Skip to main content

အမျိုးသားယဉ်ကျေးမှုအမွေ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြစို့လေ

ခင်သန်းမြင့်

တစ်နေ့က လူမှုကွန်ရက်စာမျက်နှာထက်မှာ ကျေးလက်ဒေသတစ်ခုက ဖျော်ဖြေပွဲလေးတစ်ခု ကြည့်လိုက်ရတယ်။ အလှူပွဲလား၊ အခါကြီးရက်ကြီးအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲလေလားဆိုတာတော့ ကျွန်မ မသိပါဘူး။ ဆယ်ကျော်သက်မြေးအရွယ် မိန်းကလေးတစ်ယောက် ခုတင်ခင်း စင်မြင့်ထက်မှာ Rap ဂီတတွေရွတ်လိုက်၊ ဂါဝန်သာသာအင်္ကျီကိုမပြီး တွန့်လိမ်ကောက်ကွေးလိုက်နဲ့ အပြင်းစားပေါက်ကွဲမှုတွေအပြည့်နဲ့ ဖျော်ဖြေနေလိုက်တာ အားပေးတဲ့သူတွေကလည်း တပြုံးပြုံးနဲ့ပေါ့။

ခေတ်တွေက ပြောင်းလာလိုက်တာ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာပြီဆိုတော့ ယဉ်ကျေးမှုတွေကလည်း အတားအဆီးမရှိ ပျံ့နှံ့စီးဝင်လာတယ်။ ခေတ်ရေစီးကြောင်းအရခေတ်ကို လွန်ဆန်လို့မရပေမယ့် သူ့နေရာနဲ့သူ၊ သူ့ရေစီးကြောင်းနဲ့သူ၊ အချိန်အခါအလိုက် ကန့်သတ်ချက်ရှိဖို့တော့ လိုတာပေါ့နော်။ နိုင်ငံခြားက ပျံ့နှံ့ဝင်ရောက်လာတဲ့ အဆို၊ အက၊ အတီး၊ အမှုတ် စတဲ့အနုပညာယဉ်ကျေးမှုတွေဟာ သူ့နိုင်ငံ၊ သူ့လူမျိုးတို့ရဲ့အမြင်၊ သူတို့ရဲ့စရိုက်၊ ဓလေ့ရိုးရာအရ ကောင်းမွန်သော်ငြား မြန်မာ့အမြင်၊ မြန်မာ့ဓလေ့၊ မြန်မာ့စရိုက်၊ မြန်မာ့နား၊ မျက်စိနဲ့ မဆီလျော်တာတွေလည်း အများသားလား။ အထူးသဖြင့် မြန်မာ့ကျေးလက်ဒေသ၊ တောရွာတွေရဲ့ ရှင်ပြု၊ နားသ အလှူမင်္ဂလာပွဲတွေ၊ ဘာသာရေးအခမ်းအနားပွဲတော်တွေဆို ပိုလို့တောင်မသင့်တော် မဆီလျော်ဘူးလို့ပဲ ဆိုရမယ်။

အလှူဒကာ သီချင်းမျိုးကိုပဲ နားထဲစွဲနေ

ကျွန်မတို့ကတော့ မြန်မာပီပီ ကျေးလက်တောရွာအလှူဆိုရင် “မေးနေ စရာလိုမယ်မထင်၊ မယ်ရင် မပြောဘဲ သဘောက အကုန်လုံးလင်၊ သူ့တွေ့မှ ဆူမယ်လေ၊ အလှူပေးတဲ့ရက် မနက်ကမလာဘူးရှင်၊ ဗန္ဓုလသင်္ကန်းဆိုင်တွင် သူကိုယ်တိုင်ပဲဝင်၊ ဈေးချိုတော်အနောက်ဘက်မှာရှင် မောင့်ကိုယ်တိုင်ပဲဝင်၊ လူမြင် မှာရှက်လို့တဲ့တော်၊ ရေစက်ချတာတောင် ခဏမလာပေါင်ရှင်” စတဲ့ လေဘာတီမမြရင်ရဲ့ အလှူဒကာ သီချင်းမျိုးကိုပဲ နားထဲစွဲနေမိတယ်။

ပြီးတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနသက်လွတ်ပွဲမျိုးအပါအဝင် ဘာသာရေး အခမ်းအနားပွဲတော်တွေဆိုရင်လည်း အိုးစည်ဝိုင်း၊ ဗြောဝိုင်း၊ ဒိုးပတ်ဝိုင်းတွေရဲ့ သီဆိုတီးမှုတ် ကခုန်မှုတွေကိုပဲ မျက်စိထဲစွဲနေမိတယ်။ ရှေးခေတ်အခါတုန်းကတော့ ကျေးလက်ဒေသက တောရွာတိုင်းလိုလို အိုးစည်ဝိုင်း၊ ဗြောဝိုင်းတွေရှိကြတယ်။ အခကြေးငွေယူပြီး တီးပေးကြတာမဟုတ်ဘူး။ ခင်မင်ရာခင်မင်ကြောင်း အလှူအတန်းတွေမှာ စေတနာနဲ့ အခမဲ့ကူညီ တီးမှုတ် ဖျော်ဖြေပေးကြတာမျိုးဖြစ်ပါတယ်။

မြန်မာ့ဆိုင်းဝိုင်းကတော့ မြန်မာတို့ရဲ့ အလှူမင်္ဂလာပွဲအခမ်းအနားတိုင်းမှာ သူမပါရင် ပွဲမစည်တဲ့ မပါမဖြစ် မြန်မာ့ရိုးရာအနုသုခုမပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ယနေ့ မျက်မှောက်ကာလတိုင် ကျေးလက်တောရွာတွေက အလှူ မင်္ဂလာပွဲအခမ်းအနားတွေမှာ လက်ရှိနာမည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ မေသက်ထားဆွေတို့၊ အေးမြဖြူတို့လို မြန်မာသံစဉ်တေးသီချင်း အဆိုတော်တွေနဲ့ တွဲဖက်ဧည့်ခံဖျော်ဖြေနေဆဲပါ။ တကယ်တော့ မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်ဆိုတာ သိမ်မွေ့ခြင်း၊ နူးညံ့ပျော့ပျောင်းခြင်း၊ အေးချမ်းသာယာခြင်းစတဲ့ သဘောသဘာဝ လက္ခဏာတွေအပြင် ရသကိုးပါးရှိပါတယ်။ ယင်းလက္ခဏာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့သော် အနုပညာဂုဏ်ပျက်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး စတဲ့အနုသုခုမပညာရပ်တိုင်းဟာ သူ့စည်းသူ့ကမ်း၊ သူ့သဘာဝလက္ခဏာကိုယ်စီနဲ့ပါ။ ယုတ်စွအဆုံး မင်းသမီး ထဘီဝတ်ပုံကအစ စည်းစနစ်ရှိပါတယ်။ ဒူးကားရမယ့်အနေအထား၊ ရပ်ရင်ဇလားပုံဖြစ်ရမယ်။ ဖနောင့်နှစ်ခုကို လက်တစ်မိုက်ကွာပြီးရပ်ရမယ်။ ဒူးဟာတောင်ဆုပ်ရှိရမယ်။ ဒူးကားပြီး မှ ချိတ်ကို တိုးရမယ်။ ဒါမှ ထဘီအနားခတ်ရာမှာ ညက်ပြီးလွယ်မယ်။ မင်းသမီးထဘီအနားဟာ အဖြူရောင်ဖြစ်ပြီး မျက်စိလို့ခေါ်တဲ့ အနက်စင်းသုံးတန်းရှိမယ် စတဲ့စည်းကမ်းချက်တွေရှိပါတယ်။ မင်းသမီးဆိုလည်း ဆိုတတ်၊ ငိုတတ်၊ ကကြိုးစုံအောင် ကတတ်ရမယ်။

အဆိုပညာရပ်

အဆိုပညာရပ်ဆိုလည်း သီချင်းကို တစ်လုံးချင်းပီသအောင် အာဒြန့်၊ လျှာဒြန့် ဆိုနည်းပုံစံ အာထား၊ လျှာထားဆိုပုံ ဆိုပေါက်၊ ဘယ်သံ၊ ညာသံ အတက်အကျ စတဲ့နည်းစနစ်ပညာရပ်တွေရှိပါတယ်။ ရှေးခေတ်ကတော့ မင်းသားဖြစ်ဖြစ်၊ မင်းသမီးဖြစ်ဖြစ် ညာသံရော ဘယ်သံပါ သံကုန်ဟစ်ဆိုနိုင်မှ အသံကောင်းလို့ သတ်မှတ်ကြတယ်။ သံကုန်ဟစ်ဆိုတဲ့အခါ အချခက်တယ်။ တက်သံနဲ့ ကျသံ ပြေပြစ် ဖို့ခက်တယ်။ အသံကောင်းပေမယ့် တက်သံပြေပြစ်ငြားလည်း ကျသံပြေပြစ်အောင် မဆိုနိုင်၊ မဆိုတတ်ရင်တော့ သီချင်းလည်းပျက်၊ နားအရသာလည်း မရှိဘူးလို့ ပညာရှင်တွေက ဆိုကြတယ်။

