Skip to main content

အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့

မောင်လူမွန်(သုတေသန)

အောက်တိုဘာလ ၁၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction-IDDRR) ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားများကိုစာရေးသူတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် နှစ်စဉ်ကျင်းပခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်ပိုမိုကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အလေးထားကာ ထိရောက်စွာလျှော့ချနိုင်ရန် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၉ ခုနှစ်အထိ ၁၀ နှစ်တာကာလကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေး ဆယ်စုနှစ် (The International Decade for Natural Disaster Reduction - IDNDR) အဖြစ် သတ်မှတ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများအားလုံး တိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုမျှမက သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးကို လူအများပိုမိုသတိပြု ပါဝင်ဆောင်ရွက်လာနိုင်စေရေး နှစ်စဉ်အောက်တိုဘာလ ဒုတိယပတ်ဗုဒ္ဓဟူးနေ့တွင် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အခမ်းအနားများကို နိုင်ငံအလိုက် ကျင်းပပြုလုပ်ကြခြင်းအားဖြင့် အားလုံးပူးပေါင်းပါဝင်ရေးကို အကောင်အထည်ဖော်ခဲ့ကြသည်။ ဆယ်စုနှစ်အစီအစဉ် အကောင်အထည်ဖော်နေဆဲ ၁၉၉၄ ခုနှစ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ပထမဆုံးအကြိမ်ကမ္ဘာ့ညီလာခံကိုကျင်းပပြီး ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ ဘေးလျော့ပါးရေးနှင့် ပတ်သက်သည့် ယိုကိုဟားမားမဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ်ကမ္ဘာ့ညီလာခံကို ဂျပန်နိုင်ငံယိုဂိုမြို့၌ ကျင်းပခဲ့ပြီး ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ယိုဂိုမူဘောင် (၂၀၀၅ - ၂၀၁၅) ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ် မတ်လတွင် တတိယအကြိမ် ကမ္ဘာ့ညီလာခံမှဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) ကို လည်းကောင်း အသီးသီးရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မူဘောင်ပါ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံ၏ရေမြေသဘာဝ၊ တည်ရှိမှုအနေအထားအရဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကိုနိုင်ငံရှိ အရင်းအမြစ်များနှင့် လိုက်လျောညီထွေသည့် လုပ်ငန်းစီမံချက်များ၊ ဖွဲ့စည်းဆောင်ရွက်မှုများဖြင့် စီမံခန့်ခွဲကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အလားတူ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်း အနားများကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ၌ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ၂၀၁၀ ပြည့်နှစ်ကစတင်၍ နှစ်စဉ်မပျက်ကျင်းပခဲ့သည်။ ကျင်းပရာတွင်လည်း ဦးတည်ကဏ္ဍ၊ လုပ်ငန်းနယ်ပယ်များအလိုက် နှစ်စဉ်သတ်မှတ်ထားသော ဆောင်ပုဒ်များအတိုင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ်၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ဆောင်ပုဒ်မှာ “Empowering the next generation for resilient future” “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့စွမ်းအားမြှင့်တင်စို့ ဖြစ်ပါသည်။ အနာဂတ်တွင်ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားရန် မျိုးဆက်သစ်တို့၏ စွမ်းအားမြင့်မားရန်လိုကြောင်း အနာဂတ်သဘာဝဘေးများကို ရင်ဆိုင်ကျော်လွှားရာတွင် မျိုးဆက်သစ်လူငယ်တို့၏ စွမ်းဆောင်ရည်သည် အဓိကကျကြောင်း မီးမောင်းထိုးပြထားပါသည်။

