္စည်းများမှာ ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။ သာဓကအားဖြင့် ပုဂံဘုရားများ၏ နံရံဆေးရေးပန်းချီပုံများတွင် နန်းတွင်း ကချေသည်များနှင့် တူရိယာပစ္စည်းများကို မြင်တွေ့ ရသကဲ့သို့ ပုဂံခေတ်ကရေးထိုးထားခဲ့သော ကျောက်စာအချို့၌လည်း ထိုခေတ်သုခုမအနုပညာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရေးထိုးမှတ်တမ်းတင်ထားခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရသည်။
ပင်းယခေတ်၌ ‘ကာချင်း’များ ခေတ်စားခဲ့သည်၊ ကာချင်းမှာ စစ်သီချင်းဖြစ်ပြီး ကာချင်းအကမှာ “စစ်ရေးပြအက”ပင်ဖြစ်သည်။ မြန်မာပြာသိုလ တိုင်းတွင် နန်းတော်ရှေ့၌ ကာရေးသဘင်၊ မြင်းခင်း သဘင်ပွဲများ ကျင်းပလေ့ရှိခဲ့သည်။
ကုန်းဘောင်ခေတ်သို့ရောက်သောအခါ မြင်းခင်း (၃၇) ချင်းနှင့် အဲမောင်းလှံရေး (၃၇) ချင်းတို့ကို ခင်းကျင်းပြသသော မြင်းခင်းသဘင်ပွဲကို တခမ်းတနားကျင်းပခဲ့ကြသည်။ ကာချင်းမှာ အနုသုခုမသဘင်နှင့်နှီးနွှယ်နေပြီး သူရဲကောင်း စစ်သည်တော်များကို ရဲစိတ်ရဲမာန်၊ အမျိုးသားစိတ်၊ အမျိုးသားမာန်တို့ကို နိုးကြားတက်ကြွစေသည်။
ညောင်ရမ်းခေတ်တွင် စတင်တီထွင်ခဲ့သော “အိုင်ချင်း”များသည် ရပ်ရွာဓလေ့ ကျေးလက်ရွာသူ ရွာသားများ၏ဓလေ့စရိုက်နှင့် လူနေမှုဘဝကို အနီးစပ်ဆုံး သရုပ်ဖော်တင်ဆက်ခဲ့သော တေးဂီတ အနုသုခုမပညာတစ်ရပ်ပင်ဖြစ်သည်။ ညောင်ရမ်း ခေတ်၌ ခေတ်ပြောင်းဂီတစာဆို ဝန်ကြီးပဒေသ ရာဇာသည် “မဏိကက်ပြဇာတ်”အမည်ရှိ နန်းတွင်းပြဇာတ်ကို စတင်ရေးသားတင်ဆက်ကပြခဲ့ရာ ထိုနန်းတွင်းပြဇာတ်သည်ပင် မြန်မာ့ပြဇာတ်သဘင်၏ အရုဏ်ဦးမီးရှူးတန်ဆောင်ဟု ဆိုနိုင်ပါသည်။ ထိုမဏိကက်ပြဇာတ်သည် ဇာတ်သဘင်အနုပညာ ရှင်တို့၏ အဆို၊ အငို၊ အပြော၊ ဟာသ စသည့် ဇာတ်ဝင်ခန်းများမှာ သင်ခန်းစာရယူဖွယ် ကပြ သရုပ်ဖော်ခဲ့ခြင်းကြောင့် မဏိကက်နန်းတွင်းပြဇာတ်သည် စံပြုထိုက်သည့် သရုပ်မှန်အနုပညာတစ်ရပ်အဖြစ် အနုသုခုမသမိုင်းတွင် မော်ကွန်းတင်ခဲ့ခြင်းဖြစ်သည်။ ထိုမဏိကက်ပြဇာတ်ကို ပြဇာတ်စာပေအဖြစ် မဟာဂီတပညာရှင် အမျိုးသားစာပေဆုရ ဆရာမရွှေကူနန်းနွဲ့နွဲ့က ရသပြောင်မြောက်စွာ ဖန်တီးထုတ်ဝေခဲ့သည်ကို ဂုဏ်ယူအားရဖွယ် လေ့လာတွေ့ရှိရသည်။
ပဒေသရာဇ်ခေတ် အုပ်ချုပ်သူမင်းများ၏ အနုသုခုမပညာနှင့် ပညာရှင်များကို ဦးဆောင်အားပေးကြီးကြပ်မှု