မြန်မာ့ဇာတ်သဘင် လောကမှာ သီချင်းအချကို ဟဲသံနဲ့ ဦးဖိုးစိန်က ပထမ စတင်ဆိုပြခဲ့သလို အောင်မောင်းအဟဲကလည်း နိုင်ငံတစ်ဝန်းမှာ ကျော်ကြားခဲ့ပါတယ်။ ဦးဖိုးစိန်အဟဲက သံပြတ်သံဆစ်နဲ့ဟဲပြီး အောင်မောင်းအဟဲက တစ်ဆက်တည်းသံမြှင့်ပြီး အာရိုက်ဟဲတဲ့အတွက် ဦးဖိုးစိန်အဟဲနဲ့ အောင်မောင်းအဟဲက မတူကြဘူးလို့ သတင်းစာဆရာ၊ စာရေးဆရာကြီး သခင်အောင်ဖေက သုံးသပ်ရေးသားခဲ့ဖူးပါတယ်။ ဒါ့အပြင် အောင်မောင်းအသံက ပရိသတ် ထောင်ပေါင်းများစွာကို အသံချဲ့စက်မပါဘဲ ပကတိမူရင်းအသံနဲ့ ပေါက်အောင်ဆိုနိုင်လို့ သူ့လိုအသံအောင်တဲ့ မင်းသားမျိုး မတွေ့သေးဘူးလို့လည်း ဆိုပါတယ်။

မြန်မာ့ဆိုင်းဝိုင်းကို အတော်စွဲမက်ခဲ့ကြ

ဆိုင်းဝိုင်းဆိုလည်း လူအများ နားခံသာစေဖို့ ငြိမ့်ငြိမ့်ညောင်းညောင်းသာယာနာပျော်ဖွယ်ဖြစ်အောင် ကြေးကို ဦးစားပေးသင့်ကပေးရ၊ မောင်းကို ဦးစားပေးသင့်ကပေးရ၊ နှဲကိုဦးစားပေးသင့်က ပေးရပါတယ်။ နားမလည်သူ အချို့ကတော့ ဆိုင်းတီးရင်မြည်မှ ကြိုက်ကြတယ်၊ မြည်အောင်တီးမှ ဆိုင်းကောင်းလို့ယူဆကြတယ်။ ရှေးခေတ်ဆိုင်းပညာရှင်ကြီးတွေကတော့ နားထောင် ချင့်စဖွယ်ဖြစ်အောင်၊ နားဝင်ချိုသာအောင်၊ ပီသအောင် တီးမှုတ်ဖျော်ဖြေခဲ့ကြတဲ့အတွက် ပရိသတ်တွေဟာ မြန်မာ့ဆိုင်းဝိုင်းကို အတော်စွဲမက်ခဲ့ကြပါတယ်။

ရှေးအခါက ဆိုင်းပညာရှင်ကြီး ဦးဟန်ပဆိုရင် ဆိုင်းသံကို စောင်းသံ ထွက်အောင်တီးနိုင်သလို ရှေးသီချင်း ကြီး၊ သီချင်းခန့်များကို သရုပ်မှန်၊ မူမှန် တီးပြနိုင်တဲ့အတွက် ဆိုင်းပညာကို ရာနှုန်းပြည့် တတ်မြောက်သူဖြစ်ကြောင်း ဆိုင်းလောကကြီးတစ်ခုလုံးက အသိအမှတ်ပြုခဲ့ကြပါတယ်။ အောင်မောင်း ဇာတ်မထွက်မီ ဦးဟန်ပရဲ့ ဧည့်ခံတီးလုံး (ဝါ) လူခေါ်တီးလုံး ဆိုင်းသံကြားရတာ နဲ့တင် ပရိသတ်တွေဟာ လက်မှတ်ဝယ်ပြီး ရုံထဲဝင်ကြတော့တာပါပဲတဲ့။