ရည်ရွယ်ချက်များအလေးထား ကြိုးစားဆောင်ရွက်မည်

ယခုနှစ်ဆောင်ပုဒ်နှင့်အညီ အခမ်းအနားကျင်းပရာတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)ပါ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစဉ်များကို နိုင်ငံအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များမှစ၍ အောက်ခြေအဆင့်ဆင့်အထိ တိုးမြှင့်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ဆန်ဒိုင်းမူဘောင်ပါ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက ပိုမိုအလေးထားဆောင်ရွက်နိုင်ရန်၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရာတွင် ဘေးအန္တရာယ်ကြောင့် နောက်ဆက်တွဲထိခိုက်ဆုံးရှုံး မှုများ ဖြစ်ပေါ်စေသည့် ကျောင်းနေအရွယ် ကလေးများနှင့်လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုဖြစ်စေသော အစာအာဟာရလိုအပ်ချက်၊ ကျောင်းပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များနှင့် အခြားသော ထိခိုက်နိုင်ခြေများလျှော့ချရန် ကလေးများနှင့်လူငယ်များ၏ပညာရေးကို အလေးထားဆောင်ရွက်ပေးပြီး ၎င်းတို့မှတစ်ဆင့် မိသားစုအသီးသီးသို့ ဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများပြန့်ပွားစေရေး ဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်လျော့ပါးရေး မဟာဗျူဟာများရေးဆွဲရာတွင် ကျောင်းနေအရွယ် ကလေးများနှင့်လူငယ်များ၏လိုအပ်ချက်၊ အားနည်းချက်များကို ထည့်သွင်းစဉ်းစား၍ နိုင်ငံတော်အစိုးရ၊ ဒေသန္တရအဖွဲ့အစည်းများ၊ ပြည်သူများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

ရာသီဥတု ပြောင်းလဲမှု အစဉ်အမြဲဂရုပြု

စာရေးသူတို့ မှီတင်းနေထိုင်နေကြသည့် ကမ္ဘာကြီးသည် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်းက ဖြစ်တည်လာခဲ့ပြီး ခေတ်ကာလအဆက်ဆက် သဘာဝသယံဇာတများ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ တီထွင်စမ်းသပ်မှုများပြားခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအားနည်းခြင်း စသည့်အကြောင်းတရားများကြောင့် ဖန်လုံအိမ်အာနိသင်နှင့် ဆက်စပ်အိုဇုန်းလွှာများ ပေါက်ပြဲလာမှုမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ ဂေဟစနစ်များယိုယွင်းပျက်စီးလာမှုဟူသော အကျိုးဆက်များကို ယခုအခါတစ်ကမ္ဘာလုံး ခံစားကြရလျက်ရှိသည်။ (၁၉)ရာစုနှောင်းပိုင်းမှ (၂၀)ရာစုကျော်ကာလအတွင်း ကမ္ဘာ့မြေမျက်နှာပြင်အပူချိန်သည် ၂ ဒီဂရီစင်တီ ဂရိတ်နီးပါး ပိုမိုမြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ အတွင်း အပူလွန်ကဲမှု မှတ်တမ်းတင်ရသည့် နှစ်ခုနစ်နှစ်ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၃ ခုနှစ်များသည် အပူလွန်ကဲသည့် နှစ်များစာရင်းတွင်ပါဝင်ခဲ့သည်။ အပူမြင့်တက်မှုကြောင့် ဂရင်းလန်းရေခဲပြင်မှ နှစ်စဉ်ပျမ်းမျှတန်ချိန် ၂၇၉ ဘီလီယံခန့်၊ အန္တာတိကရေခဲပြင်များက နှစ်စဉ်ပျမ်းမျှ တန်ချိန် ၁၄၈ ဘီလီယံခန့် အရည်ပျော်ဆုံးရှုံးခဲ့ရကာ ပင်လယ်ရေမျက်နှာပြင်သည် မူလထက် ရှစ်လက်မခန့် ပိုမိုမြင့်တက်လာကြောင်း နာဆာ (NASA) ၏ ဖော်ပြချက်မှာ များစွာဂရုပြုဖွယ်ဖြစ်သည်။