ပဒေသရာဇ်တစ်လျှောက်လုံး မြန်မာဘုရင်တို့ သည် အနုသုခုမဂီတပညာကို အထူးအားပေးချီးမြှင့် ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ဂီတအနုသုခုမပညာဖြင့် စည်းရုံးပညာပေး ဆွဲဆောင်ခြင်းသည် လူထုလူတန်းစားများအပေါ် အထူးသြဇာလွှမ်းမိုးနိုင်မှုနှင့်စပ်လျဉ်း၍ မြန်မာဘုရင်များကိုယ်တိုင် သိမြင်ခံယူခဲ့ကြသည်။ ကုန်းဘောင်ခေတ်တွင် နန်းတွင်းပြဇာတ်များ ခေတ်စားလာခဲ့ရာ ‘အက ပြဇာတ်’၊ ‘အဆိုပြဇာတ်’၊ ‘အဆိုအပြောဇာတ်’ဟူ၍ ရှိလာခဲ့သည်။ သာဓကအားဖြင့် ရာမလေးတင် သမင်လိုက်ခန်းမှာ အကပြဇာတ်ဖြစ်ပြီး ဥမ္မာဒန္တီ၊ ကုသပြဇာတ်တို့မှာ အဆိုပြဇာတ်ဖြစ်သည်။ ပသျှူး ရာမလိုက်ခန်းမှာ အဆို၊ အပြော၊ အကပြဇာတ်တို့ ဖြစ်သည်ကို တွေ့ရသည်။
ကုန်းဘောင်ခေတ်တွင် နန်းတွင်းပြဇာတ်ရှည် ကြီးများကို တစ်ညတည်းနှင့်အပြီး ကပြနိုင်ရန် တီထွင်ခဲ့သည့်ပုဂ္ဂိုလ်မှာ ပြဇာတ်ဆရာကြီး ဦးကြင်ဥ (၁၇၇၃-၁၈၉၀)ပင်ဖြစ်သည်။ ဆရာကြီး ဦးကြင်ဥနှင့် ဆရာကြီး စလေဦးပုည (၁၈၁၂-၁၈၆၃)တို့သည် ပြဇာတ်ခေတ်တစ်ခေတ်ဖြစ်လာအောင် တီထွင် ဖန်တီးတင်ဆက်ခဲ့ကြသည့် စာပေအနုပညာရှင်ကြီး များဖြစ်ခဲ့သည်။ ရှေးရာမဇာတ်တော်ကြီးကို ရက်ပေါင်း ၅၀ ကျော်၊ အီနောင်ဇာတ်တော်ကြီးကို ရက်ပေါင်း ၄၀ ကျော် ကပြခဲ့ကြသည်။ ဆရာကြီး ဦးကြင်ဥနှင့် ဆရာကြီး ဦးပုညတို့က တစ်ညတည်းနှင့် ရသမြောက်စွာ တင်ဆက်ကပြနိုင်ခဲ့ကြသည်မှာ ဂုဏ်ယူဖွယ်ဖြစ်ပါသည်။
ဘုရင်များကိုယ်တိုင် အနုသုခုမသဘင်ကို အလေးအနက်ထား၍ လေ့လာကြည့်ရှုခံစားခဲ့ကြ သည်။ သာဓကအားဖြင့် ဝန်ကြီးများလွှတ်တော်တက် သည့် ဇာတ်မျိုးတွင် ဇာတ်လမ်းဇာတ်ကွက် သရုပ်ဖော်တင်ဆက်မှုအသေးစိတ်ကို ကြည့်ရှုနားစိုက်သောတဆင်ခဲ့ကြရသည်။ ဇာတ်ဝင်ခန်းများတွင် ဝန်ကြီးများအဖြစ်သရုပ်ဆောင်သည့် အနုပညာရှင် များက ရာဇသတ်၊ ဓမ္မသတ်အုပ်ချုပ်ရေးဆိုင်ရာ ကျမ်းစာပေများကို ရွတ်ဆိုကြသောအခါ အုပ်စိုးသူ ဘုရင်နှင့် မှူးမတ်များက အထူးဂရုစိုက်သောတဆင် ကြရသည်။ ဘုရင့်ညီလာခံ သရုပ်ဖော်ဇာတ်ဝင်ခန်း တွင် ဝန်ကြီးများ၊ အမတ်များ ဆွေးနွေးပုံမှာ စာပေ ကျမ်းဂန်များမှ အနှစ်သာရများစွာပါရှိသဖြင့် ဝန်ကြီးများကိုယ်တိုင် ဝန်ကြီးအဖြစ် သရုပ်ဆောင်ကြသည့် အနုပညာရှင်များထံမှ စာပေအနှစ်သာရများကို သွားရောက်ကူးယူမှတ်သားကြရသည်ဟု သဘင်ဝန်ဦးနု၏ သဘင်မှတ်တမ်းစာများတွင် လေ့လာတွေ့ရှိ ရသည်။
ထို့ကြောင့် ကုန်းဘောင်ခေတ်က စာပေဂီတ အနုသုခုမသဘင်တို့သည် တိုင်းရေးပြည်ရေး၊ အုပ်ချုပ်ရေး၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်အေးချမ်းသာယာရေးစသည်တို့ကို ဘုရင်ကြားသိစေရန် တင်ပြလျှောက်ထား သတိပေးအစီရင်ခံသည့်သဘော သက်ရောက်ခဲ့ခြင်းဖြစ်သဖြင့် ဖြေဖျော်ရေးတစ်ခုတည်းသက်သက် လုံးဝမဟုတ်ဘဲ တိုင်းကျိုးပြည်ပြု၊ ပြည်သူ့အကျိုးပြု