ပြည်တော်သာဇာတ်က အညာဆိုင်းတွေ ရန်ကုန်မြို့မှာ လာရောက်တီးကြတဲ့အခါ စိန်မောင်ကို ဆိုင်းကို လူငယ်တွေ ခုံခုံမင်မင်ကြိုက်နှစ်သက်ခဲ့ကြတယ်လို့လည်း ဆရာကြီးသခင်အောင်ဖေက ဆိုပါတယ်။ရန်ကုန်မြို့မှာလည်း နာမည်ကျော်ဆိုင်းတွေရှိခဲ့ကြရာမှာ လူကြီး လူငယ် လူရွယ်လူလတ် လက်ခံပြီး လူတကာစွဲမက်အောင် ပညာသားပါပါ အသုံးတော်ခံနိုင်တဲ့ ဆိုင်းကတော့ စိန်ဗိုလ်တင့်ပဲ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့် နှစ်ဝန်းကျင်က စိန်ဗိုလ်တင့်နဲ့ အမာစိန်တို့ အတွဲဆိုရင် ရန်ကုန်လူထုအကြိုက်ဆုံးဖြစ်ခဲ့ပြီး လမ်းမဆံ့၊ ရပ်ကွက်မဆံ့အောင် ကြည့်ရှုခဲ့ကြပါတယ်။

စိန်ဗိုလ်တင့်နဲ့ အမာစိန်အတွဲဟာ တစ်ခေတ်က စိန်ဗေဒါနဲ့ လေဘာတီ မမြရင်တို့ အတွဲညီပုံမျိုးလို့ ဆိုကြတယ်။ အမာစိန်နဲ့ စိန်ချစ်တီးအတွဲကိုလည်း ရန်ကုန်မြို့ခံလူထုက ကြိုက်ကြတယ်။ ဆိုင်းလောကရဲ့ စွယ်စုံရပညာရှင် စိန်ဗေဒါဟာဆိုင်းကို မြည်အောင်တီးခြင်း မဟုတ်ဘဲ ပီသအောင်တီးတတ်သူလို့ ဆိုပါတယ်။ ဆရာစိမ့်၊ စိန်ဗေဒါ၊ ဦးဟန်ပ၊ ဦးဘမောင်စတဲ့ ဆိုင်းပညာရှင်ကြီးတွေရဲ့ ထားရစ်ခဲ့တဲ့ ဆိုင်းအမွေဟာ ယနေ့တိုင် ကျေးလက်နဲ့ မြို့ပြဒေသတွေမှာ ဆက်လက်ရှင်သန်နေဆဲပါ။

ထို့အတူ ရှေးရှေးက ဂီတစာဆို ပညာရှင်ကြီးတွေ ရေးစပ်သီကုံးဖွဲ့ဆိုခဲ့တဲ့ သီချင်းကြီးလို့ခေါ်ကြတဲ့ ဘွဲ့၊ ယိုးဒယား ပတ်ပျိုး စတဲ့သီချင်းကြီးတွေ၊ ဘောလယ်၊ တေးထပ်၊ ရတု၊ ရကန်များစွာဟာလည်း မျိုးဆက်သစ် အနုပညာရှင်တွေအတွက်သာမက နိုင်ငံတော်အတွက်လည်း တန်ဖိုးမဖြတ်နိုင်တဲ့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေလည်း ဖြစ်ပါပေတယ်။

ရှေးဂီတစာဆိုပညာရှင်ကြီးတွေဟာ တေးသီချင်းတွေကို ရေးစပ်သီကုံးဖွဲ့ဆိုရာမှာ ကိုယ်စပ်ချင်သလိုစပ်၊ ရေးချင်သလို ရေးစပ်ခဲ့ကြတာမျိုးမဟုတ်ပါဘူး။ သီချင်းကြီး၊ ဘောလယ်၊ တေးထပ်၊ ယိုးဒယားပတ်ပျိုး၊ ဘွဲ့ စတာတွေကို သူ့စပ်နည်း စပ်ဟန်၊ စည်းကမ်းကလနား ဘောင်သတ်မှတ်ချက်နဲ့အညီ ရေးစပ်သီကုံးခဲ့ကြတာဖြစ်ပါတယ်။ ဆိုဟန်ဆိုလည်း ကိုယ်ကြိုက်သလိုဆိုလို့ရတာ မဟုတ်ပါဘူး။ ရတုနဲ့ ရကန်ဆိုနည်းမှာတောင် အသံတည်ပုံ၊ အသံအလေးအနက်၊ အတက်အကျ၊ အနိမ့်အမြင့် မတူဘူးလို့ဆိုပါတယ်။ သို့ကြောင့်မို့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တဲ့ အဆို၊ အက၊ အရေး၊ အတီးဆိုတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာကို မြန်မာနိုင်ငံသားတိုင်း လေးစားတန်ဖိုးထားတတ်ကြဖို့ လိုပါတယ်။ မတိမ်ကော မပပျောက်အောင်လည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြဖို့လိုပါတယ်။