ယခုအခါ ကမ္ဘာကြီးကို မူလဖွဲ့စည်းတည်ဆောက်ထားသည့် ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးဟူသည့် သဘာဝအခြေခံများ ပြောင်းလဲပျက်စီးခဲ့၍ နေပူခြင်း၊ မိုးရွာခြင်း၊ လေတိုက်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်ပါ လိုက်ပါပြောင်းလဲလာပြီး ဖျက်ဆီးမှုစွမ်းအား ပိုမိုပြင်းထန် လာကာသဘာဝဘေးဖြစ်စဉ်ဖြစ်ပွားမှု အကြိမ်အရေ အတွက်များပြားလာခဲ့သည်။ ဖြစ်ပွားမှုကာလ သာမကဖြစ်ပွားမှုပုံစံများပါ ပြောင်းလဲလာမှုကို မိုးလေဝသပညာရှင်များအပါအဝင် ကမ္ဘာတစ်ဝန်းသတိပြုမိခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ၂၀၀၈၊ မိုခါဆိုင်ကလုန်း မုန်တိုင်း ၂၀၂၃၊ စူပါတိုင်ဖွန်းရာဂီမုန်တိုင်း ၂၀၂၄ တို့၏ဒဏ်ကို အလူးအလဲခံစားခဲ့ကြရသည်။ အဆိုပါ သဘာဝဘေးများအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု သမိုင်းတွင် အဖျက်စွမ်းအား အကြီးမားဆုံးသာမက အာရှဒေသတစ်ခုလုံး၌ ၁၉၉၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ရာသီဥတုပြောင်းလဲမှု၏ အထင်ရှားဆုံးသာဓကဖြစ်သည်။

ဆိုခဲ့သကဲ့သို့ ကမ္ဘာမြေကြီး၏ ပြောင်းလဲယိုယွင်းပျက်စီးလာမှုများကြောင့် ကမ္ဘာမြေပေါ် မှီတင်းနေထိုင်နေကြသည့် သက်ရှိ၊ သက်မဲ့အားလုံးအပေါ် အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း အယ်နီညို၊ လာနီညာစသည့်ပုံမှန်မဟုတ်သော အစွန်းရောက် ရာသီဥတုဖြစ်စဉ်များ၊ မိုးများခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ သဲကန္တာရပိုမိုဖြစ်ထွန်းလာခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေခဲတောင်များလျင်မြန်စွာအရည် ပျော်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းစသည့် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်များပိုမိုဖြစ်ပွားလာရုံမျှမကတစ်ကမ္ဘာလုံးခံစားခဲ့ကြရသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးဆိုး၊ Monkey-Pox (မျောက်ကျောက်)ရောဂါတို့နှင့် ဆက်နွှယ်ကြုံတွေ့ လာရသည့် အစာရေစာပြတ်လပ်မှု၊ ငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ်များ၏ သက်ရောက်မှုများလည်း ပိုမိုကြီးမားပြင်းထန်လာကြောင်း တွေ့ရ သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာပေါ်တွင်ဘေးအန္တရာယ်ကျရောက်နိုင်ခြေနှင့် ဖြစ်ပွားနိုင်ခြေများပြား၍ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ မြင့်မားသည့်နေရာဒေသများ၊ သက်ရှိ၊ သက်မဲ့များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်၊ ဖျက်ဆီးခံရမှု၊ ဆုံးရှုံးရမှုများမှ ကာကွယ်ပေးနိုင်ရေး ပြီးခဲ့သည့်ဖြစ်စဉ်၊ ဖြစ်ရပ်များအပေါ် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ကြရမည်ဖြစ်သည်။ ကာဗွန်ထုတ်လွှတ်မှု၊ ဖန်လုံအိမ်အာနိသင် တိုးပွားလာမှု၊ အိုဇုန်းလွှာပျက်စီးမှုတို့ကို ဖြစ်ပွားစေသည့် အကြောင်းများကိုလျှော့ချ၊ ထိန်းချုပ်မှုပြုသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်လေ့လာရေး စသည့်ကမ္ဘာမြေထိန်းသိမ်းရေးလုပ်ငန်းများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ဆောင်ရွက်ခဲ့ကြရာ ၁၉၇၂ ခုနှစ်တွင် ကုလသမဂ္ဂပထမအကြိမ် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာညီလာခံ (First UN Environmental Conference)၊ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာမြေထိပ်သီး အစည်းအဝေး (World Earth Summit) အစရှိသည့် ရာသီဥတုနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာညီလာခံများ၊ အစည်းအဝေးများကျင်းပခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (Climate Change Convention)၊ ကျိုတိုသဘောတူစာချုပ် (Kyoto Protocol)၊ ဘာလီလမ်းပြမြေပုံ (Bali Roadmap)၊ ပဲရစ်(စ်)သဘော တူညီချက်(Paris Agreement) စသည့် စာချုပ်များ၊ သဘောတူညီချက်များ ပေါ်ထွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအများစုက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။