အနုပညာ အဖြစ်ရပ်တည်နိုင်ခဲ့သည်ကို ဂုဏ်ယူလေးစားဖွယ် တွေ့မြင်ရပါသည်။ သာဓကအားဖြင့် လွတ်လပ်ရေး ရပြီးခေတ်တွင် သဘင်အကျော်အမော် ပညာရှင်ကြီး အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ ဗုဒ္ဓဝင်ဇာတ်များ၏ ဇာတ်ဝင်ခန်းအသီးသီး၌ ဇာတ်စာပေများကို ခရားရေလွှတ်တတွတ်တွတ်နှုတ်တိုက် ရွတ်ဆိုပြသွားသည့် အသံသရုပ်ဆောင်ပုံတို့မှာ သုတရောရသပါ နားဝင်ပီယံရှိသကဲ့သို့ ဖြစ်ပါသည်။
တိုင်းကျိုးပြည်ပြုနှင့် ပြည်သူ့အကျိုးပြုအနုပညာ
အမျိုးသားရိုးရာယဉ်ကျေးမှုဟူသည် လူမျိုးတိုင်း ၏ နှလုံးသည်းပွတ်ပင်ဖြစ်သည်။ လူသားသည် မည်၍ မည်မျှခွန်အားဗလ ကောင်းနေစေကာမူ နှလုံးသည်းပွတ်ချို့ယွင်းနေပါက အသက်ရှင်သန်နေနိုင်မည်မဟုတ်ပါ။ ထို့အတူနိုင်ငံတစ်နိုင်ငံ၌မည်မျှပင် သယံဇာတကြွယ်ဝစေကာမူ မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေလျှင် လူမျိုးပါတိမ်ကောပျောက်ကွယ် သွားစေနိုင်သည်။
ထို့ကြောင့် နှလုံးသည်းပွတ်နှင့်တူသော ယဉ်ကျေးမှုကို နိုင်ငံသားတိုင်း ပြုစုပျိုးထောင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန် အမျိုးသားရေး တာဝန်တစ်ရပ်ရှိနေပါသည်။
ယဉ်ကျေးမှုဆိုရာတွင် ခေတ်၏အခြေအနေ၊ လူတို့၏ဆင်ယင် ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ ပန်းတော့၊ ပန်းတမော့ စသည့်လက်မှုအနုပညာ ရပ်များ၊ အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာ၊ အတွေးအခေါ်၊ အမြော်အမြင်၊ ရိုးရာဓလေ့ထုံးစံများ၊ ဘာသာအယူဝါဒ၊ ယုံကြည် ကိုးကွယ်မှုများအပြင် လူနေမှုစနစ် စသည်တို့ပါဝင်ကြသည်။ စာပေ၊ ပန်းချီ၊ ပန်းပု၊ ဆင်ယင် ထုံးဖွဲ့မှုတို့သည် အနုပညာဖြစ်၍ အဆို၊ အက၊ အရေး၊ အတီးပညာတို့မှာ သုခုမပညာဖြစ်သည်ဟု ယဉ်ကျေးမှု သုတေသီတို့က သတ်မှတ်ထားကြသည်။
ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက်တွင် ဂီတအနုသုခုမ သဘင်ပွဲများသည် နန်းတော်အသိုက်အဝန်း၌သာမက နိုင်ငံတစ်ဝန်းလုံး လှည့်လည်ကပြခဲ့ရာ ဂီတအနုသုခုမပညာသည် ပြည်သူအားလုံး ပိုင်ဆိုင်သည့် မြန်မာ့အနုပညာ ပုံသဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲ လာခဲ့သည်ကို မြင်တွေ့ရသည်။ မြေဝိုင်းအကသဘင်ကို လာရောက် ကြည့်ရှုသည့်ပရိသတ်သည် မြေပြင်ပေါ်တွင် ဝိုင်းထိုင်၍ကြည့်ရှုခံစား ရသောကြောင့် မြေဝိုင်းဇာတ်ဟူ၍ စတင်ခေါ်ဝေါ်သတ်မှတ်သုံးစွဲခဲ့ကြသည်။ ဇာတ်သဘင်များ၏ အစနိဒါန်းဖြစ်သော ထိုမြေဝိုင်းအကသည် မြို့ပြသာမက ကျေးလက်တောရွာအဖွဲ့နှင့် ပြည်သူများကြည့်ရှုအားပေး ခဲ့သောကြောင့် ပရိသတ်နှင့်ပထမဦးဆုံး တိုက်ရိုက်ထိတွေ့ဖြေဖျော် တင်ဆက်ရသော ပြည်သူ့အနုပညာ တစ်ရပ်ဖြစ်လာခဲ့သည်။