နိုင်ငံတော်အစိုးရ အဆက်ဆက်ကလည်း အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကာလအတွင်းမှာတော့ ကျင်းပပေးခဲ့ခြင်းမရှိဘဲ ခေတ္တရပ်ဆိုင်း ပြတ်တောက်သွားခဲ့ရာမှ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်မှာ ၂၀၂၂ ခုနှစ်ကစတင်ပြီး ခမ်းနားစည်ကားစွာ ပြန်လည်ကျင်းပ ပေးခဲ့ပါတယ်။

မကြာမီကျင်းပတော့မယ့် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆိုရင် ငွေရတုသက်တမ်း ပြည့်မြောက်လာခဲ့ပါပြီ။ နိုင်ငံတော်အစိုးရကလည်း ငွေရတုအထိမ်းအမှတ်အဖြစ် ပြိုင်ပွဲကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်က အရှည်မြော်တွေးကာ ငွေရတုကာလတိုင်အောင် ငွေကုန်ကြေးကျခံပြီး ပြုလုပ်အားပေးခဲ့တဲ့အတွက်ကြောင့်မို့လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်ဟာ မတိမ်ကောမပျောက်ကွယ် ခါးဆက်ပြတ် မသွားဘဲ နိုင်ငံအနှံ့အပြားက ရွက်ပုန်းသီး မျိုးဆက်သစ် အနုပညာရှင်များစွာကို ပြိုင်ပွဲကြီးကတစ်ဆင့် ဆက်လက်မွေးထုတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မသိနားမလည်သူတွေအဖို့ကတော့ အပိုအလုပ်တွေလို့ ပေါ့ပေါ့တွေး လွယ်လွယ်ပြောချင် ပြောကြလိမ့်မယ်။ သို့ပေမဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေသာ မရှိခဲ့ရင်၊ ရှိသော်လည်း အချိန်အတန်ကြာ မကျင်းပနိုင်ခဲ့လို့ရှိရင် အနာဂတ် မြန်မာ့ကျေးလက်ဒေသတောရွာတွေရဲ့ အလှူမင်္ဂလာပွဲတွေ၊ ရှင်ပြုနားသ စတဲ့ဘာသာ ရေးအခမ်းအနားပွဲတော်တွေမှာ မင်္ဂလာကျက်သရေရှိတဲ့ မြန်မာသံစဉ်တေးသီချင်းတွေ၊ အိုးစည်၊ ဒိုးပတ်၊ မြန်မာ့ဆိုင်းဝိုင်းတွေအစား ခုနက ခုတင်ခင်း Rap သီချင်းနဲ့ တွန့်လိမ်ကောက်ကွေး အဆိုအကတွေ၊ ဗုံမဟုတ်ပတ်မဟုတ် ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဖက်စပ်အဆိုအကတွေကိုပဲ ကျွန်မတို့သာမက နောင်လာနောက်သားတွေပါ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဆယ်စုနှစ်များစွာ အချိန်ကြာလာတာနဲ့အမျှ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပညာ ဆိုတာကို နိုင်ငံခြားတိုင်းပြည်တွေ မဆိုထားဘိ ကိုယ့်သားစဉ်မြေးဆက်တွေကိုတောင် ရေရေရာရာလက်ညှိုးထိုးပြစရာ ကျန်မှာမဟုတ်တော့ပါဘူး။

သို့အတွက် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့အညီ မကြာမီကျင်းပတော့မယ့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျွန်မတို့ ဂုဏ်ပြုကြိုဆိုရင်း လက်ခုပ်ဩဘာသံအပြည့်နဲ့ လှိုက်လှိုက်လှဲလှဲ တစ်ခဲနက်အားပေးကြပါစို့။ ။

ကိုးကား။ သခင်အောင်ဖေ၏ “ဂီတ ဆိုသည်မှာ” နှင့် “သဘင်သုံးရပ်အရေး” ဆောင်းပါးများ။