အလေးထားကာကွယ် သဘာဝဘေးအန္တရာယ်

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို လေ့လာကြည့်ပါက ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၂ နှစ်တာကာလအတွင်း ကမ္ဘာပေါ်တွင် သဘာဝဘေးစုစုပေါင်း ၄၉၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးဖြစ်ပွားမှု အရေအတွက်မှာ တစ်နှစ်လျှင်အကြိမ် ၃၅၀ ကျော်မှ ၄၅၀ ကျော်အထိ ဖြစ်ပွားကြောင်း Natural Disasters 2011-2022 စာရင်းများအရတွေ့ရှိရသည်။ သေဆုံးသူအနေဖြင့် ပျမ်းမျှတစ်နှစ်လျှင် ၁၅၀၀၀ ခန့်ရှိပြီး ဘေးသင့်လူဦးရေမှာ တစ်နှစ်လျှင် ပျမ်းမျှ ၁၆၄ သန်းကျော်အထိ ရှိနေသည်။ ဆုံးရှုံးမှုအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံကျော်ဖြစ်၍ သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်သေဆုံးမှု၊ အိုးအိမ်၊ ပစ္စည်းဆုံးရှုံးမှုများအပြင် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေပြီး ကဏ္ဍပေါင်းစုံအပေါ် သက်ရောက်မှုကြီးမားသည်။ သို့ဖြစ်၍ ယခုအခါ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကို တစ်နိုင်ငံချင်း သာမကဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများက မူဝါဒများ၊ မူဘောင်များ၊ လုပ်ငန်းစဉ်များရေးဆွဲကာ အလေးထားပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး မညီမျှမှုတွေ တိုက်ဖျက်ပေး

ယနေ့ကမ္ဘာကြီးတွင် မညီမျှမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလျက်ရှိသည်။ မညီမျှမှုဟုဆိုရာတွင် နောက်ခံအချက်အလက်များစွာတွေ့ရှိနိုင်သည်။ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်၊ ချမ်းသာ-ဆင်းရဲမညီမျှမှုနှင့် ခွဲခြားဆက်ဆံခံရမှု၊ လူမှုစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကွာဟမှု ကျား-မ တန်းတူမညီမျှမှုတို့သည် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားစေသည့်အကြောင်း တရားများဖြစ်သည်။ မညီမျှမှုများသည် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ထိခိုက်လွယ်စေသည့် အကြောင်းအချက်များကို ဖန်တီးပေးလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်သည် အချိုးအစားမညီမျှစွာ ဖြစ်ပေါ်နေသည့် ဆင်းရဲနုံချာလွန်းသူများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ မြင့်မားသူများအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ဆိုးရွားသည့် မညီမျှမှုကို ဖြစ်ပေါ်စေသည်။ သဘာဝဘေးအန္တရာယ် ထိခိုက်လွယ်မှု၊ ဆုံးရှုံးနိုင်ခြေများနှင့် မညီမျှမှုတို့၏ အပြန်အလှန်ဆက်နွှယ်နေမှုကို ပမာဆိုရပါက ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်သည်။ အာမခံနှင့်ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများရယူရာတွင်မညီမျှမှုတို့သည် သဘာဝဘေးကြောင့် ထိခိုက်ခံစားရမှုဆိုးရွားလွန်းသည့် ပြဿနာပြယုဂ်အဖြစ် ကြုံတွေ့ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ရှုထောင့်စုံမှ စဉ်းစားဖြေရှင်း ဆောင်ရွက်ရန်လိုအပ်သည်။