ပဒေသရာဇ်ခေတ်ကာလကတည်းကပင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရှင်တို့၏ ထီးသုံး၊ နန်းသုံး၊ ကြငှန်း သုံးဆိုင်ရာအဖွဲ့အနွဲ့ သီကုံးစပ်ဆိုကပြခြင်းတို့မှ ခွဲထွက်ကာ အခြေခံလူတန်းစားဖြစ်သည့် တောင်သူလယ်သမားတို့မှာ မြန်မာ့ လယ်ယာအလှ ဝေဝေဆာနေအောင် စိုက်ပျိုးကုန်ထုတ်အလုပ်လုပ်သူ ကျေးဇူးရှင်များဖြစ်ကြရာ အနုပညာဖြင့်အလုပ် အကျွေးပြုတင်ဆက် သည်မှာ ပြည်သူ့အနုပညာရှင် ပီသလှပါသည်။
အချုပ်ဆိုပါလျှင် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုပညာရှင်တို့၏ ဖန်တီးတင်ဆက်မှုတို့မှာ သုတရော ရသပါ နှစ်ဖြာနှစ်ဝပြည့်ဝသည့် သရုပ်မှန်အနုပညာကို ပရိသတ်ပြည်သူတို့ ခံစားရခြင်းကြောင့် “ဇာတ်သမားလာလျှင် မှတ်သားစရာပါမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည်”၊ “ဂီတသာလျှင် လူမျိုးသာ၍ ဂီတချာလျှင် လူမျိုးချာမည်” ဟူသောခံယူချက်ကို အနုပညာရှင်တိုင်း ဦးထိပ်ပန်ဆင်၍ ဖြေဖျော်တင်ဆက်ကြရမည်ဖြစ်ပါသည်။ တစ်ရံတစ်ခါမျိုးတွင် ဇာတ်ပို့လွန်ကဲမှု သို့မဟုတ် သရုပ်ဆောင်လွန်ကဲမှု၊ မဖွယ်မရာ ရသဖန်တီးမှုတို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရကို ထိပါးထိခိုက်သော သရုပ်ပျက်အနုပညာနယ်ပယ်သို့ ရောက်ရှိသွားသည်များလည်း ရှိတတ်ပါသည်။
မည်မျှပညာပေးရန် ဦးတည်ချက်ကောင်းနေ စေကာမူ တင်ပြပုံ၊ သရုပ်ဖော်တင်ဆက်ပုံတို့မှာ မမှန်ကန်၍ အံချော်နေခြင်းမျိုးလည်း ဖြစ်သွားတတ်ပါသည်။ သရုပ်ဖော်ရာတွင် လွန်ကဲမှုအစွန်းတရားများ ကြောင့် မှိန်ပြစ်ရမည့်ဇာတ်ဝင်ခန်းများကို မီးမောင်းထိုးပြ အသားပေး အမွှမ်းတင် တင်ဆက်နေသည့်သဘောမျိုး သက်ရောက်သွားတတ်ပါ သည်။
တစ်ခါတစ်ရံ မြန်မာ့ယဉ်ကျေးမှုကို အနောက်တိုင်းယဉ်ကျေးမှုနှင့် နှိုင်းယှဉ်ပြနေရာမှ အနောက်တိုင်းယဉ်ကျေးမှုကို အားပေးလက်ခံဝါဒဖြန့် ကြော်ငြာပေးနေသကဲ့သို့ ဖြစ်သွားတတ်သည်ကို အနုပညာရှင် တိုင်း သတိပြုသင့်ပါသည်။
ပြည်သူချစ်သော အနုပညာရှင်တိုင်းသည် ပြည်သူကို အတွေးအမြင် လွဲမှားယိမ်းယိုင်သွားအောင်၊ အတုခိုးမမှားရအောင်၊ ပြည်သူတို့ အနုပညာကြောင့် အဆိပ်သင့်မခံရအောင် အသိမှန်၊ အမြင်မှန်၊ ခံယူ ချက်မှန်၊ စေတနာမှန်ဖြင့် ထမင်းရှင်ပြည်သူတို့ကို သရုပ်မှန်အကျိုးပြု အနုပညာဖြင့် နိုးနိုးကြားကြား၊ ကြိုးကြိုးစားစား အလုပ်အကျွေးပြု သွားနိုင်ကြပါစေဟု လေးစားစွာဖြင့် ရေးသားဖော်ညွှန်း အပ်ပါသတည်း။ ။