ဆင်းရဲ-ချမ်းသာကွာဟမှု ဆုံးရှုံးနိုင်ခြေသတိပြု

၂၀၂၂ ခုနှစ် Poverty and Shared Prosperity Report ၏ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၂၃ ရာခိုင်နှုန်း (လေးပုံတစ်ပုံနီးပါး) သည် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၅ အောက်သာ ရရှိ ကြပြီး ထက်ဝက်နီးပါး ၄၇ ရာခိုင်နှုန်းမှာမူ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၅ အောက်ရရှိကြသဖြင့် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် အသက်ရှင်သန်နေထိုင်ကြသည်။ ကမ္ဘာ့လူဦးရေ၏ ၉ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၇၁၉ သန်းသည် တစ်နေ့လျှင်အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၅ အောက် နည်းသည့်ပမာဏဖြင့် နေထိုင်ကြသည်။ အမေရိကန်နိုင်ငံတွင်မူ လူဦးရေ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည့် လူ ၃၇ ဒသမ ၉ သန်းသည်လည်း ဆင်းရဲမွဲတေမှုဖြင့် ရှင်သန်နေထိုင်ကြကြောင်းနှင့် အိုက်စလန် (Iceland)ကမူ ဆင်းရဲနွမ်းပါးမှု ၄ ဒသမ ၉ ရာခိုင်နှုန်းသာရှိသဖြင့် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုနှုန်း အနည်းဆုံးဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ခုနှစ် ထုတ်ပြန်ချက်အရသိရသည်။ ဆင်းရဲ-ချမ်းသာ မညီမျှမှုကွာဟချက်အနေဖြင့် ကမ္ဘာ့လူဦးရေ၏ ၁၇ ရာခိုင်နှုန်းသည် အမြင့်ဆုံးဝင်ငွေရရှိသည့် နိုင်ငံများနှင့် ၇၄ ရာခိုင်နှုန်းမှာ အလယ်အလတ်ဝင်ငွေရရှိသည့် နိုင်ငံများတွင် နေထိုင်ကြပြီး ၁၀ ရာခိုင်နှုန်းကမူ ဆင်းရဲနွမ်းပါးမှုမျဉ်းဖြစ်သည့် ဝင်ငွေအနည်းဆုံး နိုင်ငံများတွင် နေထိုင်ကြသည်။

လူငယ်စွမ်းအားမြင့်မားရေး အဘက်ဘက်ကဆောင်ရွက်ပေး

 မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကြောင့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မြေငလျင်ဘေးတို့ အကြီးအကျယ်ခံစားနေရသည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရန် အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် တည်မြဲအမိန့် ၂၀၂၂ (Standing Orders) ပါအတိုင်း စနစ်တကျဆောင်ရွက်ကြောင်းသိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှ လူမှုရေးဦးတည်ချက်(ဂ)တွင် “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍ ကို မြှင့်တင်ဆောင်ရွက်ရေး ဟု ချမှတ်ထားသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနံပါတ်(၄)တွင်လည်း “လူသားအားလုံးအကျုံးဝင်ကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်း ရရှိရေးဟု ပါဝင်သည်။ မျိုးဆက်သစ်ကလေးငယ်များနှင့်လူငယ်များ၏ စွမ်းဆောင်ရည်မြင့်မားရေး ဆောင်ရွက်ရာ၌ ပညာရေးနယ်ပယ်မှတစ်ဆင့် မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ရုံမက ၎င်းတို့ လေ့လာသိရှိထားသည့် အသိပညာများအား မိသားစုနှင့် လူမှုပတ်ဝန်းကျင်ကို ပြန်လည်မျှဝေနိုင် ကြရေး ဦးတည်ကြရမည်ဖြစ်သည်။ မျိုးဆက်သစ် များစွမ်းအားနှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် ပညာရေးကဏ္ဍမှတစ်ဆင့် သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် အနာဂတ်ဖြစ်စေရေး (Shaping the Disaster Resilient Future) ပုံဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မျိုးဆက်သစ် လူငယ်လူရွယ်များ စွမ်းအား မြင့်မားစေရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “လူငယ်လူရွယ် တွေကိုသန့်ရှင်းတဲ့၊ စိမ်းလန်းစိုပြည်တဲ့၊ အနာဂတ်ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုမိုကြံ့ကြံ့ခံနိုင်ဖို့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေရရှိအောင် ဆောင်ရွက်ပေးရမယ် ဟုဆိုသည်။ ကုလသမဂ္ဂသဘာဝ ဘေးအန္တရာယ်လျှော့ချရေးရုံး (UNDRR)မှ တာဝန်ရှိသူကလည်း “မနက်ဖြန်မှာဖြစ်လာမယ့် သဘာဝဘေးအန္တရာယ်အတွက် ဒီနေ့ဆုံးဖြတ်ချက်တွေချရမယ်။ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချဖို့ မျိုးဆက်သစ်လူငယ်လူရွယ်တွေကို စွမ်းအားမြှင့်တင်ပေးဖို့ ကျွန်တော်တို့မှာအကြွေးတင်နေတယ်ဟု ဆိုထားသည်။ မျိုးဆက်သစ်များ စွမ်းအားကို မြှင့်တင်ရာတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ခိုင်မာအားကောင်းစေရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုး၍ ထိန်းသိမ်းစောင့် ရှောက်တတ်ရေး၊ သဘာဝဘေးတုံ့ပြန်စွမ်းရည် မြင့်မားစေရေးနှင့် သစ်ပင်သစ်တောများ၊ ဒီရေတောများ စိုက်ပျိုးထိန်းသိမ်းတတ်ရေး စီမံဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ယခုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လူငယ်အားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး (All Inclusiveness) အထိ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။

ဘေးအန္တရာယ်လျော့ပါးရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေး

သဘာဝဘေးစီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်များ၏ သဘောသဘာဝနှင့် ထိခိုက်ပျက်စီးနိုင်မှုများကိုတွက်ဆ၍ သဘာဝဘေးကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ရန်လိုအပ်သည်။ သဘာဝဘေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် ကြိုတင်တွက်ဆစီမံဆောင်ရွက်မှု (Prospective Risk Management-PRM) ကို အရေးကြီးလုပ်ငန်းအဖြစ်သတ်မှတ်သည်။ သဘာဝဘေးနှင့်ပတ်သက်လာလျှင် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ အစဉ်အမြဲနိုးကြားနေမှုနှင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင်သင့်ဖြစ်နေကြရမည်ဖြစ်သည်။ ယခုကဲ့သို့ လုပ်ငန်းစဉ်အားလုံးတွင် မျိုးဆက်သစ်လူငယ်များပါဝင်ကြရန် လိုအပ်သကဲ့သို့ ၎င်းတို့၏စွမ်းဆောင်ရည်နှင့် စွမ်းအားမြင့်မားရန်အရေးပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မျိုးဆက်သစ်လူငယ်များ စွမ်းအားမြင့်မားရေးအတွက် သဘာဝဘေးတုံ့ပြန် ရေးသင်တန်း (Disaster Response Trainings) များဖွင့်လှစ်ပေးလျက်ရှိသည်။ ထိုမျှမက မြန်မာနိုင်ငံ သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့ (Myanmar Disaster Response Teams) များဖွဲ့စည်းထားရှိကာ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဟင်္သာတမြို့တွင်လည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း ဖွင့်လှစ်ကာ ဌာနဆိုင်ရာဝန်ထမ်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆိုင်ရာဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိသည်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရာတွင် သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်ကြမည့် အနာဂတ်မျိုးဆက်သစ်များနှင့် ပြည်သူလူထု၏ စွမ်းပကားမှာ များစွာအရေးပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်စားသောက်တတ်ရန်၊ သဘာဝဘေးဆိုင်ရာ အသိပညာဗဟုသုတ၊ အတွေ့အကြုံ၊ အလေ့အကျင့်ကောင်းများရရှိရန်လိုအပ်သည်။ သဘာဝဘေးအန္တရာယ်သည် နေရာဒေသမရွေး၊ အချိန်မရွေးဖြစ်ပွားနိုင်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်တတ်ရန် (Be Prepared!)၊ အမြဲနိုးနိုးကြားကြားနှင့် အမြဲအဆင်သင့်ဖြစ်နေရန် (Be Alert! & Be Ready!) လိုအပ်သည်သာမက ဘေးအန္တရာယ်နှင့် တွေ့ကြုံရင်ဆိုင်ကြရပါက လိုက်နာရန်၊ ရှောင်ကြဉ်ရန်အချက်များ (Dos & Don’ts) ကို သိရှိလိုက်နာဆောင်ရွက်ကြရန် အရေးကြီးသည်။ သို့မှသာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချနိုင်၍ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အား ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။

References

Natural Disasters 2011-2024 & Key  messages of UNDRR

2024 IPCC’s Sixth Assessment Report

SFDRR (2015-2030)

နေ့စဉ်ထုတ်သတင်းစာများ